မလေးရှားမှ လီဂယ်လိုက်ဇေးရှင်း၊ အမ်နက်စတီ နှင့် မြန်မာသံရုံး

မလေးရှားအစိုးရက မလေးရှားနိုင်ငံမှာရှိတဲ့ တရားမ၀င်နိုင်ငံခြားသားအလုပ်သမားတွေကို အလုပ်လုပ်ခွင့်ပါမစ် ပြန်ထုတ်ပေးမယ် (Legalization) ဆိုတဲ့သတင်းနဲ့ တရားမ၀င်နေထိုင်နေကြတဲ့ သူတွေအကုန်လုံး အမိနိုင်ငံကို ပြန်လိုပါက တရားဝင်ပြန်ခွင့်ပေးမယ် (Amnesty) ဆိုတဲ့သတင်း ထွက်နေတာတော်တော်လေးကြာပါပြီ။ ပထမဆုံးအနေနဲ့ Legalization ကို ဇူလိုင်လ ၁၁-နေ့မှာ အစပြုပြီး နှစ်ပတ်အတွင်း ပြီးအောင်လုပ်ပေးမယ်လို့ ကြေငြာထားပေမယ့် အခုနောက်ပိုင်း ဇူလိုင်လ ၁၈-ရက်နေ့ကို ရွေ့ဆိုင်းလိုက်ပါတယ်။

မလေးရှားနိုင်ငံမှာရှိတဲ့ နိုင်ငံခြားသားအလုပ်သမားတွေဟာ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ ဗီယက်နမ်၊ ပါကစ္စတန်၊ ထိုင်း၊ အင်ဒိုနီးရှား နဲ့ ဖိလစ်ပိုင်နိုင်ငံကနေ လာရောက်အလုပ်လုပ်ကြတာများပါတယ်။ အခု Legalization နဲ့ပတ်သတ်ပြီးတော့လည်း မြန်မာသံရုံးမှအပ ဒီပြင်နိုင်ငံသံရုံးတွေအကုန်လုံးမှာ သက်ဆိုင်ရာ နိုင်ငံသားတွေကို Passport စာအုပ်ထုတ်ပေးနေပါပြီ။ မြန်မာသံရုံးကတော့ ခုချိန်ထိ မလေးအစိုးရရဲ့ Legalization နဲ့ပတ်သတ်ပြီး တစုံတရာ ကြေငြာခြင်းမရှိသေးပါဘူး။ မြန်မာပွဲစားတွေရဲ့ ပါစပ်ကသာ ဟိုနေ့နောက်ဆုံး၊ ဒီနေ့နောက်ဆုံးလျှောက်ရမယ်။ လူဦးရေကန့်သတ်ထားတယ် ဆိုပြီး အော်နေကြတာပါ။ တချို့ပွဲစားတွေဆို ပိုက်ဆံတောင်းနေကြပါပြီ။ မလေးရှားမှာရှိတဲ့ မြန်မာနိုင်ငံသားတွေကို သတိထားကြပါလို့ ပထမဆုံး အကြံပေးချင်ပါတယ်။
မြန်မာသံရုံးနဲ့နီးစပ်သူတချို့ ပြောပြတာကတော့ သံရုံးဟာ နိုင်ငံခြားရေးဝန်ကြီးအောက်မှာရှိပါတယ်တဲ့။ ဒါကြောင့် သံရုံးကနေတဆင့် နိုင်ငံခြားရေးဝန်ကြီးကိုတင်ရတယ်။ Passport ကိစ္စဟာ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ဆိုင်တဲ့အတွက် နိုင်ငံခြားရေးဝန်ကြီးကနေ ပြည်ထဲရေးကိုပြန်လွှဲရတယ်။ ပြည်ထဲရေးကနေတဆင့် လွှတ်တော်၊ လွှတ်တော်ကနေတဆင့် နိုင်ငံတော်သမ္မတ၊ သမ္မတကနေတဆင့် ဥသျှောင် အဆင့်ဆင့်တင်ပြနေရတဲ့အတွက် ခုချိန်ထိ အကြောင်းမပြန်နိုင်သေးပါတဲ့။

ဒီမိုကရေစီနိုင်ငံတော်ဆီကို ချီတက်နေပါတယ်ဆိုတဲ့ လက်ရှိကြံ့ဖွတ်အစိုးရသစ်ဟာ မြန်မာလူမျိုးတွေ တိုင်းတပါးမှာ ခိုးကြောင်ခိုးဝှက် အလုပ်လုပ်နေရတဲ့ဘ၀ကနေ တရားဝင် ပူပင်ကြောင့်ကြကင်းစွာနဲ့ အလုပ်လုပ်နိုင်ကြမယ့် ကိစ္စအပေါ်မှာ နှောင့်နှေးကြန့်ကြာနေရတာဟာ အပြောနဲ့အလုပ် မညီဘူးဖြစ်နေပါတယ်။ ယခုလိုပုံစံအတိုင်းဆိုရင် မြန်မာသံရုံးက ထွက်လာနိုင်မယ့်ကြေငြာချက်ဟာ မလေးရှားမှာ စာအုပ်လုပ်လို့ မရပါဘူး။ လွတ်ငြိမ်းချမ်းသာခွင့်ပေးထားတဲ့အတွက် တရားဝင်ပြန်လို့ရပါတယ်။ စာအုပ်လုပ်ချင်ရင် မြန်မာပြည်ကိုပြန်ပြီး လုပ်ကြပါ ဆိုတဲ့ ကြေငြာချက်မျိုး ထွက်လာနိုင်စရာရှိပါတယ်။ ဘယ်လိုကြေငြာချက်မျိုးပဲ ထွက်လာထွက်လာ စာအုပ်လုပ်ချင်ကြတဲ့ မြန်မာလူမျိုးများ စဉ်းစားနိုင်အောင်၊ ပွဲစားတွေကို ပိုက်ဆံလက်မလွန်မိကြစေအောင် ထောက်ပြထားခြင်းသာ ဖြစ်ပါတယ်။

နိုင်ငံခြားသားအလုပ်သမားတွေ သက်ဆိုင်ရာသံရုံးမှာ ပတ်စပို့စာအုပ်လုပ်ကြတဲ့ ကုန်ကြငွေကိုလည်း ယှဉ်ပြချင်ပါတယ်။ ကျနော်နီးစပ်ရာစုံစမ်းလို့ရတာက ဘင်္ဂလားဒေ့ရှ်လူမျိုး ပတ်စပို့စာအုပ်လုပ်ရင် ၁၁၆-ရင်းဂစ်ကုန်ပါတယ်။ သက်တမ်း ၃-နှစ်ရပါတယ်။ ပါကစ္စတန်လူမျိုးက ရင်းဂစ် ၃၀၀၊ ၅-နှစ်သက်တမ်း၊ အင်ဒိုနီးရှားလူမျိုးက ၃-နှစ်သက်တမ်းစာအုပ်ဆိုရင် ၁၈-ရင်းဂစ်၊ ၅-နှစ်သက်တမ်းဆိုရင် ၄၅-ရင်းဂစ်၊ ၁၀-နှစ်သက်တမ်းဆိုရင် ၂၂၀-ရင်းဂစ်ဆိုပြီး သုံးမျိုးလုပ်လို့ရပါတယ်။ ဟုတ်ကဲ့…. ကျနော်တို့ မြန်မာတွေက တရားဝင်ထုတ်ပြန်ချက်မဟုတ်ဘဲ ပွဲစားတွေရဲ့ပါးစပ်ပြောနဲ့တင် စာအုပ်လုပ်ဖို့ကုန်ကျငွေ ၈၀၀ နဲ့ ၈၅၀-ရင်းဂစ် ရှိနိုင်ပါတယ်တဲ့။ (အခုကုန်ကျငွေဟာ Passport စာအုပ်အတွက်ပဲ ဖြစ်ပါတယ်။ မလေးရှားမှာ တရာဝင်အလုပ်လုပ်ခွင့်ပါမစ်အတွက် ဆိုင်ရာ အလုပ်အလိုက် ထပ်ပြီးပေးရအုံးမှာပါ။)

ကျန်ပါသေးတယ်။ ၀င်ငွေခွန်ကိစ္စ။ အင်ဒို၊ ဘင်္ဂလား၊ အိန္ဒိယ သူတို့တွေကို မေးကြည့်ပါတယ်။ စာအုပ်သက်တမ်းတိုးရင် အခွန်ဆောင်ရလားလို့။ စာအုပ်တိုးတဲ့အချိန်လည်း ပေးစရာမလိုပါဘူး။ ပြန်သွားတဲ့အချိန်လည်း ပေးစရာမလိုဘူးတဲ့။ ဘယ်အချိန်မှာမှ အခွန်ပေးရလဲဆိုတော့ နိုင်ငံခြားမှာ ရှာထားတဲ့ပိုက်ဆံနဲ့ ကိုယ့်နိုင်ငံမှာ စီးပွားရေးလုပ်မယ်၊ မြေ၀ယ်မယ်။ အဲလိုအချိန်ကျမှသာ ဆိုင်ရာအခွန်ပေးရတာပါတဲ့။ ကဲ…….ကြည့်စမ်းဗျာ၊ ကောင်းလိုက်တဲ့အစိုးရတွေ။

သိန်းစိန်အစိုးရသစ်နဲ့တော့ နင်လားငါလားပဲ။ ပြီးခဲ့တဲ့ရက်ပိုင်းကတောင် နိုင်ငံခြားမှာအလုပ်လုပ်နေတဲ့လူတွေ ၁၀% ၀င်ငွေခွန်ပေးရမယ်ဆိုပြီး သတင်းမှာတွေ့လိုက်သေးတယ်။ ဟိုးအရင်ကတည်းကထဲကလည်း ပေးနေရတာကို ထပ်ပြီးကြေငြာချက်က ထုတ်ရသေးတယ်။ မိမိလူမျိုးတွေရဲ့ သက်သာချောင်ချိရေး၊ လူတန်းစေ့နေနိုင်ရေးကို ပြောင်းပြန်လုပ်နေတဲ့ ဒီလိုအစိုးရလက်ထက်မှာ ဒီမိုကရေစီရနိုင်ပါတယ်လို့ သိကြားမင်းက ဂျွမ်းနှစ်ပတ်လောက်ထိုးပြပြီး ယုံပါကွာလို့ ပြောလာရင်တောင် ယုံနိုင်စရာအကြောင်း မရှိပါဘူး။

နောက်ဆုံးပြောချင်တာကတော့- မလေးရှားမှာ တရားမ၀င်နိုင်ငံခြားသား အလုပ်သမားဦးရေဟာ နှစ်စဉ်နှင့်အမျှ တိုးလာနေပါတယ်။ ဘာကြောင့်ဒီလို ဖြစ်နေရတာပါလဲ။ ကျနော်တို့ မြန်မာနိုင်ငံကနေလာပြီး အလုပ်လုပ်တဲ့ မြန်မာလူမျိုးတွေကိုပဲ ကြည့်ရအောင်။ မြန်မာနိုင်ငံသားတွေ မလေးရှားနိုင်ငံကိုလာပြီး အလုပ်လုပ်ကြရာမှာ အများစုဟာ အလုပ်လုပ်ခွင့်ပါမစ်နဲ့ တရားဝင်လာကြတာများပါတယ်။ မလေးရှားရောက်တော့ အလုပ်ရှင်ရဲ့မတရားခိုင်းစေမှု၊ ခေါင်းပုံဖြတ်မှု၊ လုပ်အားနဲ့တန်တဲ့ အခကြေးငွေမရရှိမှု၊ ပွဲစားများရဲ့ လိမ်လည်မှု၊ မြန်မာအစိုးရရဲ့ ၀င်ငွေအခွန်ကောက်နှုန်းကြီးမြင့်မှု၊ နှစ်စဉ် ၀င်ငွေခွန်ပေးဆောင်ရသော်လည်း အလုပ်ခွင်ပြဿနာဖြစ်ပါက သံရုံးမှ တစုံတရာ ကူညီဖြေရှင်းပေးခြင်းမရှိမှု၊ မလေးရှားအစိုးရအား အလုပ်လုပ်ခွင့်ပါမစ်ကြေး ပေးဆောင်ရသော်လည်း အလုပ်ရှင်၏ မတရားမှုများအပေါ် မလေးရှားအစိုးရ၏ လျစ်လျူရှုမှု၊ စတဲ့အကြောင်းတွေကြောင့် တချို့တ၀က်ဟာ တရားမ၀င်အလုပ်သမားတွေ ဖြစ်ကုန်ကြတယ်။

ဒါတွေဟာ မလေးရှားနိုင်ငံမှာ မြန်မာလူမျိုး တရားမ၀င်အလုပ်သမားတွေ ဖြစ်နေရခြင်းရဲ့ အဓိကအကြောင်းရင်းတွေပါ။ ဘယ်သူမှ ကျီးလန့်စာစား ဘ၀မျိုးနဲ့ ဘယ်အချိန်မှာ အဖမ်းခံရမလဲဆိုတဲ့စိုးရွံ့စိတ်နဲ့ နိုင်ငံခြားမှာအလုပ်လုပ်ချင်စိတ် ရှိကြမှာမဟုတ်ပါဘူး။ နှစ်ဖက်အစိုးရကို ချွေးနည်းစာထဲကဖဲ့ပြီး အခွန်ပေးနေရပေမယ့် တကယ့်တကယ် ပြဿနာဖြစ်လာလို့ရှိရင် နှစ်ဖက်အစိုးရလုံးက မြန်မာရွေ့ပြောင်းအလုပ်သမားတွေကို ကူညီပေးခြင်းလုံးဝမရှိတော့ အခွန်ကြေး၊ ပါမစ်ကြေးပေးနေရပေမယ့် အလုပ်သမားအခွင့်အရေး ဘာတခုမှမရရှိဘဲ အိုဗာစတေးနဲ့နေသူတွေနဲ့ ဘာမှမခြားပါဘူး။

ဆိုခဲ့ပါအဓိကအကြောင်းအရာတွေကို နှစ်ဖက်အစိုးရက ဖြေရှင်းပေးခြင်းမပြုဘဲ Legalization ဆိုတာကို လိပ်ခေါင်းထွက်အောင်အော်နေလည်း တရားမ၀င်နိုင်ငံခြားသားဦးရေ လျှော့နည်းသွားစရာအကြောင်း မရှိပါဘူးလို့ ထင်မြင်မိကြောင်းပါ။

မောင်ပါလ
၉.၇.၂၀၁၁

မောင်ပါလ

ကျနော်ရေလိုစီးဆင်းခဲ့ပါသည်။ အကွေ့အကောက်များစွာကို ဖြတ်သန်းခဲ့ပါသည်။ ကျနော်ကြည်လင်စွာ စီးဆင်းခဲ့ပါသည်။ သိုသော်..........ကျနော့်ကျောပေါ်တွင် အမှိုက်သရိုက်များလည်း ပါလာနိုင်ပါသည်။

1 Comments

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form