ကြမ်းခင်းဈေး

၁၉၉၀ ခု၊ ဧပြီလထဲမှာ ရန်ကုန်တိုင်း စစ်ခုံရုံး အမှတ် (၄) က ငြိမ်းချမ်းပါ၊ ၉ ဦးကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်ချခဲ့ပါတယ်။ ထောင်ဒဏ် ၁၀နှစ်ဆိုတာ အဲဒီအချိန်က ကြမ်းခင်းဈေး ၇ နှစ် ရှိတာကြောင့် ကြမ်းခင်းဈေး ထက်တော့ ပိုမြင့်တယ်။ ဒါကြောင့် ထောင်ထဲမှာ နှစ်အတော်ကြာ နေခဲ့ဖူးတယ်။ နှစ်အတော်ကြာ ဆိုတာကိုတော့ လိပ်ပြာ မလုံမလဲ ဖြစ်မိပါရဲ့။

နိုင်ငံရေးပြစ်မှုနဲ့ ကျခံရတဲ့ အကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက အလွန်ဆိုးဝါးတဲ့ ကန့်သတ်ချက် တခု ချမှတ်ထားတာ ရှိတယ်။ အဲဒါကတော့ ထောင်ဝင်စာ လာတွေ့ရင် မိတ်ဆွေ သူငယ်ချင်း ရဲဘော်တွေ တွေ့ခွင့် မရှိဘူး။ အိမ်ထောင်စု ဇယား ပုံစံ ၁၀ ထဲမှာ ပါတဲ့ မိသားစုဝင် မှသာ တွေ့ခွင့် ရမတဲ့။ နိုင်ငံရေး ပြစ်ဒဏ်ခံ ရသူတွေကို နိုင်ငံရေး သတင်း မကြားရအောင်၊ စားရေး သောက်ရေး ခက်ခဲပြီး စိတ်ဓါတ် ကျဆင်း အောင်၊ နိုင်ငံရေး အကြောဖြတ် နိုင်ငံရေး သင်းသတ်တဲ့ နည်းတွေထဲက တခုပါပဲ။

မန္တလေးကနေ အင်းစိန်ထောင်ကို ကျွန်တော့် မိသားစုက ဘယ်လိုလုပ် ခဏခဏ လာတွေ့နိုင်ပါ့မလဲ။ ဒါပေမယ့် အဆိုးထဲက အကောင်း တခု ကြုံရတယ်။ ကျွန်တော့်ရဲ့ အိမ်ထောင်စု စာရင်းထဲမှာ ဆရာမောင်စွမ်းရည်ရဲ့ သား မောင်ဇေယျာက စာရင်းပေါက် အင်းပေါက် ဖြစ်နေတယ်။ သူ မန္တလေး ဆေးရုံကြီးမှာ ဓာတ်ခွဲခန်းမှူး အဖြစ် လာပြီး အမှုထမ်းတော့ ဧည့်စာရင်း ခဏခဏ မတိုင်ရအောင် သူ့နာမည်ကို ကျွန်တော်တို့ အိမ်ထောင်စု ဇယားထဲ ထည့်ခဲ့မိလို့လေ။

အင်းစိန်ထောင် ထောင်ဝင်စာကို မောင်ဇေယျာ အခါအားလျော်စွာ လာပြီး တွေ့တယ်။ သူ့ကျေးဇူး ကျွန်တော့် အပေါ် ရှိတယ်။ ကျွန်တော့် အပေါ်တင်မက ပါဘူး။ ကျွန်တော်တို့ အပေါ်မှာ ရှိတယ်။ ထောင်ထဲမှာ ကျွန်တော်တို့ ရဲဘော်တွေ ထောင်ဝင်စာ လာနိုင်သူက မလာနိုင်သူကို ဝေမျှ ကြွေးကြ စားကြတာလေ။

တနေ့တော့ မောင်ဇေယျာ ထောင်ဝင်စာ လာတွေ့တာ မျက်စိမျက်နှာ သိပ်မကောင်း လှပါ။ အင်းစိန်မှာ ထောင်ဝင်စာ တွေ့ရတာ အချိန်တွေ အများကြီး ပေးဆပ်ရလေ့ရှိတယ်။ မနက် စောစော ကတည်းက လျှောက်လွှာ တင်ပြီး စောင့်ပေတော့။ ကံမကောင်း အကြောင်း မသင့်ရင် တခါတလေ ညနေ စောင်းမှ တွေ့ကြ ရတယ်။

အဲဒီနေ့က နေ့လယ် ၂ ချက်လောက် တွေ့ရတာတောင်မှ မောင်ဇေယျာ မျက်နှာ မသာမ ယာဖြစ်နေလို့ ကျေးဇူးရှင်ကို အကျိုးအကြောင်း မေးရတယ်။ အဲဒီတုန်းက မောင်ဇေယျာက လူပျိုဘ၀ အသက် ၂၀ ကျော် လောက်ပဲ ရှိလိမ့် ဦးမယ်။ ဖြူဖြူ ဖောင်းဖောင်းလေး ကြွပ်ကြွပ် အိတ်လေး တထုပ်နဲ့ အကြာကြီး စောင့်နေ ရှာတဲ့ မောင်ဇေယျာကို ထောင်ဝင်စာ တွေ့ကြ သူတွေ အိမ်ထောင်ရှင် အမျိုးသမီးကြီးတွေ စာနာစိတ်နဲ့ မေးကြ မြန်းကြ စူးစမ်းကြရင်း ဘ၀ တူချင်း ၀ံသာနု ကြတယ်။ တူအရွယ်၊ သား အရွယ်၊ မောင် အရွယ် ဖြစ်တဲ့ မောင်ဇေယျာကို နေ့လည်စာ ကျွေးလိုက် သတဲ့။

"လူလေး မင်းက ဘယ်သူ့လာတွေ့တာလဲ"
"ကိုငြိမ်းချမ်းကို လာတွေ့တာ"
"ရန်ကုန်ကလား"
"မဟုတ်ဘူး၊ မန္တလေးက"
"ဟုတ်လား၊ ဘာမှုနဲ့လဲ"
"နိုင်ငံရေးမှုနဲ့၊ ၁၇ (၁) ဆိုလား"
"ဘယ်နှနှစ်ချထားတာလဲ"
"၁၀ နှစ်"

စကားဝိုင်းက ဒီတင်ရပ်ရင် ဘာမှ မဖြစ်ဘူး။ ဒါပေမယ့် သူစားထားတဲ့ ထမင်းနဲ့ ဟင်းတွေရဲ့ မျက်နှာရော၊ မိသားစုဝင်လို နွေးထွေးတဲ့ အဒေါ်တွေ အမေကြီးတွေကို စာနာ ထောက်ထားတယ် ထင်ပါရဲ့...

"ဒေါ်ဒေါ်တို့ကရော ဘယ်သူ့ လာတွေ့တာလဲ"
"ဦး... လေ၊ ... မြို့က အမတ်လောင်း"
"ဦး.... အင်အယ်ဒီက"
"ကို... ပြည်သူ့ တိုးတက်ရေး ပါတီက"

ဒီမှာ မောင်ဇေယျာ သူ့စကားကို ဒီမှာတင် ရပ်ပြီး ဒိပြင် အကြောင်းအရာတွေ ဥပမာ - ရာသီဥတု ပူပြင်းတဲ့ အကြောင်း၊ ဒါမှ မဟုတ် ဘတ်စ်ကား ကြပ်တဲ့ အကြောင်း၊ ဒါမှ မဟုတ်ရင်လည်း ဆရာ မောင်ညိုပြာလို ဓာတ်ခွဲခန်း အတွေ့အကြုံ တခုခုပြောရင် ရရဲ့သားနဲ့ သူ့စကား ဒီတင်မရပ်ဘူး။

"ဦးတို့က ထောင် ဘယ်နှနှစ်ချခံရသလဲ" အဲဒီမှာ မောင်ဇေယျာ ကျွန်တော်နဲ့တွေ့တော့ မျက်စိပျက် မျက်နှာပျက်ဖြစ်တဲ့ အကြောင်း ပေါ်တော့တာ ပဲ။ "အစ်ကို့ ထောင်ဝင်စာ လာတွေ့ရတာ ကျွန်တော် မျက်နှာ ငယ်တယ်ဗျာ" "ဟ ဘာဖြစ်လို့လဲကွ၊ ငါ ကြမ်းပိုး သူခိုးမှုနဲ့ ကျတာ မဟုတ်ဘူး" "အစ်ကိုက ထောင် ၁၀ နှစ်ပဲ ကျတာ။ ကျွန်တော့်ကို နေ့လည်စာ ကျွေးလိုက်တဲ့ မိသားစုတွေရဲ့ ခင်ပွန်းတွေ အစ်ကိုတွေ ဆိုရင် နှစ်အစိတ်၊ သုံးဆယ်၊ လေးဆယ် ကျထားကြတာ"

သြော်.... မောင်ဇေယျာ မျက်နှာမငယ်အောင် ကျွန်တော် ကိုင်းကြီးကြီး မနားခဲ့မိပါလား။ မပြောကောင်း မဆိုကောင်း ဖွဟဲ့ လွဲပါစေ ဖယ်ပါစေ... တကယ်လို့....
ကျွန်တော်က ထောင်ထဲကို နောက် တကြိမ် ထပ်ဝင်ရတယ် ဆိုပါစို့။ ကျတဲ့နှစ်ကလည်း နှစ်အစိတ် ဒါမှမဟုတ် သုံးဆယ် ဆိုပါစို့။ ဒီတကြိမ်လည်း မောင်ဇေယျာသာ ထောင်ဝင်စာ လာတွေ့ရင် သူ့ခမျာ မျက်နှာ ငယ်ရှာဦးတော့မယ်။

ညီပုလေး
Previous Post Next Post

Contact Form