သံမဏိစားတဲ့ “ခြ”


ပြင်ဦးလွင်မြို့ရဲ့ဆောင်းနံနက်ခင်း။


သိပ်သည်းထူထပ်စွာကျဆင်းနေတဲ့ မြူနှင်းတွေကြောင့် မြင်ကွင်းကမသဲကွဲ။ ဟန်ချက်ညီညီထွက်ပေါ်နေသည့် ပြေးလွှား သံတွေနဲ့အတူ အားမာန်အပြည့်ဟစ်ကြွေးသံတွေက အေးမြတဲ့ဆောင်းနံနက်ခင်းကို ၀ပ်စင်းခယစေ၏။ ကုပ်ပြီးကွေးနေသူကို တက်ကြွလန်းဆန်းစေ၏။


“ဘယ်..ညာ..ဘယ်..ညာ..ဘယ်..ညာ..ဘယ်”


“အမှတ်စဉ်.. အမှတ်စဉ်.. အမှတ်စဉ်..ဆို”


“တစ်.. နှစ်..သုံး..လေး.. တစ်နှစ်သုံးလေး..”


“ပြည်သူ့စစ်သား… ပြည်သူ့စစ်သား… ပြည်သူ့စစ်သား”


“ဘာလုပ်နေလဲ…….. လေ့ကျင့်နေတယ်။ ဘာလုပ်ဖို့လဲ…. တိုက်ပွဲဝင်ဖို့။ ဘယ်သူ့အတွက်လဲ… ပြည်သူ့အတွက်။ ဘာ စိတ်ဓာတ်လဲ…(သံမဏိစိတ်ဓာတ်.. သံမဏိစိတ်ဓာတ်.. သံမဏိစိတ်ဓာတ်)” အားပြည့်မာန်ပြည့် ဟစ်ကြွေးရင်း ရှေ့ နောက်ဝဲယာ ဘယ်လိုကြည့်ကြည့် ညီညာမှုအတိနဲ့ ပြေးလာသူများက လေ့ကျင့်ရေး (၂) မှ နောင်တခေတ်၏ အောင်စစ် သည်များပင်။ အေးစက်စက်ဆောင်းနံနက်မှာ သက်တူရွယ်တူ လူငယ်တွေ စောင်ခြုံကွေးနေချိန်၊ သူတို့လေးတွေက ချမ်း အေးမှုကိုအံတု နှင်းစိုစွတ်မှုကို ဂရုမမူ“ နိုင်ငံတော် ကာကွယ်ရန် တပ်မတော်သားကောင်း ဖြစ်ရမည်” ဆိုတဲ့ ခံယူချက်ကို ရင်ဝယ်ပိုက်ရင်း အပြင်းအထန်လေ့ကျင့် ကြသည့်မြင်ကွင်းက အားရကျေနပ်စရာ။ ယုံကြည်ချက်၊ ခံယူချက်ကြောင့် တောက်ပရွှန်းလဲ့နေတဲ့ မျက်ဝန်း တညီတညာတည်း လှုပ်ရှားနေတဲ့ဟန်၊ အားမာန်ပြည့်တဲ့ သူတို့ရဲ့အသံတွေဟာ အရာ ရာကိုလွှမ်းခြုံနေပေတော့၏။


“စစ်သားဆိုတဲ့ ကာကွယ်ရေးအမှုထမ်းတွေဟာ သူတို့ရဲ့ မြတ်နိုးတန်ဖိုးထားအပ်သော အသက်၊သွေး၊ ချွေးကို ရင်းနှီးပေး ဆပ်ပြီး နိုင်ငံ့အပေါ်ကျရောက်လာမယ့် အန္တရာယ်ကိုဖယ်ရှင်းဖို့နဲ့ တိုင်းသူပြည်သားတွေရဲ့ အသက်အိုးအိမ်၊ စည်းစိမ်တွေ ကို ကာကွယ်စောင့်ရှောက်မယ့်သူတွေ ပါလား” ဆိုတဲ့အသိကြောင့် လေ့ကျင့်မှုအနှောင့်အယှက် မဖြစ်ရလေအောင် ကျန်း မာရေးအတွက် ကိုယ်လက်လှုပ်ရှားသူတွေ၊ အသက်မွေးဝမ်းကျောင်းအတွက် စောစောစီးစီးထွက်လာတဲ့ ခေါင်းရွက်ဈေး သည်တွေအပြင် စက်ဘီး၊ ဆိုက္ကား၊ မြင်းလှည်း၊ ဆိုင်ကယ်၊ ကား အစရှိတဲ့ အနှေးယာဉ်၊ အမြန်ယာဉ်တွေကလည်း အရှိန် လျှော့၍တမျိုး လမ်းဘေးကပ်၍တစ်နည်း ရပ်ပေး၍ တဖုံ နည်းမျိုးစုံဖြင့် ကူညီပံ့ပိုးပေးကြ၏။ ဒါက… မောပမ်းမှုဒဏ်နဲ့ ကျန်းမာကြံ့ခိုင်အောင် PT( physical Training) လေ့ကျင့်နေကြတဲ့ စစ်သည်လောင်းနဲ့ ပြည်သူတို့ရဲ့ အပြန်အလှန်နား လည်မှုမြင်ကွင်း။


ဘာဏုရာဇာ ရှင်နေမင်းရဲ့ ထွန်းလင်းတောက်ပမှုနဲ့အတူ ပူပြင်းချက်က မြေပြင်ကိုရေအသွင်ဟု ထင်မှတ်မှားလောက် အောင် တံလျှပ်ငွေ့များဖြင့် တမြေ့မြေ့ လောင်ကျွမ်းနေစေ၏။ တိုက်ခတ်လာသည့် လေအရှိန်ကလည်း အေးမြမှုကိုမ ဆောင် ပို၍ပင်ပူလောင်စေ၏။ နေပူကကျဲကျဲ ကွင်းမြေကပြောင်ပြောင် နားခိုရာအရိပ်အာဝါသ မတ်စေ့ဝိုင်းမျှပင် အရိပ်မ မြင်ရတဲ့ လေ့ကျင့်ရေးကွင်းပြင်ထဲမှာတော့…


“၀ုန်း… ဂျိမ်း… ဒိုင်း..ဒိုင်း..ဒိုင်း.. ဒက်… ဒက်…ဒက်.. တက်…. ကျားးးး….”


“ရှေ့ကိုက် ၂၀၀ အလံနီ ရန်သူပစ်နေတယ်… ဒီရန်သူကို ငါတို့ အပြီးအပိုင် ချေမှုန်းရမယ်၊ တပ်စိတ်(၁) ဘယ်၊ တပ်စိတ် (၂) ညာ၊ တပ်စိတ် (၃) ငါ့နောက်လိုက်။” ဆိုတဲ့ ချေမှုန်းရေးအမိန့်သံနဲ့အတူ ဆိုင်ရာဆိုင်ရာ တာဝန်ယူပြေးလွှားမှုက တ ကယ့်စစ်ပွဲကြီးတခု သဏ္ဌာန်အလား ထင်မှတ်မှားစေ၏။ ခန္ဓာကိုယ်မှ ထွက်ကျလာတဲ့ ချွေးတွေဟာ စစ်ဝတ်တန်ဆာများ ကိုပင် ရွှဲနေစေ၏။ ယမ်းခိုးကဝေေ၀ ဖုံအလိမ့်လိမ့်ကပ်ငြိမှု ကြောင့် ရုပ်သဏ္ဌာန်မပီပြင်ပေမယ့် မျက်ဝန်းအစုံက တောက်ပ ဆဲ။ ဒါကိုမြင်ရတော့ ရယ်ရမလို သနားရမလို ဝေခွဲမရဖြစ်စေ၏။ သံမဏိစိတ်ဓာတ်ပိုင်ရှင်တွေမို့ ခံနိုင်ရည်ရှိတာထင်ပါရဲ့။ ဒါက ချေမှုန်းရေးသင်ခန်းစာ မြင်ကွင်း။


“ဂျွတ်.. ဂျွတ် .. ဝေါ….. ၀ုန်း” ကျယ်လောင်မြည်ဟီးသံနဲ့ တုန်ခါသွားမှုက အဆောက်အဦးများကိုပင် အဖျားခတ်လှုပ်ရမ်း သွားလေ၏။


“ဟ..ဟ.. ဘာသံလဲ.. ဘာဖြစ်တာလဲ.. ထွန်းကျော် ထွက်ကြည့်စမ်း” ဆိုတဲ့ အဘအသံကြောင့် ကျနော် အပြေးအလွှား စူးစမ်းရှာဖွေကြည့်တော့ တပ်ရင်းမှူးအိမ်နဲ့ လုံခြုံရေးကင်းစခန်း မလှမ်းမကမ်းမှာရှိတဲ့ ညောင်ပင်ကြီး လဲပြိုနေတာ တွေ့ရ ၏။


“စီအိုကြီးခင်ဗျာ.. ညောင်ပင်ကြီးလဲသွားတာပါ၊ ကျနော်သွားကြည့်လိုက်ပါ့မယ် အဘ” လို့သတင်းပို့ တော့ “နေအုံး.နေ အုံး ငါပါလိုက်မယ်” ဆိုပြီး ထွက်လာတာမို့ ကျနော်နဲ့ လက်ဖြောင့်တပ်စုက ရဲဘော်လေးတွေ တပ်ရင်းမှူးကို စောင့်ရှောက် ခြံရံပြီး အခင်းဖြစ်ပွားရာဆီသို့ ထွက်ခဲ့ကြ၏။ ကိုင်းတက်တွေဝေေ၀ အရွက်တွေ တဖားဖား ကြီးမားတဲ့ပင်စည်၊ ခိုင်မာတဲ့ အမြစ်တွေနဲ့ စောစောကထိထောင်မတ်နေတဲ့ ညောင်ပင်ကြီးဟာ အခုတော့ မြေပြင်မှာ တုံးလုံးကြီးဝပ်စင်းနေလေရဲ့။ မိုးမရွာ လေမတိုက်ဘဲ ဘာကြောင့်လဲသွားပါလိမ့်ဆိုပြီး စူးစမ်းရှာဖွေချိန်။


“တရားခံတွေ့ပြီ အဘရေ… ”


“ဘယ်မှာလဲကွ..ဟေ.. ဘယ်မှာလဲ”


ကျနော်လည်း ညောင် မြစ်တွေကြား ရွစိရွစိသွားနေတဲ့ သတ္တ၀ါလေးကို ဖမ်းပြီးပြလိုက်တယ်။


“သြော်… လက်စသတ်တော့ ခြစားတာကိုး.. ” လို့ မှတ်ချက်ပေးပြီး တဆက်တည်း “ကဲ..ကဲ ဒီနေ့တော့ အချိန်မရှိတော့ ဘူး၊ မနက်ဖြန် (၈) နာရီမှာ အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်အားလုံး တာဝန်မှအပ အကုန်လာခိုင်း၊ အိမ်ထောင်သည် ရဲမေတွေလည်း ကျန်းမာရေးချို့ယွင်းသူမှအပ အကုန်လာပစေ။ ဒါကို ဌာနချုပ်ခွဲမှူးက အမိန့်ထုတ်၊ တပ်ရေးနဲ့ တပ် ထောက်က ညှိပြီး မနက်ဖြန် လုပ်အားပေးတွေ ကျွေးဖို့တခုခုစီစဉ်ပါ။” ဆိုပြီး ထွက်သွားလေတော့၏။ တပ်ရင်းမှူးကြီး၏ စိတ်နေစိတ်ထားနဲ့ သဘောသဘာဝကို အလွတ်ရနေကြတာမို့ “အင်း.. မနက်ဖြန်တော့ အဘ တခုခုပြောဖို့ရှိပြီ ထင် တယ်” လို့ အားလုံးသဘောပေါက်လိုက်ကြ၏။ တပ်ရင်းမှူး ဆိုမှတော့ ဒီတပ်မှာ သူဘုရင်ပေါ့။ သူ့ထက်ကြီးတာဆိုလို့ လဲသွားတဲ့ ညောင်ပင်ပဲရှိတာ။ ဘုရင့်နှုတ်ဖျားက ကျလာတဲ့အမိန့်ကို ဆင့်ကဲဆင့်ကဲ ညွှန်ကြားလိုက်တာ အချိန်ကရှေ့ကို (၂) နာရီတိုးပြီး မနက် (၆) နာရီ ဖြစ်သွားပါလေရောလား။


အစဉ်အလာအတိုင်း တန်းစီတန်းအပ်ပြီး တပ်ရင်းမှူးရဲ့ သြ၀ါဒကိုခံယူကြရတာပေါ့။ စီအိုကြီးရဲ့သြ၀ါဒက …


“အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်များနဲ့ အိမ်ထောင်သည် ရဲမေများအားလုံးနီးပါး စုံစုံညီညီလာကြတကို တွေ့ရတော့ အဘနှစ်ထောင်းအားရမိတယ်။ အခုလိုအားလုံးကို လာခိုင်းတာ ရည်ရွယ်ချက်နှစ်ခုကြောင့် ဖြစ်တယ်။


နံပါတ် (၁) က ညီညီညာညာနဲ့ အင်တိုက်အားတိုက် စုပေါင်းဆောင်ရွက်ခြင်းဖြင့် အရာခပ်သိမ်း အလွယ်တကူ ပြီးမြောက်နိုင်တယ်ဆို တာကို သိစေချင်တယ်။


နံပါတ် (၂) က သင်ခန်းစာကောင်းလေး ယူတတ်စေချင်လို့ ” ဟုပြောပြီး ခြငယ်လေးတကောင် ကို ဖမ်းယူလိုက်၏။ “အခု အဘလက်ထဲမှာရှိတဲ့ အလွန်သေးငယ်ပြီး နုနယ်တဲ့ ခြကောင်လေးတွေရဲ့ ကြောက်မက်ဖွယ် အစွမ်းအစက သူတို့ထက်အဆရာထောင်မက ကြီးမားပြီး မိုးဒဏ် လေဒဏ် ကြံ့ကြံ့ခံနိုင်ပါတယ်ဆိုတဲ့ ညောင်ပင်ကြီးရဲ့ အောက်ခြေအမြစ်တွေကို ကိုက်ဝါးဖြတ်တောက်လိုက်ခြင်းကြောင့် မြေပြင်ပေါ် ဘုံးဘုံးလဲသွားတာ ရဲဘော်တို့ ရဲမေ တို့ မြင်ကြရဲ့လား..”


“မြင်ပါတယ် အဘ”


“အေး.. ဒါက ခုမြင်ရတဲ့အခြေအနေ ဖြစ်တယ်၊ အခြားလက်လှမ်းမမီတဲ့ နေရာတွေ ဒေသတွေမှာလည်း တန်ဖိုးရှိပြီး အ သုံးဝင်တဲ့ အဆောက်အဦးတွေ ဒီထက်မကကြီးမားတဲ့အရာတွေ ခြစားခြင်းကြောင့် သုံးစားမရအောင် ပျက်စီးယိုယွင်းမှု တန်ဖိုးကျဆင်းမှုတွေ မြောက်များစွာရှိပါတယ်။ ခြစားရင် ခိုင်မာတောင့်တင်းမှုရှိတဲ့ အရာတွေ ဆုံးရှုံးမှုဖြစ်စေကြောင်း နားလည်ကြပါ။ နုနယ်သေးကွေးပေမယ့် များစွာအန္တရာယ်ပေးတတ်တဲ့ အပြုအမူတွေကြောင့် လူမှုအသိုင်းအ၀ိုင်းမှာ အ ကျင့်စာရိတ္တပျက်ပြားမှုကို ခြစားတယ်ဆိုပြီး သုံးနှုန်းလေ့ရှိတယ်။

အဘ ပြောချင်တာက ပြင်ပလူမှုအသိုင်းအ၀ိုင်းမှာပဲ ဖြစ်စေ၊ တို့ရဲ့စစ်ဘက်အဖွဲ့အစည်းတွင်းမှာပဲဖြစ်စေ “အကျင့် ပျက်မှု” ဆိုတဲ့ ခြလေးမစားအောင် ၀ိုင်းဝန်းကာကွယ်တား ဆီးကြပါ။ ကိုယ်တိုင်လည်း ခြစားသူမဖြစ်အောင် ကြိုးစားစောင့်ထိန်းကြပါ။ အထူးသဖြင့် ပြည်သူတွေနဲ့ ဆက်စပ်ထိတွေ့ နေရတဲ့ စစ်သည်များကလည်း သံမဏိတွေလို ကျစ်လစ်မာကျောပြီး ခိုင်ခံ့အောင်လေ့ကျင့်ပေးထားတဲ့ မင်းတို့ရဲ့ သံမဏိ စိတ်ဓာတ်တွေကို ခြမစားပါစေနဲ့လို့ ပြောပြီး နိဂုံးချုပ်လိုက်၏။


သံမဏိစိတ်ဓာတ်တွေကို ခြစားမှာစိုးတဲ့ အဘတယောက်ဟာဖြင့် မြန်မာ့အသံ ဒု-ညွှန်မှူး ဆိုတဲ့ရာထူးနဲ့ အရပ်ဖက် အရပ် ဘက်ပြောင်းသွား ကြာခဲ့ပါပေါ့လား။ နှစ်တွေလတွေ အလီလီပြောင်းတာနဲ့အမျှ ကျနော်လည်း နေရာတွေ၊ ဒေသတွေအစုံ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရင်း တွေ့ရမြင်ရကြားရ ထိတွေ့ဆက်ဆံရတဲ့ ၀န်းကျင်က လူအတော်များများဟာ ခြစား ခြင်းခံရတဲ့ အရွယ်စုံသံမဏိများပင် ဖြစ်ပါသည်။ စိတ်မကောင်းခြင်းကြီးစွာနဲ့ ခံစားရင်း ကြေကြေကွဲကွဲ တမ်းတမိတာက


“ကယ်ပါအုံး… သံမဏိတုံးတွေ ခြစားကုန်ပြီ အဘရေ..” ဟူ၍ပင် ဖြစ်ပါတော့သည်။


“၀န်ထမ်းအားလုံး ခြစားမှုဒဏ်က ကင်းဝေးလွတ်မြောက်နိုင်ကြပါစေ”


ဇေယျာ (စစ်သည်ဟောင်း)


source by : http://www.naytthit.net

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form