“တစ်လေးလုံး” မင်္ဂလာ ရှိသော နေ့မြတ်

၁.၁.၂၀၁၁ (စနေနေ့) သည် ကျွန်တော် အတွက် အဖိုး မဖြတ်နိုင်သော မင်္ဂလာ တရားနှင့် ပြည့်စုံသော နေ့ရက် တစ်ရက်ပင် ဖြစ်တော့သည်။

ထိုနေ့ရက်သည် ကျွန်တော်၏ ဘ၀၊ ကျွန်တော်၏ လျှောက်လှမ်း နေသော လူသား အကျိုးပြု လမ်းမပေါ်သို့ ဆွဲခေါ် လမ်းပြ ပေးခဲ့သော ကျွန်တော်၏ ဓူဝံကြယ်၊ ကျွန်တော်၏ မဟေသီ ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်၏ ကမ္ဘာ မြေပြင် ပေါ်သို့ စတင် ရောက်ရှိလာသော နေ့တစ်နေ့လည်း ဖြစ်သည်။ နှစ်သစ် မင်္ဂလာ နေ့ရက်တွင် မွေးဖွားခဲ့သော ကျွန်တော် ဘ၀ရဲ့ ကောင်းကျိုး အသစ် အသစ်တွေကို ဖန်တီး ပေးခဲ့သော ရွှေဇီးကွက် တည်းဟူသော လူမှု အကျိုးဆောင် အမျိုးသမီး တစ်ဦး မွေးဖွား သန့်စင်လာသော နေ့ရက် တစ်ရက်လည်း ဖြစ်သည်။

နံနက် စောစောပိုင်း (၄း၀၀) နာရီတွင် အိပ်ယာမှ ထပြီးနောက် မေတ္တာပို့သ၊ ဘုရား ရှစ်ခိုး၊ ပုတီးစိပ် အပြီး ကျွန်တော်ရဲ့ အိမ်ပြင်သို့ ထွက်ကာ ပတ်ဝန်းကျင်ကို လေ့လာ လိုက်သည့် အခါ အလွန်ကို သာယာ လှပစိုပြေ အေးချမ်းမှုကို ခံစားလိုက်မိသည်။ ကျေးငှက်များရဲ့ တေးသီသံကို ကြားလိုက်သည်။ မင်္ဂလာ ရှိသော အတိတ် နိမိတ်ပင် ဖြစ်တော့သည်။ နံနက် (၇း၃၀) နာရီအချိန်မှစ၍ တဖွဲဖွဲနှင့် ကြွရောက် လာကြသော ဧည့်ပရိသတ်များ၊ အသင်းသူ/သားများနှင့် စိုပြေလာသည်။

မွေးနေ့ပွဲ အခမ်းအနား စချိန်မှာ နံနက် (၉း၀၀) နာရီ မှ ညနေ (၅း၀၀) နာရီထိ သတ်မှတ် ထားသော်လည်းနံနက် (၇း၀၀) နာရီ / (၇း၃၀) နာရီ အချိန်မှ စ၍ ဧည့်ပရိသတ်များ စည်ကား လာမှုသည် ထူးခြား လှတော့သည်။ စာပေ၊ ဂီတ၊ ရုပ်ရှင်၊ လူမှုရေးသမားများနှင့် စည်ကားလှ တော့သည်။

နံနက် (၈း၃၅) နာရီတွင် ကျွန်တော်ဆီ တယ်လီဖုန်းသံ မြည်လာတော့သည်။ “ဒေါ်အောင်ဆန်းစုကြည် လာနေပြီတဲ့” အလွန် အံ့သြမိသည်။ ၀မ်းသာမိသည်။ ပရိသတ် အားလုံးလည်း အပြုံး မျက်နှာ များ၊ ၀မ်းသာမှုများ၊ နွေးထွေးမှု မဟာ အင်အားများ တိုးပွား လာခဲ့တော့သည်။ ဟုတ်သည် … အမေဒေါ်စု (၈း၅၀) နာရီတွင် ရောက်ရှိ လာတော့သည်။ အမေစုကို မွေးနေ့ရှင် ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်နှင့် ကျွန်တော်ရဲ့ မိခင် ဖခင်၊ မိတ်ဆွေ သင်္ဂဟများ၊ အမေစုကို လေးစား ကြည်ညိုသူ အားလုံး ၀မ်းမြောက်စွာ ကြိုဆို ဂါရ၀ ပြုကြသည်။

အမေစုသည် ကျွန်တော်ရဲ့ ပိတ်ပင်ထား ခံရသော အနုပညာ လုပ်ငန်းရပ်များ၊ ဖန်တီး ရိုက်ကူးထားမှုများ၊ ရေးဆွဲ ထားချက်များကို စိတ်ပါ ၀င်စားစွာ လိုက်လံ ကြည့်ရှု အားပေးခဲ့သည်။

အမေစုသည် ကျွန်တော် ဖန်တီး ပြသထားသော “တရံရောအခါက” ဟူသော ရုပ်ရှင်နှင့် ပတ်သက်သည့် ပါဖော်မန့် သရုပ်ပြ အခန်း ကိုလည်း စိတ်ဝင်တစား ကြည့်ရှု အားပေးခဲ့သည်။

ကျွန်တော်ရဲ့ ငြိမ်သက် နေသော အနုပညာ လုပ်ငန်းများ ပြန်လည် အသက်ဝင် လှုပ်ရှားမှုကို ခံစား မိတော့သည်။
ဒါ . . . အမေ့ရဲ့ ပါဝါ
အမေ့ရဲ့ စွမ်းအား
အမေ့ရဲ့ နွေးထွေးမှု
အမေ့ရဲ့ ကြင်နာမှု
အမေ့ရဲ့ အားပေးမှုတို့ကြောင့်ပင် ဖြစ်တော့သည်။
ကြွရောက် လာကြသော အနုပညာနှင့် ပါတ်သက်သော သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများနှင့် ကျွန်တော်အား အားပေးသူ၊ ကြင်နာသူ၊ ဂရုပြုကြသူများ၊ ပရိသတ်များ၊ နာရေး ကူညီမှု အသင်း(ရန်ကုန်) အသင်းသူ/သားများ၊ လူမှုရေးသမားများ၊ ဂီတပညာရှင်ကြီးများနှင့် စာပေ ပညာရှင်များ အပါအ၀င် အသက် (၉၀) ကျော်ပြီဖြစ်သော်လည်း Kyaw Thu’s Art Zone ရှိ လှေကား အတက်အဆင်းများတွင် ဖန်တီး ပြသထားသော အနုပညာပြချက်များကို စိတ်ပါဝင်စားစွာ တက်ကြွစွာဖြင့် လာရောက် အားပေးသော ဆရာကြီး ပါရဂူ၊ ပန်းချီ ပညာရှင်များနှင့် ဆရာကြီး မောင်ဒီ၊ ရုပ်ရှင် ပညာရှင်ကြီးများ ဖြစ်သော ဒါရိုက်တာကြီး ဦးအောင်မြင့်မြတ်နှင့် တကွ ကျွန်တော်၏ အနုပညာ ဖန်တီးမှု၊ ကျွန်တော်ရဲ့ လူမှုရေး စွမ်းဆောင်မှုတို့ကို လေးစား အားပေးမှုများကို ထပ်ဆင့် ထပ်ဆင့် အားပေးချီးမြှင့် အသိအမှတ် ပြုသော အမေ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့သားများ၊ လူငယ်မျိုးဆက်သစ်များ၊ အနာဂတ် ခေါင်းဆောင် လူငယ် လူရွယ်များ အားလုံးကို အထူး လေးစား ဂါရ၀ဖြင့် နှလုံးသား ထက်တွင် မှတ်တမ်းတင် လိုက်ရသော “တစ်လေးလုံး” မင်္ဂလာရှိသော နေ့မြတ် တစ်ရက်ပင် ဖြစ်ပါတော့သည်။

ကျော်သူ။
Previous Post Next Post

Contact Form