Just Do It

ဒီဇိုင်း ကိုမျိုး | Facebook စာမျက်နှာမှာ လူငယ် တဖွဲ့ကနေ တော်လှန်ရေး တပ်လှန့်သံ တခုနဲ့ ပေါ်ထွက်လာတော့ အဲဒီ လူငယ်တွေကို ချီးကျူးမိ ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ စစ်အာဏာရှင် များဟာ နိုင်ငံရေးကို ဇက်ကြိုး ပြတ်အောင် လုပ်နေတဲ့ အချိန် ကာလများမှာ တိုင်းပြည် ဒီမိုကရေစီ လွတ်မြောက်ရေး တိုက်ပွဲ အတွက် တတပ် တအား ပါဝင်လာတာကို တွေ့ရလို့ပါ။ အခု ဆိုရင် သူတို့ရဲ့ စည်းရုံး လှုံ့ဆော် ဆောင်ရွက်ချက်တွေဟာ တော်တော်တောင် ခရီးပေါက်နေပြီ၊ တော်တော် များများ ရင်ထဲမှာ JD ( just-Do-it အတိုကောက်) ဆိုတာ သန္ဓေတည်နေပြီ။ တချို့ အမြင်လေးတွေကိုလည်း တွေ့ရတယ်၊ တွေ့ဆုံ ဆွေးနွေးရေး လမ်းစဉ်ကိုတောင် သူတို့က အယုံကြည် မရှိတော့ဘူး၊ ဒီနေရာမှာ ကျနော်လည်း ဒီသဘောထား ၀င်နေတာ ကာလ တခု ရှိသွားပြီဗျ၊ မူလ အစက တွေ့ဆုံ ဆွေးနွေးရေး ဆိုတာ ကျနော့် နိုင်ငံရေး ယုံကြည်ချက် ထဲမှာ သံမှို စွဲထားသလို ရှိနေတဲ့ အရာတွေပါ၊ ဒါ့အတွက် ကိုယ့်ဘ၀ကို ကာလ တခုမှာ ပေးဆပ်ခဲ့ဘူး ပါတယ် ဒါပေမဲ့ အခု သိပ်မယုံကြည်တော့ဘူး (စွန့်ပယ် ဆုံးဖြတ်တယ် လို့တော့ မဆိုလိုပါဘူး) အလုပ် သိပ် မဖြစ်တော့ဘူးလို့ ထင်လို့ပါ၊ တကယ်လည်း အခုထိ အလုပ် မဖြစ်ပါဘူး အားမလို အားမရ စိတ်နဲ့ ပြောတာပါလို့ စွပ်စွဲမယ် ဆိုလည်း ခံဘို့ အသင့်ပါပဲ။ တိုင်းပြည် လူထုက တဖြည်းဖြည်းနဲ့ ဆင်းရဲတွင်း နက်လာ လိုက်တာ ၁၉၈၈ မတိုင်မှီက ထက်တောင် ပိုဆိုးလာတယ်၊ စစ်အာဏာရှင်များ ဘက်က သိသာတဲ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု မပြောနဲ့ နောက်ဆုံး ထွက်သက်တွေ အထိ အာဏာကို ဆုတ်ကိုင် သွားကြဘို့ကိုတောင် အတည်ပြု ဆုံးဖြတ်ပြီး နေကြပြီ၊ ဒီတော့ ကျနော်တို့မှာ ရွေးချယ်စရာ လမ်းက သိပ်များများ စားစား မကျန်တော့ဘူး တခုတည်းသော နည်းလမ်းပဲ ကျန်တော့တယ်။ ဒါကတော့ လူထု တိုက်ပွဲ။ နိုင်ငံတကာ ဒီမိုကရေစီ လွတ်မြောက် လာတဲ့ တိုင်းပြည် တော်တော် များများကို လေ့လာကြည့်တဲ့ အခါ အာဏာရှင်ကို လူထု တိုက်ပွဲနဲ့ အောင်ပွဲ ဆင်လာတာပဲ များတယ်။ ဟိုး လွန်ခဲ့တဲ့ နှစ်များစွာက စလို့ ဒီကနေ့ လွတ်မြောက်ရေး တိုက်ပွဲ ဆင်နွှဲ နေတဲ့ နိုင်ငံတွေ အဆုံး လူထု တိုက်ပွဲနဲ့ပဲ အဆုံးသတ် သွားကြတယ်။

ဒါကို လူငယ် တွေက ရိပ်မိတယ်၊ သူတို့ အမြင်က ပြတ်သားတယ်၊ တစ်ခုတည်းသော နည်းလမ်းကို သဘော ပေါက်တယ်။ တချို့ ကလည်း လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မချင့်မရဲ အားမလို အားမရ ဖြစ်ကြတယ်၊ ဒီနေရာမှာ ကျနော် နည်းနည်းလောက် ပြောပရစေ၊ ဥပမာ လေးနဲ့ပေါ့… ဒေသ တခုမှာ သိပ် ဆိုးသွမ်း နေတဲ့ လူတစ်ယောက် ရှိတယ်… အရပ် မခံနိုင် လောက်အောင်ကို ဆိုးတာ…. လူထုကို ဒုက္ခ ပေးတာ များလာတော့ နောက်ဆုံး သည်းမခံ နိုင်တော့ဘူး ဒေသမှာ ရှိတဲ့ ကိုးကွယ်ရာ.. ဆရာတော်ကို တင်လျှောက် ကြတယ်…. ဆရာတော် ကတော့… ဘုရား ဒေသနာတော်တွေ၊ ဇာတ်တော်တွေကို ကိုးကားပြီး တရားချတယ်… အဆုံးသတ် ကတော့.. သူ့တရား သူစီရင် သွားပါလိမ့်မယ်ပေါ့ ဒါပေမဲ့ ဘယ်လိုမှ သည်းမခံ နိုင်တော့တဲ့ ရပ်ကွက်က လူငယ်တွေက ဆုံြး ဖတ်ပြီ… ဒီကောင်ကို ဒီအတိုင်း ကတော့ မရဘူး…. ဆရာတော် ပြောသလို သူ့တရားသူ.. စီရင် သွားပါလိမ့်မယ် ဆိုတာ... သူအရင် အစီရင် မခံရခင်.. တို့က အရင် အစီရင်ခံ နေရတယ်…. ဒီတော့ အပြတ် ရှင်းပစ်တာပဲ ကောင်းတယ် ဆိုရင်… ဆိုပါစို့.. ဒါကို ဘုန်းတော်ကြီးဆီ တင်လျှောက်ကြမယ်… ဘုန်းတော်ကြီးက ဒကာတို့ ဆုံးဖြတ်တာ.. ကောင်းတယ်… ဒီအတိုင်း ဖြစ်သင့် တယ်လို့ ဘယ်ပြောပါ့ မလည်း၊ ဘုန်းကြီး ဆိုတာ.. ဘုန်းကြီး ၀ိနည်းကို စောင့်ထိန်း ရသေးတယ်လေ… အဲဒီလိုသွား ပြောလိုက်ရင်… အာပတ် သင့်သွားမှာပေါ့.. တကယ်က ဒီလို လုပ်ရပ်မျိုး လုပ်မယ် ဆိုရင်တောင်.. ဘုန်းကြီးကို မလျှောက်သင့်တဲ့ စကားပါ၊ ကိုယ် လုပ်သင့်တယ် ထင်တာကို ကိုယ်တိုင် လုပ်သွားတာ အကောင်းဆုံးပါ.. ဒီလိုပဲ ပြောပရစေတော့ဗျာ……

နောက်တခါ နိုင်ငံရေး လှုပ်ရှား ဆောင်ရွက်နေတဲ့ လူငယ်များကို ကျွန်တော့် အတွေ့အကြုံလေးတွေ တင်ပြ ပေးချင်ပါ တယ်။ ကျနော်တို့ ၁၉၈၈ လူထု အရေးတော်ပုံကြီး ပေါ်ပေါက်ဖို့ ကြိုးစား ဆောင်ရွက်နေတဲ့ ကာလ များဆီမှာ အမြဲ ကြားရတဲ့ စကား ရှိပါတယ်.. မြင့်မိုရ်တောင်ကို ဇီးစေ့နဲ့ ပေါက်လို့ ဘာဖြစ်မှာလည်းတို့၊ နံရံကို ကြက်ဥနဲ့ ပေါက်သလို ဖြစ်မှာပေါ့ ဆိုတဲ့ စကားတွေပါ။ တော်တော် ခံရ ခက်တဲ့ စကားတွေဆို မမှားပါဘူး မင်းတို့ လုပ်လို့ ဘာဖြစ်လာမှာလည်း မင်းတို့မှာ လက်နှက်ဆို အပ်တို တစ်ချောင်းတောင် ရှိတာ မဟုတ်ဘူး ဟိုမှာက တစ်တိုင်းပြည်လုံး လက်နက်နဲ့ အုပ်ချုပ် ထားတာတို့၊ ဆိုတာတွေလည်း ပါသေးတယ်။ ဒီကြားထဲ မဆလ ပါတီ ဥက္ကဌကြီး အာဏာရှင် ဦးနေ၀င်းက … ရုပ်မြင်သံကြား ကနေ… စစ်တပ်ဆိုတာ မိုးပေါ် ထောင်မပစ်ဘူး… ပစ်ရင် မှန်အောင် ပစ်တယ်… စသဖြင့်ပေါ့… ကျနော့်တို့ ရင်ထဲ ဘယ်လို ဖြစ်ခဲ့ မိသလည်း ဆိုတော့ နည်းနည်း အားငယ် မိတယ် ကြောက်မိတယ်… ဒါ အမှန်ပါ၊ ငါတို့ ဖြစ်ကော ဖြစ်ပါ့ မလား ဆိုတဲ့ သံသယတွေ ၀င်မိတာလည်း အခါခါ… နောက်ဆုံး ဇာတ်သိမ်းခန်း မှာတော့ မဆလ ပါတီကြီး ဘုန်းဘုန်းလဲ ပြိုကျ သွားပြီး သမ္မတ သုံးဆက် ပြုတ်ကျ သွားခဲ့တာ အားလုံး သိပြီးသားပါ… အခုလည်း လူငယ် မျိုးဆက်သစ် တွေက လူထု တော်လှန်ရေးကြီး ဖော်ဆောင်မယ် ကြံတော့ ဒီလို စကားလုံးတွေ မဟုတ်ပေမဲ့….. ဒီလို အနှစ်သာရမျိုးကို ဆောင်တဲ့ စကားသံတွေ အရေးသားတွေ.. အပြော အဆိုတွေ.. ခနဲ့ တဲ့တဲ့.. အသံတွေ ကြားရ ဦးမှာပါပဲ၊ တခါတုန်းက လူငယ် တဦးနဲ့ အွန်လိုင်း ပေါ်မှာ အဲဒီ အကြောင်းအရာ ပြောဖြစ်ကြတော့ ကျနော်က ရီစရာနဲ့ ရော ပြော လိုက်တယ်…. ချဲသမား စကားနဲ့ ပြောရရင်… အဲသလို အသံတွေ ကြားရပြီဆို ဂွင်ကျ ဂွင်န မှန်နေပြီလို့သာ အောင်မေ့ ပေတော့… ဒီဂွင် အတိုင်း ဆင်းလာတာပဲ… မင်းတို့ ဖော်ဆောင် နေတဲ့ လူထု တော်လှန်ရေး မလွဲမသွေကို အောင်မြင်မှာကွ လို့ ပြောပြီး သဘောကျမိ ပါသေးတယ်. ကျနော် ၈၈ လူထု တော်လှန်ရေး ကာလ လူထု တရားပွဲ တခုမှာ ပြောခဲ့ဘူးတဲ့ စကားကို အမှတ်ရမိ နေပါသေးတယ်…. “ကျနော်တို့ မြင့်မိုရ်တောင်ကို ဇီးစေ့နဲ့ ပေါက်ပါတယ်… ဒါပေမဲ့ မြင့်မိုရ်တောင်ကြီး ပြိုကျသွားပါ တယ်… ဘာလို့လည်း ဆိုတော့ ဇီးစေ့ထဲမှာ နည်းနည်းလေးနဲ့ အင်အား ပြင်းထန်တဲ့.. နျူကလီးယား ပါသွားလို့ပါ… နောက်တခါ နံရံကို ကြက်ဥနဲ့ ပေါက်ပါတယ်… အခါခါ ပေါက်ပါတယ်… နံရံကတော့ မပြိုပါဘူး.. ကြက်ဥတွေ ကတော့.. တစ်လုံးပြီး တစ်လုံး ကွဲပါတယ်… ဒါပေမဲ့ ပေါက်ပါများလို့လား မသိဘူး… ကာလကြာတော့.. အဲဒီ ကြက်ဥ အရည်တွေက ပုတ်ကုန်ပါတယ်… ပတ်ဝန်းကျင် လူထု မခံနိုင်တော့ပါဘူး… နောက်ဆုံး.. အပုတ်နံ့တွေ လှိုင်နေတဲ့ အဲဒီ နံရံကြီးကို လူထုက လာဖြို လှဲချလိုက်ပါတယ် ”

ကျနော်တို့ နိုင်ငံမှာက ခေတ် အဆက်ဆက် အာဏာရှင်များက နိုင်ငံရေး ဆိုတာကို ပုံဖျက် သွားကြလေတော့… နိုင်ငံရေးလို့ အသံ ကြားလိုက်တာနဲ့ အားလုံးက တွန့်ဆုတ် သွားတော့တာပဲ… တကယ်တော့ နိုင်ငံရေး ဆိုတာ တစ်နိုင်ငံသားလုံးရဲ့ အရေးပါ … အားလုံးနဲ့ သက်ဆိုင်ပါတယ်… နိုင်ငံ လွတ်မြောက်ရေး အတွက် အားလုံးမှာ ဘက်ပေါင်းစုံက တာဝန်ရှိပါတယ်…. အနိမ့်ဆုံး စိတ်ဓါတ်လေးနဲ့ပဲ ဖြစ်ဖြစ် ၀ိုင်းဝန်း ပံ့ပိုးပေးကြပါ၊ တချို့ကလည်းအထိနာမှာ ကြောက်လို့ စိုးရိမ်ကြတဲ့သူတွေ ရှိပါတယ်။ သူတို့ကို လည်း အပြစ် မဆိုသာပါဘူး ဒါပေမဲ့ တခုတော့ ရှိပါတယ်… ရောဂါ ပျောက်ကင်းဘို့ ကုသရာမှာ… တင်ပါးကိုဆေးထိုးအပ်စိုက်လို့ နာကျင်ခြင်း မျိုးတော့ ပေးဆပ် ရပါလိမ့်မယ်…. တခုခုကို လိုချင်ရင်.. တခုခုတော့ ပေးဆပ် ရပါလိမ့်မယ်၊ Freedom is not free ( လွတ်မြောက်မူ့ ဆိုတာ အလကား မရပါဘူး )

တချို့က စိုးရိမ်ချက် လေးတွေ ရှိပါတယ်…. လူနည်းနည်း လေးပဲ ရှိသေးတယ်.. ဖြစ်ပါ့ မလားတဲ့…. ခုဆိုရင် JD အဖွဲ့က စည်းရုံး ထားတာ တော်တော် များများ ရှိနေပါပြီ.. တကယ်တော့ လိုအပ်တာ ခေါင်းဆောင်မှု ပေးနိုင်သော အရည်အသွေး ရှိပြီး ယုံကြည်ချက်၊ ခံယူချက် ပြင်းထန်တဲ့သူ အနည်းငယ်ပဲ လိုတာပါ.. အများကြီး မလိုပါဘူး… တူနီးရှားမှာ လူငယ် အယောက် လေးဆယ်နဲ့ပဲ ဦးဆောင် သွားတာပါ၊ အဲဒီ လေးဆယ်နဲ့ပဲ စတင် ခဲ့တာပါ၊ မြန်မာ လူထုက မခံရပ်နိုင် ဖြစ်နေတာ ကြာပါပြီ ဥပမာ ပြောရရင် ယမ်းပုံကြီး တစ်ပုံလိုပါပဲ.. မီးပွားစလေး တစ်ချက်ကျဘို့ပဲ လိုနေတာပါ၊

တိုင်းပြည်ဟာ… တစ တစ ဆင်းရဲတွင်း နက်နေပါပြီ… ရွေးချယ်စရာ လမ်းလည်း မကျန်တော့ပါဘူး… တခုတည်းသော လမ်းပဲ ရှိပါတော့တယ် (နိုင်ငံရေး သီအိုရီတွေ.. ဒဿနတွေနဲ့ ကာပြောပြော နေယုံနဲ့ အလုပ် မဖြစ်နိုင်တော့ ပါဘူး)… စစ်အာဏာရှင်တွေ လုပ်နေသမျှ.. ဘာတစ်ခုမှ ယုံကြည်စရာ အကြောင်း မရှိတော့ပါဘူး….. တိုင်းပြည် လွတ်မြောက်ဘို့ အကောင်းဆုံး နည်းလမ်း ကတော့.. ယခု လူငယ်တွေ ဦးဆောင်နေတဲ့ Just Do it ကို ၀န်းရံလိုက်ပါ.. သင်ကိုယ်တိုင်.. JD အဖြစ် ခံယူပါ။ အဆုံးသတ် ဒီမိုကရေစီ လွတ်မြောက်ရေး တိုက်ပွဲကို ဆင်နွဲပါ၊ အာဏာရှင်များကို မြန်မာ့ မြေပေါ်ကနေ အပြီးတိုင် မြေမြူပ် ပစ်လိုက်ပါ၊

အာဏာရှင်ကို ဆန့်ကျင်ဘို့.. ခုပဲ စ ကြစို့
အားလုံးကို လေးစားစွာဖြင့်
( မောင်မောင်ဝမ်း )
Previous Post Next Post

Contact Form