ကိုယ်တော် ကရုဏာ

ပြီးခဲ့သည့် ရက်ပိုင်းလောက်က အမေရိကန် နိုင်ငံတွင် ခေတ္တ ရောက်ရှိနေကြသည့် ဗန်းမော် ဆရာတော်ကြီး ဦးကုမာရာ ဘိဝံသနှင့် ဆရာတော်ကြီးများ ထံသို့ သာသန ဥသျှောင် အဖွဲ့နှင့် သံဃာ့တပ်ပေါင်းစုအဖွဲ့မှ ထုတ်ဝေသည့် စာအုပ် တစ်အုပ်နှင့် ပန်ကြားလွှာ တစောင်တို့ကို ဆက်ကပ် ခဲ့ကြသည်ဟု ကြားသိခဲ့ရသည်။ ဗန်းမော် ဆရာတော်ကြီး ဦးကုမာရာ ဘိဝံသနှင့် အတူ မစိုးရိမ် ဆရာတော်ကြီး ဦးရာဇ ဓမ္မာဘိဝံသ၊ ဓမ္မဘေရီ ဆရာတော်ကြီး ဦ၀ီရိယ အစရှိသည့် ဆရာတော်ကြီးများလည်းအဆိုပါအခမ်းအနားတွင် ပါဝင်ခဲ့ကြသည်။ ဆက်ကပ်ခဲ့သည့် စာအုပ်အမည်မှာ “သံတိုင်နောက်က မှတ်တမ်းများ” ဖြစ်ပြီး စစ်အစိုးရမှ ဖမ်းဆီး ထောင်ချခြင်းကို ခံခဲ့ကြရပြီး နှိပ်စက်မှုများကို ခံခဲ့ကြရသော သံဃာတော်များ၏ ကိုယ်တွေ့ မှတ်တမ်း စာအုပ်ဖြစ်သည်ဟု သိရသည်။ ပန်ကြားလွှာ ထဲတွင် နိုင်ငံတော် ငြိမ်းချမ်းသာယာရေးအတွက် အယူအဆ မတူသူတို့ သင့်မြတ်စွာ လက်တွဲပြီး တွေ့ဆုံ ဆွေးနွေး အဖြေ ရှာကြရန်၊ အယူအဆ ကွဲလွဲမှု များကြောင့် ဖမ်းဆီးချူပ်နှောင်ခြင်းခံထားရသော နိုင်ငံရေးအကျဉ်းသားများနှင့် ရဟန်း သံဃာတော်များ လွတ်မြောက် စေရန် နိုင်ငံတော် အစိုးရသစ်ကို မေတ္တာရပ်ခံပေးပါရန် ဟူသည့် စာများ ပါဝင်သည်ဟု သိရသည်။ ဆက်ကပ်ခဲ့သည့် စာအုပ်နှင့် ပန်ကြားလွှာများအရ မည်သူ တစ်ဦး တစ်ယောက် ကိုမျှ နစ်နာ စေနိုင်သည့် အပြုအမူမျိုး မပါဝင်သည့် အပြင် တိုင်းပြည်နှင့် လူမျိုး အကျိုး သာသနာ အကျိုးတို့ကို ဦးစားပေး ထားသည်ကို သတိထား မိသည်။

ယင်း ကိစ္စများနှင့် ဆက်စပ်ပြီး ကြားသိရသူတို့ အကြားတွင် လုပ်သင့်/ မလုပ်သင့် စသည့်ဝေဖန်မှု အမျိုးမျိုး ထွက်ပေါ် ခဲ့သည်။ လူတိုင်း ကိုယ်စီတွင် ခံယူချက်အမျိုးမျိုး ယုံကြည့်ချက် အမျိုးမျိုး ရှိကြသည်မို့ သဘောထား ကွဲလွဲပိုင်ခွင့် ရှိကြပေသည်။ သို့သော် သဘောထား ကွဲလွဲ ပိုင်ခွင့် ရှိသည် ဆိုတိုင်း မိမိ အယူအဆမှ အမှန်ဟု ဆုပ်ကိုင်ထား၍ မရနိုင်ပေ။ အကြောင်းဟုတ်၏ မဟုတ်၏၊ ဖြစ်နိုင်၏ မဖြစ်နိုင်၏ စသည် တို့ကို အရာရာ ထောက်ဆပြီး အမှန် လမ်းကြောင်းကို လျှောက်လှမ်းဖို့ လိုအပ် လှပေသည်။ အထက်တွင် ဖော်ပြ ခဲ့သည့် လုပ်ရပ် အပေါ် ဘ၀င်မကျ ဖြစ်နေပုံပေါ်သည့် ဆောင်းပါးရှင် သီတလက ဆိုလျှင် “ တစ်ခု သတိပြု စေချင်တာက ဗန်းမော် ဆရာတော် ဘုရားကြီး ဆိုတာဟာ ငယ်စဉ် ကာလ ကတည်းက စာပေ ပညာဘက်ကိုပဲ တစိုက် မတ်မတ်နဲ့ ကြိုးစား အားထုတ်ပြီး ပရိယတ် ပဋိပတ်တွေထဲမှာပဲ စိတ်ကို နှစ်မြုပ်ထားတဲ့ ဆရာတော်ကြီး ဖြစ်တယ် ဆိုတာပါ။ အခြား ထွေလီ ကာလီ ကိစ္စတွေမှာ စိတ်ပါ ၀င်စားခြင်း ရှိတော်မူတယ် လို့တော့ ကျွန်တော် မကြားမိပါဘူး” ဟု ရေးထားသည်ကို ဖတ်လိုက်ရသည်။ (http://www.demowaiyan.co.cc/2011/07/blog-post_2104.html#more)။

မှန်ပါသည်၊ ဆရာတော်ကြီး၏ သီလ သမာဓိ ပညာတို့မှာ အပြစ် ဆိုစရာ မရှိလောက် အောင်ပင် လေးစားဖွယ် ကောင်းလှ ပါသည်။ ထို့ကြောင့် ဆရာတော်ကြီး၏ ကိုယ်ကျင့် သိက္ခာ ဂုဏ်အရည်အချင်း တို့နဲ့ ပတ်သက်ပြီး မည်သို့မျှ ​စောဒက မတက်လိုပေ။ သို့သော် ဆောင်းပါးရှင်၏ စာထဲတွင် အသုံးပြုထားသည့် ပရိယတ်နှင့် ပဋိပတ် ဆိုသည့် အချက်ကိုတော့ ကောင်းစွာနားလည် သဘောပေါက် ထားသင့်သည်ဟု ထင်သည်။
ပရိယတ် ဟူသည် သင်ကြားခြင်း ဖြစ်ပြီး ဘုရာဟော ပိဋကတ်တော်များကို သင်ကြားခြင်းဟု ယေဘုယျ အားဖြင့် မှတ်ရပေလိမ့်မည်။ ကျင့်သုံးမှု မပါသည့် သင်ကြားမှု မျိုးသည် နွားကိုသာ ကျောင်းနေ ရပြီး နွားနို့ အရသာကို မခံစားရသည့် နွားကျောင်းသား ပမာ ဖြစ်သည်ဟု မြတ်စွာ ဘုရားရှင် ကလည်း ဟောကြား ထားတော် မူခဲ့သည်။ ကျင့်သုံးမှု ဆိုသည်မှာ ပဋိပတ်ပင်ဖြစ်လေသည်။ ထိုကြောင့် မည်သည့် အရာများကို ကျင့်သုံးရမည် ကျင့်သုံးထိုက်သည် စသည်တို့ကို သိနိုင် ကြရန် ဘုရားဟော ကျမ်းဂန်များကို ရှေးဦးစွာ လေ့လာဖို့ လိုအပ်လှပေသည်။
နောက်တစ်ခု ဖော်ပြထားသည့် ဆောင်းပါးရှင်၏ စာထဲတွင် “ဒကာ ဒကာမတွေ ဖူးတွေ့ခွင့်ရတဲ့, သာသနာတော်မှာ ရတောင့်ရခဲ ဆရာတော် ဘုရားကြီးကို ဖူးတွေ့ရတုန်းမှာ နိုင်ငံရေး အရ အပူ မကပ်ဘဲ သာသနာရေး ရှုထောင့် တစ်ခုတည်းကပဲ ချဉ်းကပ်ပြီး ကုသိုလ်ယူကြစေချင်ပါတယ်” ဟု ရေးထား သည်ကို တွေ့ရပြီး နိဂုံးတွင် “သာသနာရေး သက်သက် ကိုသာ စူးစူး စိုက်စိုက် ဆောင်ရွက်တော် မူကြတဲ့ ဆရာတော် ဘုရားကြီးများ ကိုလည်း သာသနာရေး ရှုထောင့် အရ လေးစား ကြည်ညို ကြရမှာ ဖြစ်ကြောင်းပါ ခင်ဗျား” ဟု ဖတ်လိုက် ရသည်။ ဆောင်းပါရှင်၏ ဆရာတော်ကြီးများနှင့် စာဖတ် သူတို့ အပေါ် ထားသည့် ၄င်း၏ စေတနာ မေတ္တာတို့ကိုတော့ အသိအမှတ်ပြု တန်ဖိုး ထားရမည် ဖြစ်ပေသည်။ သို့သော် သူစကား ထဲတွင် အသုံးပြု ထားသော သာသနာဆိုသည့် စကား၏ အကျိုး ထိရောက်မှုကို လည်းသိစေချင်သည်။ သာသနာဆိုသည်မှာ အများ သိထားကြပြီး ဖြစ်သည့် အတိုင်း မြတ်စွာ ဘုရား၏ အဆုံးအမ စကားတော်များ ဖြစ်ပြီး သာသနာပြုခြင်း ဟူသည်မှာ ၎င်းအဆုံးအမ တရားတော် များကို ကိုယ်တိုင်လည်း ကျင့်သုံး လူအများကိုလည်း လိုက်နာ ကျင့်သုံးနိုင်အောင် ဆောင်ရွက် လုပ်ဆောင်ခြင်း ဖြစ်သည်။ ယင်း အစဉ်အလာကို ဘုရားရှင်မှ စ၍ ရှေးအစဉ် အဆက် ဆရာတော်ကြီး များလည်း လိုက်နာ ကျင့်သုံးခဲ့ကြသည်ကို တွေ့ရှိရပေသည်။

ဤနေရာတွင် မြတ်စွာ ဘုရားရှင်၏ နိုင်ငံရေး ကိစ္စများတွင် မည်မျှ အတိုင်းအတာ အထိ ပါဝင်ခဲ့သည် ဆိုသည်တို့ကို ဤဆောင်းပါး ရှည်လျားမည် စိုး၍ ဖော်မပြ လိုတော့ပေ။ ယင်းအစား မြန်မာနိုင်ငံတွင် ထင်ရှား ကျော်ကြားခဲ့ကြသည့် ဆရာတော်ကြီးများ အနက် အမရပူရမြို့ မဟာ ဂန္ဓာရုံ ဆရာတော် ဘုရားကြီး အရှင် ဇနကာ ဘိဝံသနှင့် ဝေဘူ ဆရာတော် ဘုရားကြီးတို့၏ နိုင်ငံနှင့် လူမျိုးအပေါ် ထားရှိသည့် ခံယူချက် အမြင် သဘောထား များစွာထဲမှ တစ်စိတ် တစ်ဒေသမျှကိုသာ တင်ပြလိုသည်။

မဟာဂန္ဓာရုံ ဆရာတော် ဘုရားကြီး အရှင် ဇနကာဘိဝံသ၏ သဘောထား ရပ်တည်ချက်ကို ဆရာတော်ကြီး ကိုယ်တော်တိုင် ရေးထား ခဲ့သည့် ထေရုပ္ပတ္တိ တစ်နေရာတွင် အောက်ပါ အတိုင်း တွေ့ရှိနိုင်သည်။ “တပည့်တော်က သာသနာရေး စိတ်နဲ့ချည်း ကြိုးစားတာ မဟုတ်ပါဘူး၊ နိုင်ငံရေး စိတ်နဲ့လည်း ကြိုးစားတာပါ။ ဗုဒ္ဓမြတ်စွာရဲ့ အမွေအနှစ်ဖြစ်တဲ့ သာသနာတော်ကြီးကို လည်းကောင်း၊ သာသနာတော်ကို ကြည်ညို ထောက်ပံ့ကြတဲ့ ဒကာ ဒကာမတို့ နေရာ နိုင်ငံတော်ကို လည်းကောင်း အင်မတန် သာယာ စေလိုတဲ့ ဆန္ဒ တပည့်တော်မှာ ပြင်းပြ ​နေပါတယ် ဘုရား၊ ပြီးတော့လည်း သာသနာတော်ကို အကြောင်း ပြပြီး နိုင်ငံပါ အေးချမ်း သာယာတယ် ဆိုတဲ့ ဂုဏ်ကို အလွန် လိုချင်ပါတယ်” ။ ယင်းစာပိုဒ် ကလေးကို ကြည့်ရုံမျှဖြင့် ဆရာတော် ဘုရားကြီး၏ နိုင်ငံနှင့် လူမျိုးချစ်စိတ် တာဝန် သိစိတ်တို့ကို သိရှိ နိုင်ပေသည်။


နောက်ထပ် မြန်မာနိုင်ငံတွင် ထင်ရှားကျော်ကြားခဲ့သည့် ကျောက်ဆည်မြို့ ဝေဘူ ဆရာတော်ကြီး ကတော့ တစ်ခုသော ညနေခင်းမှာ မိမိကျောင်းသို့ ရောက်ရှိနေကြသည့် ဒကာ ဒကာမပရိသတ်တို့အား ထုံးစံအတိုင်း တရားမဟောမှီ သီလပေးအပြီး စကား အဆက်စပ် မရှိပဲ
“ဒို့ကို ရှာပါ၊ ဖွေပါ၊ အကုန် ပြနိုင်တယ်၊ ဒို့များဟာ ဘုရား အဆုံးအမ အတိုင်းနေတဲ့ တောထဲက ရဟန်းတွေပါ” ဟု ပထမ ပြောပြီး ခဏ အကြာတွင် “ယခု မင်းလုပ်နေတဲ့ သူတွေဟာ တိုင်းသူ ပြည်သားတွေကို ဆင်းရဲအောင် လုပ်နေတယ်၊ ဒါကြောင့် ဘုရားရှင် သာသနာတော်လဲ ညှိုးနွမ်း ရတယ်၊ တိုင်းသူပြည်သားတွေ ချမ်းသာရင် သာသနာလဲ ထွန်းတောက်မှာ အမှန်ပဲ”
ဟု ရဲရဲတောက် မိန့်ခဲ့သည်ဟု သိရသည်။ ယင်းကဲ့သို့ ပြောလိုက်ခြင်းမှာ ဆရာတော်ကြီး အနေဖြင့် နာမည်ကြီး ခါစဖြစ်၍ ဆရာတော်၏ နောက်သို့ လိုက်ပြီး စုံစမ်း ထောက်လှမ်း သတင်း ယူနေကြသည့် အုပ်ချုပ်ရေး တာဝန်ရှိသူများ ပရိသတ် အတွင်း ရှိနေသည်ကို သိ၍ ယခုကဲ့သို့ ရဲရဲတောက် ပြောဆို လိုက်ခြင်း ဖြစ်နိုင်သည်ဟု ယူဆကြသည်။ မည်သို့ပင် ဆိုစေ ဆရာတော်ကြီးများ အစဉ်ဆက်သည် အမျိုးဘာသာ သာသနာ အတွက် ကြောင့်ကြမဲ့ မနေနိုင်ကြပဲ သတ္တ၀ါအများ ချမ်းသာရေး အတွက် စွမ်းအားရှိသမျှ ဆောင်ရွက်တော် မူကြရင်း မိမိတို့ နှလုံးသားဝယ် ကိန်းအောင်း နေသည့် မေတ္တာ ကရုဏာတို့ကို ၀စီကံမြောက် ထုတ်ဖော် မြွက်ဟလိုက်ကြခြင်းဖြစ်သည်။ သတ္တ၀ါများ အပေါ်ဝယ် ထားရှိသည့် ဆရာတော်ကြီးများ၏ (၀ါ) ကိုယ်တော်တို့၏ ကရုဏာကား စံပြုထိုက်လှပါပေစွ ။ ။

အရှင်ဥက္ကဋ္ဌ

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form