အင်န်အယ်လ်ဒီပါတီ ခမောက် တံဆိပ် အစား ခွပ်ဒေါင်း တံဆိပ် ပြောင်းသုံးမည်

ကြားဖြတ် ရွေးကောက်ပွဲတွင် လစ်လပ် မဲဆန္ဒနယ် အပြည့် ဝင်ရောက် ယှဉ်ပြိုင်ရန် ဆုံးဖြတ်ထားသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် နှစ်ပေါင်း ၂၀ ကျော် အသုံးပြုလာသည့် ခမောက်တံဆိပ်အစား ခွပ်ဒေါင်း တံဆိပ်ကို ပြောင်းလဲ အသုံးပြုမည် ဖြစ်ကြောင်း ယင်းပါတီ၏ ပြောရေး ဆိုခွင့် ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။

“အသစ် ပြောင်းလိုက်တဲ့ တံဆိပ်က ကြယ်ဖြူ တစ်ပွင့်ရယ်၊ ခွပ်ဒေါင်းရယ်ပါ။ ခွပ်ဒေါင်း အောက်မှာတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဆိုတဲ့ စာတန်း ပါပါတယ်။ ဒီတံဆိပ် သုံးမယ် ဆိုတာကို ပြီးခဲ့တဲ့ အပတ်က ကျင်းပတဲ့ ဗဟို အလုပ် အမှုဆောင် အစည်းအဝေးပွဲမှာ ဆုံးဖြတ်ခဲ့တာပါ” ဟု ဦးဉာဏ်ဝင်းက ဆက်လက် ပြောသည်။ အဆိုပါ တံဆိပ်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များ၏ ရင်ဘတ်တွင် တပ်ဆင် ထားသော ရင်ထိုး ပုံစံဖြစ်သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ အမှတ် တံဆိပ် ပြောင်းလဲခြင်းကြောင့် အဖွဲ့ချုပ်၏ စည်းရုံးရေး လုပ်ငန်းစဉ်များကို ထိခိုက်မည် မဟုတ်ကြောင်း ပါတီဝင် တစ်ဦးက ဆိုသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ဒီဇင်ဘာ ၅ ရက် ဗဟို အလုပ် အမှုဆောင် ကော်မတီ အစည်းအဝေးတွင် ဗဟို ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့ကို ဖွဲ့စည်း ခဲ့ကြောင်း သိရသည်။ ယင်းပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဖြစ်သူ ဦးတင်ဦးအား တာဝန်ခံ အဖြစ် ထားရှိကာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တွင် တရားဝင် ပါတီ အဖြစ် တည်ထောင်ရန် စာရင်းပေးထားသူ ၂၁ ဦး အဖွဲ့ဝင် အချို့နှင့် မှတ်ပုံ မတင်ရသေးသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဗဟို အလုပ် အမှုဆောင် ကော်မတီဝင် အချို့ ပါဝင်ကြောင်း ယင်းပါတီ၏ ထုတ်ပြန်ချက် အရ သိရသည်။ ဆက်လက်၍ ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် သတင်း ပြန်ကြားရေးနှင့် စာစောင် ထုတ်ဝေရေး ကော်မတီ၊ စည်းရုံးလှုံ့ဆော်ရေး ကော်မတီ၊ မဲဆွယ် ဟောပြောရေး ကော်မတီ၊ ဘဏ္ဍာငွေ ရှာဖွေရေး ကော်မတီ၊ ဥပဒေရေးရာ ကော်မတီတို့ကို ဗဟို အောင်နိုင်ရေး အဖွဲ့က ဆက်လက် ဖွဲ့စည်းမည် ဖြစ်ကာ အင်န်အယ်လ်ဒီ ပါတီ၏ လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ရွေးကောက်ပွဲ ဝင်လိုသူများ အနေဖြင့် အင်န်အယ်လ်ဒီ ပါတီ ဝင်ရမည် ဖြစ်ကြောင်း သိရသည်။ “ကျောင်းသား နိုင်ငံရေး လှုပ်ရှားသူတွေကို အင်န်အယ်လ်ဒီ ပါတီက လွှတ်တော် ကိုယ်စားလှယ် နေရာပေးမယ် ဆိုတာတွေက ကောလဟာလတွေပါ။ အဲဒါတွေ တစ်ခုမှ မဟုတ်ပါဘူး” ဟု ဦးဉာဏ်ဝင်းက ဆိုကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၈ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

source by : ရွှေမန္တလေး

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form