ကိုအေးမင်းနိုင်တို့ ၇ ဦးအဖွဲ့ကို ထောင်ဒဏ်တွေ ပေးလိုက်ပြန်ပြီ

ခင်နှင်းထက် | အေဘီအက်စ်ဒီအက်ဖ် ကျောင်းသားတပ်မတော်နဲ့ ဆက်သွယ်မှု အပါအဝင် ဖောက်ခွဲမှုတွေနဲ့ ဖမ်းထားတဲ့ ကိုအေးမင်းနိုင်တို့ ၇ ဦးအဖွဲ့ကို အရှေ့ပိုင်းခရိုင်တရားရုံးက ထောင်ဒဏ်စီရင်ချက်တွေ ဒီနေ့ ထပ်မံချမှတ် လိုက်ပါတယ်။

ကိုအေးမင်းနိုင်နဲ့ သူ့ဇနီး မစမ်းစမ်းမော် အပါအဝင် ၆ ဦးကို ဖောက်ခွဲပုဒ်မ ၄-ကနဲ့ ထောင်ဒဏ်၇ နှစ်စီ၊ ကိုကျော်စွာလင်းကို ဖောက်ခွဲပုဒ်မ ၃နဲ့ ထောင်ဒဏ် ၁ဝနှစ် ချမှတ် လိုက်တာလို့ အမှုလိုက်ရှေ့နေ ဦးကျော်ဟိုးက ပြောပါတယ်။

သူတို့ ၇ ဦးကို ၂ဝဝ၅ ခုနှစ်က ဖြစ်ခဲ့တဲ့ ရွှေမန်းသူ ကားဝင်းအတွင်း ဗုံးပေါက် ကွဲမှုနဲ့ တရားစွဲခဲ့တာပါ၊ အကျိုးဆောင်ရှေ့နေ ဦးကျော်ဟိုးကတော့ ဗုံးဖောက်ခွဲမှုနဲ့ ပတ်သက်တယ် ဆိုတဲ့ သက်သေ အထောက်အထား မပြနိုင်ဘဲ သူတို့ကို ထောင်ဒဏ် အပြစ်ပေး လိုက်တာလို့ အခုလို ပြောပါတယ်။

“ဘာမှလည်း မရှိဘူး။ ဘာသက်သေခံ ပစ္စည်းမှလည်း မတင်ပြဘူး။ ဘာမှ သက်သေခံပစ္စည်းလည်း မရှိဘူးဗျာ၊ မျက်မြင်သက်သေလည်း မရှိဘူး၊ နောက် ပါဝင် ပတ်သက်တယ်ဆိုတဲ့ ဘာအထောက်အထားမှလည်း မရှိဘူး၊ ခိုင်လုံမှု မရှိတာ မဟုတ်ဘူး၊ ရှိကို မရှိတာ၊ သူတို့ကို ဘာနဲ့ အပြစ်ပေးလိုက်လဲဆိုတော့ ရဲတွေရဲ့ စစ်ဆေးချက်ပေါ့ဗျာ၊ ရဲတွေရဲ့စစ်ကြောမေးမြန်းချက် ဆိုပြီးတော့ ရဲရှေ့ အစစ်ခံချက် သက်သေခံမဝင်တဲ့ တဆင့်ကြားတွေပေါ့။ အဲဒါတွေနဲ့ သုံးသပ်ပြီးတော့ အပြစ်ပေး လိုက်တာပေါ့၊ ကျနော်တို့ဘက်ကတော့ ဒီ ချတဲ့အမိန့်ကိုတော့ မကျေနပ်ဘူးပေါ့ လေ၊ ဘာဖြစ်လို့လဲဆိုတော့ ဒါက ကျနော်တို့ ဥပဒေအရ ပြောရင် ဘာ အထောက် အထားမှ မရှိဘဲ ချတာ၊ ဒါက အကြီးအကျယ် မှားယွင်းတာပေါ့၊”

ကိုအေးမင်းနိုင်တို့အတွက် ဥပဒေကြောင်းအရ အယူခံ ဆက်တက်သွားမယ်လို့လည်း သူက ပြောပါတယ်။

ဒီကနေ့ ထောင်ဒဏ်ချမှတ်ခံရသူတွေကတော့ ကိုအေးမင်းနိုင်နဲ့သူ့ဇနီး မစမ်းစမ်းမော်၊ ကိုကျော်ဇင်ဦး၊ကိုကျော်စွာလင်း၊ ကိုဇော်လွင်၊ ကိုထက်ကိုလွင်နဲ့ ဒေါ်ခင်ရည်တို့ ဖြစ်ပါတယ်။

သူတို့ ၇ ဦးကို ၂ဝဝ၈ ခုနှစ်အတွင်းမှာ ဖမ်းဆီးခဲ့ပြီး ဖောက်ခွဲမှု။ တရားမဝင် အသင်းနဲ့ဆက်သွယ်မှု။ လက်နက်မှု စတဲ့ပုဒ်မတွေနဲ့ ထောင်ဒဏ် အနှစ် ၂ဝ ကနေ ၃၈ နှစ်အထိ ချမှတ်ခဲ့ပါတယ်။

အဲဒီနောက် ၂ဝဝ၄ နဲ့ ၂ဝဝ၅ ခုနှစ်တွေ အတွင်းက ဖြစ်ပွားခဲ့တဲ့ ရန်ကုန် ပန်းဆိုးတန်းလမ်းက ပန်နိုရားမားဟိုတယ် ပေါက်ကွဲမှုနဲ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ ဇော်ဂျီဟောက်စ် စားသောက်ဆိုင် ပေါက်ကွဲမှုတွေနဲ့လည်း ထောင်ဒဏ်အနှစ် ၂ဝ စီ ချမှတ်ခဲ့ပြီး ဖြစ်ပါတယ်။

source by : http://burmese.dvb.no
Previous Post Next Post

Contact Form