ဗိုလ်ချုပ်ပြောသည့် တိုင်းပြည်

(၆၄)နှစ် တင်းတင်း ပြည့်ခဲ့လေပြီ၊ ဇူလိုင် မိုးရေစက်တွေနှင့် အတူ မြန်မာပြည်သူတို့ မျက်ရည် ပင်လယ် ဝေခဲ့ရသည့်နေ့ တစ်နေ့၊ (၁၉)ဇူလိုင်၊ ဗိုလ်ချုပ်နှင့် ရဲဘော်များ ကျဆုံးခဲ့ရသည့်နေ့၊ ဘယ်လိုပင် ဖျောက်ဖျောက် မပျောက်ပျက်နိုင်သည့် နေ့တစ်နေ့၊ ကျွန်ုပ်တို့ သင်တို့ အားလုံး၏ အာဇာနည်နေ့၊ အာဇာနည် ဖြစ်ထိုက်သော၊ ဂုဏ်ပြု ထိုက်သော အာဇာနည်ကြီး များကို အလေးပြု ရမည်၊ ဂုဏ်ပြု ရမည်၊ ထိုအရာကား သမိုင်းက ပေးခဲ့သော တာဝန်ကြီး တစ်ရပ် မဟုတ်ပါလား......
ဗိုလ်ချုပ်သည် တိုင်းပြည် အတွက် အသက်ပါ မကျန်အောင် အလုပ် လုပ်ခဲ့သည်၊ တိုင်းပြည်ကြီးကို တိုင်းတစ်ပါး ကျွန်သဘောက် ဘ၀မှ လွတ်မြောက် စေချင်ခဲ့သည်၊ ဒီမိုကရေစီ နိုင်ငံတော်ကြီး ထူထောင်ဖို့ရန် ရည်မှန်းထားခဲ့သည်၊ သို့သော် ဗိုလ်ချုပ် ပြောသည့် ဒီမိုကရေစီကား မြန်မာပြည်တွင် အရိပ်အယောင်ပင် မတွေ့ရှိရသေး။ ဗိုလ်ချုပ် တည်ထောင်ခဲ့သည့် တပ်မတော်သည်လည်း ဗိုလ်ချုပ်ကို အလေးပြုရ ကောင်းမှန်းပင် မသိတော့၊ အလွန်အင်မတန်မှ ၀မ်းနည်းစရာကောင်းပေစွ၊ သမိုင်းဟူသည် ဖျောက်ဖျက်ပစ်လို့ ရကောင်းသည့် အရာ မဟုတ်ပေ၊ ဗိုလ်ချုပ်သည် သမိုင်းကောင်းခဲ့သည်၊ ဗိုလ်ချုပ်၏ လုပ်ဖော် ကိုင်ဖက်များလည်း သမိုင်းကောင်းခဲ့ကြသည်။ ကိုယ်ကျိုးစွန့်အနစ်နာခံကာ အသက်ပေးလှူသွားခဲ့ကြသည်။စံပြုအတုယူထိုက်သော ဂန္ထ၀င်မြောက် အာဇာနည် သူရဲကောင်း အပေါင်းတို့ပါ တကား.....

ဗိုလ်ချုပ် တည်ထောင်ခဲ့သော တပ်မတော်နှင့် မြန်မာပြည်ကြီးသည် ယနေ့ ဘာတွေ ဖြစ်နေပါပြီလဲ၊ အားလုံး သိတဲ့မြင်တဲ့ အတိုင်းပင်၊ ဟိုလူလာလည်း မျက်နှာချို သွေးရ၊ ဒီလူလာလဲ မျက်နှာချို သွေးရနှင့် ဖာသည် တိုင်းပြည် ဖြစ်နေပြီ မဟုတ်ပါလား၊ လွန်ခဲ့သည့် (၆၄) နှစ်က ဗိုလ်ချုပ် ပြောခဲ့သည့် စကား ဒီနေ့အထိ မှန်ကန် ထိရောက်နေဆဲ၊ တိုင်းပြည်နှင့် လူမျိုး မျက်နှာကိုမှ မထောက်ထားပဲ အာဏာကို အလွဲသုံးစားလုပ်ခဲ့ကြသည့် အာဏာရူး လူတစ်စု၏ မဟုတ်မတရား ဖိနှိပ် ချုပ်ချယ် ကန့်သတ်မှုများကြောင့် ကျွန်ုပ်တို့ မြန်မာပြည်ကြီးသည် ဖာသည်တိုင်းပြည် ဘ၀သို့ ရောက်မှန်း မသိ ​ရောက်ခဲ့ရလေသည်။

ရင်နာ လိုက်စမ်းပါ အိုမြန်မာ ပြည်သူ ပြည်သား အပေါင်းတို့.... ကျွန်ုပ်တို့ သင်တို့ ဘ၀များသည် အာဏာရူး လူတစ်စု၏ ဖိနပ်အောက်တွင် စုတ်ပြတ်သပ်နေအောင် ပြားပြား မှောက်ခံ ခဲ့ကြရသည်၊ ခံနေရဆဲ နောက်လဲ ဆက်လက်ခံကြဦးမည်ဆိုလျှင် သားစဉ် မြေးဆက် စစ်ကျွန် သဘောက် ပြားပြားမှောက်လို့ လူလုံး မလှ ဘ၀တွေနှင့် အဖြစ်ဆိုး စနစ်ဆိုးတွေ ရင်ကော့ ခါးကော့ကာ လူးလိမ့် ခံကြပေဦး တော့မည်။
အချိန်ရှိခိုက် လုံ့လစိုက်ကာ ၀ိုင်းဝန်း ညီညာစွာ စစ်အာဏာရှင် အရေခြုံ မြေခွေးများကို အမြန်ဆုံး နှိမ်နှင်းကြပါစို့၊ ငေးမော တွေဝေ မှိုင်တွေနေပြီး ဘ၀တွေ သေနေမဲ့ အစား မိမိ တိုင်းပြည်နှင့် လူမျိုး အတွက် မိမိ၏ သားစဉ် မြေးဆက် လူစဉ်မီ ဘ၀ပီပီ ဆက်လက် ရှင်သန် ရပ်တည်နိုင်ရေး အတွက် (၆၄)နှစ်မြောက် အာဇာနည်နေ့မှ အစ ပြုကာ အာဏာရူး တွေကို လက်တွဲ တော်လှန်ကြပါစို့၊ လက်တွဲ တော်လှန်ကြပါစို့၊ လက်တွဲ တော်လှန်ကြပါစို့။

လွင်ပြင်

ပေးပို့သော အတ္တကင်းစင် ဒီမိုကရစီ လွင်ပြင် အား ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် ပါသည်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form