“နိုးကြားတက်ကြွလာသော လူငယ်ထု၏ အင်အားနှင့် မြန်မာ့နိုင်ငံရေး”


ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ လူထုဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ လူငယ်တွေ တွေ့ဆုံဆွေးနွေးပွဲတခု ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေရော၊ အဖွဲ့ချုပ်ပါတီဝင် မဟုတ်သူတွေရော စိတ်ဝင်တစား တက်ရောက် လာကြသလို အင်ဂျီအိုတွေက လူငယ်တွေလည်း တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒီလို တွေ့ဆုံဆွေးနွေးမှုဟာ အလွန်ကောင်းပါတယ်။ တက်ရောက်လာတဲ့ လူငယ်တွေဟာ တိုင်းပြည်ရဲ့ ဒီကနေ့ နိုင်ငံ ရေး လူမှုရေး စီးပွားရေးအကြောင်းတွေကို အရင်ကထက် ပိုပြီးစိတ်ဝင်တစား ရှိလာကြတယ်လို့ ယူဆရပါတယ်။ နိုင်ငံရေးဆိုတာ ပြည်သူလူထုတိုင်းနဲ့ ပတ်သက်နေသလို ပြည်သူလူထုအားလုံး ပါဝင်ဆောင်ရွက်ရမယ့် ကိစ္စဖြစ်တယ်လို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့စကားကို နားလည် လက်ခံလာကြပုံလည်း ရပါတယ်။ ဒါဟာလည်း ကိစ္စကောင်းဖြစ်သလို ကြေနပ်အားရစရာ ဖြစ်ပါတယ်။


လူငယ်တွေသိချင်လို့ မေးလာတဲ့မေးခွန်းတွေကို ကြည့်လိုက်တဲ့အခါမှာလည်း တိုင်းပြည်ရဲ့ အနာဂတ်နိုင်ငံရေး၊ နိုင်ငံတော်ကို ဦးဆောင်မှုပေးမယ့် လူထုခေါင်းဆောင်ရဲ့အခန်းကဏ္ဍ၊ ပြည်သူလူထုရဲ့အခန်းကဏ္ဍ စတာတွေအပေါ်မှာ စိုးရိမ်ပူပန်မှုတွေ ရှိနေကြတာ တွေ့ရပါတယ်။


၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်လို့တောင် မေးသွားပါသေးတယ်။ မေးခွန်းတွေကို ဖြေဆိုသွားတဲ့ လူထုခေါင်းဆောင်ရဲ့အဖြေဟာလည်း မှန်ကန် ကောင်းမွန်သလို ပါးနပ်လိမ်မာ ပါတယ်။ တချို့နေရာတွေမှာတော့ ဒီထက်ပိုပြီး ပြတ်သားရဲရင့်တဲ့ စကားလုံးမျိုးတွေနဲ့ သုံးစွဲသွားမယ်ဆိုရင် လူငယ်တွေ အတွက် ပိုပြီး အားတက်ကြိုးစားချင်စိတ် ရှိလာနိုင်ပါတယ်။


ကျနော်တို့ သတိထားကြရမှာကတော့ စစ်အာဏာရှင်စနစ်ကို တွန်းလှန်ဖယ်ရှားပြီး ဒီမိုကရေစီ နိုင်ငံတခု တည်ဆောက်နိုင်ဖို့မှာ အကြမ်းမဖက်ငြိမ်းချမ်းတဲ့ နည်းလမ်းတခုတည်းကို ကိုင်စွဲထားလို့ ရနိုင်ပါ့မလား။ တွေ့ဆုံဆွေးနွေးရေးကို လုံးဝ လုပ်စရာအကြောင်းမရှိပါဘူးလို့ ပြောထားပြီး တွေ့ဆုံဆွေးနွေးဖို့ လုံးဝ လေသံမဟ စိတ်မ၀င်စားပဲ သူတို့ရဲ့ အရေခွံလဲ စစ်အာဏာရှင်စနစ်အတွက် တင်ပေးမယ့် အရပ်ဝတ် စစ်အစိုးရဖွဲ့စည်းရေးနဲ့ တိုင်းပြည်ရဲ့ စီးပွားရေးလုပ်ငန်းအားလုံးကို လက်ဝါးကြီးအုပ် သိမ်းယူရေးအတွက်ကိုပဲ ကြိုးစားအားထုတ်နေတဲ့ စစ်အာဏာရှင်တွေကို တွေ့ဆုံဆွေးနွေးရေးပဲ ဆက်တောင်းဆိုနေလို့ ရပါ့မလား။


ကျနော်ကတော့ အဲဒီလို မယုံကြည်ပါဘူး။ သူတို့ မိုက်မည်းဆိုးသွမ်းမှုတွေ၊ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို နောင်တတရားရပြီး ပြည်သူလူထု လက်ထဲ အလွယ်တကူ အာဏာပြန်အပ်မယ်လို့ ယုံကြည်တယ်ဆိုရင်လည်း မိုက်မည်းရာ ကျမယ်ထင်ပါတယ်။


အဲဒီလို စစ်အာဏာရှင် အစိုးရမျိုးရော ဖြစ်နိုင်ပါသလား။ အတိတ်တုံးက ဘာတွေလုပ်ခဲ့ ဘာတွေကျူးလွန်ခဲ့ပြီး ခုချိန်မှာ ဘာတွေလုပ်နေ ကျူးလွန်နေ ပြင်ဆင်နေပါသလဲ။ အလွန်မြင်သာ ထင်ရှားပြသထားပြီး ဖြစ်ပါတယ်။


စစ်အာဏာရှင်စနစ်ကို တွန်းလှန်ဖယ်ရှားနိုင်သူတွေဟာ ပြည်သူလူထုကြီးသာ ဖြစ်ပါတယ်။ ပြည်သူ လူထုကြီးရဲ့ ကြီးမားတဲ့ အင်အားပါ။


ဒါပေမယ့် ကျနော်တို့ တိုင်းပြည်က အမျိုးသားစစ်အာဏာရှင်တွေလို ရက်စက်သလောက် ကောက်ကျစ်စဉ်းလဲ ရိုင်းမိုက်တဲ့ စစ်အစိုးရမျိုးကို တွန်းလှန်ဖယ်ရှားနိုင်ဖို့ အကြမ်းဖက် လက်နက်ကိုင်တော်လှန်ရေး လည်း လိုအပ်ပါတယ်။


ပြောလိုရင်းကတော့ အကြမ်းမဖက် ဆန့်ကျင်တော်လှန်ရေး၊ တပိုင်းအကြမ်းဖက် တော်လှန်ရေး၊ အကြမ်းဖက်တော်လှန်ရေး အာလုံးကို လိုအပ်တယ် ဆိုတာပါပဲ။ သုံးစွဲလို့ရနိုင်သမျှ တော်လှန်ရေး နည်းနာ အားလုံးကို အသုံးချနိုင်မှပဲ စစ်အာဏာရှင် အစိုးရကို အောင်ပွဲရသည်အထိ တိုက်ခိုက်နိုင်မှာ ဖြစ်ပါတယ်။


လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူမ ယုံကြည်ရာ တိုက်ပွဲပုံသဏ္ဍန်ကို ဖော်ဆောင်ရာမှာ၊ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်မှု လိုအပ်သလို၊ တခြားဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ရာမှာလည်း ပြည်သူလူထုရဲ့ ပူးပေါင်း ပါဝင်ဆောင်ရွက်မှု လိုအပ်ပါလိမ့်မယ်။ ကိုယ်ယုံကြည်ရာ၊ အားသန်ရာ တိုက်ပွဲပုံသဏ္ဍန်မှာ ပါဝင်ပူးပေါင်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။


တခုတည်းသော ဦးတည်ချက်ကတော့ စစ်အာဏာရှင်စနစ် ဖယ်ရှား ရှင်းလင်းပစ်ရေးသာ ဖြစ်ပါတယ်။


ပြည်သူလူထုကြီးတရပ်လုံး စည်းလုံးညီညွတ်မှု ရှိရှိနဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုနောက်ကို ရဲရဲရင့်ရင့် လိုက်ပါကြဖို့ဖြစ်သလို စစ်အာဏာရှင်စနစ် ဆန့်ကျင်တွန်းလှန်ရေးအတွက် တခြားဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေရဲ့ ကြိုးပမ်းအားထုတ်မှုနဲ့ ဖော်ဆောင်လာတဲ့ တိုက်ပွဲတွေမှာလည်း ပါဝင်ထောက်ခံအားပေးကြဖို့၊ ပူးပေါင်းဆောင်ရွက်ကြဖို့ အရေးကြီးပါတယ်။


ရန်သူရဲ့ရန်သူဟာ မိတ်ဆွေပဲ ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်ကို ကန့်ကွက်ဆန့်ကျင် တွန်းလှန်သူတိုင်းဟာ မိတ်ဆွေ မိတ်ဖက်တွေသာ ဖြစ်ကြပါတယ်။ မတူကွဲပြားမှုတွေ ရှိကောင်းရှိနေမှာဖြစ်ပေမယ့် ဒါတွေဟာ ရန်ဘက်သဘော မဟုတ်ပဲ မိတ်ဘက်သဘော သာဖြစ်ပါတယ်။ ပဋိပက္ခ ရှိလာရင်တောင် မိတ်ဘက်ပဋိပက္ခသာဖြစ်ပြီး မိတ်ဘက်ပဋိပက္ခ ဖြေရှင်းနည်းနဲ့သာ ဖြေရှင်းကြရမှာ ဖြစ်ပါတယ်။ ဒါဟာ အလွန်အရေးကြီးပါတယ်။


သတင်းဌာနတခုရဲ့မေးမြန်းချက်တခုကို ဖြေကြားရင်း ဒေါ်အောင်ဆန်းစုကြည်က တတိယလမ်း တတိယအုပ်စုအပေါ် အမြင်ကိုပြောပြသွားရာမှာ သူ့အနေနဲ့ တတိယဖြစ်ဖြစ် စတုတ္ထဖြစ်ဖြစ် ပဉ္စမဖြစ်ဖြစ် အင်အားစုအားလုံးနဲ့ ပူးပေါင်း ဆောင်ရွက်လိုကြောင်း ပြောကြားသွားပါတယ်။ အဓိကကတော့ ဘုံအကျိုးစီးပွားအတွက် ဘုံလုပ်ငန်းစဉ်အတိုင်း ပူးပေါင်းဆောင်ရွက်သွားကြဖို့သာ ဖြစ်ပါတယ်။


စစ်အာဏာရှင်အစိုးရကိုတော့ ပြည်သူလူထုရဲ့ရန်သူ တိုင်းပြည်ရဲ့ရန်သူလို့ ပြတ်ပြတ်သားသား မြင်နိုင်ကြဖို့ အရေးကြီးပါတယ်။ စစ်အစိုးရကတော့ သူတို့ရဲ့အာဏာကို ထိပါးလာတာနဲ့တပြိုင်နက် ပြည်သူလူထုကို ရန်သူလို သဘောထားပြီး ရက်ရက်စက်စက် သတ်ဖြတ် ခြေမှုန်းတတ်တယ် ဆိုတာကို အားလုံး တွေ့မြင် သဘောပေါက်ကြပြီး ဖြစ်ပါလိမ့်မယ်။


ကျနော်တို့ အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေဘက်ကသာ စစ်အာဏာရှင်တွေဆီက အကျိုးစီးပွား အခွင့်အရေး တခုရဖို့အတွက် သစ္စာဖောက၊် ခွဲမထွက်ကြဖို့ အရေးကြီးပါတယ်။ ပြည်သူလူထုကြီးအတွင်းကလည်း ကိုယ်ကျိုး စီးပွားတခုအတွက် အခွင့်အရေး မက်လုံးတခုအတွက် အချင်းချင်း ပြန်သစ္စာမဖောက်မိကြဖို့ အရေးကြီးပါတယ်။


အဲဒီလို ပြည်သူကိုသစ္စာဖောက်ပြီး စစ်အစိုးရရဲ့ အလိုတော်ရိ လက်ကိုင်တုတ် ဖြစ်သွားခဲ့ကြသူတွေကို ကုန်ဈေးနှုံးကျဆင်းရေး လှုပ်ရှားမှုတွေနဲ့ ရွှေဝါရောင်အုံကြွမှု ကာလအတွင်းမှာ အများကြီး တွေ့မြင်ခဲ့ကြရပြီး ဖြစ်ပါတယ်။


အဲဒီလိုသစ္စာဖောက်မျိုးတွေရဲ့ အန္တရာယ်ကိုလည်း လျှော့မတွက်မိကြဖို့၊ သတိကြီးကြီး ရှိကြဖို့၊ ကာကွယ် တားဆီးကြဖို့၊ ဖယ်ရှားရှင်းလင်းပစ်ဖို့လိုရင် ဖယ်ရှားရှင်းလင်းပစ်ဖို့ ခုချိန်ကတည်းက သတိထား ပြင်ဆင်ထားဖို့ လိုအပ်ပါလိမ့်မယ်။


ရက်စက်ကြမ်းတမ်းတဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ဖျက်ရာမှာ စည်းလုံးညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ မိတ်ဘက်အချင်းချင်း နားလည်ခွင့်လွှတ်မှု စတာတွေ အရေးတကြီး လိုအပ်သလို၊ ရန်သူရဲ့ သဘောသဘာဝ၊ ကောက်ကျစ်စဉ်းလဲမှုတွေကို သတိချပ်ဖို့၊ စစ်အာဏာရှင်တွေရဲ့ သူလျှိုဒလန်တွေ ဒေါက်တိုင်တွေ၊ ရန်သူအားပေးတွေရဲ့ အန္တရာယ်တွေကိုလည်း သတိကြီးကြီးထားဖို့ လိုပါလိမ့်မယ်။


ကျနော်တို့အားလုံး တညီတညွတ်တည်း ဆန့်ကျင်တိုက်ဖျက်ကြမယ်ဆိုရင် စစ်အာဏာရှင်စနစ်ဟာ မုချကျဆုံး ရှုံးနိမ့်ရမှာ အသေအချာပဲ ဖြစ်ပါတယ်။ ။


စိုးနေလင်း


source by : http://www.naytthit.net

Previous Post Next Post

Contact Form