၈၈ ရဲ့ မတ်လမှာ

ဒီဇိုင်း ကိုမျိုး

လွန်ခဲ့သည့် ၂၃ နှစ်တာကာလ ယခုနေ့ရက်တွင် မြန်မာ့နိုင်ငံရေး အလှည့်အပြောင်းကြီး ဖြစ်သော ရှစ်လေးလုံး အရေးတော်ပုံကို ပေါ်ပေါက်စေမည့် ကျောင်းသား ကိုဖုန်းမော် (ရန်ကုန် စက်မှုတက္ကသိုလ်၊ ပဉ္စမနှစ်) ပစ်ခတ်သေဆုံးခံရမှု ဖြစ်ပွားခဲ့သည်။

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) လက်ထက် လုံထိန်းတပ်က ပစ်ခတ်သဖြင့် ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ သေဆုံးခဲ့ရသည်ကို အစွဲပြုကာ ဖုန်းမော်နေ့ ပေါ်ပေါက်လာခဲ့သည်။

ထိုစဉ်က အာရ်အိုင်တီတွင် ဒုတိယနှစ် ကျောင်းသားအဖြစ် ပညာသင်ကြားနေသူ ကိုသံဒုတ်ကို မဇ္ဈိမက မေးမြန်းထားခြင်းဖြစ်သည်။

ကိုသံဒုတ်သည် လက်ရှိတွင် ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံ အလုပ်သမား သွေးစည်းညီညွတ်ရေးအဖွဲ့ - BLSO တာဝန်ခံဖြစ်သည်။

ကိုဖုန်းမော်ကျဆုံးခဲ့တဲ့ အချိန်တုန်းက ဖြစ်စဉ်အကျဉ်းချုပ်လေး ပြောပြပါလား။

မတ်လ ၁၃ ရက်နေ့မတိုင်မီ ကျောင်းသားတွေထဲက နွားထိုးကြီးက ၀င်းမြင့်ရယ်၊ ပုလဲက ၀င်းမြင့် ပါတယ်။ သူတို့က ဒုတိနှစ်ကျောင်းသားတွေပေါ့နော်။ အနောက်ကြို့ကုန်းက စန္ဒာဝင်း လ္ဘက်ရည်ဆိုင်မှာ လ္ဘက်ရည်သောက် သွားရင်းနဲ့ အနောက်ကြို့ကုန်းက လူငယ်တွေနဲ့ စကားများတယ်။ စကားများတဲ့အခါမှာ သာမန် စကားများတဲ့အဆင့် မဟုတ်ဘဲနဲ့ လူငယ်တွေက ဒုတိယနှစ် ကျောင်းသားတွေဖြစ်တဲ့ ၀င်းမြင့်တို့ကို ရိုက်ထည့်လိုက်တာပေါ့နော်။ ကျောင်းသားနဲ့ အရပ်ဖက်က လူငယ်တွေ သာမန်ဖြစ်တဲ့ ကိစ္စပါပဲ။

ဒါပေမဲ့ ပြဿနာက ဘာဖြစ်လဲဆိုတော့ ရိုက်လိုက်တဲ့ လူငယ်တွေက မဆလ (မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ) ရဲ့ အဖွဲ့ဝင်တွေဖြစ်တယ်။ အဓိက မှားတာကလည်း လူငယ်တွေဘက်က မှားတာ။ သို့သော်လည်းပဲ ပြဿနာကို တွန်းအားပေးစေတဲ့ အကြောင်းရင်းက ရိုက်လိုက်တဲ့၊ မှားတဲ့ လူငယ်တွေက မဆလ အဖွဲ့ဝင် သားသမီးတွေဖြစ်တော့ ဥပဒေအရ အရေးယူဖို့ ကျောင်းသားတွေက နည်းမှန်လမ်းမှန်နဲ့ ဆရာတွေနဲ့ အင်းစိန် ရဲစခန်းကို သွားတိုင်ပေမယ့်လည်း သူတို့တွေက မဆလ အနွယ်ဝင်တွေဖြစ်နေတော့ ဒါကို အရေးမယူဘူး။ ဒါက ပြဿနာကို ပိုပြီးတော့ တွန်းအားပေးစေတယ်ပေါ့နော်။ ပြဿနာကို ပိုပြီး ကြီးထွားစေတဲ့ အကြောင်းရင်းတွေလို့ ကျနော်တို့က မြင်ကြတယ်။

နောက်တချက်က အရေးမယူတဲ့အပြင် မဆလ စစ်အစိုးရက ကျောင်းသားလှုပ်ရှားမှုတွေကို၊ သူတို့ကိုယ်၌ကလည်း ကျောင်းသားလှုပ်ရှားမှုတွေနဲ့ ပတ်သက်လာရင် အတွေ့အကြုံလည်း ရှိတယ်၊ သတိလည်း ထားတယ်။ ဥပမာ ပြောရရင် - ၆၂ ဖြစ်တယ်ဗျာ။ ၇၄-၇၅-၇၆ စသဖြင့် ကျောင်းသားလှုပ်ရှားမှုတွေ ဖြစ်တယ်ဗျာ။ နောက် ၈၇ ဖြစ်တယ်ဗျာ၊ ၈၈ ဖြစ်တယ်။ အဲဒီတော့ ကျောင်းသားလှုပ်ရှားမှုတွေနဲ့ ပတ်သက်လာရင် သူတို့က နည်းမှန်လမ်းမှန် မဖြေရှင်းဘဲနဲ့ သူတို့ (မဆလ အစိုးရ) ရဲ့ စိတ်အခံကိုက ကျောင်းသားတွေအနေနဲ့ ဆန့်ကျင်လာနိုင်တယ်ဆိုတဲ့ သဘောထားရှိတယ်။ ချေမှုန်းချင်တဲ့ သဘောပေါ့နော်။ အဲဒီ ချေမှုန်းချင်တဲ့ သဘောကြောင့် တကယ်လည်း ချေမှုန်းလိုက်တဲ့အတွက် ကိုစိုးနိုင်တို့၊ ကိုဖုန်းမော်တို့ ကျဆုံးတာပေါ့။ အဲဒီတော့ ကျောင်းသားတွေအနေနဲ့က ပိုပြီးတော့ မခံမရပ်နိုင်ဖြစ်လာတယ်။

နောက်တချက် ပိုဆိုးတာက ၁၅ ရက်နေ့မှာ အဖြစ်မှန်ကို ဖုံးကွယ်ဖို့ ကြိုးစားတာက - ကျောင်းသားတွေကို လုံးဝ သည်းမခံနိုင်တဲ့ အထွတ်အထိပ်ကို ရောက်သွားတယ်။ ဘာ့ကြောင့်လဲဆိုတော့ ချွန်ထက်တဲ့ အရာနဲ့ ကျောင်းသားတွေ သေဆုံးတယ်လို့ သတင်းစာမှာ ပါတယ်။ ကျောင်းသားတွေရဲ့ ရှေ့၊ အာရ်အိုင်တီ (စက်မှုတက္ကသိုလ်) ရဲ့ မျက်နှာစာမှာ ကိုဖုန်းမော်က ကျည်ဆံနဲ့ သေဆုံးခဲ့တာ။ အစိုးရက ဖုံးကွယ်ဖို့ ကြိုးစားလိုက်တာက ကျောင်းသားတွေရဲ့ ဒေါသကို ပိုပြီးတော့ တွန်းအားပေးလိုက်တယ်။ ထိန်းမနိုင် သိမ်းမနိုင်နဲ့ပဲ ကျောင်းသားတွေ ဒေါသထွက်ပြီးတော့ ဆန့်ကျင်လိုတဲ့ စိတ်တွေဆီ လုံးဝ ရောက်သွားတာပေါ့နော်။
ကျောင်းသားထုက အစိုးရနဲ့ အတိုက်အခံဖြစ်နေတဲ့ အနေအထားမျိုးမှာ ကိုဖုန်းမော်က အာရ်အိုင်တီကျောင်းသား၊ ကိုသံဒုတ်တို့ကလည်း အဲဒီမှာ ကျောင်းတက်နေကြတယ်။ ကိုယ့်ကျောင်း ပရိဝုဏ်ထဲကို သေနတ်နဲ့ပစ်လို့ ကျောင်းသားတွေ သေရတယ်။ ကိုယ့်ခေတ်၊ ကိုယ့်ကာလ ကျောင်းသားဘ၀တုန်းကပေါ့လေ။ ဒါက နှစ် ၂၀ ကျော်လာတဲ့အချိန်မှာကော ဘယ်လိုခံစားရပါသလဲ။
ဒီကနေ့အထိ နှစ် ၂၀ ကျော်လာခဲ့ပါပြီ။ ရန်ကုန် စက်မှုတက္ကသိုလ်ကနေ ထွက်လာရတဲ့ ကျောင်းသားတွေ ဖြစ်တယ်။ အထုတ်ခံရတဲ့ ကျောင်းသားတွေပေါ့နော်။ နောက်တချက်က ကိုဖုန်းမော်တို့၊ ကိုစိုးနိုင်တို့လို မြန်မာ့နိုင်ငံရေးစနစ်ကို ပြောင်းလဲချင်တဲ့ ကျောင်းသားတွေဖြစ်တယ်လို့ ဒီကနေ့တိုင် ခံယူတယ်။ အခုထိ ကျနော့်ဘ၀ကနေပြောရင် ကျောင်းသားတိုင်း အဲလိုဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ ကျနော်တို့ အာရ်အိုင်တီ စက်မှုတက္ကသိုလ်ကျောင်းကို တက်တယ်။ အမှန်အတိုင်းပြောရရင် ကျနော်တို့ ကျောင်းကို အပြီးထိ တက်ချင်ခဲ့တယ်။ အင်ဂျီနီယာတယောက် ဖြစ်ချင်တယ်။ သို့သော်လည်း မဖြစ်ခဲ့ရဘူး။

တဖက်က စိတ်မကောင်းသော်လည်းပဲ တဖက်ကလည်း အင်မတန်မှ ၀မ်းမြောက်တယ်။ တိုင်းပြည်ရဲ့ အလွန်အရေးကြီးတဲ့ စနစ်တခုကို ပြုပြင်ပြောင်းလဲပစ်ချင်တယ်။ နောက်တခုက အဖိနှိပ်ခံ ပြည်သူတွေဘက်က ကျနော်တို့ ရပ်ချင်တယ်။ ကျောင်းသားတွေဘက်က ရပ်ချင်တယ်။ နောက်တချက်ရှိတာက ဖောက်ပြန်နေတဲ့ နအဖ အစိုးရကို ကျနော်တို့က အပြင်းအထန် ဖြုတ်ချချင်တယ်။ အဲဒီအတွက် ကိုဖုန်းမော်ကနေ စရေတွက်ရင် တော်လှန်ခဲ့တာဟာ နှစ် ၂၀ ကျော် လာခဲ့ပြီဖြစ်ပေမယ့် ငါတို့တွေဟာ ဆုံးခန်းတိုင် လုပ်ရမယ်ဆိုတဲ့ အသိလေး ဒီနေ့တိုင် စိတ်ဖြစ်တယ်။ ဘယ်လိုပဲ အခက်အခဲတွေ ရင်ဆိုင်ရ ရင်ဆိုင်ရ၊ ပြဿနာတွေပဲ ရင်ဆိုင်ရ ရင်ဆိုင်ရပေါ့နော်။ ငါတို့တော့ ကျောင်းသား ဘ၀ကိုစွန့်ခဲ့ပြီ။ ဆက်ပြီး စွန့်ပြီး အတတ်နိုင်ဆုံး လူထုအကျိုးအတွက် ရပ်တည်ရမယ်။ စစ်အာဏာရှင်စနစ်ကို အပြီးပြတ် ချုပ်ငြိမ်းတဲ့အထိ ငါတို့ တော်လှန်တိုက်ပွဲဝင်ရမယ်ဆိုတဲ့ စိတ်ဓာတ်ကလေးတော့ ရှိတယ်။

လွန်ခဲ့တဲ့အချိန်က ကျနော်တို့က အသက် ၂၀ ကျော်လောက်ပဲ ရှိသေးပါတယ်။ ဘာကို သွားတွေ့လဲဆိုတော့ အဲဒီတုန်းက ပါဝင်ခဲ့တဲ့ ကျောင်းသားတွေက အလွန်အင်မတန်မှ အပြစ်ကင်းကြပါတယ်။ တိုင်းပြည်ကို တိုးတက်စေချင်တဲ့ လူငယ်တွေဖြစ်ပေမယ့်၊ အတွေ့အကြုံနည်းပေမယ့် နိုင်ငံရေးရပ်တည်ချက်တွေက ကျောင်းသားထုဘက်က၊ လူထုဘက်က တော်တော်မှန်ခဲ့ပါလားဆိုပြီး အားကျမိတယ်။ ဒီနေ့ ကျနော် အသက် ၄၀ ကျော်သွားပြီပေါ့။ ထို့အတူပဲ ဒဂုံတက္ကသိုလ်မှာ ဖြစ်တဲ့ ကိစ္စ၊ ကျနော် ယုံတယ်၊ တိုးတက်တဲ့ ကျောင်းသားတွေ၊ လူငယ်တွေဟာ ဒီစစ်အာဏာရှင်စနစ် ရှိသရွေ့ ဆက်တိုက်နေလိမ့်မယ်။
ကိုသံဒုတ်တို့ လူငယ်ဘ၀မှာ ခေတ်ဆိုးစနစ်ဆိုးကို မျက်ကွယ်မပြုဘဲနဲ့ တော်လှန်ခဲ့ကြတယ်။ ဒီနေ့ဒီအချိန်အထိ တော်လှန်နေကြတုန်းပဲ။ တကယ်လို့ ကျောင်းသားတွေရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ဘယ်လိုမျိုးရရင် ကျောင်းသားထုနဲ့ စစ်အစိုးရနဲ့အကြား ဘယ်လိုပြေလည်နိုင်မလဲ၊ ဖြစ်နိုင်ပါ့မလား။
ကျောင်းသား အခွင့်အရေး ဆိုတာက ဒီလိုဗျ။ တစ်အချက် - ကျနော်မြင်တွေ့ချင်တာက Free Education ပေါ့နော်။ ကျနော်တို့ တိုင်းပြည်နဲ့ နိုင်ငံ့အနေအထားနဲ့ဆိုရင် လွတ်လပ်စွာ ပညာ သင်ကြားနိုင်ခွင့်ပေါ့နော်။ အဲဒါက အစိုးရက တာဝန်ယူရမယ်။ နောက်တခုရှိတာက ကျောင်းသားဆိုတာက နုနယ်ပျိုမျစ်ပြီးတော့ တိုင်းပြည်၊ လူ့အဖွဲ့အစည်းရဲ့ အားထားရတဲ့ သူတွေပါ။ အဲဒီအတွက် သူတို့တွေမှာ လွတ်လပ်တဲ့ အသင်းအပင်း၊ သမဂ္ဂတွေ ဖွဲ့စည်းခွင့် ရှိသင့်တယ်လို့ အခိုင်အမာ ယုံကြည်တယ်။ အစိုးရကနေ ပညာသင်ကြားရေးအတွက် ကုန်ကျစရိတ်တွေကို လုံးဝ တာဝန်ယူသင့်တယ်။

ဒါတွေကလည်း နိုင်ငံတခုရဲ့ စနစ်နဲ့ သွားပြီးတော့ ဆက်စပ်နေတယ်။ စစ်အာဏာရှင်စနစ် ရှိနေသရွေ့ လွတ်လပ်ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းတခုကို ဒီမိုကရေစီနည်းလမ်းတကျ မတည်ဆောက်နိုင်ဘူး။ ဒါကြောင့်လည်း နိုင်ငံတော်က၊ အစိုးရက တာဝန်ယူတဲ့ လွတ်လပ်တဲ့ ပညာသင်ကြားခွင့်ဆိုတာ မဖြစ်နိုင်ဘူး။

အဲဒီတော့ ကျနော်တို့မြင်တာက ကျောင်းသားတွေအနေနဲ့ လွတ်လပ်တဲ့ ပညာသင်ကြားခွင့်၊ ကျောင်းသားတွေရဲ့ အခွင့်အရေးကို တိုက်ရိုက်အကာအကွယ်ပေးတဲ့ ကျောင်းသားသမဂ္ဂ၊ ဒါတွေက ဘာတွေနဲ့ ဆက်စပ်နေလဲဆိုရင် အုပ်ချုပ်တဲ့စနစ်တွေ၊ နိုင်ငံတော်ရဲ့ အစိုးရတွေနဲ့ ဆက်စပ်နေတယ်။ အဲဒီတော့ နအဖ ပဲဖြစ်ဖြစ်၊ မဆလ တပါတီ အာဏာရှင်စနစ်ပဲဖြစ်ဖြစ်၊ ဒီဟာတွေအောက်မှာတော့ ကျနော်တို့ လိုလားတဲ့ အရာတွေက မဖြစ်နိုင်ဘူး။ လက်ရှိ ဘာမှ မရနိုင်ဘူး။ ရနိုင်တာကတော့ ဘာလဲဆိုတော့ ဒီစစ်အာဏာရှင်စနစ် ရှိနေသရွေ့ ကျောင်းသားတွေဟာ သွေးမြေကျနေဦးမယ်ဆိုတာပါပဲ။ ဒါက သဘာဝဖြစ်တာကိုး။ ဒါကြောင့် တိုးတက်တဲ့ကျောင်းသား၊ တိုးတက်တဲ့ လူငယ်တွေဟာ ဒီလို ခေတ်စနစ်အောက်မှာ မွေးဖွားလာဦးမှာပဲ။ ကျောင်းသားတွေက ခေါင်းငုံ့ခံမှာ မဟုတ်ဘူး။ မခံတော့ ဘာဖြစ်မလဲဆိုတော့ ကိုဖုန်းမော်တို့လို၊ ကိုစိုးနိုင်တို့လို ဆက်လက်တိုက်ပွဲဝင်ရင်း အကျအဆုံး နည်းပါစေလို့ ကျနော်တော့ ဆုတောင်းချင်ပါတယ်။
အသက် ၂၃ နှစ်၊ ၂၄ နှစ်အရွယ်မှာဖြစ်ခဲ့တဲ့ ကိုဖုန်းမော်တို့ ခေတ်ကာလကို ဒီကနေ့ ပြန်လှည့်ကြည့်တဲ့အခါ အဲဒီတုန်းက အသက်အရွယ်အားဖြင့် ငယ်ပင်ငယ်သော်လည်းပဲ ကိုယ်လျှောက်လှမ်းခဲ့တဲ့ ကိုယ့်ရပ်တည်ချက်က မှန်ခဲ့ပါလားဆိုပြီး ပြန်တွေ့တယ်လို့ ကိုသံဒုတ်က ပြောတယ်ပေါ့လေ။ ဒီကနေ့ ကျောင်းသားတွေရဲ့ ရပ်တည်ချက်ကိုလည်း ကိုသံဒုတ်က ယုံကြည်ထားတယ်ဆိုတော့ ကျောင်းသားတွေရဲ့ ပင်ကိုယ်သဘာဝပေါ့နော်၊ အထူးသဖြင့် ခေတ်ကြီးစနစ်ကြီးတွေနဲ့အပြိုင် တိုးတက်တဲ့အမြင်တွေ ဘာကြောင့် ရနေတယ်လို့ ထင်လဲ။
အဲဒါက လူတယောက်ရဲ့ လက်တွေ့ဘ၀၊ ဖြတ်သန်းမှု ကြုံတွေ့မှုတွေနဲ့ တိုက်ရိုက် ဆက်စပ် နေတယ်လို့ ကျနော်က အဲလိုမြင်တယ်။ နိုင်ငံရေးစကားအနေနဲ့ ပြောမယ်ဆိုရင် မြန်မာပြည်ရဲ့ နိုင်ငံရေး၊ ကျောင်းသားသမိုင်းက အလွန်အင်မတန်မှ ကြီးကျယ်မြင့်မြတ်ဂုဏ်ယူစရာပါ။ အဲဒါက တပိုင်း။

နောက်တချက်က လူတွေရဲ့ ဘ၀ဖြတ်သန်းမှု ဖြစ်စဉ်ပေါ့။ ဟိုတခေတ်က ဥပမာတခုကို ကြည့်မယ်ဆိုရင် ကျောင်းလခက ၃၀၊ အဆောင်ကြေးက ၁၂၀-၁၅၀ ပေါ့နော်။ အဲဒီအချိန် အထက်တန်းပြ ဆရာတယောက်ရဲ့ လခက ၁၅၀။ ဥပမာ - ကျောင်းသား တယောက် ဆိုရင် ၃၀၀-၃၅၀ မရှိဘဲနဲ့ တက္ကသိုလ်တက်လို့ မရနိုင်ဘူး။ ဒါက စာအုပ်ဖိုးတွေဘာတွေ မပါသေးဘူး။ ကျောင်းသားရဲ့ မိဘက ၀န်ထမ်းဖြစ်တယ်ဆိုရင် ရန်ကုန်တက္ကသိုလ်မှာ ကျောင်းထားဖို့ဆိုတာ အလွန်အင်မတန်မှ ခက်ခဲတယ်။ အဲဒီတော့ ကျနော်တို့ ကျောင်းသားတွေရဲ့ ဘ၀ပေးအခြေအနေကိုက မဆလကို လက်ခံနိုင်စရာမရှိဘူး။

ကျောင်းသားတွေက တိုးတက်တဲ့လူငယ်တွေ၊ စဉ်းစားဆင်ခြင် တွေးတောနေကြတဲ့ လူငယ်တွေ၊ နောက်ပြီးတော့ ဘ၀တွေကို သုံးသပ် နေကြတဲ့ လူငယ်တွေ၊ ပညာတွေကို သုံးသပ်နေတဲ့ လူငယ်တွေ။ တက္ကသိုလ် ကျောင်းသားတွေ ဆိုတာက စစ်တပ်လို ဘောင်နဲ့ လူတွေကို လုပ်ထားလို့ မရဘူး။ အဲဒီတော့ သူတို့ရဲ့ ဘ၀ကိုက၊ ကျောင်းသားတွေရဲ့ ဗီဇစရိုက်ကိုက ဒီစစ်အာဏာရှင် စနစ်၊ တချိန်က ဆိုရင် မဆလ တပါတီအာဏာရှင်စနစ်ကို လက်ခံနိုင်မှုဆိုတာ ရှားပါးတယ်လေ။ အဲဒါကို သွားတွေ့ရတယ်။ ဒါက သူတို့ကို ဘယ်သူကမှ မြှောက်ပေးတာ မဟုတ်ဘူး။ သူတို့ရဲ့ဘ၀၊ သူတို့ရဲ့ ဗီဇစရိုက်၊ သူတို့ရဲ့ ဖြတ်သန်းခဲ့တဲ့ ပတ်ဝန်းကျင် အခြေအနေကိုယ်၌က ဆင်းရဲတယ်၊ မိဘတွေရဲ့ အခြေအနေက စီးပွားရေးအင်အား ချို့တဲ့တယ်။ ဒါ့အပြင် တပါတီအာဏာရှင်စနစ်ရဲ့ ဖိနှိပ်မှုတွေကို ကျောင်းသားတွေက နေ့စဉ်ကြုံတွေ့နေရတာ။ အဲဒီတော့ အဲဒါဘ၀တွေ ကိုယ်၌က တိုးတက်တဲ့ လူငယ်တွေ ဖြစ်လာပြီးတော့ တပါတီအာဏာရှင်စနစ်ကို အလိုအလျောက် ဆန့်ကျင်နေကြတဲ့ သူတို့ရဲ့ ပြောဆိုဆွေးနွေးချက်တွေ၊ အသံတွေကို ကျနော် အသက် ၂၃-၂၄ အရွယ်ကတည်းက ကြားနေရတာ။ သူတို့ဟာ နိုင်ငံရေးသမားတွေ မဟုတ်ဘူး။ ဒါက သူတို့ရဲ့ ဘ၀ပေးအသိကနေ ပေါ်ထွက်လာတဲ့ ဆန့်ကျင်မှုတွေလို့ ကျနော်ကတော့ မြင်ပါတယ်။
ကျောင်းသားဆိုတာ ခေတ်ရယ်၊ စနစ်ရယ်၊ ပတ်ဝန်းကျင် အခြေအနေရယ်က တောင်းဆိုပြဋ္ဌာန်းလိုက်တဲ့အတွက် တွန်းကန် တော်လှန်မှုတွေ၊ တိုက်ပွဲတွေ၊ ဖိနှိပ်မှုကို ဆန့်ကျင်အံတုတဲ့ လှုပ်ရှားမှုတွေ ဖြစ်လာခဲ့တယ်ပေါ့နော်။ လက်ရှိ အခြေအနေကျ ခေတ်က၊ စနစ်က ပိုပြီး ကျပ်တည်းလာတယ်၊ ဆင်းရဲချို့တဲ့မှုတွေက ပိုပြီး ထူထပ်လာတယ်ဆိုတော့ ဒီခေတ် စနစ်နဲ့အတူ လိုက်လျော ညီထွေရှိတဲ့ ကျောင်းသား လှုပ်ရှားမှု၊ ကျောင်းသားတွေရဲ့ ရှေ့ဆောင်ဦးရွက် အခန်းကဏ္ဍကို ဘယ်လိုမြင်တွေ့နေရလဲဗျ။
၈၈ ထွက်လာပြီး နောက်ပိုင်းပေါ့နော်၊ ၉၆-၉၇ ရှိတယ်။ ၂၀၀၇ ရှိတယ်။ ဒဂုံအရေးအခင်း ရှိတယ်။ အဲဒီတော့ ဒါတွေကို နအဖ စစ်အစိုးရက ကျောင်းသား လူငယ်ထုတွေ အနေအထားကို ကောင်းကောင်း သိတယ်။ ၆၂ ကတည်းက ကျောင်းသားလှုပ်ရှားမှုတွေနဲ့ ယဉ်ပါးခဲ့တဲ့၊ ချေမှုန်းခဲ့တဲ့၊ အတွေ့အကြုံရှိတဲ့ အစိုးရတရပ်ပါ။ ထို့အတူပဲ ကျနော်တို့ ကျောင်းသားတွေကလည်းပဲ စစ်အာဏာရှင် စနစ်ကို ဘယ်လိုဆန့်ကျင်တော်လှန်ရမယ် ဆိုတာကို အတွေ့အကြုံရှိတယ်၊ ဗီဇစိတ် ပြင်းထန်တယ်။ အဲဒီတော့ အဖိနှိပ်ခံဘ၀က လွတ်မြောက်ဖို့၊ လူထုဘက်က ရပ်ခံပြီးတော့ ဆန့်ကျင်တော်လှန်ဖို့၊ ကျောင်းသား အခွင့်အရေးအတွက် တော်လှန်ဖို့ ဒီ ကျောင်းသားစိတ်ဓာတ်တွေဟာ ဘယ်တော့မှ မတိမ်ကောဘဲနဲ့ ဒီကနေ့ မြန်မာပြည်မှာ အခိုင်အမာ ရှိနေသေးတယ်လို့ ကျနော်က ယုံကြည်တယ်။ ဒါကြောင့်လည်း ဒဂုံမှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေက သက်သေထူနေတာပဲခင်ဗျ။

နောက်ဆုံး အနေနဲ့ မေးချင်ပါတယ်။ ကိုဖုန်းမော် အပါအ၀င် ခေတ်အဆက်ဆက်က ဒီနေ့ဒီကာလအထိ ပြည်သူလူထုအကျိုးအတွက်၊ အဖိနှိပ်ခံဘက်ကနေ ရပ်တည်ပြီးတော့ စွန့်လွှတ်စွန့်စားနဲ့ နည်းလမ်းပေါင်းစုံ တိုက်ပွဲနေတဲ့ ကျောင်းသားတွေကို ကိုသံဒုတ်အနေနဲ့ ကိုဖုန်းမော်နေ့ အမှတ်တရအဖြစ် ဘယ်လိုစကားမျိုး ပြောချင်လဲခင်ဗျ။

ကျနော်တို့က ရန်ကုန် စက်မှုတက္ကသိုလ်ကပါ။ ကျနော် ကျောင်းသားရဲဘော် သံဒုတ်ပါ။ ကျနော်တို့ကတော့ သေတဲ့အထိပေါ့နော်၊ စစ်အာဏာရှင်စနစ် အကြွင်းမရှိ ချုပ်ငြိမ်းတဲ့အထိ ကျနော်တို့တွေဟာ ဘယ်ကျောင်းမှ မတက်ဘူး၊ ဆက်လက် တိုက်ပွဲဝင်သွားမယ် ဆိုတာကို ပြည်တွင်း ပြည်ပက ကျောင်းသားတွေကိုရော၊ အရင်တချိန်မှာ လုပ်ခဲ့တဲ့ ၈၈ က ကျောင်းသားသူငယ်ချင်းတွေရောကို ကျနော်တို့က ပြောကြားလိုတယ်၊ ကျနော်တို့ ဘယ်တော့မှ စွန့်လွှတ်မှာ မဟုတ်ဘူး။ ဖုန်းမော်စိတ်ဓာတ်နဲ့ အတူ မြန်မာပြည်က အဖိနှိပ်ခံ ပြည်သူတွေ လွတ်မြောက်တဲ့ အထိ ပြီးဆုံးတဲ့အထိ၊ ကျောင်းသားတွေဟာ ကျောင်းသား သမဂ္ဂကို ကိုယ့်ခြေ ကိုယ့်လက်နဲ့ ခိုင်ခိုင်မာမာ တည်ဆောက်နိုင်တဲ့ အထိ ကျနော်တို့က ဆက်လက်တိုက်ပွဲဝင်သွားမယ်။ ထို့အတူပဲ ဖိနှိပ်ကြမ်းတမ်းနေတဲ့ နိုင်ငံရေး အခြေအနေ အောက်မှာ ကိုမင်းကိုနိုင်နဲ့ တော်လှန်နေတဲ့ ကျောင်းသား အားလုံးကို ကျနော်တို့က အလေးပြုပါတယ်။

ရက်စွဲ မှတ်တမ်း

(ဖုံးမော်မှသည် ...)

၁။ ၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင် ရန်ကုန် စက်မှုတက္ကသိုလ် (RIT) ပဉ္စမနှစ်ကျောင်းသား ကိုဖုန်းမော် သေနတ်ဒဏ်ရာဖြင့် သေဆုံး။

၂။ အာဏာရ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) အစိုးရက ယင်းသေဆုံးမှုမှာ RIT အနီးဝန်းကျင်နေ ပြည်သူများနှင့် စက်မှုကျောင်းသားများ ခိုက်ရန်ဖြစ်ပွားရာမှ သေဆုံးရခြင်းဖြစ်ဟု နိုင်ငံပိုင်သတင်းစာများမှ သတင်းထုတ်ပြန်။

၃။ မတ်လ ၁၄ ရက်နေ့တွင် ကြိမ်ဒိုင်းနှင့် နံပါတ်ဒုတ်ကိုင် လုံထိန်းအမြောက်အမြားက RIT ကျောင်းဝန်းကျင်သို့ ရောက်ရှိစောင့်ကြပ်။ ကျောင်းသားများက ကိုဖုန်းမော် သေဆုံးမှုနှင့် ပတ်သက်၍ ဖြစ်ရပ်မှန်ကို အခြား တက္ကသိုလ်ကျောင်းများသို့ လိုက်လံအသိပေး ရှင်းလင်းပြ။

၎။ မတ်လ ၁၅ ရက်နေ့တွင် RIT ကျောင်းဝင်းအတွင်း လုံထိန်းနှင့် စစ်သား ၆၀၀ ခန့် ၀င်ရောက်စီးနင်းကာ ကျောင်းသားများကို နံပါတ်ဒုတ်များဖြင့် ရိုက်နှက်၊ ကျောင်းသား ၃-၄၀၀ ခန့်အား စစ်ကားများပေါ် တင်၍ ဖမ်းဆီးခေါ်ဆောင်သွား။

အစိုးရဘက်ကမူ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အနှောင့်အယှက်ပြု ဆူပူသူ ကျောင်းသားများအား ထိရောက်စွာ အရေးယူမည်ဟု ကြေညာ။

၅။ မတ်လ ၁၆ ရက်နေ့တွင် အင်းလျားကန်ဘောင်ဘက်ရှိ ရန်ကုန် ၀ိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် ကျောင်းဝင်းအတွင်း၌ ကျောင်းသား ထောင်ပေါင်းများစွာက ဖက်ဆစ်အစိုးရ ဖြုတ်ချရေး၊ ဒီမိုကရေစီ ရရှိရေးနှင့် တပါတီစနစ် ကျဆုံးပါစေ ဟူသော ကြွေးကြော်သံများ အော်ဟစ်ကာ ဟောပြောပွဲများ ကျင်းပကြ။

ကျောင်းသားများစွာသည် တက္ကသိုလ်ဝင်းအတွင်းမှ လမ်းပေါ်တက် ဆန္ဒပြချီတက်လာရာ အင်းလျားကန်ဘောင်နှင့် ပြည်လမ်းမကြားရှိ တံတားဖြူဟု လူသိများသော မြောင်းကူးတံတားအလွန်တွင် လုံထိန်းတပ်က နံပါတ်ဒုတ်များဖြင့် ရိုက်နှက်ရာ ရာနှင့်ချီ၍ သေဆုံးဒဏ်ရာရ၊ ဖမ်းဆီးခံရ။ နောက်ပိုင်းတွင် တံတားနီအရေးအခင်းဟု ကျော်ကြား။

၆။ မတ်လ ၁၇ ရက်နေ့တွင် အစိုးရက စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ကာ ကိုဖုန်းမော် သေဆုံးမှုသည် ဓားဒဏ်ရာနှင့် မဟုတ်ဘဲ၊ သေနတ်ဒဏ်ရာနှင့်ဟူ၍ ၀န်ခံပြောဆို၊ သို့သော် တံတားနီ အရေးအခင်းနှင့် ပတ်သက်၍မူ တခွန်းတပါဒမျှ ထုတ်ဖော်ပြောဆိုခြင်း မရှိ။

၇။ မတ်လ ၁၄-၁၅-၁၆-၁၇ ရက်နေ့များအတွင်း တက္ကသိုလ်ကျောင်းသားများ၏ ဆွေးနွေးပွဲများမှ ကိုဖုန်းမော်သေဆုံးမှုနှင့် ပတ်သက်၍ သတင်းအမှန် ထုတ်ပြန်ရန်နှင့် သင့်တင့်လျောက်ပတ်သော ဈာပန ပြုလုပ်ပေးရန် တောင်းဆို။

၈။ မတ်လ ၁၇ ရက်နေ့တွင် တက္ကသိုလ် ကျောင်းသားအားလုံးကို အစိုးရက စရိတ်ထုတ်ပေးပြီး အိမ်ပြန်စေခဲ့ကာ ကျောင်းများ ပိတ်ပစ်။

၉။ အိမ်ပြန်ရောက်လာသည့် ကျောင်းသားများကြောင့် နိုင်ငံတ၀ှမ်းရှိ ပြည်သူများ ကိုဖုန်းမော် အသတ်ခံရမှုအပြင် စစ်တပ်မှ ကျောင်းအတွင်း ၀င်ရောက်ကာ ကျောင်းသားများကို အင်အားသုံး ဖမ်းဆီးခဲ့သည့် သတင်းအမှန် သိရှိခဲ့ရပြီး၊ နိုင်ငံတ၀ှမ်း မကျေနပ်မှုများ ဖြစ်လာ။

၁၀။ ၁၉၈၈ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ဖမ်းဆီးခံ ကျောင်းသားများ ပြန်လွတ်လာပြီး BBC နှင့် VOA က ယင်းကျောင်းသားများနှင့် တွေ့ဆုံမေးမြန်းမှု ပြုလုပ်ကာ သတင်းထုတ်လွှင့်သဖြင့် ထောင်ထဲတွင် အာဏာပိုင်များ၏ နှိပ်စက်ပုံများနှင့် နေထိုင်ခဲ့ရပုံများကို အများပြည်သူ သိရှိခဲ့ရ။

၁၁။ သြဂုတ်လ ၈ ရက်နေ့တွင် - ၁၉၈၇ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့က ဖြစ်ပွားခဲ့သော ၂၅၊ ၃၅ နှင့် ၇၅ ကျပ်တန်များအား အစိုးရက ဖျက်သိမ်းလိုက်ကြောင်း ကြေညာခဲ့သည့်အပေါ် မကျေမနပ်ဖြစ်နေသော ပြည်သူများက ကိုဖုန်းမော် ပစ်ခတ်သေဆုံးမှုကို အကြောင်းရင်းခံကာ မဆလ အစိုးရကို ညီညွတ်စွာ တော်လှန်အုံကြွရာမှ ရှစ်လေးလုံး အရေးတော်ပုံ ပေါ်ပေါက်လာ။

၁၂။ သြဂုတ်လ ၂၆ ရက်နေ့တွင် လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဒေါ်အောင်ဆန်းစုကြည်က ရွှေတိဂုံအနောက်မုဒ်တွင် လူထု ၅ သိန်းခန့် တက်ရောက်သော လူထုတရားဟောပွဲတွင် ဟောပြော။

၁၃။ စက်တင်ဘာလ ၁၃ ရက်နေ့တွင် ယင်းအဖွဲ့က ၀န်ကြီးချုပ်ဟောင်းဦးနု၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဗိုလ်ရန်နိုင်၊ ဦးအောင်ကြီးတို့နှင့် တွေ့ဆုံပြီး ကြားဖြတ်အစိုးရတရပ် ဖွဲ့စည်းရန် ဆွေးနွေး။

၁၄။ ကြားဖြတ်အစိုးရ မဖြစ်ပေါ်ခဲ့ဘဲ၊ ယနေ့ အထိ စစ်တပ်က နိုင်ငံတော် အာဏာကို ချုပ်ကိုင်ထားဆဲ။

ခုနှစ်အား ပြန်လည် ပြင်ဆင်၍ ထပ်မံ ဖော်ပြခြင်း ဖြစ်ပါသည်။

source by : မဇ္ဈိမ
Previous Post Next Post

Contact Form