ခဏလေး စောင့်ပေးပါ......
  • Share this
  • Sumbit to Digg
  • Sumbit to StumbleUpon
  • Sumbit to Delicious
  • Sumbit to Technorati
  • Sumbit to Reddit
  • Sumbit to Mixx
  • Sumbit to Twitter
  • Sumbit to Furl
  • Sumbit to Design Float
  • Sumbit to Blinklist
  • Sumbit to Yahoo Buzz
  • Sumbit to Google Bookmarks


ကျနော်ကျောင်းသားအရွယ်ကတည်းက “ပင်စင်နာ” ဆိုတဲ့ ဝေါဟာရကို ကြားဖူးနားဝရှိခဲ့ပါတယ်။ ကျနော်တို့ ပညာသင် ကြားရာ စာသင်ကျောင်းမှာ ဆရာကြီး ဆရာမကြီးတွေ အသက်(၆၀) ပြည့်ပင်စင်ယူတာကို မကြာခဏ ကြုံတွေ့ခဲ့ရလို့ပါ။ သူတို့အချင်းချင်း ပြောဆိုနေကြတဲ့ စကားတွေထဲမှာ “ပင်စင်နာကျတယ်” ဆိုတဲ့ စကားလုံးက ပါပါနေတတ်လေတော့ ကျနော်တို့ နားထဲမှာ ယဉ်ပါးသလိုဖြစ်နေတာပေါ့။


သက်ပြည့်ပင်စင်ယူသွားတဲ့ ဆရာကြီး ဆရာမကြီးတွေကို နှစ်စဉ် နှစ်ဆန်း တရက်နေ့တိုင်း ကျောင်းသားဟောင်းတွေ စုပေါင်းပြီး ကန်တော့လေ့ရှိတဲ့ အစဉ်အလာလည်း ကျနော်တို့ဒေသမှာ ရှိပါတယ်။ အဲဒီလိုနေ့မျိုးဆိုရင် ဆရာကြီး ဆရာမ ကြီးတို့ မျက်နှာတွေဟာ ခါတိုင်းနဲ့မတူ ရွှန်းလက်ဝင်းပနေတာကို တွေ့မြင်ရပါတယ်။ ရေမိုချိုး အသန့်ရှင်းဆုံး အ၀တ်အစားတွေကိုဝတ်လို့ (တချို့ဆရာကြီးတွေဆို စာသင်တုန်းကအတိုင်း အင်္ကျီဖြူနဲ့ ကျောင်းစိမ်းလုံချည်ကို ၀တ်ထားလိုက်သေးတယ်) ဆရာမကြီးတွေဆိုလည်း မျက်နှာမှာ သနပ်ခါးအဖွေးသား ခေါင်းမှာပန်းတွေနဲ့ ဝေနေအောင်ပန်ပြီး ပုဝါပါးပါးလေး ခြုံလို့ ကန်တော့ခံကြတယ်။ တပည့်တွေ ကျန်းမာချမ်းသာစေကြောင်း ဆုတောင်း မေတ္တာပို့သပေးတယ်။ သူတို့အတွက် ခြောက်သွေ့အထီးကျန်လှတဲ့ နေ့ရက်များစွာထဲမှာ နွေးထွေးပျော်ရွှင်ဖွယ် အချိန်လေးတွေပါ။


လူတယောက်ရဲ့ဘ၀မှာ ကာလကြာရှည် ဖြတ်သန်းကျော်လွှားခဲ့ရတဲ့ အတွေ့အကြုံတွေဟာ ဘယ်တော့မှ မေ့ပျောက် မသွားနိုင်တဲ့အမှတ်တရတွေ ဖြစ်နေတတ်ပါတယ်။ အတိတ်မှာကြုံဆုံခဲ့တဲ့ အကောင်းအဆိုး ဖြစ်ရပ်ကလေးတွေကို ပြန်ပြောင်းတသပြောဆိုတတ်တာ လူ့သဘာဝပါ။ အထူးသဖြင့် ၀န်ထမ်းလောကလို အဖွဲ့အစည်းနဲ့ လုပ်ဆောင်ရတဲ့ အလုပ်မျိုးတွေမှာ လုပ်ဖော်ကိုင်ဖက်အချင်းချင်း နောက်ကြပြောင်ကြ အခန့်မသင့်တဲ့အခါ စိက်ကောက်လိုက်ကြနဲ့ အသက်အရွယ်တွေ ကြီးမှန်းမသိ ကြီးလာကြတာပါ။ နောက်ဆုံးသတ်မှတ်တဲ့ အသက်အရွယ်ကိုရောက်လို့ အလုပ်ခွင်က အနားယူ လိုက်ကြတဲ့အခါ ပုံမှန်လည်ပတ်နေကျ နေ့စဉ်ဘ၀ရဲ့ ဟာမိုနီတွေ ပျောက်ဆုံးနေတတ်ပြီး လုပ်ငန်းခွင်ကိုပြန်လည် တမ်းတ နေမိတတ်ကြပါတယ်။ ဘာသာရေးမှာ စိတ်ဝင်စားမှု အားနည်းသူ၊ ပြင်ပလောကနဲ့ အဆက်အဆံနည်းပါးခဲ့ သူတွေဟာ အထီးကျန်မှုဝေဒနာကို ပိုပြီးခံစားကြရပါတယ်။


စားဝတ်နေရေးအတွက် မပူပင် မကြောင့်ကျရသူတွေတောင် ဒီလိုဖြစ်ကြသေးတာ ၀န်ထမ်းဘ၀မှာ ရရစားစား ရပ်တည်ခဲ့ ရသူတွေအဖို့တော့ မစဉ်းစားဝံ့စရာပါပဲ။ ပင်စင်နာစိတ်ရောဂါအပြင် ပင်စင်ဗလာဘ၀နဲ့ မွဲပြာကျစားရမဲ့မဲ့ သောက်ရမဲ့မဲ့ ဖြစ်နေသူ သက်ကြီးရွယ်အိုတွေ၊ အနားယူချိန်တန်ပါလျက် ကိုယ့်အသက်အရွယ်ကို မငဲ့ကွက်နိုင်ပဲ မိသားစုဝမ်းရေး အတွက်ရရာအလုပ်နဲ့ ဆက်လက်ရုန်းကန်နေရှာသူ ၀န်ထမ်းဟောင်းကြီးတွေ ကျနော်တို့နိုင်ငံမှာအများကြီးရှိနေပါတယ်။


ကျနော် ဟိုင်းကြီးကျွန်းကိုရောက်တော့ အသက် (၆၀) နီးပါး စစ်သားအိုကြီးတွေနဲ့ စတင်ဆုံတွေ့ရပါတယ်။ ကုန်းတွင်းပိုင်းဒေသမှာ နေထိုင်ကြီးပြင်းလာခဲ့တဲ့ ကျနော့်အဖို့ ပင်လယ်ကမ်းစပ်ဒေသ ဟိုင်းကြီးကျွန်းရဲ့ ရာသီဥတုနဲ့ ရုတ်တရက် ကျင့်သားမရနိုင်သေးပါ။ ဒီကြားထဲ တပ်သစ်တည်ဆောက်ခါစ အချိန်မို့ စစ်သည်တွေဟာ မူလတာဝန်ထက် တပ်တည်ဆောက်ရေး လုပ်အားပေးတာဝန်ကို ပိုပြီး လုပ်ကိုင်ကြရပါတယ်။ မနက် (၆) နာရီခွဲအိပ်ယာထ (၇) နာရီ တန်းစီလူစစ်၊ အလုပ်တာ ၀န်ခွဲ။ ပြီးရင် ပေါက်တူး ဂေါ်ပြား မြေသယ်ခြင်းစတဲ့ လုပ်အားပေးလက်နက် ကိုယ်စီကိုင်ကာ တာဝန်ကျနေရာကို သွားရပါတယ်။

ကျနော်တို့ အလုပ်လုပ်တဲ့ နေရာတွေမှာ လိုက်လံဦးစီးကွပ်ကဲ နေရသူတွေထဲ ဆရာကြီး ငွေသိန်း (ကပ-၆၀၄၁) လည်း ပါဝင်ပါတယ်။ အဲဒီအချိန်က သူ့အသက်(၅၉) နှစ်ရှိနေပါပြီ။ သွေးတိုးရောဂါ၊ နှလုံးရောဂါအပြင် နာတာရှည် ပန်းနာရင်ကျပ် ရောဂါပါ ခံစားနေရတာကြောင့် သူ့ကြည့်ရတာ အသက်အရွက်ထက် များစွာအိုမင်းရင့်ရော်နေတဲ့ ပုံပါပဲ။ ကျနော်တို့ လူငယ်တွေ မပျင်းရအောင် သူသိသမျှ ပုံတိုပတ်စလေးတွေ သူတို့ငယ်စဉ်က ရေတပ်ထဲမှာ ကြုံတွေ့ခဲ့ရတာလေးတွေကို စီကာပတ်ကုံး ဟာသနှောပြီး ပြောပြ တတ်ပါတယ်။ စကားတွေအများကြီး ပြောပြီးတဲ့နောက်မှာတော့ သူရင်ဘတ်ကြီး နိမ့် တုံမြင့်တုံနဲ့ သူအသံတွေ ကတုံကရင် ဖြစ်လာပြီး ချောင်းတဟွတ်ဟွတ် ဆိုးနေပြန်ရော။


သူ့ကျန်းမာရေး အခြေအနေအရ မင်္ဂလာဒုံစစ်ဆေးရုံမှာ သုံးလတစ်ကြိမ်သွားပြီး ဆေးစစ်ခံရတယ်။ ဆေးရုံးကဆင်းလာတိုင်း ဆေးတွေကတပုံကြီးနဲ့ ဆေးအဆင့် (ဂ) သတ်မှတ်ပေးလိုက်ပေမယ့် ဆရာကြီးက တပ်မှာ ရုံးတက်မြဲတက်ပါတယ်။ အိမ်မှာသက်တောင့်သက်သာအနားယူဖို့ သူ့ကို တိုက်တွန်းကြည့်တဲ့အခါ “ဒီအသက်အရွယ်ရောက်မှ ကိုယ့်သားလောက် ကလေးက ဆဲပြီးခိုင်းမှာကို မခံနိုင်ဘူး” ဆိုပြီး တပ်ကို မှန်မှန် လာပါတယ်။ အလုပ်ချိန်ပြီးမှ ပြန်လေ့ရှိတယ်။ တခါတရံလုပ် ငန်းခွင်မှာ ချောင်းဆိုးရင်းအမောဖောက်လာလို့ တပ်ဆေးခန်းကို အပြေးအလွှား ပို့ပေးရတယ်။


၁၉၉၅ ရောက်တော့ ဆရာကြီးငွေသိန်း သက်ပြည့် အငြိမ်းစားယူပါတယ်။ အဲဒီအချိန်ကျတော့လည်း သူ့ကို ဘယ်သူကမှ တပ်မှာဆက်နေဖို့ ခွင့်မပြုတော့ပါဘူး။ သွားလိုရာသွား နေလိုရာနေဆိုတဲ့သဘောနဲ့ ဥပေက္ခာပြုလိုက်ပါတယ်။ တပ်မတော်မှာ (၄၂) နှစ် စစ်မှုထမ်းခဲ့လို့သူရတဲ့ လုပ်သက်ဆုကြေးငွေက ကျပ်ငါးသောင်း မျှသာ။ လစဉ်အငြိမ်းစား ပင်စင်ငွေက ကျပ်ကိုးရာကျော်၊ လင်မယားနှစ်ယောက်ရှေ့ ခရီးဆက်ဖို့ မလွယ်။ အဆိုးဆုံးကတော့ အပြင်မှာနေဖို့ အိမ်ပိုင်မရှိတာပါပဲ။ သူတို့မှာ သားထောက်သမီးခံလည်း တောင့်တောင့်တင်း မရှိဘူး။ သူ့ဇနီး အမေစိန်ကတော့ မော်လမြိုင် မုပွန်ရပ်က ဆွေးမျိုးတွေဆီမှာ အကူအညီ တောင်းပြီးနေမယ်လို့ ပြောရှာတယ်။


ဟိုင်းကြီးကျွန်းက သူတို့ထွက်ခွာတဲ့နေ့မှာ ကျနော်တို့သူငယ်ချင်းတစု သင်္ဘောဆိပ်ကို လိုက်ပို့ကြတယ်။ တတ်နိုင်သမျှ စုပေါင်းပြီး ရိက္ခာ (နို့ဆီ၊ ပဲ၊ သကြား၊ ဆီ နည်းနည်းစီ) လက်ဆောင်ပေးတော့ နှစ်ဦးသား မျက်ရည်စို့အောင် ၀မ်းသာနေကြတယ်။ သင်္ဘောထွက်ခါနီးမှာ ဆရာကြီးငွေသိန်းက ကျနော်တို့ဖက်လှည့်ပြီး “ကောင်လေးတွေတပ်ထဲမှာ ကောင်း ကောင်း နေရစ်ကြ။ ပြဿနာမတက်ကြစေနဲ့။ နောက်ပြီး တပ်ကစောစော စီးစီးထွက်နိုင်အောင် ကြိုးစားကြ။ ငယ်တုန်းမှာ ကောင်းတယ်ဆိုပြီး…မှေးမနေကြနဲ့။ အသက်ကြီးသွားရင် နွားအို တကောင်လိုပဲ။ ငါ့အဖြစ်ကိုသာ ကြည့်ထားကြ..” ဆိုပြီး မျက်နှာလွှဲသွားတယ်။ သူ့စကားသံကို ကျနော့နားထဲမှာ ယနေ့ထက်တိုင် ကြားယောင်နေဆဲပါ။


နောက်တယောက်ကတော့ ဆရာကြီးရွှေအေး (ကပ-၁၀၅၁၇)။ ရခိုင်အမျိုးသား လူရိုးလူအေးကြီး တဦးပါ။ ပြီးတော့ အလေးမချန်ပီယံ အားကစားသမားဟောင်းကြီး တဦးလည်းဖြစ်တယ်။ တပ်မတော် (ရေ) အလေးမ အားကစားသမိုင်းမှာ ရွှေအေး တို့ ခေတ်ဆိုတာ ရှိခဲ့ဖူးတယ်။ သူပြောပြလို့ သိရတာပါ။ သူတို့ခေတ်က အာရှအားကစားပြိုင်ပွဲမှာ ၀င်ရောက်ယှဉ် ပြိုင်ဖို့ အားကစားမောင်မယ်တွေကို အောင်ဆန်းကစားကွင်းမှာ camp သွင်းပြီး လေ့ကျင့်တယ်။ တိုင်းရင်းမေ ခင်သန်းနု တို့လည်း ပါတယ်လို့ ပြောတယ်။ အဲဒီမှာ သူများမြှောက်ပေးတာကိုနားယောင်မိတဲ့ လူရိုးကြီး ဆရာရွှေအေး တယောက် ဂျောက်ကျတဲ့ကိန်း ဆိုက်ခဲ့ရတယ်။ ဖြစ်ပုံကဒီလို.. တစ်ညမှာ အလှမယ်တွေ တည်းခိုတဲ့အဆောင်နား မယောင်မလည် ဟန်ရေးပြနေတုန်း ကြွက်ကျင်းပေါက် ထဲခြေချော်ကျတာ တခါတည်းခြေသပွတ်လည်သွားပြီး ပြန်မထနိုင်တော့ဘူး။ ဒဏ်ရာက ပြင်းထန်တော့ နိုင်ငံခြားသွားတဲ့ခရီးစဉ်မှာ ကျန်ခဲ့ရတယ်။ နောက်ပိုင်းမှာလည်း ထာဝရစွမ်းရည်ကျ အားကစားသမားကြီး ဖြစ်သွားခဲ့ရတယ်။


ကျနော်တို့နဲ့ တွေ့တဲ့အချိန်မှာ သူဟာ အုပ်ခွဲတပ်ကြပ်ကြီး (ကြည်းတပ်အခေါ်CQကြီး) ဖြစ်နေပြီ။ သူကတော့ လုပ်ကွက်မှာ ဦးစီးသူရယ်လို့ အထက်စီးကနေ လက်ညှိုးထိုး မခိုင်းတတ်ဘူး။ ရဲဘော်တွေလက်ထဲက ပေါက်တူးကိုဆွဲယူပြီး မြေပေါက် တယ်။ မြေသယ်တယ်။ မြက်ပေါက်တယ်။ မလုပ်ပါနဲ့တားလည်းမရဘူး။ “ဒီအလုပ်တွေက အဘအတွက်မိုင်နာ (minor) တွေပါ”တဲ့။


ဟုတ်လည်းဟုတ်နိုင်ပါတယ်။ သူက ဂျီအီးဆောက်လုပ်ရေးမှာ အလုပ်ကြမ်းဝင်လုပ်တယ်။ မနက်မိုးမလင်းမီကတည်းက ပေါက်တူးနဲ့မြေသယ်ခြင်းထမ်းလို့ ဆရာကြီးရွှေအေး တယောက် ဂျီအီးရုံးရှေ့ကိုရောက်နေနှင့်ပြီ။ မနက်(၈) နာရီထိုးခါနီး အထိ ဂျီအီးမှာသူ အလုပ်လုပ်တယ်။ မိလ္လာကျင်းတူးတယ်။ မြေဖို့တယ်။ သစ်ထမ်းတယ်။ (၈) နာရီ မထိုးတထိုး အချိန်ကျတော့ တပ်ကို သူရောက်လာတယ်။ သူ့ကိုတော့ တပ်မှူးက (၈) နာရီနောက်ပိုင်းမှ အလုပ်ဝင်ဖို့ ခွင့်ပြုထားတယ်။ ညနေ (၃) နာရီခွဲ ရုံးချိန်နောက်ပိုင်းမှာလည်း ဂျီအီးမှာအလုပ် ပြန်ဝင်ရသေးတယ်။ လသာတဲ့ညတွေမှာဆိုရင် (၁၅) နှစ်အရွယ် သူ့သားကလေးနဲ့အတူ မြေကြီးပေါက်နေတဲ့ ဆရာကြီးရွှေအေးကို တွေ့ တွေ့နေရတယ်။


ဆရာကြီးရွေအေးဟာ လူပျို ဟိုင်းကြီးဖြစ်မှ အိမ်ထောင်ကျပုံရတယ်။ သူ့ဇနီးကလည်း ရခိုင်အမျိုးသမီး တဦးပါပဲ။ သားသမီးတွေက မူလတန်း၊ အလယ်တန်း ကျောင်းသားတွေပဲရှိသေးတာ။ မိဘကခါးကုန်း သားသမီးတွေ စားကောင်းတုန်း ဆိုတဲ့အရွယ်တွေပါ။ သူတို့ မိသားစုလည်း တပ်ကထွက်ရင် နေဖို့ထိုင်ဖို့ သေချာရေရာမှု မရှိပါ။ အဲဒီချိန်က ဆရာကြီးရွှေအေး အသက် (၅၇) နှစ်ရှိနေပါပြီ။ သူကတော့ ပြောပါတယ်။ ရလာမယ့် လုပ်သက်ဆုကြေးငွေလေးနဲ့ ဟိုင်းကြီးရွာသစ်မှာ ခြံ ၀ိုင်းလေးတခုဝယ်ပြီး အိမ်ဆောက်နေမယ်။ စားရေးဝတ်ရေးအတွက်ကတော့ ငါဖမ်းလှေမှာ ရေလုပ်သား ၀င်ပြီးလုပ်ဖို့ စိတ်ကူး ထားပါသတဲ့။

ကျနော်တို့ တပ်မှူးကတော့ အကြင်နာတရားရှိသူ လူပျိုကြီးတဦးပါ။ တညမှာတပ်မှူးနဲ့ ဆရာကြီးရွှေအေး တို့ ဌာနချုပ် လုံခြုံရေးတာဝန် အတူကျတယ်။ အဲဒီညမှာ ကိုယ်ရေးကိုယ်တာ ကိစ္စတွေပြောကြရင်း ဆရာကြီးမိသားစုရဲ့ အခက်အခဲတွေကို သိရတဲ့အခါ တပ်မှူးလည်း စိတ်မကောင်းနိုင်ပါဘူး။ နောက်တနေ့ တပ်မှူးက ဆရာကြီးတို့မိသားစုအတွက် ဆန်တအိတ်၊ ဆီနှစ်ပိဿာ၊ ငွေ (၁၅၀၀) ကျပ်ထောက်ပံ့ပေးပါတယ်။ ထောက်ပံ့မှုပမာဏက သိပ်မများပေမယ့် ဆရာကြီး ခမျာ တပ်မှူးကို ထိုင်ရှစ်ခိုးမတတ် ကျေးဇူးတင်လို့ မဆုံးအောင် ဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။ အဲဒီအချိန်က ငွေ(၁၅၀၀) ကျပ် ဆိုတာကလည်း ဆရာကြီးရတဲ့ လစာထက် ပိုများနေတာ မဟုတ်လား။


ကျနော်ရန်ကုန်ကို ပြန်ရောက်ပြီးတဲ့ နောက်ပိုင်းမှာလည်း နွမ်းပါးချို့တဲ့လှသော စစ်သားအိုကြီးတွေရဲ့ ဘ၀ပုံရိပ်တွေကို ဆက်လက်ထိတွေ့နေရဆဲပါ။ တပ်မှာ ရိက္ခာထုတ်တဲ့ရက်ဆိုရင် အဖိုးကြီးအချို့ ဆာလာအိတ်ကလေးတွေကိုင်ပြီး တပ်ကို ရောက်လာတတ်ကြတယ်။ သူတို့နဲ့ ရင်းနှီးသူတွေက လက်ဖကရည်ခေါ်တိုက်လို့ စကားပြောဖြစ်တဲ့အခါ သူတို့ဖြတ်သန်း နေရဆဲ ဘ၀တွေကို သိမြင်လာရတယ်။ ပုဂ္ဂလိက စက်ရုံ အလုပ်ရုံတွေမှာ ညစောင့် ဒရ၀မ်၊ သန့်ရှင်းရေးအလုပ်တွေ ၀င် လုပ်ကြရတယ်။ အချို့ဆိုဆိုက်ကားနင်းတာတို့ မီးကင်းစောင့်တာတို့ လုပ်ကြရတယ်။ သူတို့အိမ်ပြန်တဲ့အခါ ဆန်၊ ဆီ၊ ပဲ အချို့ ပါသွားတတ်ကြတယ်။ အပြန်မှာလိုင်းကား မစီးဘဲ ကျနော်တို့နဲ့ အတူဓနိတော ရေနံရုံးက ဖယ်ရီကား (ferry) စီးပြီး ပြန်ကြတာများတယ်။


ကျနော်တို့ နိုင်ငံရဲ့ တည်ဆဲစစ်မှုထမ်းဥပဒေ (အသစ်ထုတ်ပြန်လိုက်သော ပြည်သူ့စစ်မှုထမ်း ဥပဒေနဲ့ အသက်လိမ်ပြီး တပ်ထဲဝင်သူ၊ အတင်းအကျပ်စုဆောင်းခံရသူတွေမပါ) အရဆိုလျှင် အသက် (၁၈) မှ (၂၅) နှစ်အတွင်း စစ်မှုထမ်းဖို့ စာ ရင်းသွင်းခွင့်ရှိတာမို့ သက်ပြည့်ပင်စင်ယူချိန်မှာ စစ်မှုထမ်းသက်အနည်းဆုံး (၃၅) နှစ်ကနေ အများဆုံး (၄၂) နှစ်ထိ ရှိပါ တယ်။ စစ်သားဆိုတာအခြား ၀န်ထမ်းနဲ့ မတူဘဲ (၂၄) နာရီ အပြည့်တာဝန်ထမ်းဆောင်ဖို့ အသင့်ဖြစ်နေရတာပါ။


ဘ၀တလျှောက်လုံး ၀န်ထမ်းလောကမှာ ကျင်လည်ခဲ့ရသူ အများစုဟာ ဌာနက တရားဝင်ရတဲ့ လုပ်ခလစာနဲ့သာ နေထိုင် စားသောက်ရတာပါ။ အရင်တုန်းကတော့ အောက်တန်းစာရေးတဦးရဲ့လစာကို မိသားစုသုံးဦးလောက် မှီခိုစားသောက် နိုင်တယ် ကြားဖူးတာပဲ။ ခုနေခါမှာတော့ ရုံးအုပ်တဦးရဲ့ လစာက တကိုယ်ရေဖူလုံဖို့တောင်မနည်း ခြိုးခြံသုံးစွဲနေရတာပါ။ ၀န်ထမ်းလုပ်ရင်း ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှိသူ ဘေးပန်းဝင်ငွေ (အောက်ဆိုက်) ရသူတွေက အတော်နည်းပါတယ်။ သက်ပြည့်ပင်စင်ယူပြီး နောက်ပိုင်းမှာ နေရေးစားရေး ပူပင်ကြောင့်ကျနေရပြီး ရရာအလုပ်နဲ့ စခန်းဆက်သွားနေရတယ် ဆိုတာ ဘယ်လိုမှ သဘာဝမကျပါဘူး။


အရွယ်ကောင်းတုန်း အချိန်မှာ လူတယောက်ရဲ့ ကာယဥာဏလုပ်အားကို ကြံကြိတ်စက်ထဲထည့်ညှစ်သလို ရသလောက် စုပ်ယူပြီး အရွယ်လွန်ချိန်ရောက်တဲ့အခါ ဘာတာဝန်ယူမှုမှ ဟုတ်တိပတ်တိမရှိဘဲ မဖြစ်စလောက် ငွေကြေးလေးနဲ့ နှစ်သိမ့် ပြီး ကြိုးဖြည်လွှတ်ပေးတတ်တဲ့ အစိုးရတရပ်ရဲ့ လက်အောက်မှာ တိုင်းသူပြည်သားတွေ စစ်မှုထမ်းဖို့ မ၀ံ့မရဲကြောက်ရွံ့ နေတာကို ကိုယ်တိုင် ဒုက္ခကြုံတွေ့ခံစားနေရတဲ့ တပ်မတော်သား တဦးအနေနဲ့ ကိုယ်ချင်းစာနားလည်မိပါတယ်ဗျာ။


တပ်ကြပ်ကြီး-နေမင်းသူ


source by : http://www.naytthit.net