ဒီကေဘီအေတပ်ကို နအဖ တပ်ရင်းသုံးရင်းဖြင့် တိုက်ခိုက်

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်အတွင်းက ဖလူးလေးမှာရှိတဲ့ ဒီကေဘီအေ တပ်ရင်းကို နအဖ တပ်ရင်းသုံးရင်းက တိုက်ခိုက်ခဲ့တဲ့အတွက် တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တယ်လို့ ဒီကေဘီအေ ကလိုထူးဘောဗျူဟာမှူး ဗိုလ်မှူးကျော်သက် က ပြောပါတယ်။

ဒီမနက် ၆ နာရီခွဲလောက်ကနေ နေ့ခင်း ၁ နာရီ လောက်အထိ တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် နှစ်ဖက် ထိခိုက်မှု တွေရှိခဲ့ပေမယ့် အရေအတွက် အတိအကျ မသိရသေးဘူးလို့ ဗိုလ်မှူးကျော်သက် က ပြောပြပါတယ်။

ဒီတိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံအတွင်းကို ထွက်ပြေးခိုလှုံတဲ့ ဒုက္ခသည်တွေက အခြေအနေ မငြိမ်သက် သေးတဲ့အတွက် ထိုင်းဘက်ခြမ်းမှာပဲ ရှိနေဆဲဖြစ်ပါတယ်။

နိုဝင်ဘာလ ၇ ရက်နေ့က ရွေးကောက်ပွဲ ကျင်းပနေစဉ် မြဝတီမြို့နယ်အပါအဝင် ဘုရားသုံးဆူမြို့နဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်တွေမှာ စစ်အစိုးရတပ်နဲ့ ဒီကေဘီအေတို့ တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ပြီး နေ့စဉ်နီးပါး တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေပါတယ်။

ကရင်ပြည်နယ် မြဝတီနဲ့ ကော့ကရိတ်မြို့နယ်ရှိ ဝေါ်လေ၊ ဖလူး၊ မင်းလက်ပံ၊ မေတ္တာလင်းမြိုင်ကျေးရွာ တွေအပြင် မာနယ်ပလော ဒေသမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

နော်နိုရင်း

source by : http://burmese.dvb.no
Previous Post Next Post

Contact Form