ခဏလေး စောင့်ပေးပါ......
  • Share this
  • Sumbit to Digg
  • Sumbit to StumbleUpon
  • Sumbit to Delicious
  • Sumbit to Technorati
  • Sumbit to Reddit
  • Sumbit to Mixx
  • Sumbit to Twitter
  • Sumbit to Furl
  • Sumbit to Design Float
  • Sumbit to Blinklist
  • Sumbit to Yahoo Buzz
  • Sumbit to Google Bookmarks

နှစ်တနှစ်ရဲ့ အစဆိုတာ တဖန်ပြန်သစ်ဆန်းဖို့၊ အားတွေပြန်ဖြည့်ဖို့၊ သန္နိဋ္ဌာန်သစ်တွေချဖို့၊ အတိတ်ကအဖြစ်တွေကို အ မှတ်ရဖို့ အချိန်ပဲ ဖြစ်ပါတယ်။

၂၀၁၀ ကို ပြန်ကြည့်လိုက်ရင် အချို့အပိုင်းတွေဟာ အမှတ်ရစရာနည်းလွန်းလို့ ဆုံးရှုံးသွားပြီး အချိန်တွေနဲ့အတူ ကွယ် ပျောက်သွားပါပြီ။ ၂၀၁၀ ရဲ့ပထမဆုံးနေ့ကို ကျမ ဘယ်လိုဖြတ်သန်းခဲ့လဲ၊ ကျမ သတိမရတော့ပါ။ သိပ်ပြီးသက်တောင့် သက်သာတော့ရှိခဲ့မှာ မဟုတ်ဘူးလို့ ပြောနိုင်ပါတယ်။ ကျမရဲ့အိမ်ကို ၂၀၀၉ဒီဇင်ဘာလထဲက စပြင်ခဲ့ပြီး နောက် သီတင်း ပတ် အနည်းငယ်အကြာမှာပဲ စည်ပင်အုပ်ချုပ်ရေးက တားမိန့်ထုတ်လို့ ပြင်ဆင်မှုတွေ ရပ်လိုက်ရပါတယ်။

ကျမရဲ့ ရှေ့နေတွေ တားမိန့်ကိုပြန်ရုပ်သိမ်းဖို့ လုပ်ဆောင်နေကြတုန်းမှာ ကတ်ထူပုံးတွေ၊စောင်ထူကြီးတွေနဲ့ ထုပ်ထားတဲ့ ဘာရယ်မှန်းမသိနိုင်တဲ့ အရာတွေ၊ ခရီးဆောင်သေတ္တာအမျိုးမျိုးနဲ့ စောင်းနေတဲ့မျှော်စင်နဲ့တူတဲ့ စာအုပ်ပုံတွေအလယ်မှာ ကျမ လပေါင်းများစွာ နေထိုင်ခဲ့ရပါတယ်။ စာအုပ်စင်မြင့်ကြီးတခု၊ စားပွဲမျိုးစုံနဲ့ အထုပ်စည်းတွေကြားထဲ ညပ်နေတဲ့ ကျမ ရဲ့အိပ်ရာကနေမော့ကြည့်ရင် ကွာကျနေတဲ့ မျက်နှာကြက်ကို ကောင်းကောင်းမြင်ရပြီး အိုမင်းယိုယွင်းခြင်းနဲ့ ဆွေးမြေ့ ပျက်စီးခြင်းတရားကို အခါများစွာ ဆင်ခြင်နိုင်ခဲ့ပါတယ်။

ရာသီဥတု အေးနေရင်တော့ ပြွတ်သိပ်နေတဲ့ အခန်းထဲနေရတာ နွေးထွေးသလိုလို။ မြို့ထဲပြထဲမှာ တောစခန်းချနေသလို ဟန်နဲ့ နေရတာကလည်း တနည်းတော့ စွန့်စားခန်းတွေ့နေရသလိုလို။ ဒါပေမဲ့ ရာသီဥတုက ပိုပိုပြီး ပူလာတော့ စိတ်ကူး အနုအလှတွေ ပြယ်သွားပါတယ်။ အထူးသဖြင့် ပြတင်းအပြင်ဘက် နံရံမှာ ငြမ်းဆင်ထားတာကြောင့် ပြတင်းတွေ ဖွင့်လို့ မရတဲ့အဖြစ်ရောက်ပြီး တညလုံးနီးပါး ပူပူအိုက်အိုက် ချွေးတွေရွှဲလို့ မအိပ်နိုင်သလောက်ပါပဲ။ ကျမကိုယ်ကျမ ကျန်းမာ ရေးကောင်းလှပါတယ်လို့ မခံစားနိုင်ပါဘူး။

၂၀၁၀ ရဲ့ ပထမသုံးလအတွင်း ကာလတွေကတော့ ကိုယ်ခန္ဓာတင် သက်တောင့်သက်သာ မရှိတာ မဟုတ်ပါဘူး။ စိတ် လည်း အလွန်အမင်း အလုပ်လုပ်ရတဲ့ အချိန်ပါ။ ယခင်နှစ်က အင်းစိန်ထောင်အတွင်းမှာ ကျမအပေါ် ချမှတ်လိုက်တဲ့ စီ ရင်ချက်အပေါ် အယူခံဝင်ထားတာနဲ့ ပတ်သက်လို့ ကျမရဲ့ရှေ့နေတွေ ကျမနဲ့ ဆွေးနွေးဖို့ အခါအားလျော်စွာ လာကြပါ တယ်။ ကျမအတွက် ဒီဥပဒေရေးရာ ကိစ္စတခုလုံးဟာ သိပ်စိတ်ဝင် စားစရာကောင်းပြီး အင်မတန်အတွေ့အကြုံရင့်တဲ့ စွမ်းရည်ရှိတဲ့ ရှေ့နေကြီးတွေဆီကနေ အများကြီးဗဟုသုတ ရခဲ့ပါတယ်။ ကျမရှေ့နေကြီးတွေနဲ့တကွ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ရဲ့ ဥပဒေရေးရာကော်မတီအတွက်လည်း ကျမ သိပ်ကို ဂုဏ်ယူမိပါတယ်။ အဲဒီကော်မတီဟာ ၁၉၉၅ က စ လို့ တရားဥပဒေကို ထိန်းသိမ်းဖို့နဲ့ ကျမတို့နိုင်ငံက ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေဘက်က ခုခံကာကွယ် ဖို့ အတွက် အလုပ်တွေအများကြီး လုပ်ခဲ့ကြပါတယ်။ ရှေ့နေကြီး ဦးဉာဏ်ဝင်းဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အ လုပ်အမှုဆောင် ကော်မတီဝင်တယောက်လည်း ဖြစ်နေတဲ့အတွက် ကျမအနေနဲ့ ပြင်ပနိုင်ငံရေးလောကထဲ ဘာတွေဖြစ် နေသလဲဆိုတာတွေ သိရှိခွင့်ရခဲ့ပြီး ပါတီရဲ့ဆုံးဖြတ်ချက်ချမှတ်ရမယ့် လုပ်ငန်းစဉ်ထဲ အတိုင်းအတာတခုထိ ပါဝင်နိုင်ခဲ့ပါ တယ်။

နိုင်ငံရေးရှုကွက်ထဲ အင်မတန်အရေးကြီးတဲ့ ဒီလိုနှစ်တနှစ်မှာ ရင်ဆိုင်ရတဲ့ ဉာဏ်ရည်မြင့် စိန်ခေါ်ချက်တွေဟာ ကျမ အတွက် ကျန်းမာရေးကိစ္စတွေထက် အဆပေါင်းများစွာ ပိုအရေးကြီးပါတယ်။

ဧပြီလလယ် မြန်မာနှစ်သစ်ကူးချိန်လောက်မှာပဲ တရားရုံးက အိမ်ပြင်တာကို ဆက်လုပ်နိုင်ကြောင်း အမိန့်ချမှတ်လိုက်ပါ တယ်။ အလုပ်သမားတွေ ပြုံရောက်လာတာနဲ့ ပြင်ပကမ္ဘာကအသံတွေ လှုပ်ရှားမှုတွေနဲ့ အဆက်ပြတ်နေတဲ့ သီးသန့် ခြံ ၀င်းဟာ နေ့ချင်းညချင်းပဲ အဆက်မပြတ် ဆူဆူညံညံ လှုပ်လှုပ်ရှားရှားရှိတဲ့ နေရာ ဖြစ်သွားပါတော့တယ်။

လုပ်စရာတွေက အများကြီးပါ။ အဓိကလုပ်ငန်းက ခေါင်မိုးပြင်ဖို့ ဖြစ်ပါတယ်။ နှစ်နဲ့ချီပြီး မုတ်သုန်လတွေမှာ ကျမ မွေ့ရာ (အိပ်နေရင် ကျမပါ) ရေမစိုအောင်နဲ့ ယိုလာတဲ့ မိုးရေကို ခံနိုင်အောင်၊ ခုတင်နဲ့ ခွက်တွေ၊ ဇလုံတွေ၊ ပုံးတွေကို ခက်ခဲတဲ့ စစ်တုရင်ပွဲတပွဲ ကစားတော့ အရုပ်တွေရွှေ့ရသလို လိုက်ရွှေ့နေရပါတယ်။ အခုတော့ ခေါင်လုံအောင် လုပ်နိုင်တော့မှာပါ။ နောက်တမိုးကို စိတ်အေးလက်အေးနဲ့ ကျမ စောင့်မျှော်နိုင်ပါပြီ။ မြန်မာစကားမှာ “ခေါင်လုံတယ်” ဆိုတာ လုံခြုံခြင်းကို ဖော်ကျူးတဲ့ အလင်္ကာ ဖြစ်ပါတယ်။ ထိပ်ဆုံးကသာ ကောင်းရင် တဗိမာန်လုံး ကောင်းမယ်ဆိုတဲ့ အမြင်ကို ထင်ဟပ်တဲ့ အဓိပ္ပါယ်ပါ။

ပြုပြင်၊ ထိန်းသိမ်း၊ ပြင်ဆင်တယ်ဆိုတာ နောင်ကာလမှာ ရုပ်ပိုင်းဆိုင်ရာ အဆင်ပြေမှုနဲ့ သက်သောင့်သက်သာ ရှိမှုတွေ အများကြီးရတော့မယ်ဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။ သို့ပေမယ့် ရုပ်ဝတ္ထုဆိုင်ရာ ကိစ္စတွေထက် ကျမအတွက် ပိုအရေးကြီး တာက လူတွေနဲ့ ဆက်သွယ် ဆက်ဆံလာနိုင်ခြင်း ဖြစ်ပါတယ်။

ငါးလလောက် ကြာမြင့်တဲ့ အိမ်ပြင်ချိန်ကာလ (ဧပြီကစပြီး စက်တင်ဘာမှာ ပြီးပါတယ်။ ကြားထဲ သုံးပတ်လောက် ခဏ ရပ်နားပါတယ်) မှာ နေ့စဉ်နေ့တိုင်း ကျမတို့ အလုပ်သမားတွေရဲ့ ဘ၀တွေနဲ့ သူတို့သောကတွေနဲ့ အကျွမ်းဝင်ခွင့်ရခဲ့ပါ တယ်။ ကျမတို့နိုင်ငံက အလုပ်သမားထု ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ပိုမိုနားလည်လာပြီး၊ သူတို့ရဲ့ မျှော်လင့်ချက် နဲ့ ဆန္ဒကို ပိုမိုရှင်းရှင်းလင်းလင်း သိမြင်ရပါတယ်။

အိမ်ပြုပြင်တဲ့ စီမံချက်ရဲ့ နောက်ဆက်တွဲ အကျိုးဆက်တခုကတော့ အထူး သတင်း တပ်ဖွဲ့နဲ့တကွ အိမ်ဝင်း လုံခြုံရေး အတွက် တာဝန် ယူထားတဲ့ အခြားတပ်ဖွဲ့တွေနဲ့ မကြာခဏ တွေ့ဆုံဆွေးနွေးရတာပဲ ဖြစ်ပါတယ်။ လူတွေ၊ ဆောက်လုပ်ရေး ပစ္စည်းတွေ ခြံထဲသွင်းဖို့ နေ့စဉ် လိုလို ဆွေးနွေး ညှိနှိုင်း နေရပါတယ်။နှစ်ဦးနှစ်ဖက်စလုံးက အကျိုးအကြောင်း သင့်မြတ်တာ၊ ပျော့ပျောင်း လိုက်လျောတာတွေနဲ့ အတားအဆီးတွေကို ချောမွေ့အောင် လုပ်နိုင်တယ်ဆိုတာလည်း ကျမတို့ တွေ့လာခဲ့ရ ပါတယ်။

၂၀၁၀ ခုနှစ်ဟာ ကျမအိမ်အတွက် ပြောင်းလဲတိုးတက်မှုတွေ အများကြီး သယ်ဆောင် လာခဲ့တဲ့ နှစ်ပါပဲ။ ဒါပေမဲ့ ကျမတို့ ပြည်သူတွေ နေထိုင်နေကြရတဲ့ ကျမတို့ တိုင်းပြည်မှာရော ဘာတွေ ပြုပြင်ပြောင်းလဲခဲ့သလဲ ဆိုတာကတော့ နောင်တချိန် ပြန်ပြောကြရမယ့် ပိုလေးနက်တဲ့ ပုံပြင်တပုဒ် ဖြစ်နေပါလိမ့်မယ်။

ကျမ လွတ်လာပြီး ပထမဆုံးရေးဖြစ်တဲ့ ဒီဆောင်းပါးကို ကျမက အခုလို အဆုံးသတ်ချင်ပါတယ်။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ် လုံးလုံး ကျမကို ထောက်ခံမှုနဲ့ ခင်မင်မှုပေးခဲ့တဲ့ မာအိနိချိရှင်ဘွန်းကို ကျမ ကျေးဇူးတင်ကြောင်း ပြောရင်း၊ ကျမ ခင်ပွန်း အထူးနှစ်သက်ခဲ့ပြီး၊ အမြဲရှင်သန်နေမယ့် ပညာအမြင်ကြောင့် ကျမကိုယ်တိုင်လည်း နှစ်သက်ရတဲ့ ကဗျာတပုဒ်က ကောက်နှုတ်ချက်ကလေးကို ကျမရဲ့ စာဖတ်ပရိသတ်တွေနဲ့ မျှဝေချင်ပါတယ်။

မနေ့ကဆိုတာ
အိပ်မက်မျှသာ၊
မနက်ဖြန်ဆိုတာ
စိတ်ထဲကပုံရိပ်အလား၊
ဒါပေမဲ့ ဒီနေ့ကိုသာ
ကောင်းကောင်းနေသွား၊
မနေ့ကတိုင်း
ကြည်နူးစရာ
အိပ်မက်ဖြစ်သလို၊
မနက်ဖြန်တိုင်း
မျှော်လင့်ချက်ပြည့်တဲ့
ပုံရိပ်ဖြစ်မယ်၊
ဒီနေ့ကိုသာ
ကောင်းကောင်း
ကြည့်နေသွား။


(The Salutation to the Dawn based on Vedic Hymn မှထုတ်နှုတ်သည်)

အောင်ဆန်းစုကြည်

(၁-၁-၂၀၁၁ နေ့ထုတ် Mainichi သတင်းစာတွင် ဂျပန်ဘာသာ၊ အင်္ဂလိပ်ဘာသာတို့ဖြင့် ဖော်ပြပြီး)

ပြည်သူ့ခေတ်ဂျာနယ် အတွဲ ၂ အမှတ် ၇၁ မှ ကူးယူတင်ဆက်သည်။

source by : နေ့သစ်

0 comments: