အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ အင်္ကျီ ဝတ်ဆင် ထားသူများ ခြိမ်းခြောက် ခံရ

အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီ အပါအ၀င် ဒီမိုကရက်တစ် ပါတီများ၏ အထိမ်းအမှတ် တံဆိပ်များ ပါဝင်သော အင်္ကျီ(တီရှပ်) ဝတ်ဆင် ထားသူ အချို့မှာ သက်ဆိုင်ရာ ရပ်ကွက် အာဏာပိုင်များ၏ ခြိမ်းခြောက်မှုကို ခံခဲ့ရကြောင်း ကိုယ်တွေ့ ကြုံခဲ့ရသူ အချို့ထံမှ စုံစမ်း သိရှိရသည်။

" ဒီအင်္ကျီက ရွေးကောက်ပွဲ ကာလတုန်းက လိုက်ဝေတော့ရထားတာပါ။ ကျွန်တော့်တို့ အတွက် ကတော့ ဘာရယ် မဟုတ်ဘူး တစ်ထည်ဆို တစ်ထည် ဝတ်ရတာပါဗျာ။ ဒါကို ခင်ဗျား ဒီအင်္ကျီ ဝတ်ထားရင် အဖမ်းခံရမယ်၊ တရား မဝင်ဘူးလို့ ပြောတယ်ဗျ။" ဟု ဗဟန်း မြို့နယ်မှ အနှေးယာဉ် လုပ်သား တစ်ဦးက ပြောကြားသည်။

၎င်းသည် NDF ပါတီ ခမောက် တံဆိပ်ပါ အင်္ကျီကို လုပ်ငန်းခွင် ဝင်နေစဉ် ဝတ်ဆင် ထားရာမှ ထိုသို့ ရပ်ကွက် အာဏာပိုင်များ၏ ခြိမ်းချောက်ခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။

အလားတူ RNDP ပါတီ၊ ကျားဖြူ ပါတီ တံဆိပ်များပါ အင်္ကျီများကို ဝတ်ဆင်၍ သွားလာသူအချို့လည်း ရပ်ကွက်အတွင်းမှ အာဏာပိုင်ဟု ယူဆရသူ အချို့၏ စောင်းမြောင်း ပြောဆိုခြင်း၊ ခြိမ်းခြောက်ခြင်းကို ခံနေရကြောင်း တာမွေ၊ ဗဟန်း၊ တောင်ဥက္ကလာ၊ လှိုင်သာယာ စသည့် မြို့နယ်များမှ ကိုယ်တိုင် ကြုံတွေ့ ခဲ့ရသူ အချို့က ဆိုသည်။

နိုင်ငံတော်က အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် အားထုတ် လုပ်ဆောင် နေချိန်တွင် အောက်ခြေ အာဏာပိုင်အချို့၏ ထိုသို့သော လုပ်ဆောင်မှုများမှာ နိုင်ငံတော် အစိုးရ အပေါ် အထင်အမြင် လွဲမှား စရာများ ဖြစ်လာနိုင်ကြောင်း နိုင်ငံရေး လေ့လာသူ များက သုံးသပ်ကြသည်။

source by : ရွှေမန္တလေး
Previous Post Next Post

Contact Form