ရုရှပြန် စစ်ဗိုလ်အုပ်စု လုပ်ရပ်အား အရေးယူရန် ပုဂ္ဂိုလ်ရေး အရ တောင်းဆိုခြင်း

ရုရှပြန် စစ်ဗိုလ် အုပ်စုတွေရဲ့ အင်တာနက် ဘလော့များတွင် ပုဂ္ဂိုလ်ရေးအရမကပဲ အမျိုးသမီး တဦးရဲ့ ဂုဏ်သိက္ခာနဲ့ ကျမရဲ့မိသားစုကိုပါ ထိခိုက်အောင် ရေးသား ဖေါ်ပြ လာတာ တွေ့ရပါတယ်။ ဒီဘလော့တွေဟာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ပ အတိုက်အခံ အဖွဲ့အစည်း တွေကို နည်းမျိုးစုံနဲ့ တိုက်ခိုက် ရေးသားနေတဲ့ ဘလောဂ်တွေလည်း ဖြစ်ပါတယ်။

၂၀၁၁ ဧပြီလ အတွင်းမှာ ကျမရဲ့ ဂျီမေလ်း အကောင့်နဲ့ ညီမ ဖြစ်သူ အကောင့် နှစ်ခုစလုံး ခိုးယူ ခံရပါတယ်။ ခိုးယူသွားတဲ့ အကောင့်ကို ပြန်ယူပြီး နောက် ၀င်ရောက် ထားတဲ့ IP တွေကို စစ်ကြည့်တဲ့ အခါ မြန်မာပြည်က ဆိုတာတွေ့ရပါတယ်။ အင်တာနက် ရာဇ၀တ်မှု (cyber crime )ကို ကျူးလွန်ပြီး၊ ကျမဆီကို ခြိမ်းခြောက် အကြပ်ကိုင်ကာ အပေးအယူ လုပ်ဖို့ ရုရှားပြန် စစ်ဗိုလ် အုပ်စုတွေက ကမ်းလှမ်း ရေးသား ခဲ့ပါတယ်။ ဒါနဲ့ ပတ်သက်လို့ ကျမရဲ့ ယုံကြည် ရပ်တည်ချက် အရ လက်ခံ စဉ်းစားမှာ မဟုတ်ဘူး ဆိုတာ အဲဒီ အချိန် ကတည်းက ဒီစစ်ဗိုလ် တွေကို ပြတ်ပြတ် သားသား တုန့်ပြန် ခဲ့ပါတယ်။ နောက်ပိုင်းမှာ ကျမ အပေါ် တိုက်ခိုက် ရေးသားချက် တွေကို ရုရှပြန် စစ်ဗိုလ် တွေရဲ့ face book တွေမှာ အချင်းချင်း ဖြန့်ဝေ ရေးသားတာ တွေ့မြင် ရပါတယ်။

ကျမနဲ့ ခင်ပွန်း ဖြစ်သူ နှစ်ယောက် စလုံးဟာ မြန်မာ နိုင်ငံတွင်း ကျောင်းသား နိုင်ငံရေး လှုပ်ရှားထဲ ဖြတ်သန်းခဲ့ ကတည်းက မမှန်မကန် စွပ်စွဲ ပုတ်ခတ်မှုတွေ ခြိမ်းခြောက် အကြပ်ကိုင်မှု တွေကို ရင်ဆိုင် ခဲ့ရလို့ ဒီကိစ္စမှာ ရင့်ကျက်ပြီးသား ဖြစ်နေပါပြီ။ အိမ်ထောင်ရေး ဘ၀မှာ လုံးဝ ထိခိုက်မှု မရှိပါဘူး။ ဒါပေမယ့် ခြောက်နှစ် အရွယ် ရင်သွေး သမီးငယ်ကိုပါ ထိခိုက်လာတဲ့ အတွက် မိခင် တဦး အနေနဲ့ ရုရုပြန် စစ်ဗိုလ်တွေရဲ့ လုပ်ရပ် အပေါ်တုန့် ပြန် ပြောဆိုဖို့ လိုအပ် လာပါတယ်။

အခုလို ပုဂ္ဂိုလ်ရေး အရ ထိခိုက် နစ်နာအောင် ရည်ရွယ်ချက် သက်သက်နဲ့ နိုင်ငံတော် ငွေတွေ သုံးပြီး ပညာ သင်ခဲ့တဲ့ ရုရှပြန် စစ်ဗိုလ် အုပ်စု လုပ်ဆောင် နေတာဟာ မြန်မာ စစ်တပ်ရဲ့ မူဝါဒလား ၊ အစိုးရသစ်ရဲ့ မူဝါဒလား ဆိုတာ မေးခွန်း ထုတ်ရပါ လိမ့်မယ်။

နိုင်ငံပိုင်ငွေနဲ့ ပညာသင်ပြီး၊ တတ်မြောက်လာတဲ့ နည်းပညာကို အလွဲသုံးစား လုပ်ကာ အရပ်သား လူပုဂ္ဂိုလ်တွေကို ခြိမ်းခြောက် အကြပ်ကိုင် ပုဂ္ဂိုလ်ရေးတိုက်ခိုက်တဲ့

ရုရှပြန် စစ်ဗိုလ်တွေ လုပ်ရပ်တွေဟာ အနာဂတ် တိုင်းပြည် အတွက်ရော မြန်မာ နိုင်ငံသားတွေ အတွက်ပါ ရင်လေး စရာပါ။

နောက်ပြီး ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းမှာ လက်ခံလို့ မရတဲ့ Cyber Crimes၊ အမျိုးသမီးနဲ့ ကလေးငယ်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စော်ကားမှု၊ လူလူချင်း ထိခိုက် နစ်နေစေတဲ့ လုပ်ရပ်တွေ ရုရှပြန် စစ်ဗိုလ်တွေ ကျူးလွန် နေတဲ့ အပေါ်မှာ သက်ဆိုင်ရာ တာဝန်ရှိ အာဏာပိုင်တွေက အရေးယူဖို့လိုအပ်ပါတယ်။

အခုကိစ္စနဲ့ ပတ်သက်လို့ တာဝန်ရှိသူတွေ အနေနဲ့ တရားခံ ရုရှားပြန် စစ်ဗိုလ်တွေကို ဖော်ထုတ် အရေးယူမယ် ဆိုရင် ဒီလူတွေနဲ့ ပတ်သက်လို့ ကျမမှာ ရရှိထားတဲ့ အချက်အလက်တွေ မျှဝေပါ့မယ်။ လျှို့ဝှက် လုပ်တဲ့ အပေးအယူ မဟုတ်ပါဘူး။ အများသိအောင် ဗြောင် အပေးအယူ လုပ်မှာပါ။ တကယ်လို့ သက်ဆိုင်ရာ မြန်မာ အာဏာပိုင်တွေက မဖြေရှင်းနိုင်ရင်၊ ကိုင်တွယ် နိုင်မယ့် နိုင်ငံတကာ အဖွဲ့အစည်း အဆင့်ဆင့်ကို အရေးယူ ပေးဖို့ တိုင်ကြား ပါ့မယ်။

ကိုယ်ပိုင် အီးမေလ်း အကောင့်တွေကို ဖောက်ခံရပြီး၊ အကြပ်ကိုင် ခြိမ်းခြောက် ခံရသူ အားလုံးလဲ ဒီကိစ္စမှာ ပါဝင်ကြမှာလို့ မေတ္တာ ရပ်ခံပါတယ်။

ယခုစာကို အောက်ပါ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များထံ ပေးပို့ပါတယ်။

  • ၁. ဦးသိန်းစိန်၊ နိုင်ငံတော် သမ္မတရုံး၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ
  • ၂. ဦးဝဏ္ဏမောင်လွင်၊ နိုင်ငံခြားရေး ၀န်ကြီး၊ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရအဖွဲ့
  • ၃. ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၊ ကာကွယ်ရေး ဦးစီးချုပ်
  • ၄. မြန်မာနိုင်ငံ အမျိုးသမီး ရေးရာ အဖွဲ့ချုပ်
  • ၅. မြန်မာသံရုံး၊ ၀ါရှင်တန်ဒီစီ
  • ၆. ပြည်တွင်း ပြည်ပ သတင်းဌာနများ
အင်ကြင်းနိုင်
ဝါရှင်တန်ဒီစီ
အမေရိကန် ပြည်ထောင်စု
+1 202 731 1791
ingjinnaing@gmail.com

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form