အမျိုး ချစ်ကြသည် ဆိုရာဝယ်...

ဝံသာနုရက္ခိတ ဟူသည့် မျိုးချစ်တရားသည် လူတိုင်း၊ လူမျိုးတိုင်း၌ ရှိသင့်ပေသည်။ အမျိုးကိုချစ်ခြင်း၊ အမျိုးကိုစောင့်ရှောက်ခြင်းသည် လောကပါလတရားနှင့်လည်း ညီ၏။ ဘုရားဟောဒေသနာတော်များ၌လည်း အမျိုးကိုချစ်ရန်၊ အမျိုးကိုစောင့်ရှောက်ကြရန် ညွှန်ပြဟောကြားထားသည်။ အမျိုးချစ်သူကို နတ်၊ လူ ချစ်ခင်၏။ သို့သော် မိမိလူမျိုးအား မှန်ကန်သောစိတ်ထားဖြင့် ချစ်တတ်ရန်ကား အလွန်တရာ အရေးကြီးလှပေသည်။

လူမျိုးရေးနှင့် ဘာသာရေးသည် အသွင်သဏ္ဍာန်အားဖြင့် တူညီပေ၏။ သိမ့်မွေနက်နဲသည်။ ကျယ်ပြောသည်။ ရှုပ်ထွေးသည်။ ကိုင်တွယ်ဖြေရှင်းရ ခက်ခဲသည်။ ဘာသာရေး၌ အကြင်သူသည် မိမိကိုးကွယ်သည့်ဘာသာကို အမွှန်းတင်ပြောဆိုပြီး တခြားဘာသာများကို ပုတ်ခတ်ထိပါးမည်ဆိုပါက ထိုသူကိုးကွယ်သည့်ဘာသာ၏ ထိန်းကွပ်ပဲ့ပြင်မှုညံ့ဖျင်းခြင်းကိုသာ ဖော်ပြရာရောက်ပြီး ထိုသူကိုးကွယ်သည့် ဘုရားသခင်ကိုလည်း တခြားသူများ အရိုအသေပေါ့တန်စေရာ ရောက်၏။ အလားတူပင် လူမျိုးရေး၌လည်း တစုံတယောက်သည် မိမိလူမျိုးသာကောင်း၏ တပါးလူမျိုးသည် ဤသို့ ဤပုံ ဆိုးသွမ်းကြ၏ ဟု စော်ကားပြောဆိုပါမူ ထိုလူနှင့်သက်ဆိုင်သည့်လူမျိုး၏ ယဉ်ကျေးမှု၊ အဆင့်အတန်းနှင့် ဂုဏ်သိက္ခာနိမ့်ကျမှုတို့ကို ထုတ်ဖော်ပြောဆိုရာသာ သက်ရောက်ပြီး ထိုလူမျိုးစုခေါင်းဆောင်များ၏ သွန်သင်ဆုံးမပြောဆိုမှု နည်းပါးခြင်းကို ဖော်ပြရာသာ ဖြစ်ချေ၏။
ထို့ကြောင့် ငါ့လူမျိုးငါချစ်သည် ဟုဆိုတာ ငါတကောကောပြီး ထင်တိုင်းလုပ်၍မရ။ ထိုသို့ပြုမူ၍ မိမိအတွေးအခေါ် တိမ်းစောင်းခဲ့သည်ရှိသော် မိမိလူမျိုး ထိခိုက်မည့်အရေးကိုသာ ဖြစ်စေ၏။ လူမျိုးများနှင့်သက်ဆိုင်သည့် မိမိအယူအဆ မှန်၏/ မှား၏ ကို မိမိတဦးတည်း ဆုံးဖြတ်၍မရ။ လူမျိုးတူမိတ်ဆွေများနှင့် အယူအဆချင်း ဖလှယ်သင့်သည်။ မိမိလူမျိုးစုခေါင်းဆောင်များအား မိမိအယူအဆကိုတင်ပြကာ မှန်၏/ မှား၏ကို ဆုံးဖြတ်စေသင့်သည်။ အကြံဥာဏ်တောင်းသင့်သည်။ မိမိကိုယ်တိုင်လည်း မိမိလူမျိုးများ၏ ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်မှုနှင့် အကျိုးစီးပွား ဖြစ်ထွန်းရာ ဖြစ်ထွန်းကြောင်းကို အမြဲမပြတ် တွေးတောကြံဆ ပြုမူလုပ်ဆောင်နေရမည် ဖြစ်သည်။

အမျိုးချစ်ပါသည်ဟု ပါးစပ်မှထုတ်ဖော်အော်ပြနေရုံနှင့် မျိုးချစ်စိတ်ရှိပါသည်ဟု မမှတ်ယူသင့်။ အကြင်သူသည် မိမိလူမျိုးများ လှေမှောက်၍ မြစ်လယ်တွင် ဒုက္ခရောက်နေသည့်အချိန်တွင် သွားရောက်ကူညီရန် ကြိုးစားအားထုတ်ခြင်းမရှိဘဲ ကမ်းစပ်မှနေ၍ “ငါမင်းတို့ကို ချစ်ပါသည်။ ငါ့မှာ မျိုးချစ်စိတ်ရှိပါသည်” ဟု အော်ဟစ်နေရုံမျှဖြင့် ထိုသူအား မျိုးချစ်စိတ်ရှိသူဟု ဆိုနိုင်ပါအံ့လော။ ထိုမှတဖန် မြစ်နှင့်ဝေးရာ ကုန်းတွင်းပိုင်းသို့ ပြေးဝင်ပျောက်ကွယ်သွားပြီး ကြားသာရုံ အသံသဲ့သဲ့ဖြင့် မျိုးချစ်စိတ်ရှိပါသည် ဟု ပြေးအော်အော်သွားသူများအား အသို့ဆိုနိုင်ပါအံ့နည်း။

စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ရှိသူသည် အနီးအနားရှိ ရရာ လှေ၊ ဖောင်၊ အကူအညီ ဟူသမျှတို့ကို အလျှင်အမြန်ရုံးစုကာ မိမိအသက်ကို မငဲ့ကွပ်ဘဲ မိမိလူမျိုးများအား သွားရောက်ကယ်တင်မည်သာ ဖြစ်သည်။ တကိုယ်ကောင်းဆန်ကာ ပစ်ပြေးရိုးထုံးစံမရှိ။ လှေမှောက်၍ ဒုက္ခရောက်နေသည့် မိမိလူမျိုးများအား “မင်းတို့ခဏနေကြအုံး။ မင်းတို့ကိုလာကယ်ဖို့ ငါလှေထွင်းလိုက်အုံးမယ်” ဟုဆိုကာ ကုန်းပေါ်တက်၊ သစ်ပင်ခုတ်၊ လှေထွင်းနေမည်လည်း မဟုတ်။ မှန်ကန်သည့်စိတ်ထားဖြင့် အမျိုးချစ်သူသည် ဒုက္ခအတိပြည့်နေသော မိမိလူမျိုးများနှင့် အတူတကွ ကြံ့ကြံ့ခံရပ်တည်နေပြီး မိမိလူမျိုးများ ဒုက္ခမှကင်းလွတ်စေရန်သာ အမြဲကြံဆပြုလုပ်နေမည်သာ ဖြစ်၏။ အဝေး၌ရှိနေလျှင်ပင် မိမိလူမျိုးများနှင့် ဝေးသည်ထက်ဝေးအောင်မပြေးဘဲ နီးသည်ထက်နီးအောင်ကပ်ကာ မိမိလူမျိုးများနှင့် အတူတကွ သာလည်းစံ၊ နာလည်းခံမည်သာ ဖြစ်သည်။

မိမိလူမျိုးအား ချစ်သည့်စိတ်သာ ရှေ့တန်းတင်လျက် တခြားလူမျိုးများအား မကောင်းမြင်တတ်သည့် မျက်ကန်းမျိုးချစ်စိတ်သည်လည်း မိမိလူမျိုး တိုးတက်ရာ တိုးတက်ကြောင်းကိုဖြစ်စေမည့် စစ်မှန်သော အမျိုးချစ်စိတ် မဟုတ်ပေ။ ဂျာမဏီပြည်မှ နာဇီပါတီခေါင်းဆောင် အဒေါ့ဖ်ဟစ်တလာသည် ထင်ရှားသည့် သာဓက ဖြစ်သည်။ ဂျာမဏီသည် ပထမကမ္ဘာစစ်တွင် စစ်ရှုံးပြီး စစ်လျော်ကြေးပေးလိုက်ရသည့်အတွက် ချွတ်ခြုံကျကာ ဆင်းရဲငတ်ပြတ်လျက်ရှိသည်။ ထိုကဲ့သို့ ဆင်းရဲမွဲတေမှုသည် ဂျူးလူမျိုးများ စီးပွားရေးနယ်ချဲ့မှုများကြောင့် ဖြစ်ရသည်ဟု ဟစ်တလာက ယူဆသည်။ ဂျူးလူမျိုး မကောင်းကြောင်းပြောသည်။ ဂျူးမုန်းတီးရေးတရား တွင်တွင်ဟောသည်။ ဂျာမဏီတွင် ဟစ်တလာအာဏာရလာသည့်အချိန်တွင် မဟာဂျာမာန် လူမျိုးကြီးဝါဒကို စွဲကိုင်ကာ ဂျူးများကို အစုလိုက် အပြုံလိုက် သတ်ပစ်ခဲ့သည်။

ထို့ကြောင့် မဟာလူမျိုးကြီးဝါဒ လက်ကိုင်ထားပါသည်ဟု တပါးလူမျိုးခြားကို လက်ညှိုးထိုး ယိုးစွပ်၍မရ။ မိမိ၏ အတွင်းအဇ္ဇတ္တ၌ ကိန်းဝပ်တည်ရှိနေသော မျက်ကန်းမျိုးချစ်စိတ်မှသာလျှင် လူမျိုးကြီးဝါဒ တဖြည်းဖြည်း ပြောင်းလဲအမြစ်တွယ်လာခြင်း ဖြစ်သည်။ ထိုကဲ့သို့ ဖြစ်တည်လာသည်နှင့်အမျှ မိမိလူမျိုး၏ ဂုဏ်သိက္ခာသည်လည်း အများတကာအလယ်တွင် ထိခိုက်ကျဆင်းကာ နောက်ဆုံးတွင် မလှမပ နိဂုံးချုပ်သွားရစမြဲသာ ဖြစ်ပေတော့သည်။

မှန်ကန်သည့်စိတ်ထားများဖြင့် အမျိုးချစ်တတ်ကြပါစေ......။

မောင်ပါလ
၂၈.၇.၂၀၁၁

မောင်ပါလ

ကျနော်ရေလိုစီးဆင်းခဲ့ပါသည်။ အကွေ့အကောက်များစွာကို ဖြတ်သန်းခဲ့ပါသည်။ ကျနော်ကြည်လင်စွာ စီးဆင်းခဲ့ပါသည်။ သိုသော်..........ကျနော့်ကျောပေါ်တွင် အမှိုက်သရိုက်များလည်း ပါလာနိုင်ပါသည်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form