တို့မီး ရှို့မီး မလုပ်ပါနဲ့ ငါးမင်းဆွေ

လောက နီတိလေး နှစ်ပိုဒ် ရှိပါတယ်။ မိတ္တ ကဏ္ဍ မှာပါ။

အပိုဒ် ၆၈ မှာ -                အနာသည် မိမိကိုယ်၌ ဖြစ်လျက် မိမိအကျိုးကို မရွက်ဆောင် ဆေးပင် ဆေးရွက်သည် တော၌ ဖြစ်လျက် အကျိုးကို ဖြစ်စေနိုင်၏။

အပိုဒ် ၆၉ မှာ -                ကိုယ့် အကျိုးစီးပွားကို ရွက်ဆောင်မူ သူစိမ်းပင်ဖြစ်လင့်ကစား အဆွေအမျိုးဟု မှတ်ယူရာ၏။ ကိုယ့်အကျိုး စီးပွားကို မရွက်ဆောင်လျှင် မိတ်ဆွေ ရင်းချာပင် ဖြစ်လင့် ကစား သူစိမ်းဟု မှတ်ယူရာ၏ .. တဲ့။ “နီတိ” ဆိုတာ ဘုရားဟောတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ရှည်ကြာလှတဲ့ လူ့သမိုင်း အတွင်းမှာ လောက လူသားတွေ သိမှတ် လိုက်နာအပ်တဲ့ လူမှုကျင့်ဝတ် (Social Conduct)နဲ့ လူမှု စည်းကမ်း (Social Discipline) နဲ့ ဆိုင်တဲ့ မှတ်သားစရာ အဆိုအမိန့်တွေ ဖြစ်တာတော့ ငြင်းစရာ မရှိပါဘူး။ ဒီကနေ့ ကျွန်တော်တို့ နိုင်ငံမှာ ဖြစ်နေတဲ့ အငြင်းပွားမှု ဆိုဆို ပြဿနာ လို့ပဲ ပြောပြော အသံ ကျယ်လောင် နေတာက စီးပွားရေး ပိတ်ဆို့မှု အပေါ် သဘောထားတာ တစ်ခု အပါအ၀င် ဖြစ်နေပါတယ်။

လက်ရှိ အုပ်ချုပ်နေတဲ့ စစ်အစိုးရ ဘက်က ရပ်တည်ပြီး ရှေ့နေ လိုက်ပေးနေကြတဲ့ စီးပွားရေး သမားတွေလား၊ ပညာရှင်တွေလား ခွဲခြားရ ခက်တဲ့ လူတွင်ကျယ် တွေရဲ့အသံလဲ ကြားရပါတယ်။ တအား ငြင်းနေတဲ့ ငါးမင်းဆွေ လိုလူကလဲ (၁၈.၂.၁၁)နေ့ သတင်းစာမှာ စာလုံးမဲကြီးတွေနဲ့ ပြူးပြဲ အော်ဟစ် နေတာတွေ ဖတ်လိုက်ရပါတယ်။

အာဏာနဲ့ နှိပ်ကွပ်နေသူနဲ့ အနှိပ်ကွပ်ခံ ပြည်သူတွေရဲ့ကြားမှာ အားသာနေရာဘက်က ရပ်ပြီး အော်ပြရဲတဲ့ သတ္တိရှင်ကြီးက အဖိနှိပ်ခံ ပြည်သူတွေအတွက် စွန့်လွှတ် စွန့်စားနေတဲ့ လူထုခေါင်းဆောင်တစ်ယောက်နဲ့ ကိုယ့်ကိုယ်ကို တစ်တန်းတည်းထားပြီး ဈာန်းတင် ပြောရဲတာကိုလဲ အံ့သြ ရပါရဲ့။ သြော်… ဒီလိုမျိုးလဲ ရှိတတ်သကိုး … လို့ မှတ်လိုက် ရပါရဲ့။ သူကလဲ မဟတ္တမဂန္ဓီကြီးရဲ့ အကြမ်းမဖက် လမ်းစဉ်ကို အတူတူပဲ ယုံကြည်တယ် ဆိုကိုး။

ဒါပေမဲ့ သူ့အကြမ်း မဖက်ရေး လမ်းစဉ်က နှိပ်ကွပ် သလောက် ငြိမ်ခံရေးနဲ့ မတုန့်ပြန်ရေးလို့ အဓိပ္ပါယ် ဖွင့်ပုံရပါတယ် တစ်ဖက်သတ် ရိုက်နှက် ထိုးကြိတ်နေသူက အချိန်တန်လို့ လက်ညောင်းရင် ရပ်သွားမှာပေါ့ ။ ရိုက်လို့ အားရရင် နားသွားမှာပေါ့၊ ဘာလို့ အော်ဟစ် နေရတာလဲ။ အရိုက်ခံ နေရတဲ့ အတွက် အော်ပြီး အကူအညီ တောင်းတာဟာ ရိုက်နေသူ အပေါ်ကို အကြမ်းဖက် တုန့်ပြန် တာပဲလို့ စွပ်စွဲ အပြစ်တင် ထားတာ တွေ့ရတယ်။ ဒီလို အတွေးမျိုးကို ဘယ်လို နှလုံးသားက ဘယ်လို ဦးဏှောက်မျိုးက ထွက်လာပါလိမ့် မလဲ လို့ တအံ့တသြ စဉ်းစားမိတယ်ဗျာ။ “မဖြစ်ဖူးမြဲ ထူကဲ လှပေစွ”လို့ ဆိုရမှာ ပါပဲ။

စီးပွားရေး ပိတ်ဆို့မှု တွေက ဘယ်က စလို့ ဘာကြောင့် ပေါ်ပေါက်ခဲ့ရတာလဲဆိုတဲ့ အကြောင်းတရားမှန် သမိုင်း အဖြစ်အပျက် တွေကိုတော့ လုံးဝ ပြည်ဖုံး ကားချပြီး ပြောသွားတာ တွေ့ရပါတယ်။ တကယ်တော့ ပထမဆုံး စီးပွားရေး ပိတ်ဆို့မှုက ၁၉၉၇ ခုနှစ်မှာ စခဲ့တာပါ။ အကြောင်းရင်းက တိုင်းရင်းသား ဒေသတွေမှာ စစ်တပ်က ကျူးလွန်တဲ့ အဓမ္မမှုတွေကို အရေးယူဘို့ ပျက်ကွက် တာတွေ၊ ကျေးရွာတွေ အဓမ္မ ရွှေ့ပြောင်း တာတွေ ကြောင့်ပါ။ ၁၉၉၆ ခုနှစ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနဲ့ ဦးကြည်မောင်တို့အဖွဲ့ကို ကမ္ဘာအေးဘုရားလမ်းပေါ်မှာ တစ်ခြား ကားတွေကို လပ်းပိတ် ရှင်းလင်း ထားပြီး ကြံဖွံ့ အုပ်စုတွေနဲ့ (လုံခြုံရေး တွေရဲ့ ရှေ့မှောက်မှာ) ၀ိုင်းဝန်း ရိုက်နှက် လုပ်ခဲ့ကြတာလဲ အကြောင်း တစ်ခုပါမယ် ထင်ပါတယ်။ အဓိက ကတော့ ၁၉၉၇ ခုနှစ်မှာ အမေရိကန် နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ် အဖြစ် တာဝန်ယူနေ တဲ့ Ms Meldrine Albright မြန်မာပြည် အလည် လာစဉ် လူ့ အခွင့်အရေး ချိုးဖေါက်မှု ကိစ္စ ဆွေးနွေးရာမှာ မပြေမလည် ခဲ့တာတွေကြောင့် ဆိုတာ ပေါ်ပေါက် လာပါတယ်။ ပိတ်ဆို့တာကလဲ “ ရင်းနှီးမြှုပ်နှံမှု အသစ် ထပ်မလုပ်ရ” ဆိုတာပါဘဲ။

တစ်ခါ - ဒုတိယ ပိတ်ဆို့မှုရဲ့ အကြောင်းကလဲ ၂၀၀၃ ခုနှစ် ဒီပဲရင်းမှာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးတို့ရဲ့ ခရီးစဉ်မှာ ဒေါ်စုကို အပြတ်ရှင်း လုပ်ကြံဘို့ ကြိုးပမ်းခဲ့တဲ့ လူအသေ အပျောက်တွေ ရှိတဲ့ အကြမ်းဖက်မှု လုပ်ရပ်ကြီး ဖြစ်ပြီးတော့မှပါ။ အကြွင်းမဲ့ အာဏာကို ချုပ်ကိုင်ပြီး ရက်စက်တဲ့ အကြမ်းဖက်မှု တွေကြောင့် ဖြစ်ပ်ါလာခဲ့တာ တွေ့ရပါတယ်။ ပိတ်ဆို့မှုကလဲ “ ကုန်သွယ်မှု ငွေပေးငွေယူကို အမေရိကန် နိုင်ငံသားတွေ မြန်မာနိုင်ငံနဲ့ မလုပ်ဘို့၊ ဗိုလ်ချုပ်ကြီးများရဲ့ မိသားစု ပိုင်ဆိုင်မှု၊ ခရီးသွားလာမှု ပိတ်ပင်ခဲ့တာပါ။ ”

တတိယ ပိတ်ဆို့မှုကလဲ အတ္တ ဆိုတဲ့ တိမ်သလ္လာမဖုန်းဘဲ မျက်လုံးကောင်းတဲ့ နိုင်ငံသူ နိုင်ငံသားတိုင်း မြင်ခဲ့၊ တွေ့ခဲ့၊ ကြုံခဲ့၊ ကြေကွဲခဲ့ရတဲ့ ၂၀၀၇ ခုနှစ် သံဃာ့အရေးအခင်းကြီးမှာ သွေးချောင်းစီး နှိပ်ကွပ်ခဲ့တာရဲ့ အကျိုးဆက်ဖြစ်ခဲ့တာပါ။ ပိတ်ဆို့မှုကလဲ “မြန်မာနိုင်ငံက ကျောက်မျက် ရတနာတွေကို အမေရိကန်နိုင်ငံအတွင်း တင်သွင်းခွင့် ပိတ်ခဲ့တာပါ။”

အဲဒီ အမှန်တရားတွေကို မျက်ကွယ် မပြုဘူးဆိုရင် ၊ လူသားပီသတဲ့ စိတ်ကောင်း စေတနာ ရှိသူ မှန်ရင်၊ ဒီလို အကြမ်းဖက်မှုမျိုးတွေနဲ့ အုပ်ချုပ်တဲ့ စနစ် ရပ်တန့်ဘို့ကို အကြံပြုကြဘို့ ကောင်းပါတယ်။ ဖြစ်ပြီးတဲ့ ကိစ္စ ရပ်တွေပေါ်မှာ သင်္ခန်းစာ ယူပြီး အဲဒီ အဆိုး သံသရာ ဆက်ပြီး မလည်ကြရအောင် အကြံပြုဘို့ပါ။ အကြွင်းမဲ့ အာဏာနဲ့ အကြမ်းဖက် နှိပ်စက်မှုတွေ ရပ်တန့်မယ်။ အဲဒီလို ရပ်တန့်မဲ့ အခင်းအကျင်း တွေကို ဦးတည်မယ် ဆိုတာနဲ့ စီးပွားရေး ပိတ်ဆို့မှု ဆိုတာတွေဟာ တကြော်ကြော် အော်ဟစ် နေစရာ မလိုပါဘူး။ တိုင်းရင်းသားတွေနဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ ရပ်တန့်ရေး။ မကြားဘူး လောက်အောင် ကြာရှည်တဲ့ ထောင်ဒဏ်တွေနဲ့ ဝေးလံတဲ့ ထောင်တွေကို ပို့ထားခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး၊ ကိုယ့်တစ်ပြည်ထောင်ဖွား နိုင်ငံသား အချင်းချင်း မေတ္တာထား ညှိနှိုင်း ဆောင်ရွက်တဲ့ အခင်းအကျင်းတွေကို အကြံပြုရမဲ့ အစား “ မျက်နှာကြီးရာ ဟင်းဖတ်ပါ ” “ ငါ့စကား နွားရ ” တစ်ဖက်သတ် ပြောဆို နေတာတွေ ကတော့ အတော် စိတ်ပျက်ဘို့ ကောင်းပါတယ်။

“အကြမ်း မဖက်ရေး၏ အဓိပ္ပါယ်မှာ အမှန်တရားကို အခိုင်အမာ ဖော်ပြခြင်း ဖြစ်သည်။ ထိုသို့ ဖော်ပြရာတွင် မိမိနှင့် သဘော မတိုက်ဆိုင်သူ (ရန်သူ) ကို ဒုက္ခပေးခြင်းဖြင့် မဖော်ပြရ။ မိမိကိုယ် မိမိ အနစ်နာ ခံခြင်းဖြင့် ဖော်ပြရမည်ဟု မဟတ္တမ ဂန္ဓီကြီးက အကြမ်းမဖက်ရေး လမ်းစဉ်နှင့် ပတ်သက်သည့် သဘောတရား အနက် အဓိပ္ပါယ် တို့ကို မိန့်ဆိုခဲ့ပါသည်” လို့ ကိုးကား ထားတဲ့ ငါးမင်းဆွေရေ.. ခင်းဗျား ပြောရမဲ့ဘက် မှားနေပြီဗျာ။ တကယ် ဆိုရင် ခင်းဗျား ပြောရမှာက “ လုပ်နေသူတွေ ” ကို ပြောရမှာ။ “ ခံနေရသူတွေ ” ကို ပြောရမှာ မဟုတ်ဘူးဆိုတာ သိဘို့ ကောင်းတယ်။ ပြည်သူတွေ ကတော့ သိနေပါတယ်။ ခင်ဗျား ထင်သလောက် ပြည်သူတွေဟာ မညံ့ကြတော့ပါဘူး။

လူကြီးမင်းရဲ့ ဆောင်းပါး ဖတ်ရလို့ NLD ရဲ့ စာတမ်းကို ရှာပြီး ဖတ်ကြည့်မိပါတယ်။ အဲဒီ ကျတော့မှ လူကြီးမင်း ရန်တိုက် ပေးထားသလို မဟုတ်ဘူး ဆိုတာကို မျက်ဝါး ထင်ထင် တွေ့လိုက် ရတယ်ဗျာ။ အကျယ်ကြီးတော့ မရေးတော့ပါဘူး။ စီးပွားရေး ပိတ်ဆို့မှုအပေါ် NLD ရဲ့ အမြင် အကျဉ်းချုပ်လို့ ကောက်နှုတ် ဖေါ်ပြထားတဲ့ ..

အပိုဒ် ၆ မှာ - မြန်မာနိုင်ငံတွင် လက်ရှိ ရင်းနှီး မြှုပ်နှံထားပြီးသော လုပ်ငန်းများ၊ လာရောက် ရင်းနှီး မြှုပ်နှံရန် ကြံရွယ် နေသော လုပ်ငန်းများ အနေဖြင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိန်းမှု၊ လုပ်သား များ၏ ရပိုင်ခွင့်များကို အကာအကွယ် ပေးမှု၊ လူမှု အဖွဲ့အစည်း တိုးတက် ကောင်းမွန်စေမှု ဟူသော ဆိုင်ရာ လမ်းညွှန်ချက် များကို အလေးထား အသိအမှတ်ပြုပါက လတ်တလော စီးပွားရေး အကြပ်အတည်း များနှင့် ရင်ဆိုင် နေသည့် ပြည်သူလူထု အတွက် သက်သာမှု တစုံတရာ ရရှိစေနိုင်မည် ဖြစ်ပါသည်။

အပိုဒ် ၇ မှာ - စီးပွားရေး ပိတ်ဆို့မှု ဆိုင်ရာ စည်းကမ်းချက်များကို မည်သည့် အချိန်တွင် မည်သို့နှင့် မည်သည့် အခြေအနေများ အောက်၌ ပြုပြင် မွမ်းမံ နိုင်မည်ကို သဘော တူညီမှု ရရှိစေရေး အတွက် အမေရိကန်၊ ဥရောပ သမဂ္ဂအဖွဲ့ဝင် နိုင်ငံများ၊ ကနေဒါ၊ နယူးဇီလန်၊ သြစတေးလျ နိုင်ငံတို့ကို ညှိနှိုင်း ဆွေးနွေးရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တောင်းဆိုပါသည်။ ဤသို့ စဉ်းစားရာတွင် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် တောင့်တင်း ခိုင်မာသည့် စီးပွားရေး အခြေအနေ တို့ကို ထည့်သွင်း စဉ်းစားရန် လိုအပ်ပါသည်။ အများ၏ လေးစားမှုကို ခံယူရရှိပြီး ဖြစ်သော ပညာရှင် အဖွဲ့တခုက စီးပွားရေး ပိတ်ဆို့မှုများ၏ အကျိုးအပြစ်များကို လေ့လာ ဆန်းစစ်နိုင်မည် ဆိုပါလျှင် အဆိုပါ ဆွေးနွေးမှုများကို များစွာ အထောက်အကူပြု အကျိုး ရှိစေမည် ဖြစ်ပါသည်။.. လို့ ဆိုထားတာကို ကြည့်ရင် ပြည်သူ့ အကျိုးကို ရှေးရှုပြီး သတိတရား ကြီးကြီးထားပြီး “ မုန်းစ တိုစေ၊ ချစ်စ ရှည်စေ ” ဆိုတဲ့ သဘောထားကို တွေ့လိုက် ရတယ်ဗျာ။

ဒါကြောင့် အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရန်တိုက် ပေးထားမှ အထင်တွေ လွဲပြီး ကွဲနေမှ ကိုယ်ကျိုးရှာ အရာရောက်မယ် ဆိုတဲ့ မသမာမှုမျိုးဟာ အလွန် စက်ဆုပ်ဘို့ ကောင်းပါတယ်။ တစ်မြေထဲနေ၊ တစ်ရေထဲ သောက်နေပေမဲ့ ကိုယ့်ပြည်သူ့ အကျိုးကို တကယ် စေတနာမှန်နဲ့ အကျိုး မဆောင်တဲ့ “ အနာလို ” လူမျိုးနဲ့ စာရင် အဝေးက “ ဆေးပင် ” က အကျိုး ရှိလိမ့်ဦးမယ်။

အကောင်းဆုံး ကတော့ဗျာ တို့မီး ရှို့မီးတွေ လုပ်ပြီး ကိုယ်ကျိုးရှာ နေမဲ့ အစား ဒီကနေ့ စစ်ဗိုလ်ချုပ်ကြီး တွေကော၊ အခြေခံ တပ်မတော်သားတွေ၊ ပြည်သူတွေ၊ တိုင်းရင်းသား လူမျိုးစုတွေ၊ ပြည်သူ ထောက်ခံတဲ့ ဒေါ်စု အပါအ၀င် ဒီမိုကရေစီ အင်အားစုတွေ၊ နောက်တက်လာမဲ့ အစိုးရသစ်နဲ့ လွှတ်တော်ထဲက လူတွေ၊ ယုံကြည် ညီညွတ်စွာနဲ့ မြန်မာ့ အလွမ်းဇာတ်ကြီးကို တစ်ခန်းရပ်ဘို့ ၀ိုင်းဝန်း ကြိုးစားကြဘို့ ပါဘဲဗျာ..။

လွန်တာရှိရင် ၀န္ဒာမိပါ။

အောင်သန်းကျော် 19.2.11
Previous Post Next Post

Contact Form