ခဏလေး စောင့်ပေးပါ......
  • Share this
  • Sumbit to Digg
  • Sumbit to StumbleUpon
  • Sumbit to Delicious
  • Sumbit to Technorati
  • Sumbit to Reddit
  • Sumbit to Mixx
  • Sumbit to Twitter
  • Sumbit to Furl
  • Sumbit to Design Float
  • Sumbit to Blinklist
  • Sumbit to Yahoo Buzz
  • Sumbit to Google Bookmarks


၁၉၇၄ ခုနှစ် နိုဝင်္ဘာလ ၂၅ ရက်နေ့မှာ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် ကွယ်လွန် ကြောင်းသိရပါတယ်။ ရပ်ကွက်ထဲမှာ၊ ကျောင်းမှာ အဲဒီအကြောင်းပဲပြောနေကြတယ်။ နောက်ရက်တွေမှာ ဆက်တိုက်ပဲ ဦးသန့် ရုပ်ကလာပ်ကို မြန်မာပြည်ပြန်သယ်မယ်ဆိုတဲ့အကြောင်း၊ ဦးနေဝင်း အစိုးရက နိုင်ငံတော် ဈာပနအဖြစ် လုပ်ခွင့် မပေးနိုင်ကြောင်း၊ ကြံတော သင်္ချိုင်းမှာပဲ မြှုပ်နှံရမယ် ဆိုတဲ့ အကြောင်း၊ ဦးနေဝင်းကလည်း သူ့မယား ဒေါ်ခင်မေသန်း (ပထမ မယားကြီးက ပြည်မြို့သူဒေါ်တင်တင်) ကိုတောင် ကြံတောမှာ သဂြုင်္ိဟ်တာဖြစ်ကြောင်းတွေ ကြားရတယ်။

ကျနော်က အဲဒီ အချိန်မှာ ရှစ်တန်းကျောင်းသား၊ ပညာသင်နေတဲ့ကျောင်းက အထက(၂) ရန်ကင်း၊ ကျနော်တို့ရင်ထဲမှာ မကောင်းဘူး၊ နိုင်ငံရေးတွေ ဘာတွေလည်း နားမလည်သေးဘူး၊ သေချာပေါက် နားလည်တာက ကမ္ဘာက လေးစားတဲ့ မြန်မာနိုင်ငံ အတွက် ဂုဏ်ယူစရာသမိုင်းတင်ရမယ့် ပုဂ္ဂိုလ် တယောက်ကို လက်လွတ်စပယ်နှင့် သာမန်လူတန်းစားတွေလို မြှုပ်နှံမယ်ပြောတာကို လုံးဝ မကျေနပ်တာဘဲ။ ဒါနဲ့ပဲ သူငယ်ချင်းတသိုက် စုပြီး တိုင်ပင်ကြတယ်။ ‘‘ဒို့တတွေ ဘာလုပ်ကြမလဲ’’ ‘‘တက္ကသိုလ် ကျောင်းသားတွေလည်း တိုင်ပင်နေကြပြီ’’ ‘‘ဘာလုပ်ကြမလဲ သိကြလား’’၊ ‘‘မသိသေးဘူးကွ သူတို့ အစီအစဉ်နဲ့ သူတို့ ရှိမှာပေါ့’’၊ ‘‘တတ်နိုင်တာ တစ်ခုခု လုပ်မယ်ကွာ’’၊ ‘‘ဒါဆို ပန်းခွေတော့ သွားပို့မယ်ကွာ ပြီးမှ အခြေအနေအရပေါ့’’ ။

ဒီလိုနဲ့ သူငယ်ချင်း ခုနှစ်ယောက် မုန့်ဖိုးလေးတွေ စုပြီး ရန်ကုန်မြို့လယ်က ၂၈ လမ်းမှာ ပန်းခွေ သွားဝယ်တယ်။ အဲဒီနေ့ က ဦးသန့်ဈာပနပြုလုပ်မယ့်နေ့ဖြစ်တဲ့ ဒီဇင်္ဘာလ ၅ ရက်နေ့ပေါ့။ ပန်းခွေ ဝယ်ပြီး ကျောင်းပြန် လာခဲ့တယ်။ ကျောင်းလည်း ရောက်ရော ကျောင်းအုပ် ဆရာမကြီး ဒေါ်လှကြည်က ရုံးခန်းထဲက နေမြင်ပြီး ကျောင်းစောင့်ကြီးကို အော်ပါလေရော။ “ကိုခင်မောင် ဒီကောင်တွေ ကျောင်းထဲ မဝင်စေနဲ့ ဝန်းတံခါးလည်း ကျော်မတက်စေနဲ့”။ ကျနော်တို့လည်း လန့်သွားတယ်။ ဒါနဲ့ ကျနော်တို့ ကျောင်းနောက်ဘက် လမ်းက ကျောက်ကုန်းတောရ မေဒိနီ ဘုန်းကြီးကျောင်း ထောင့်မှာရှိတဲ့ သစ်ပင်ကြီး အောက်မှာ ပန်းခွေကြီးချပြီး ကျောင်းဆင်းတဲ့ အချိန်အထိ စောင့်နေ လိုက်တယ်။

အဲဒီအချိန်ဟာ မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်၊ မြို့နယ်ကောင်စီနှင့် ပါတီယူနစ်တွေ တန်ခိုးကြီးနေတဲ့အချိန်၊ တ ကယ်ပါ ကြောက်စိတ်လုံးဝမရှိဘူး။ နေ့လည် ၁၂ နာရီထိုး ကျောင်းဆင်းတာနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး ဗိသုကာကြီး ဦးသန့် (၆၅ နှစ်) ဆိုတဲ့ စာတမ်းကပ်ထားတဲ့ ပန်းခွေကိုင်ကြပြီး ကျောက်ကုန်းလမ်းမကြီးကနေ ဆင်းလာကြတုန်း ရန်ကင်းမြို့ နယ် ကောင်စီရုံးက တရုံးလုံး ထွက်ကြည့်နေကြတယ်။ ကျနော်တို့လည်း ရင်ကော့ပြီး ကျိုက္ကဆံလမ်းအတိုင်း တပ်မတော် မှတ်တမ်းရုံးကိုဖြတ်၊ ကျိုက္ကဆံ ရဲတန်းလျားကိုကျော်၊ ပြီးတာနဲ့ ကျိုက္ကဆံ ဝန်းကြီးထဲကို ဝင်ခဲ့တယ်။ ဝန်းအပေါက်မှာ အတူ ပါလာတဲ့ စိန်ဝင်းက လှမ်းပြောတယ်။ “ဟေ့ကောင်တွေ ကြောက်ကြောက်နဲ့ စွတ်သွားနေတာလား၊ နောက်လှည့်ကြည့် ပါအုံး” ဆိုတာနဲ့ လှည့်ကြည့်လိုက်တော့ နောက်မှာ လေးယောက်တတန်း၊ ငါးယောက်တတန်း အဖြူအစိမ်းဝတ်ထားကြ တဲ့ ကျောင်းသူကျောင်းသားတွေ ဆရာဆရာမတွေပါ ပါလာတယ်။ ရင်ထဲမှာ ပျော်လိုက်တာလေ။ စည်းရုံး ထားတာ လုံးဝ မဟုတ်ပါဘူး။ သူတို့အသိ စိတ်ဓာတ်နှင့် သူတို့ လိုက်လာကြတာ။ သြော် တို့ကျောင်းသားတွေ မညံ့ဘူးဆိုတဲ့ အသိတရား အဲဒီကတည်းက ရလိုက်တာ။

ကျိုက္ကဆံဝန်းကြီးထဲ ရောက်တော့ ကျနော်တို့လိုပဲ တာမွေမြို့နယ် အ.ထ.က (၃) မင်္ဂလာတောင်ညွန့် မြို့နယ် အ.ထ.က (၁) စတဲ့ ဆိုင်းဘုတ်တွေနဲ့ အတူ ချီတက်လာတဲ့ အထက်တန်းကျောင်းသားတွေ တွေ့ရပါတယ်။ (အထက်တန်းကျောင်း အတော်များများ ဖော်ပြရန်ကျန်ရစ်ခဲ့ပါတယ်။ ခွင့်လွှတ်ပါ။) ဦးနေဝင်း အစိုးရက ဦးသန့်ရဲ့ အစ်ကိုဦးခန့်၊ ညီတဝမ်းကွဲ ဦးသောင်းတို့နှင့် ဈာပနကော်မတီ ဖွဲ့ပေးပြီး ဦးသန့်ရဲ့ရုပ်ကလာပ်ကို ကြံတောသင်္ချိုင်းမှာ ပို့ဆောင်သင်္ဂြိုလ်မှာ ဖြစ်ပါတယ်။ ဦးသန့်ရုပ်ကလာပ်ရှိတဲ့ မဏ္ဍပ်ထဲရောက်တော့ တစ်ဖွဲ့စီ တစ်ဖွဲ့စီ ပန်းခွေချပြီး ဦးညွှတ်အလေးပြုကြတယ်။ ကျနော်တို့လည်း ဦးညွှတ်အလေးပြုပြီးတဲ့နောက် လူစုခွဲလိုက်တဲ့အချိန်မှာပဲ ပုခုံးကို ဆုပ်ကိုင်လိုက်တာခံလိုက်ရတယ်။ “ဟေ့ကောင်၊ မင်း ငါနဲ့လိုက်ခဲ့” တဲ့၊ ကြည့်လိုက်တော့ အလုံမြို့နယ်က ကိုတင်မောင်ဝင်း (မဆလခေတ် အခြေခံပညာ ဦးစီးဌာနက ၁၉၇၃ ခုနှစ်မှာ ရှားရှားပါးပါး တကြိမ်တည်းဖွင့်ခဲ့တဲ့ ကျောင်းစာကြည့်တိုက်သင်တန်း အတူတက်ခဲ့သူ) ဖြစ် နေတယ်။ သူက ကျနော့လက်မောင်းကို တင်းတင်း ကြပ်ကြပ်ဆုပ်ကိုင်ရင်း ကျိုက္ကဆံကွင်း (အရင် မြင်းပွဲတွေလုပ်စဉ်ကာ လက အထူးတန်း) အပေါ်ထပ်ကို ခေါ်သွားတယ်။ ကျနော် အံ့သြသွားတယ်။ များလိုက်တဲ့မှန်ပြောင်းတွေ၊ ကင်မရာတွေ မျိုးစုံပဲ၊ အဝေးကနေ လှမ်းရိုက်နေတာလေ။

၂ နာရီလောက်မှာ တက္ကသိုလ်ကောလိပ်ကျောင်းပေါင်းစုံက ကျောင်းသားတွေ အင်္ကျီအဖြူ၊ ယောလုံချည်အနက်၊ အချို့ ကတော့ ကချင်ပုဆိုးတွေနှင့်၊ ကျောင်းသူတွေကလဲ အင်္ကျီအဖြူ၊ ထမိန်အနက်၊ တူညီဝတ်ဆင်ထားကြတယ်။ လူတိုင်း ရဲ့လက်မောင်းမှာဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ပိတ်စနက်တွေ ပတ်ထားကြတယ်။ သူတို့တွေကို ကြည့်ရတာ အင် မတန် စည်းကမ်းရှိတယ်။ ညီညီညာညာနှင့်၊ ဦးသန့် ရုပ်ကလာပ်ရှိတဲ့ မဏ္ဍပ်ကိုလက်ချင်းချိတ်ပြီး သုံးထပ်ဝန်းရံလိုက်ကြ တယ်။ ပြီးတာနဲ့ မဏ္ဍပ်မှာရှိတဲ့ စပီကာ ကနေ “မိဘပြည်သူအပေါင်းတို့ ခုချိန်ကစပြီး ကျနော်တို့ ကျောင်းသားတွေနှင့် ရဟန်းသံဃာတော် များပါဝင်တဲ့ပြည်သူ့ဈာပနကော်မတီကို ဖွဲ့စည်းလိုက်ပါပြီ။ ပြည်သူ့ကော်မတီအသစ်က ဆက်လက် တာဝန်ယူဆောင်ရွက်နိုင်ရန်အတွက် မဏ္ဍပ်အတွင်းမှ မသက်ဆိုင်သော သူများချက်ချင်း ထွက်ပေး ကြရန်ဖြစ်ပါတယ်” လို့အထပ်ထပ်ကြေငြာလိုက်တယ်။ ပြီးတာနဲ့ ဦးသန့်ရုပ်ကလာပ်ကို ရန်ကုန်တက္ကသိုလ် ကျောင်းဝန်းထဲကိုသယ်ယူလာ ခဲ့ကြတယ်။ ပြည်သူ့ဈာပနကော်မတီဆိုတာ ဘယ်သူတွေလဲဆိုတာ နောက်ပိုင်းစုံစမ်းလိုက်တော့ ပထမဦးဆုံး ဦးစိုတင့် (ရာဇာ) ဖြစ်ပြီး၊ နောက်တော့ ဦးကြည်ဝင်း (မင်္ဂလာဒုံ) (၁၉၉၀ ရွေးကောက်ပွဲမှာ မင်္ဂလာဒုံမဲဆန္ဒနယ်အမှတ် (၁) အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ် တယောက်အနေနဲ့ ရွေးကောက်ခံရပြီး ၁၉၉၉ ခုနှစ် ဇွန်လ (၁၄) ရက်နေ့မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားမပြုတော့ကြောင်း ပါတီ၏ တရားဝင်ကြေငြာခံရသူ၊ ဒီလိုသမိုင်း ကြောင်းရှိခဲ့ တဲ့ သူလိုလူကိုဘာကြောင့်?) ဖြစ်ပြီး ဦးအောင်သိန်း(ဓါတုဗေဒ) က လုံခြုံရေး၊ ဦးလှကြူ (ဓါတုဗေဒေ)က ဘဏ္ဍရေးနှင့် ဦးသန်းမြင့်၊ ဒေါ်ချိုချိုကျော်ငြိမ်း၊ ဒေါ်နေရီဘဆွေ၊ ကိုတိတ် တို့ ပါတယ်ဆိုတာ သိလိုက်ရတယ်။

ဒီလိုနဲ့ ညနေ (၅) နာရီမှာ ရန်ကုန်တက္ကသိုလ်ကျောင်းအတွင်း ရောက်တယ်ဆိုပါတော့။ ကျနော့်ကို ယာယီထိန်းသိမ်း တားတဲ့ ကိုတင်မောင်ဝင်းက ကျောင်းသားတွေ ကျိုက္ကဆံဝန်းထဲကထွက်သွားမှ လွှတ်ပေးတယ်။ ပြီးတော့ သူကမှာလိုက် သေးတယ်။ “ငါ့ညီမင်းလျှောက်သွားပြီး စိတ်ထင်ရာတွေ မလုပ်နဲ့နော်၊ မင်းမြင်တဲ့အတိုင်းပဲ၊ သူတို့ကို မမြင်နိုင်တဲ့နေရာက စောင့်ကြည့်နေတာ၊ တို့အကုန်လုံး သိနေတယ်”တဲ့။ သူ့ကြောင့် ကျနော် နောက်ပိုင်းနိုင်ငံရေးလှုပ်ရှားမှုတွေအတွက် သင် ခန်းစာ ကောင်းကောင်းရလိုက်တယ်။ရန်သူကို တယ်တော့မှလျှော့မတွက်ဖို့။

ကျောင်းထဲက ဘွဲ့နှင်းသဘင်ခန်းမရှေ့မှာ ပထမထားကြတယ်။ နောက်တော့ခန်းမထဲသို့ ရွေလိုက်တယ်။ နေ့ရောညပါ တရားပွဲတွေ ကျင်းပကြတယ်။ ကျနော်လဲနေ့တိုင်းရောက်တယ်။ အဲဒီတရားပွဲတွေက ကျနော့်ရဲ့ နိုင်ငံရေးမျိုးစေ့ကနေ အပင်ပေါက်ဖို့ စတင်တော့တာပါပဲ။

“ဦးသန့်အုတ်ဂူဘယ်မှာ လုပ်မလဲ”

“ကန်တော်မင်ပန်းခြံပေးမှာလား”

“ကြံတောမှာတော့ မထားနိုင်ဘူး”

“ဆရာကြီးသခင်ကိုယ်တော်မှိုင်းဂူဘေးမှာ ပေးမှာလား”

“အချိန်မီ် အကြောင်းမပြန်ရင် သမဂ္ဂမြက်ခင်းပြင်မှာ ဂူသွင်းမယ်”

အချိန်မီပြန်ကြားတာတွေ ညှိနှိုင်းတာတွေ လုပ်မလာတဲ့အတွက် (၈) ရက်နေ့မှာ ရန်ကုန်စက်မှု တက္ကသိုလ် ဗိသုကာ ကျောင်းသားတွေက ဂူပုံစံဆွဲတယ်။ မြို့ပြအင်ဂျင်နိယာကျောင်းသားတွေက ကျောင်းထဲရောက်လာတဲ့ ကျနော်တို့လို ကျောင်းသားလေးတွေ၊ ပြည်သူတွေ၊ ဘုန်းတော်ကြီးတွေနဲ့ အုတ်ဂူဆောက်တယ်။ ဆေးတက္ကသိုလ်ကျောင်းသားတွေက ဆေးခန်းဖွင့်ပေးထားတယ်။ ပြည်သူတွေ လှူတဲ့ထမင်းထုပ်တွေ ကလဲများမှများ။ ကျနော်လည်း လုပ်အားပေးနေတုံး ကျနော့်ရဲ့ ကျောင်းအုပ် ဆရာမကြီး ဒေါ်လှကြည် ကို ဆရာမ ဒေါ်ခင်စန်းနဲ့ အတူ တွေ့လိုက်ရတော့ အရမ်းအံ့သြသွား တယ်၊ ပန်းခွေနဲ့ကျောင်းထဲဝင်ဖို့ ကြိုးစားနေတုန်း အအော်ခံထားရတော့ မထင်မှတ်ထားဖူးပေါ့၊ ဆရာမကြီးက ကျနော်ကို ခေါ်ပြီး “ဟဲ့ကောင်..နင်တို့ကို ပန်းခွေကြီးနဲ့ ကျောင်းထဲအဝင်ခံလိုက်ရင် ငါဘာဖြစ်သွားမလဲ၊ အခု ငါလာချင်လွန်လို့လာ တာ၊ လုပ်စရာရှိတာလုပ်ဟေ့ ဒါဟာ အမျိုးသားရေး ဒို့နိုင့်ငံရဲ့ ဂုဏ်သိက္ခာအရေး’’ ဆိုပြီးအားပေးသွားတယ်။ နောက်မှ ဆရာမကြီးဟာ ဂျပန်ခေတ် အာရှလူငယ်အစည်းအရုံးမှာ စည်းရုံးရေးတာဝန်ယူခဲ့တာလို့ သိရပါတယ်။

ဒီဇင်ဘာလ (၁၁) ရက်နေ့ (၉) နာရီလောက် ကျနော် ကျောင်းထဲရောက်တော့ ကျောင်းသားကြီးတွေ လှုပ်လှုပ်ရှားရှား ဖြစ်နေကြတယ်။ ကျောင်းကိုစစ်တပ်က မျက်ရည်ယိုဗုံးနဲ့ပစ်ပြီး လူစုခွဲမယ်ဆိုတဲ့ စကားတွေပျံ့နေပြီ။ မျက်ရည်ယိုဗုံးနဲ့ ပစ် ရင် ခံနိုင်ဖို့ လက်ကိုင်ပုဝါတွေ စုထားရန် လိုက်ဆော်သြနေတယ်။ ဒါနဲ့ ကျနော်လည်း အိမ်ပြန်ပြီး ရသလောက် လက်ကိုင် ပုဝါတွေ စုပြီးလာပို့လိုက်တယ်။ ပြီးတာနဲ့ အိမ်ခဏပြန်လိုက်ပါတယ်။ အဲဒီအချိန်မှာပဲ ကျနော့်အိမ်ကို အမေနဲ့ ရင်းနှီးတဲ့ ပါတီကောင်စီက ပုဂ္ဂိုလ်တွေရောက်လာပြီး အခုကစပြီး အိမ်ထဲမှာပဲနေဖို့ လာပြောတာကြောင့် အိမ်မှာ ခြေချုပ်မိသွား တယ်။

ဒီဇင်ဘာလ (၁၂) ရက်နေ့ အိပ်ယာကနိုးတာနဲ့ ချက်ချင်းပဲ မျက်နှာသစ်ပြီး အိမ်အပြင် ထွက်လိုက်တာနဲ့ သတင်းဆိုး ကြား ရတော့တာပဲ။ ရန်ကုန်တက္ကသိုလ်ကျောင်းဝန်း ခြင်္သေ့နှစ်ကောင်ရှိတဲ့ တံခါးမကြီးကို ဆောက်လုပ်ရေးက ယန္တယားကြီး တွေနဲ့ဖျက်ပြီး ဦးသန့်အုတ်ဂူကို ဘူဒိုဇာနဲ့ထိုးကလော် သွားတယ်တဲ့။ ကျောင်းသားတွေကိုလည်း သေနတ်နဲ့ပစ် ဒုတ်နဲ့ ရိုက်တယ်တဲ့။ အုတ်ဂူကိုမှောက်ပြီးကာကွယ်ထားတဲ့ ကျောင်းသူ ကျောင်းသားတွေကိုလည်း ရောပြီးနင်းပစ်လိုက်တယ် တဲ့။ နောက်တော့ ဦးကြည်ဝင်းကို နံပါတ်တစ်တရားခံ သတ်မှတ်ပြီး ကျောင်းသားခေါင်းဆောင် (၅၃) ယောက်ကို ထောင် ချပစ်လိုက်တယ်။

ပြောချင်တာက ကျနော်တို့ မြန်မာပြည်က ကျောင်းသားလူငယ်တွေဟာ နိုင့်ငံဂုဏ်သိက္ခာ အရေးနဲ့ပတ်သက်ပြီး ဘယ် တော့မှ နောက်မတွန့်ခဲ့ကြဘူး။ သတ္တိအပြည့်ရှိတယ်။ ရာဇဝင်မှာထွန်းပြောင်တယ်လို့ ရဲရဲကြီး ပြောချင်တာပါ။ ဒါကြောင့် အခုလို မြန်မာနိုင်ငံမှာ မျှော်လင့်ချက်လမ်းစတွေ ပေါ်ထွက်နေတဲ့ အချိန်မှာ လူငယ်တွေကို ညီညွှတ်စေချင်တယ်။ ပါတီစွဲ၊ အဖွဲ့အစည်းစွဲ၊ လူပုဂ္ဂိုလ် အစွဲအလမ်းတွေ မထားဘဲ ကျရာနေရာမှာ တတပ်တအား ပါဝင်စေချင်တယ်။

ယနေ့ခေတ် မြန်မာပြည်မှ လူငယ်များ ကိုယ့်တိုင်းပြည်ကို နိုင်ငံတကာက ရိုသေခန့်ညားအောင် ဝိုင်းဝန်း ကူညီဆောင်ရွက် နိုင်ကြပါစေလို့…

ဦးသန့်အရေးအခင်း (၃၇) နှစ်ပြည့် အထိမ်းအမှတ်
သန့်စင်အောင် (ရန်ကင်း)
၁၁-၁၂-၂၀၁၁
source by : နေ့သစ်

ခေတ်သစ်လူငယ် သိကြစေ (၁)

0 comments: