ခဏလေး စောင့်ပေးပါ......
  • Share this
  • Sumbit to Digg
  • Sumbit to StumbleUpon
  • Sumbit to Delicious
  • Sumbit to Technorati
  • Sumbit to Reddit
  • Sumbit to Mixx
  • Sumbit to Twitter
  • Sumbit to Furl
  • Sumbit to Design Float
  • Sumbit to Blinklist
  • Sumbit to Yahoo Buzz
  • Sumbit to Google Bookmarks

ph by ; http://www.france24.com
လစာတွေ တိုးပေးတော့မယ် ဆိုတဲ့ အသံ ထွက်လာတော့ လူတွေကြားမှာ လှုပ်လှုပ်ရွရွ၊ ကုန်ဈေးနှုန်းက ခုန်ဆွခုန်ဆွ၊ ခုထိဘာမှ မသေချာ မရေရာ သေး။ ကောလဟာလလား၊ မီးဖိုချောင် သတင်း (Galley Message) လေလားမသိ၊ တိုင်းပြည် တနံတလျားမှာတော့ ပြောသံဆိုသံတွေ ညံလာလိုက်၊ ပြန်ငြိမ် သွားလိုက်။

ကျနော်တပ်ထဲကို စပြီးရောက်ခါစမှာပဲ လစာတိုးတဲ့ အချိန်နဲ့ကြုံခဲ့ရပါ တယ်။ များများစားစားတော့ မဟုတ်ပါဘူး။ တပ်သားသစ် လစာ သုံးရာ့ငါး ဆယ်ကျပ် ကနေ လေးရာ့ ငါးဆယ်ကျပ်၊ သန္ဓေ၀င် စစ်သည် လစာ လေးရာ့ ငါးဆယ် ကျပ်ကနေ ခြောက်ရာကျပ် အထိ တိုးပေး လိုက်တာပါ။ ပြီးတော့ ရိက္ခာ စုကြေး ငွေကိုလည်း တနေ့ နှစ်ကျပ်ခွဲ ကနေ ငါးကျပ် ဖြစ်သွားတာကို မှတ်မိနေတယ်။

၁၉၉၆ ဧပြီလမှာ ထင်တယ်၊ ၀န်ထမ်း အားလုံး (၁၀) လစာကြိုတင် ထုတ်ချေးငွေနဲ့ ထပ်ပြီး ကြုံရပြန်တယ်။ ကျနော်တို့ ကာကွယ်ရေး ၀န်ထမ်းတွေ ရတဲ့ ချေးငွေက (၁၀) လစာအတွက် လစာငွေထက် နည်းနည်း ပိုများတယ်။ စစ်သည် တဦး ကို တသောင်း တထောင် ကျပ်နှုန်း ရပြီး တပ်ကြပ်ကြီး တဦးကို တသောင်း ငါးထောင် ကျပ်နှုန်း ချေးငွေရတာပါ။ ရွှေတ ကျပ်သားကို နှစ်သောင်းကျပ် နီးပါး ရှိတဲ့ အချိန်ပေါ့။ အဲဒီတုန်းက ကျနော် ဟိုင်းကြီးကျွန်း၊ ပမ္မ၀တီ ရေတပ်စခန်းဌာန ချုပ်မှာ အမှုထမ်းနေချိန်။ ဌာနချုပ်မှူးက ဗိုလ်မှူးချုပ် မြင့်ဆွေ (နောင် ရန်ကုန်တိုင်း မထသ ကြီးကြပ်ရေး ဥက္ကဋ္ဌ)၊ ဒုဌာ နချုပ်မှူးကတော့ ဗိုလ်မှူးကြီး ခင်မြင့် (နောင်တရားသူကြီး အဖွဲ့ဝင်) ပါ။ ချေးငွေရတဲ့ အချိန်မှာ ဌာနချုပ် အစီအစဉ်နဲ့ တပ် သက်သာ ချောင်ချိရေး လုပ်ငန်း တခု လုပ်ခဲ့ကြတယ်။

ကျနော် မှတ်မိသလောက် ပြောရရင် ဗိုလ်မှူး စိုးလှိုင် ရန်ကုန်ကို သွားရင်း ရေထွက် သယံဇာတပစ္စည်း ရှာဖွေ ထုတ်လုပ်ခွင့် လုပ်ငန်းလိုင်စင်တခု ရလာတယ်။ အဲဒီလိုင်စင်ကို အရင်းတည်ပြီး PGE (Pammawaddy General Enterprise) လုပ် ငန်းစုတခုတည်ထောင်လိုက်တာ။ လုပ်ငန်း အစုရှယ်ယာ တခုကို တထောင်ကျပ် နှုန်း သတ်မှတ်ပြီး အရာရှိ၊ စစ်သည် တွေကို အချိုးကျ ထည့်ဝင်စေပါတယ်။ အစုစပ် လုပ်ငန်းမှာ ရေထွက် ပစ္စည်း လိုင်စင် အပြင်၊ ဒေသထွက် ဆားဝယ်ယူ၊ သိုလှောင်၊ ရောင်းဝယ်ရေး လုပ်ငန်းလည်း ပါဝင်ပါတယ်။ ကျနော်တို့ ချေးငွေ ထုတ်ယူတော့ တပ်မှူးက လုပ်ငန်းအစု ရှယ်ယာ များများ ထည့်ဝင်ကြဖို့ တိုက်တွန်း ဆော်သြပြီး အမှန်တကယ် အကျိုးအမြတ်ရမဲ့ လုပ်ငန်းလို့ ပြောပေမယ့် ကျနော်တို့ စစ်သည်တွေ ကတော့ ရင်းနှီး မြှုပ်နှံဖို့ စိတ်ထက်သန်မှု သိပ်မရှိပါ။ တပ်မှူးစိတ်ကျေနပ်အောင် ရှယ်ယာတစု ထည့်ဝင်သူများ ပါတယ်။

ပြောရမယ် ဆိုရင် အစုစပ် လုပ်ငန်းလုပ်တဲ့ ပထမနှစ်မှာ ပြောထားတဲ့ အတိုင်း အမြတ်အစွန်း ထိုက်ထိုက် တန်တန် ခံစားရ ပါတယ်။ သို့ပေမယ့် ငွေထည့်ဝင်ပြီး (၆) လလောက်ကြာမှ အမြတ်စပြီး ဝေပေးတာမို့ မစောင့်စားနိုင်သူ တချို့က ရှယ် ယာလက်မှတ်ကို အရှုံးခံပြီး ပြန်ရောင်းပစ် လိုက်ကြတယ်။ လုပ်ငန်း လုပ်ပုံကတော့ ဒေသခံ ရေလုပ်ငန်း လုပ်သူတွေကို လိုင်စင် မိတ္တူ ငှားရမ်း ချထားတာပဲ။ ပထမပိုင်းမှာ မျှော့ငုပ်တဲ့ လှေတစီးကို တလ အတွက် ငါးထောင်ကျပ်နဲ့ ငှားရမ်းပါ တယ်။ အလှကုန်မိတ်ကပ်လုပ်ရာမှာအသုံးပြုတဲ့ ဗောင်းခရု (ကြွေသားပါသော ပင်လယ် ခရု တမျိုး) ရှာဖွေတဲ့ လှေအချို့လည်း လုပ်ကြတယ်။ အရင်က ဟိုင်းကြီးဒေသမှာ ဒီလိုလုပ်ငန်းတွေ ခေတ်မစားသေးပါဘူး။ မြေစမ်း ခရမ်းပျိုး သဘောမျိုး လုပ်ကိုင်ကြရင်း လုပ်ငန်း အောင်မြင် သွားလေတော့ လှေစီးရေ ပိုများလာပြီး ဈေးပြိုင် စနစ် ဖြစ်သွားတာ နောက်လ တွေမှာ လှေတစ်စီးကို သုံးသောင်းကျပ် အထိ ဈေးမြင့် သွားပါတယ်။ လှေစီးရေ ရာနဲ့ချီပြီး လုပ်ကိုင် လာကြတာမို့ PGE လုပ်ငန်း အမြတ်ငွေ သဲ့ပြီး ရလိုက်ပါတယ်။ ဆား လုပ်ငန်းကတော့ အခြေအနေ သိပ်မကောင်းပါ။ နှစ်ကုန်လို့ စာရင်းချုပ် လိုက်တဲ့အခါ ရှယ်ယာ တစောင် အရင်းငွေ တစ်ထောင်ကျပ် အတွက် အမြတ်ငွေ ခြောက်ထောင် ကျပ်လောက် ခွဲဝေ ပေးနိုင်ခဲ့တယ် ခင်ဗျ။

ဒေသခံ ရေလုပ်ငန်း သမားတွေလည်း အကျိုး ဖြစ်ထွန်း ပါတယ်။ တချို့ လုပ်ငန်းရှင်တွေ ဆိုရင် လုပ်ငန်း တစ်ရာသီ အတွင်းမှာ စက်လှေဝယ် အိမ်သစ် ဆောက်နိုင်ကြတဲ့ အထိပါ။ မထင်မှတ်ဘဲ လုပ်ငန်း အဆင်ပြေ ကြတော့လည်း နောင်နှစ် ခါမှာ ဆတက် ထမ်းပိုး တိုးပြီး လုပ်ကိုင် ကြဖို့ မျှော်လင့် မိတာပေါ့။ သို့ပေမယ့် နောက် တနှစ်မှာ အဲဒီ ရေလုပ်ငန်း လိုင်စင်ကို အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) က ရယူသွား ပါတော့တယ်။ စစ်သည်တွေ မျှော်လင့်တကြီး ထည့်ဝင်ထား တဲ့ PGE ရှယ်ယာတွေဟာ ဆားလုပ်ငန်း တခုတည်း အပေါ်မှာသာ အမှီပြုထားရပြီး ဆား ဈေးကလည်း မကောင်းတော့ ရှယ်ယာအရင်း ပြန်ပေးနိုင်ဖို့တောင် အတော် ခဲခဲယဉ်းယဉ်း ကြိုးစားရတဲ့ အနေအထားကို ရောက်သွား ပါလေရော။

ဒါပေမယ့် ချေးငွေကို နှစ်နှစ်အတွင်း အရစ်ကျ ပြန်လည် ပေးဆပ်ရတာမို့ လစာ ခြောက်ရာကျပ် ရတဲ့ စစ်သည် တဦး အတွက် ချေးငွေက လေးရာလောက် ဆပ်နေရတော့ နှစ်ရာပဲ ကျန်တော့တာပေါ့။ ကျွေးဆပ်တဲ့ ကာလ တနှစ်ပြည့်ချိန်မှာ ယာယီ ဆိုင်းငံ့ ပေးခဲ့လို့သာ တော်သေးတာ။ ကိုယ်ချင်းစာ တတ်တဲ့ အရာရှိတချို့က စစ်သည်တွေကို ပြောတယ်။ “မင်းတို့ မိသားစုတွေ ပိုက်ဆံနှစ်ရာနဲ့ တလလုံး ဘယ်လို သုံးကြသလဲ၊ မင်းတို့ကို ချီးကျူးတယ်ကွာ၊ ငါသာ ဆိုရင် တပ်က လစ်တာကြာပြီ” တဲ့။ ကျနော်တို့ တပ်မှူးက ဆိုရင် စစ်သည် တယောက် တပ်က ပြေးသွားကြောင်း သတင်းပို့ လိုက်တိုင်း “အေး..ကောင်းတာပေါ့ကွာ၊ တယောက်တော့ လွတ်မြောက် သွားပြန်ပြီပေါ့” လို့ အမြဲ ပြောလေ့ ရှိတယ်။

စစ်သည်တွေဘာလုပ်ကြလဲဆိုတော့ ဟိုင်းကြီးတောင်ပေါ်တက်ပြီး ဟင်းရွက် ခူးတယ်၊ ထင်းခုတ် ရောင်းတယ်၊ လယ်ကွင်း ထဲမှာ အိုင်ပက် ကြတယ်။ အိမ်ထောင်သည် လိုင်းခန်းတိုင်းမှာ ညှော်နံ့တွေ သင်းလို့။ အပြိုင်အဆိုင် မုန့်လုပ် ရောင်း ကြတာလေ။ တပ်တွင်း သက်သာ လဘက်ရည်ဆိုင်တွေမှာ အလုအယက် မုန့်ပို့ကြရင်း ရန်ဖြစ်သူတွေဖြစ်ကြနဲ့ ဒီတုန်း ကတော့ စိတ်ညစ်လိုက်ရတာ ခုပြန်တွေးကြည့်တော့လည်း ရယ်ချင်စရာ။

သက္ကရာဇ် ၂၀၀၀ ရောက်တော့ လစာ တစ်ခါတိုး ပြန်တယ်။ ငါးဆ တိတိ တိုးတာပါ။ အဲဒီမှာ အထက်ဌာန အဆင့်ဆင့်က အမိန့် ညွှန်ကြားချက်တွေ တသီကြီး ထွက်လာတယ်။ နိုင်ငံတော်က စေတနာထားလို့ တိုးများလာတဲ့ လစာငွေကို စစ် သည်တွေလက်ထဲ အကုန်ထုတ် ပေးလိုက်ရင် သုံးလိုက် စားလိုက်နဲ့ ကုန်သွားမှာပဲ။ ဒီတော့ နောင်ရေး အတွက်လည်း အထောက်အကူ ရအောင် ဦးပိုင် စီးပွားရေး လီမီတက်က ဖွင့်လှစ်ထားတဲ့ မြ၀တီဘဏ်မှာ မဖြစ်မနေ ငွေစုကြရမယ်တဲ့။

မှတ်မိပါသေးတယ်။ ကျနော်တို့ တပ်မှူးက အလံတိုင်ကွင်းမှာ အရာရှိ၊ စစ်သည် အားလုံး တန်းစီပြီး ချွေတာ စုဆောင်း သူဋ္ဌေးလောင်း တရားဟောတယ်။ ၀င်ငွေနည်းလင့်ကစား စုဆောင်းတတ်တဲ့ အကျင့်လုပ်ရမယ်။ ခုချိန်မှာကိုယ်အမှတ် မထင် စုဆောင်းထားတဲ့ ငွေတွေဟာ တနေ့ ကိုယ် လိုအပ်တဲ့ အခါ အရင်းအနှီး ဖြစ်လာနိုင်တယ် စသဖြင့် တရားချလိုက် တာ။ ဆရာဖေမြင့်ရေးတဲ့ “ဘေဘီလုံက အချမ်းသာဆုံးပုဂ္ဂိုလ်” စာအုပ်ထဲက ချမ်းသာနည်းလျှို့ဝှက်ချက်တွေကိုလည်း ရွတ်ပြသွားသေးတယ်။ သူတို့စိတ်ထဲမှာ စစ်သည်တဦး လစာ သုံးထောင့် ငါးရာကျပ် ရတာကို သုံးမကုန်အောင်ပေါများ နေတယ် မှတ်သလားမသိ။ မြ၀တီဘဏ်တိုးက တနှစ်မှ ၁၃ ရာခိုင်နှုန်းပဲ ရတာ။ မဖြစ်မနေ တလတထောင်ကျပ် စုပေး နေရတော့ နှစ်ထောင့် ငါးရာနဲ့ မိသားစု ဘယ်လို စခန်းသွားကြမှာလည်း သူတို့ မစဉ်းစား ကြဘူး။ တနှစ်ကို ၃၀ ရာခိုင်နှုန်း အမြတ်ရှိတဲ့ ဦးပိုင် ရှယ်ယာ ကိုတော့ ထည့်ဝင်ခွင့် ကန့်သတ် ပိတ်ပင်ထားတယ်။ စစ်သည် အများစုဟာ ကိုယ်ပိုင် ပိုက်ဆံ ကို တကျပ်တိုးနဲ့ ဘဏ်မှာစုပြီး ရပ်ကွက်ထဲမှာ နှစ်ဆယ်တိုးနဲ့ ပြန်ယူ သုံးနေကြတဲ့ အဖြစ်တွေကို မသိမမြင်ကြဘူးထင် ပါ့။

၂၀၀၆ မှာ လစာ ထပ်တိုး ပြန်တော့လည်း ၀န်ထမ်းတွေ အသက်ရှူ မချောင်နိုင်ပါဘူး။ မနားတမ်း တက်နေတဲ့ ကုန်ဈေးနှုန်း ရဲ့ ဒါဏ်က တမျိုး၊ ဟိုမှာ ဒီမှာ စုပါဆောင်းပါ ဆိုတဲ့ ညွှန်ကြားချက် တွေက တမှောင့်နဲ့ ကိုယ်ရတဲ့လစာ ကိုယ်တိုင်စီမံသုံး စွဲခွင့် ဘယ်မှာရှိလို့တုန်း။ လစာ ထုတ်တဲ့ နေ့တိုင်း သုညပေါ် ၀လုံး ထပ်နေတဲ့ ငွေစက္ကူတွေကို ကိုင်ရင်း တလတာ အကြွေး စာရင်းတွေက ရှင်းလို့လင်းလို့ကို လက်စမသတ်နိုင်။ တချို့ဆိုရင် လစာကိုနှစ်ချုပ်နဲ့ ကြိုကန် (ကြိုရောင်း) ထားတာမို့ pay book မှာ လက်မှတ်သာ ထိုးပေးလိုက်ရပြီး အိမ်ကို ခါလီ ပြန်ကြရတာ။

နိုင်ငံ့ ၀န်ထမ်းတွေကို လစာ တိုးပေးတာက ကောင်းပါတယ်။ ၀န်ထမ်း ဆိုတာ နိုင်ငံ့ဝန်ကို ထမ်းပြီး ပြည်သူ့ ဘဏ္ဍာက ထုတ်နှုတ် ပေးတဲ့ လစာကို ခံစားကြရတာ။ ၀န်ထမ်း အများစုဟာ လုပ်ငန်းခွင်မှာပဲ အချိန်ကုန် ကြရတာမို့ ပြင်ပ စီးပွားရေး လုပ်ငန်းနဲ့ အခြား ၀င်ငွေရှိတဲ့သူ အင်မတန် ရှားပါတယ်။ အထူးသဖြင့် အောက်ခြေ အကျဆုံး ၀န်ထမ်းတွေရဲ့ ဘ၀ အာမခံချက်တွေ ရှိဖို့ကို အလေးပေး စဉ်းစား သင့်တာပါ။ အဲဒီ အတွက် ရေရှည် တည်တံ့ဖွံ့ဖြိုးတဲ့ အမြတ်အစွန်းလည်း သေချာတဲ့ ၀န်ထမ်း သက်သာ ချောင်ချိရေး လုပ်ငန်းတွေ လုပ်ဖို့ လိုအပ် တယ်လို့ ရိုးရိုးလေးပဲ တွေးမိပါတယ်။ လစာတိုး ပေးရုံနဲ့ မလုံလောက်တာကိုတော့ အကြိမ်ကြိမ် အခါခါ လစာ တိုးပေး နေရတာက သက်သေ ပြနေတယ် မဟုတ်ပါလား။

နေမင်းသူ
၁၉-၄-၂၀၁၁

source by : နေ့သစ်