လူကြီးမင်းများ ကျေးဇူးပြု၍


ပေးပို့သူ- ညီမင်းသစ်

အခုတလော မြန်မာပြည်ရဲ့ နိုင်ငံရေးအခြေအနေဟာ အတော်လေးကို ရှုပ်ထွေးနေပါတယ်။ စစ်အာဏာရှင်ရဲ့စရိုက်အတိုင်း ပြည်သူလူထုတရပ်လုံးကို လှည့်ဖျားနှိပ်စက်ဖို့ နောက်တလှမ်းဆုတ် အချိန်ယူနေတဲ့ ဒီမိုကရေစီအတု အစိုးရသစ်ဟာ အရှိန်လေးနည်းနည်း ရပြီဆိုတာနဲ့ ခြင်္သေ့အရေခွံခြုံထားတဲ့ မြေခွေးစရိုက်ကို စတင်ဖော်ဆောင်နေပါပြီ။ တိုင်းရင်းသားတွေနေထိုင်တဲ့ ပြည်နယ်တွေမှာ လက်နက်နဲ့အနိုင်ယူဖို့ ကြိုးစားနေသလို ပြည်မမှာနေထိုင်ကြတဲ့ (နိစ္စဓူဝ) ပြည်သူလူထုကို ဖိနှိပ်မှုမျိုးစုံနဲ့ ပြောရရင်တော့ အရင်အတိုင်းပါပဲ။ ဘာဆိုဘာမှ ပြည်သူလူထုအတွက် မပြောင်းလဲသေးပါဘူး။

လက်ရှိ အာဏာရှင်တွေဟာ တိုင်းပြည်ရဲ့ ပြဿနာအရပ်ရပ်ကို ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိသလို ဖြေရှင်းချင်တဲ့စိတ်လည်း မရှိပါဘူး။ လက်တဆုပ်စာသာသာရှိတဲ့ သူတို့အသိုင်းအ၀ိုင်းလေး အတွင်းမှာပဲ အာဏာကိုဆုတ်ကိုင်ထားနိုင်ဖို့ တခုတည်းသာ သူတို့ရဲ့ မဟာဗျူဟာ စီမံကိန်းဖြစ်ပါတယ်။

ဒါကတော့ လူတိုင်းသိတယ်။ မင်းပြောစရာ မလိုပါဘူးလို့ အပြစ်တင်မစောပါနဲ့အုံး။ “လူကြီးမင်းများ ကျေးဇူးပြု၍” စိတ်ရှည်ပေးပါ။
ကျနော်တို့အားလုံး ဒါကိုသိထားတယ်။ ဒါကြောင့် ဆန့်ကျင်နေကြတယ်။ ဒါကြောင့် နိုင်တဲ့ဝန်ထမ်းကြတယ်။ စစ်အစိုးရကို ဆန့်ကျင်နေကြသူများအားလုံးကို လုံးဝလေးစားပါတယ်။ ဒါပေမယ့် ညီညွတ်ခြင်းလုံးဝ မရှိသေးပါဘူး။ (ပြည်ပ နိုင်ငံရေးကို ဆိုလိုတာပါ။)

ဘာကြောင့် ဒီလိုဖြစ်နေတာလဲ။ ပြည်ပနိုင်ငံရေး အသင်းအဖွဲ့များနဲ့ လူမျိုးစုအသင်းအဖွဲ့များရဲ့ ဦးဆောင်မှုအပိုင်း ညံ့ဖျင်းမှုလို့ ကျနော်မြင်တယ်။ နောက်တခုက တတ်ယောင်ကား ထင်ရာမြင်ရာ ရေးချင်တိုင်းရေး၊ ပြောချင်တိုင်းပြော မစဉ်းစား မဆင်ခြင်ဘဲ ပြည်တွင်းရေးအတွက် ဘာတခုမှ ထိထိရောက်ရောက် မလုပ်နိုင်ဘဲ အွန်လိုင်းပေါ်ကဝေဖန်နေကြတာတွေ၊ တယောက်နဲ့တယောက် တိုက်ခိုက်နေကြတဲ့ အပြုအမူတွေ၊ လူမျိုးစွဲ ပါတီစွဲ အသင်းအဖွဲ့စွဲတွေနဲ့ စည်းရုံးလှုပ်ရှားမှုတွေ အားလုံးပူးပေါင်းပြီး မလုပ်ချင်ကြတာတွေ၊ ဒါတွေအပြင် နိုင်ငံရေးကို ရိုးရိုးသားသား မလုပ်ချင်တာတွေဟာ မညီညွတ်ခြင်း အကြောင်းတရားတွေလို့ ကျနော်မြင်ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က မလေးရှားမှာ “ကချင်”တိုင်းရင်းသားတွေ ဆန္ဒပြကြတယ်လို့ သတင်းမှာတွေ့လိုက်တော့ ဒါလုပ်ရမယ့်အလုပ်ဆိုပြီး သေသေချာချာ ဖတ်ကြည့်မိတယ်။ အခြားလူမျိုးစုအဖွဲ့တွေ၊ နိုင်ငံရေးအဖွဲ့တွေ တဖွဲ့မှ မပါတာကိုတွေ့ရတယ်။ ဘာကြောင့် အခြားအဖွဲ့တွေ မပါတာလဲ။ ဘာကြောင့် ဒီလိုဖြစ်တာလဲ။ တခြားအဖွဲ့တွေအားလုံး (စုစည်းနိုင်သမျှ) နဲ့ပေါင်းပြီး လုပ်ကြရင် ပိုမကောင်းနိုင်ဘူးလား။ ဒါဟာ မြန်မာနိုင်ငံသားအားလုံးနဲ့ သက်ဆိုင်ပါတယ်။ ဒီအစီအစဉ်ကို ဦးဆောင်သူတွေကရော ဘာကြောင့် အားလုံးပါဝင်လာအောင် မလုပ်တာလဲ။ (ကျနော့်အတွေးထဲ မေးခွန်းပေါင်းများစွာတန်းစီပြီး ၀င်ရောက်လာပါတော့တယ်။)

နောက်တချက်က ဓာတ်ပုံတွေကြည့်လိုက်တော့ Kachin Land ဆိုတဲ့ စာတန်းကထင်းလို့။ ဒါဟာ ကျဉ်းမြောင်းတဲ့ လူမျိုးရေးစိတ်ဓာတ်လား။ ဒီရဲ့နောက်ကွယ်မှာ ဗမာမုန်းတီးရေးတရားတွေ ဘယ်လောက်များနေပြီလဲ။ စိတ်ထဲမှာလည်း တော်တော်လေး စိတ်မကောင်းဖြစ်မိပါတယ်။

စစ်အစိုးရရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေဟာ ပြည်ပရောက်ဗမာနဲ့ တိုင်းရင်းသားတွေကြားမှာ တော်တော်ထိခိုက်စေပါတယ်။ တကယ်တော့ မြန်မာနိုင်ငံတွင်းမှာ နေထိုင်ကြတဲ့ မြန်မာနိုင်ငံသားအားလုံးဟာ စစ်အစိုးရရဲ့ မတရားဖိနှိပ်ချုပ်ချယ်မှုတွေအောက်မှာ အားလုံးဒုက္ခကိုယ်စီနဲ့ပါ။ တနိုင်ငံလုံး ခါးစည်းခံနေရတာပါ။ ဒီလို လက်နက်နဲ့အာဏာကို သုံးချင်တိုင်းသုံးနေတဲ့ စစ်အစိုးရကို တော်လှန်တဲ့နေရာမှာ ကချင်တမျိုးတည်း၊ မွန်တမျိုးတည်း၊ ကရင်တမျိုးတည်း တော်လှန်နေကြလို့ မရနိုင်ပါဘူး။ ကျနော်တို့ မြန်မာနိုင်ငံတွင်း/နိုင်ငံပမှာ နေထိုင်ကြတဲ့ ပြည်သူလူထုတရပ်လုံး တောင်တန်းမြေပြန့် မခွဲခြားဘဲ စုစည်းညီညွတ်မှာ အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။

ပြည်သူတရပ်လုံးရဲ့ ဘုံရန်သူကို ကျနော်တို့မြေပေါ်က မောင်းထုတ်နိုင်ဖို့အတွက် ပြည်တွင်း ပြည်ပက မြန်မာနိုင်ငံသားအားလုံး တိုင်းရင်းသားအားလုံး ညီညွတ်ဖို့လိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ကြိုးပမ်းဖော်ဆောင်နေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဒုတိယပင်လုံညီလာခံကျင်းပနိုင်ရေးဟာ တိုင်းရင်းသားပြည်သူလူထုတရပ်လုံး မပါဝင်ဘဲ ခေါင်းဆောင်တွေချည်းပဲ လုပ်လို့မရပါဘူး။ တိုင်းပြည်အပြောင်းအလဲအတွက် ပြည်သူရဲ့အခန်းကဏ္ဍဟာ အဲဒီလောက်ထိ အရေးကြီးပါတယ်။ ကျနော်တို့အားလုံး ညီညီညွတ်ညွတ်နဲ့ ၀ိုင်းဝန်းဖို့လိုပါတယ်။

မတရားအကျဉ်းကျခံနေရတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေအားလုံးနဲ့ နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ဖို့၊ တိုင်းရင်းသားဒေသတွေမှာ မတရားထိုးစစ်ဆင်နေတဲ့ လုပ်ရပ်တွေရပ်တန့်ပေးဖို့၊ စစ်မှန်တဲ့ ဒီမိုကရေစီရရှိပြီး ဖယ်ဒရယ်ပြည်ထောင်စုတရပ် ပေါ်ပေါက်လာရေးအတွက် ကြိုးပမ်းဆောင်ရွက်ဖို့ ကျနော်တို့အားလုံးမှာ တာဝန်ရှိပါတယ်။ ဒါဟာ သမိုင်းပေးတာဝန်ပါ။ ဒီတာဝန်တွေ ကျေပွန်စွာထမ်းဆောင်နိုင်မှသာ ကျနော်တို့အားလုံး လွတ်လပ်ရေးအစစ်အမှန်ကို ရရှိမှာဖြစ်ပါတယ်။

ပြည်ပရောက် အဖွဲ့အစည်းများကို ဦးဆောင်နေကြသော လူကြီးမင်းများခင်ဗျား.......
ကျေးဇူးပြု၍ ကျဉ်းမြောင်းတဲ့ အတွေးအခေါ်များ၊ အာဃာတတရားများ၊ ခွဲခြားဆက်ဆံမှုများ၊ ပုဂ္ဂိုလ်စွဲများ၊ လူမျိုးစွဲများအားလုံး ကင်းရှင်းစွာနဲ့ မှန်မှန်ကန်ကန် ဦးဆောင်ပေးကြပါ။ ပူးပေါင်းလုပ်ဆောင်နိုင်အောင် ကြိုးစားပေးကြပါ။ ကျနော်တို့ မြန်မာတနိုင်ငံလုံး၊ တမျိုးသားလုံး လူ့အခွင့်အရေး အပြည့်အ၀ရရှိရေးနှင့် စစ်ကျွန်ဘ၀မှ အမြန်ဆုံးလွတ်မြောက်နိုင်ရေးအတွက် တခုတည်းသော ကိုင်စွဲစရာလက်နက်မှာ တိုင်းရင်းသားညီအကို မောင်နှမများအားလုံး သွေးစည်းညီညွတ်ရေးသာလျှင် ဖြစ်ပါတယ်။

ပြည်ပမှ အားလုံးပူးပေါင်းလုပ်ဆောင်ခြင်းဟာ ပြည်တွင်းမှာ စစ်အာဏာရှင်ကို ရင်ဆိုင်တိုက်ပွဲဝင်နေကြသော တော်လှန်ရေးရဲဘော်များအတွက် အလွန်တရာ ၀မ်းမြောက်ဝမ်းသာနှင့် အင်အားတရပ်ဖြစ်စေခြင်းကြောင့် ပြည်ပရောက်များအနေဖြင့် အားလုံးပူးပေါင်းလုပ်ဆောင်နိုင်ရန် ၀ိုင်းဝန်းကြိုပမ်းပေးကြပါလို့ လူကြီးမင်းများအားလုံးအား လေးစားစွာ မေတ္တာရပ်ခံတောင်းဆိုလိုက်ရပါတယ်။

ညီမင်းသစ်
၂၆.၆.၂၀၁၁

မောင်ပါလ

ကျနော်ရေလိုစီးဆင်းခဲ့ပါသည်။ အကွေ့အကောက်များစွာကို ဖြတ်သန်းခဲ့ပါသည်။ ကျနော်ကြည်လင်စွာ စီးဆင်းခဲ့ပါသည်။ သိုသော်..........ကျနော့်ကျောပေါ်တွင် အမှိုက်သရိုက်များလည်း ပါလာနိုင်ပါသည်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form