ေ-ာက်ရှက် မရှိသော ပြည်ပရောက် ဒေါ်လာစားများ

ဤဆောင်းပါးသည် ပြည်တွင်း နှင့် ပြည်ပ ခွဲခြားလို၍ မဟုတ်ပါ။ တဦး အခက်အခဲ တဦး သိမှ နားလည်မှု ဆိုတာ ရှိလာ နိုင်လိမ့်မယ်လို့ ယုံကြည်၍ ရေးပါသည်။ ပြည်တွင်းမှာ အားတွေ ရှိပြီး ပြည်ပမှာ တကယ် အတွေ့အကြုံ ကောင်းတဲ့ သူတွေ ရှိနေပါတယ်၊ လုပ်နိုင်ခွင့်တွေ ပြောဆို နိုင်ခွင့်တွေ ပြည်ပမှာ ရှိနေပါတယ်။ ဒါကြောင့် ပြည်တွင်း ပြည်ပ အားတွေ ပေါင်းစပ် လိုက်ရင် မြန်မာ နိုင်ငံ ဒီမိုကရေစီရေးဟာ မဝေးဘူးလို့ ယုံကြည် မိပါတယ်။

ခုတလော ဒေါ်လာစား ဆိုသော အသုံးအနူန်းကို ယခင် ကထက် ပို၍ တွေ့မြင် နေရသည်။ ထိုစကားသည် ဘယ်က လာသနည်း။ ရုရှားရောက် စစ်ခွေးများ ဆီမှလာသော စကားလုံး ဖြစ်ပါသည်။ သူတို့ ဘာလို့ သုံးသနည်း။ အဖြေက ရှင်းရှင်းလေးပါ အတိုက်အခံ အချင်းချင်း အထင်အမြင် လွဲစေရန် ရည်ရွယ် သုံးစွဲခဲ့ခြင်း ဖြစ်ပါသည်။ သပ်လျှို သွေးခွဲ ခဲ့တဲ့ စကားလုံးပါ။ သူတို့ ရည်ရွယ်ချက် မအောင်မြင်ခင် ကျွန်တော်တို့ ဒီစကားလုံးကို သုံးသပ်ဖို့ လိုလာပါပြီ။ ဘယ်လို ဒေါ်လာ စားတာလဲ။ ဘယ်လောက် ဘာကြောင့် ဒေါ်လာ စားတာလဲ။

သူတို့ ပြောတဲ့ ဒေါ်လာစားကို ပထမ အဆင့် အနေနဲ့ အဖွဲ့အစည်းတွေ ကနေ သုံးသပ် ပါမယ်။ အဖွဲ့အစည်းမှာ သုံးမျိုးတွေ့ ရပါမယ်။

၁။ နိုင်ငံခြားသား များသာ ပါဝင်သော အဖွဲ့အစည် Amnesty International လို အဖွဲ့အစည်း၊ UNHCR, HumanRights, IJC ကဲ့သို့သော အဖွဲ့အစည်းများ

၂။ နိုင်ငံခြားသားနှင့် မြန်မာ လူမျိုးများ ပေါင်းစပ် ပါဝင်သော အဖွဲ့အစည်း US Campaign for Burma, Burma Campaign Austrlia n Burma Caupaign UK BDC. ကဲ့သို့သော အဖွဲ့အစည်းများ

၃။ မြန်မာ လူမျိုးများသာ ပါဝင်သော အဖွဲ့အစည်း NLD LA ပြည်ပရောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့များ NCUB, တိုင်းရင်းသား အဖွဲ့အစည်း ပေါင်းစုံ၊ ၈၈ မျိုးဆက် ကျောင်းသားများ ကဲ့သို့သော အဖွဲ့အစည်းများ

သူတို့ ဘာတွေ လုပ်သလဲ။

ပထမ ဒီ အဖွဲ့အစည်းတွေ လုပ်တာက သက်ဆိုင်ရာ နိုင်ငံ အစိုးရ အဖွဲ့တွေအပေါ် မြန်မာ စစ်အစိုးရရဲ့ ဖိနှိပ် ရက်စက် မတရားမှုတွေကို တင်ပြခြင်း အရေးယူ ဆောင်ရွက်မှုများ ဖြစ်ပေါ်လာအောင် တိုက်တွန်းခြင်း ၄င်းနိုင်ငံ တို့၏ ပါလီမန်ထဲထိ ၀င်ရောက်၍ မြန်မာ နိုင်ငံ အရေးများ ဆွေးနွေးခြင်းတွေ လုပ်ပါတယ်။ ကုလသမဂ္ဂကို တိုင်ကြားခြင်း နိုင်ငံတကာ စစ်ခုံရုံး လိုခုံရုံး တင်ဖို့ ကိစ္စတွေ ဆောင်ရွက်ပါတယ်။

ထင်ရှားတဲ့ ဥပမာ တခုကို ပြပါမယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် ကာစက Independence သတင်းစာက စစ်ဗိုလ်ချုပ်တွေကို Burma Campaign UK နဲ့ BDC အဖွဲ့တွေက ကြိုးပမ်းနေတဲ့ နိုင်ငံတကာ စစ်ခုံရုံး တင်ဖို့ ကြိုးစားမှုကို အားမပေးဘူးလို့ ရေးသားတာကို နောက်နေ့ မှာပဲ သူမ အနေနဲ့ အဲ့ဒီလို မပြောပါဘူးလို့ ငြင်းဆို ခဲ့ဘူးပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ပြည်ပရောက် အဖွဲ့အစည်းတွေရဲ့ လုပ်ရပ်တွေကို မဆန့်ကျင်ပဲ ထောက်ခံ နေတာပါ။ ပြည်တွင်းက လူတွေ လုပ်နိုင်ခွင့် မရှိတာတွေကို ပြည်ပက လူတွေ လုပ်နေ ပါတယ်။

နောက်ထပ် ဥပမာ တခု ပြပါမယ်။ ဝေနှင်းပွင့်သုံဟာ အင်္ဂလန်နိုင်ငံရဲ့ လစ်ဘရယ် ပါတီ နှစ်ပတ်လည် အစည်းအဝေးမှာ မြန်မာနိုင်ငံ အကြောင်း မိနစ်ပိုင်း ပြောခွင့် ရခဲ့ပါတယ်။ ဒါဟာ ဝေနှင်းပွင့်သုံရဲ့ ကြိုးပမ်းမှု မဟုတ်ပါဘူး။ သူမရဲ့ နောက်က Burma Campaign UK ဆိုတဲ့ အဖွဲ့ရဲ့ ကမ်ပိန်း တခုမှာ သင့်တော်တဲ့ သူ့ကို ရွေးချယ် တာဝန်ပေး ခံရတာပါ။ နိုင်ငံတကာရဲ့ ပါလီမန်တွေမှာလဲ မြန်မာလူမျိုးတွေ အကြီမ်ကြိမ်ေ ဆွးနွေး တင်ပြနေကြပါတယ်။ ဒီအဖွဲ့အစည်းတွေဟာ ရန်ပုံငွေ တောင့်တင်းအောင် ကမ်ပိန်းတွေ လုပ်ရပါတယ်။ အလှူငွေတွေ ရှာရပါတယ်။ သူတို့လည်း သုံးစွဲ ရပါတယ်။ ဘာလို့လဲ ဆိုတော့ ခရီးစရိတ်၊ ၀န်ထမ်း လစာတွေ ရှာရပါတယ်။ လုပ်အားပေး ၀န်ထမ်း ဆိုပေမဲ့ သွားစရိတ် စားစရိတ်တွေ ကုန်ကြ ရတာရှိပါတယ်။ ရတဲ့ ဒေါ်လာတွေကို နယ်စပ်မှာ သောင်တင် နေတဲ့ နိုင်ငံရေးနဲ့ တိုင်းရင်းသား ဒုက္ခသည်တွေကို ထောက်ပံ့ ပါတယ်။ နိုင်ငံရေး အကျဉ်းသား မိသားစု ၀င်တွေကို ထောက်ပံ့ ပါတယ်။ စားရင်း ဇယား ကတော့ သက်ဆိုင်ရာ အဖွဲ့ အစည်း အသီးသီးမှာ ရှိပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေကို ထောက်ပံ့ရာမှာတော့ အန္တရာယ် မဖြစ်ပေါ် စေရန် ပွင့်လင်း မြင်သာမှု မရှိပါဘူး။ သူငယ်ချင်းများ ပေါင်းစပ် ဖွဲ့စည်းထားသော အသင်းအဖွဲ့ သေးလေး တွေလဲ ရှိပါတယ်။ သူတို့ရဲ့ လုပ်အားခ ငွေများထဲမှ လစဉ် ဒေါ်လာ ၁၀၀ ၊ ၅၀ စသဖြင့် စုပေါင်းပြီး ပြည်တွင်းကို လှူဒါန်း ပါတယ်။

ဒုတိယ အဆင့် အနေနဲ့က ဆန္ဒပြခြင်းပါ

ဆန္ဒ ပြရာမှာ ၀န်ကြီးချုပ် အိမ်၊ သမ္မတ နေအိမ်၊ ပါလီမန် အဆောက်အအုံ၊ မြန်မာ သံရုံး ၊ တရုတ် သံရုံး၊ အိန္ဒိယ သံရုံးတွေ ရှေ့မှာ ဆန္ဒ ပြပါတယ်။

ဆန္ဒပြခြင်းနဲ့ ဆန္ဒပြ သူတွေမှာ ပုံစံ အမျိုးမျိုး ရှိပါတယ်။ အမျိုးသားနေ့ ပြည်ထောင်စုနေ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ တိုင်းရင်းသား တို့၏ နေ့များ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားမှုများ။ စုံနေအောင် ပြပါတယ်။ အသံသေး အသံကြောင် အော်ဟစ် ပြီးတော့ကို ဆန္ဒပြ ပါတယ်။ သောက်ရှက် ကုန်အောင်ကို ဆန္ဒ ပြပါတယ်။ ဦးသိန်းစိန် အမေရိကန်ကို သွားစဉ် ဆန္ဒပြပွဲ ဗီဒီယိုဖိုင် Youtube မှာ ရှာကြည့်ပါ အရှက် မရှိ အော်ဟစ် ဆဲဆို နေတာတွေ တွေ့ရ ပါလိမ့်မယ် အဲ့ဒီလို အော်တဲ့ နေရာမှာ လူတို့ရဲ့ စပ်စုတဲ့ သဘာဝ အရ မေးကြ၊ လမ်းသွားရင်း ကြည့်သွားကြပါတယ်။ ၀က်ဆိုက်တွေမှာ ဖေါ်ပြကြပါတယ်။ ဆန္ဒပြနေတဲ့ နိုင်ငံက လူတွေဟာ မြန်မာ့ အရေးကို သိလာကြတယ်။ စိတ်ဝင်စားလာ ကြတယ်။ ဒီလို အမြဲ လုပ်နေတဲ့ အတွက် သက်ဆိုင်ရာ အစိုးရတွေဟာ မြန်မာ နိုင်ငံရေးကို ဖိအားပေးခြင်း အရေးတယူ ဆောင်ရွက်ခြင်းတွေ လုပ်လာ ပါတယ်။

ယနေ့ ဖြစ်ပေါ် နေတဲ့ ပြောင်းလဲမှုတွေ၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှု တွေဟာ နိုင်ငံတကာ ဖိအားကြောင့်လို့ ယူဆရင်၊ အဲ့ဒီ ဖိအားဟာ ပြည်ပရောက် အတိုက်အခံ တွေရဲ့ နည်းမျိုးစုံ သောက်ရှက် မရှိ လုပ်ရပ်တွေ ဆီက လာတာ ဆိုရင် မမှားပါဘူး။ လှုပ်ရှားမှု အမှန်တကယ်မလုပ်ပဲ ထိရောက်မှုမရှိသော နိုင်ငံရေးအဖွဲ့အစည်းကို မည်သူကမှ မထောက်ပံ့ပါ။ ထိုသို့သော အဖွဲ့အစည်းဟူ၍လည်း မတွေ့ဘူး သေးပါ။ တနည်းနည်းနဲ့တော့ မြန်မာ နိုင်ငံရေးကို အထောက်အကူပြု နေကြတာပါပဲ။

ထောင်က ထွက်လာတဲ့ သူတွေဟာ ၀န်ထမ်း လုပ်ခွင့် မရှိဘူး။ စီးပွားရေး လိုင်စင် လျှောက်လို့ မရဘူး။ အသင်းအဖွဲ့တွေ လူတွေရဲ့ ခပ်ကင်းကင်း အနေခံ ရတဲ့ ဘ၀မှာ နေရတယ်။ ဘာလုပ်စား မလဲ အငတ်ခံ သေရ မလား။ အသက်ရှင်ဖို့ လမ်းကြောင်းတွေ ရွေးချယ် ရပါမယ်။ နအဖက သူတို့ ကိုယ်တိုင် ဗုံးတွေ ခွဲတယ် ပြီးတော့ သူတို့ ကြည့်မရတဲ့ နိုင်ငံရေး ထောင်ထွက်တွေကို လိုက်ဖမ်းတယ်။ တခုခု မငြိမ်မသက် ဖြစ်တိုင်း ဒီထောင်ထွက်တွေပဲ လာလာ ပြဿနာ ရှာနေကြတယ်။ စားစရာ အလုပ်မရှိ၊ နေစရာ မြေမရှိ။ ခင်ဗျားသာ သူတို့ နေရာမှာ ဆိုရင် ဘာလုပ် မလဲ။ ဘယ်လမ်းကို ရွေးမလဲ။ ဘာမှ မလုပ်တာကို လုပ်ပါတယ် ဆိုပြီး လာလာ ပြဿနာ ပေးနေတော့ ပြေးစရာ လမ်းပဲ ရှိတော့တယ်။ အဲ့ဒီ အခါမှာ သောက်ရှက် မရှိသော ဒုက္ခသည် ဘ၀ကို ခံယူ ရတော့တာပါပဲ။ သူများ လုပ်လို့ ရောရောင်လုပ် ပြီးမှ ကြောက်ပြီး ထွက်ပြေးချင်စိတ် ပေါက်တဲ့ သူတွေလဲ ရှိပါတယ်။ ဘာပဲပြောပြော သူလဲ နိုင်ငံရေးတော့ လုပ်ဘူးတာ ပါပဲ။

ဆန္ဒ ပြသူတွေမှာ နိုင်ငံတကာ ပြောင်းရွေ့ လုပ်သား၊ ကျောင်းသားနဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေ ဟန်ချက် ညီညီ ပေါင်းစပ် ရပါတယ်။ နိုင်ငံရေး တကယ် လုပ်နေရင် နေဖို့စားဖို့ ငွေလို လာပါပြီ။ ဒါကြောင့် အလုပ်လုပ်ရင်း ကျောင်းတက်ရင်းနဲ့ နိုင်ငံရေးကို လုပ်ပါတယ်။

နိုင်ငံတကာ ပြောင်းရွေ့ အလုပ်သမားတွေဟာ တန်းတူ အခွင့်အရေးတွေ မရပါဘူး။ ကျောင်းသားတွေဆို ပိုဆိုး ပါတယ်။ အလုပ်လုပ်ဖို့ အခွင့်အရေး ပိုနည်းပါတယ်။ သူတို့ လုပ်တဲ့ လုပ်အားခဟာ ကျောင်းစရိတ် နေစရိတ်ကို မကာမိဘူး။ ဗီဇာ သက်တမ်း တိုးဖို့ ကလည်း အလွန်ကို ခက်ပါတယ်။ မြန်မာ နိုင်ငံ ပြန်ရင်လည်း ငရဲပြည် ပို့တာထက် ပိုဆိုးမယ်။ ဒီတော့ သူများတွေလို တန်းတူ အခွင့်အရေး မြန်မြန် ရနိုင်မဲ့ နည်းလမ်း ဒုက္ခသည် အဖြစ် ခံယူဖို့ အရှက်မရှိ စဉ်းစား ရပါတော့တယ်။ နိုင်ငံရေး ခိုလှုံခွင့် လျှောက်ဖို့ အတွက် ဆန္ဒပြပွဲတွေမှာ အမြဲ လိုလို အော်ရတော့တာ ပါပဲ။

နိုင်ငံရေး ခိုလှုံခွင့် ဆိုရာမှာ ကျွန်တော်တော့ ဒုက္ခ ရောက်နေပါပြီ ခိုလှုံခွင့် ပေးပါ ဆိုပြီး တောင်းတိုင်း မရပါဘူး။ သက်သေ အထောက်အထား ခိုင်ခိုင် လုံလုံနဲ့ နိုင်ငံရေး လုပ်ခဲ့ကြောင်း တင်ပြနိုင် ရပါမယ်။ မြန်မာ နိုင်ငံကို ပြန်ရင် အမှန်တကယ် ဒုက္ခ ရောက်နိုင်မဲ့ သက်သေ အထောက်အထား ခိုင်ခိုင် လုံလုံတွေ ရှိရမယ်။ သက်သေ မခိုင်လုံရင် ဖမ်းပြီး မြန်မာ နိုင်ငံကို ပြန်ပို့ ပါတယ်။ အခန့်မသင့်လို့ နိုင်ငံခြား တိုင်းပြည်က ဒုက္ခသည် အဖြစ် လိမ်လည် လျှောက်ထား ပါတယ် ဆိုပြီး ပြန်ပို့ကာမှ မြန်မာ နိုင်ငံ အ၀င် လေဆိပ်မှာတင် ဘာလို့ ပြန်လာတာလဲ ဆိုပြီး ဖမ်းလို့ ထောင်ကျတဲ့ သူတွေ ရှိခဲ့ဘူး ပါတယ်။ လွယ်ကူသည့် ကိစ္စတော့ မဟုတ်ပါ။ နှစ်ရှည် ထောင်ကျ ခဲ့ဘူးတဲ့ နိုင်ငံရေး သမားတွေတောင်မှ လက်ရှိ အနေအထားမှာ အန္တရာယ် မရှိဘူး ဆိုရင် ခိုလှုံခွင့် မပေးပါ။ ယခင်က ထောင်ကျဘူးရုံနဲ့ နိုင်ငံရေး ခိုလှုံခွင့် မပေးပါ။

နိုင်ငံရေး လုပ်ပါတယ် ဆိုပြီး လိမ်လည် လျှောက်ထားသူ တယောက် အနေနဲ့ နိုင်ငံရေး အနည်းကျဉ်းတော့ တကယ်ကို လုပ်ဘူး ရပါမယ်။ အင်တာဗျူးမှာ မေးခွန်းတွေ ၄၀၀ ကျော်ထိ မေးပါတယ်။ နိုင်ငံရေးကိုဘာမှ မသိဘဲ ဖြေလို့ ကတော့ ပထမ ဖမ်းပါတယ် ပြီးရင် ၃ ရက် အတွင်း မြန်မာ နိုင်ငံ သွားမဲ့ လေယဉ်ပေါ်ကို တင်ပေး လိုက်ပါ လိမ့်မယ်။

နိုင်ငံရေး ခိုလှုံခွင့် ရပြီးတာနဲ့ တသက်တာ နေစရာအိမ် စားစရာ ငွေတွေ အလုံးအရင်းနဲ့ ရလိမ့်မယ်လို့တော့ မထင်လိုက်ပါနဲ့။ ခဏတာ တည်းခို စရာအိမ် နဲ့ နေ့စဉ်စားဖို့ တပတ်စာ ငွေကို အပတ်စဉ် လက်မှတ် ထိုးပြီး ထုတ်ယူ ရပါတယ်။ ထောက်ပံ့ကြေး ယူရင် အလုပ်လုပ်လို့ မရပါ။

ဒါကြောင့် နိုင်ငံရေး ခိုလှုံသူ အများစုဟာ မလောက်ငတဲ့ ထောက်ပံ့ကြေးငွေနဲ့ ထောက်ပံ့တဲ့ အိမ်မှာ မနေပဲ အလုပ်လုပ်ပြီး ရပ်တည် ကြပါတယ်။ အားလုံး နီးပါဟာ ဗီဇာ သက်တန်းတိုး ရမဲ့ အခက်အခဲ အတွက်သာ ခိုလှုံခွင့် ယူကြတာပါ။ သူများ တန်းတူ ဗီဇာ အခက်အခဲသာ မရှိဘူး ဆိုရင် ဘယ်မြန်မာကမှ သောက်ရှက် မရှိ တောင်းရသော ဒုက္ခသည် အဖြစ် မခံကြပါ။

တတိယ နိုင်ငံတွေကို ဘာလို့ ထွက်ပြေးသလဲ ဆိုတဲ့ မေးခွန်းကိုတော့ ဖြေပါရစေ။ တတိယ နိုင်ငံကို ထွက်ပြေးတာ သူတို့ရဲ့ အားနည်းချက် ဆိုရင်တော့ သူတို့တွေ ထောင်ထဲမှာ ၁၀ နှစ် ၁၅ နှစ် မြန်မာ နိုင်ငံ ဒီမိုကရေစီ အရေး အတွက် နေပြ ခဲ့တာတွေကို သမိုင်း မှတ်တမ်း ထဲက ဖယ်ထုတ် ပစ်ရတော့ မှာလား မေ့ပစ် လိုက်ကြတော့ မှာလား။ သူတို့ ဒုက္ခတွေကို ကော အသိအမှတ် မပြုကြတော့ ဘူးလား။ အထဲ ၀င်ပြီး အနှိပ်စက် ခံမဲ့ အစား အပြင် ကနေ လုပ်နိုင် သလောက် လုပ်မယ် ဆိုတဲ့ ရည်ရွယ်ချက်လဲ ပါဝင်ပါတယ်။ ဗိုလ်ချုပ် အောင်ဆန်း ကိုယ်တိုင်တောင် မှ အင်္ဂလိပ်တို့ နည်းမျိုးစုံနှင့် ဖမ်းသည့်ကြားမှ အဖမ်းမခံဘဲ လွတ်လပ်ရေး ရအောင် ယူပေးခဲ့ပါတယ်။

ပြည်ပ ကနေ အော်မနေနဲ့လို့ ပြောရင်တော့ ခံရ ရုံပါပဲ ဘာလို့လဲ ဆိုတော့ ပြည်ပက လူတွေမှာ နိုင်ငံတကာ ဖိအားတွေ နအဖ အပေါ် သက်ရောက်အောင် အော်ရုံပဲ တတ်နိုင်လို့ ပါပဲ။ ထိုသူတွေမှာ တန်ဖိုး မဖြတ်နိုင်သော အတွေ့အကြုံတွေ ရှိနေပါတယ်။ သူတို့ အော်နိုင်မှ နောက်လူများ အတွက် ဆောင်ရန် ရှောင်ရန်တွေ ရပါမယ်။

နိုင်ငံရေး အရေခြုံ ဆိုတဲ့ စကားကိုတော့ ဒီလို ပြန်ဖြေချင် ပါတယ်။ အဲ့ဒီ အရေခြုံတွေ ပေါင်းစပ် လိုက်တာ ကိုက အားတခုကို ဖြစ်စေ ပါတယ်။ အရေခြုံ ဆိုတဲ့လူတွေဟာ နိုင်ငံရေး သမားတွေရဲ့ ဆန္ဒပြပွဲတွေကို အားတခု အဖြစ် သက်ရောက် စေပါတယ်။ နိုင်ငံရေး သမားတွေ ကိုယ်တိုင်က အရေခြုံ တွေကို အားတခု ဖြစ်လာအောင် အသုံးချ ဖန်တီးယူ ကြရပါတယ်။ အရေခြုံဖို့ ကိစ္စကိုက မလွယ်ကူပါ စားဝတ် နေရေးကို ဖြေရှင်းရင်း အရေခြုံ ရတာပါ။ အရေခြုံ နိုင်ငံရေး သမားဟာ ဘာမှ မလုပ်တဲ့ သူထက်တော့ နိုင်ငံရေး အပေါ်မှာ သက်ရောက်မှု ရှိပါတယ်။

ပြန်လာပါလို့ ပြောရင်တော့ မလာဘူးလို့ပဲ ငြင်းရပါ လိမ့်မယ်။ ပြန်လာတာနဲ့ နအဖက ဖမ်းပြီး ကောင်းကောင်းကြီး သမ မှာကို ကြောက်လို့ ပါလို့ ပြောရမှာပဲ။ ဒုက္ခ ရောက်လို့ ကြောက်လို့ ထွက်ပြေးပါတယ် ဆိုကာမှ ပြန်လာပြီး ထောင်ထဲ ၀င်ပါ ဆိုရင်တော့ နိုး လို့ပဲ ပြောရ ပါမယ်။ သတ္တိ မရှိဘူးလား လို့မေးရင်လည်း ရှိပါတယ် လို့ပဲ ပြောပါမယ်။

ဖေစ့်ဘွတ် ပရိုဖိုင်မှာသာ ဓာတ်ပုံတွေ မတင် နာမည်မှန်တွေ မသုံးသော်လည်း၊ နိုင်ငံရေး ၀က်ဆိုက်တွေမှာ တင်ထားတဲ့ ဆန္ဒပြပွဲ ဓာတ်ပုံတွေ၊ တီဗီတွေမှာ ပါနေတဲ့ သက်ရှိ လူပုံ တွေဟာ အလွန် အင်မတန်မှ ပြေးမလွတ်သော သက်သေခံများသာ ဖြစ်ပါတယ်။ နိုင်ငံခြားမှာ ယာယီ ခိုလှုံခွင့် ရပေမဲ့ အမိ နိုင်ငံ မိဘ မောင်ဘွား ဆွေမျိုးသားချင်း ချစ်သူငယ်ချင်းတွေနဲ့ ပြန်မဆုံ နိုင်အောင် ခွဲခွာ နေရတဲ့ ပေးဆပ်မှုနဲ့ အလဲအထပ် လုပ်ရပါတယ်။

ပြည်ပရောက် နိုင်ငံရေးသမား တစ်ယောက် ပြည်ပမှာ နိုင်ငံရေး လုပ်ရင် ပြည်တွင်းက မိဘ ဆွေမျိုးတွေကို ဒုက္ခ ပေးလိမ့်မယ် ဆိုတဲ့ အယူအဆဟာ လုံးဝ မှားယွင်း ပါတယ်။ ပြည်ပရောက် နာမည်ကြီး နိုင်ငံရေးသမား အားလုံးဟာ မိဘ ဆွေမျိုးတွေနဲ့ အဆက်အသွယ် အမြဲ ရှိပါတယ်။ တွေ့ချင်တဲ့ အခါ ပြည်တွင်းကို ခိုးဝင်၍ သို့မဟုတ် ထိုင်းနိုင်ငံ၌ လာရောက် တွေ့ဆုံလေ့ ရှိကြပါတယ်။ နိုင်ငံရေးသမား တယောက် နိုင်ငံခြားမှာ နိုင်ငံရေး လုပ်လို့ သူနဲ့ ပတ်သက်သော မြန်မာ နိုင်ငံမှ လူများ ဒုက္ခပေးခံရခြင်း မရှိပါ။

အမှန်တကယ် အားဟာ ပြည်တွင်းမှာသာ ရှိတယ်လို့ ဆိုရင် ကျွန်တော် လုံးဝ သဘောတူ ပါတယ်။ ဒါပေမဲ့ ပြည်ပရောက် တွေဟာ ပြည်တွင်း အားတွေမှာ တကယ် အင်တိုက် အားတိုက် လုပ်ခဲ့ပြီးမှ ပြည်ပကို ရောက်တာပါ။

လုပ်စားနေတဲ့ ဒေါ်လာစားများကို စာရင်းနဲ့ တကွ အတိအကျ ဖော်ပြနိုင်တယ် ဆိုရင်ပြပါ။ ဘယ်လို ဒေါ်လာတွေ ရအောင် လုပ်နေသလဲ ဘယ်လောက် ရသလဲ။ ဘယ်လို သုံးပြီး ဘယ်လို ဘုန်းသလဲ ဆိုတာ ပြောပြပါ။ သက်သေ အထောက်အထား အတိအကျနဲ့ ပြောပါ။

ဘယ်သူ ပြောလို့၊ ထင်တယ်လို့ ဆိုတဲ့ အသုံးတွေ မသုံးပါနဲ့။ ကလေး ကစားစရာ အလုပ် မဟုတ်ပါ။ ကျွန်တော့ အတွေ့အကြုံ ကတော့ ဘဏ္ဍာထိန်း တချို့ဟာ လက်ထဲမှာ အသင်းအဖွဲ့က ငွေရှိစဉ် ငွေကစားတဲ့ အနေနဲ့ ကိုယ်ပိုင် လုပ်ငန်းတွေမှာ သုံးစွဲပြီး အကျိုးအမြတ် ရအောင် လုပ်ပါတယ်။ ထိုကဲ့သို့သော နိုင်ငံရေး သမားတော့ တွေ့ဘူးပါတယ်။ ဘုန်းခြင်း မဟုတ် ခဏတာ သူ့ရဲ့ စီးပွားမှာ ယူသုံးပြီး တိုးပွားအောင် လုပ်ခြင်းသာ ဖြစ်ပါတယ်။

ပြည်ပရောက် နိုင်ငံရေး သမားများ၊ အရေခြုံများ သည် မြန်မာနိုင်ငံရေး အတွက် အရှက်မဲ့စွာ၊ လက်ညိုးထိုး ခံပြီး ဆောင်ရွက်နေကြ ရပါသည်။ ထိုသူများအား ဂုဏ်ပြုသော အားဖြင့် ဤဆောင်းပါးကို ရေးသားပါသည်။ ပြည်တွင်း ပြည်ပ အားတွေ ပေါင်းစည်း နိုင်စေရန် ရည်ရွယ် ပါသည်။

တခုတော့ ၀န်ခံ ပါရစေ ကျွန်တော်သည် နိုင်ငံရေး ခိုလှုံခွင့် ရရှိ နေထိုင်သူ တဦး မဟုတ်ပဲ ရိုးသားစွာ ကိုယ်ပိုင် လုပ်အား ၀င်ငွေဖြင့် အသက်ရှင် ရပ်တည် နေသူ တဦးသာ ဖြစ်ကြောင်း လိပ်ပြာ လုံစွာဖြင့် ပြောကြား လိုပါသည်။

ရဲသူရိန်မင်း
12.02.2011 - 18:16

source by : Co2zeиith
Previous Post Next Post

Contact Form