လက်ရှိဖြစ်ပေါ်နေသော ဒီကေဘီအေနှင့် နအဖ စစ်ပွဲအပေါ် အကျဉ်းချုပ် သုံးသပ်ချက်

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) စစ်ကော်မရှင် အတွင်းရေးမှူး ရဲဘော်ခင်ကျော် မှ လက်ရှိဖြစ်ပေါ်နေသော ဒီကေဘီအေနှင့် နအဖ စစ်ပွဲအပေါ် အကျဉ်းချုပ် သုံးသပ်ချက်ကို တင်ပြ ပေးလိုက်ပါတယ်ခင်ဗျား...။

နယ်ကြားစောင့်တပ်ကို လက်မခံလိုသော ဒီကေဘီအေအဖွဲ့မှ နအဖ၏ ရွေးကောက်ပွဲရက်ကို တိုက်ပွဲစရက်၊ မြဝတီနှင့် ဘုရားသုံးဆူကို စစ်ရေးပစ်မှတ်အဖြစ် ရွေးချယ်ခဲ့ခြင်းကြောင့် နိုင်ငံရေးအရင်းခံ စစ်ပွဲအသွင်ကို ပေါ်လွင် ထင်ရှားသွားခဲ့စေတယ်။

ဒီကေဘီအေအဖွဲဟာ နိုင်ငံရေးစကား သိပ်မပြောခဲ့၊ ရန်သူရဲ့ အရေးကြီး စစ်ဆင်ရေးတွေမှာလည်း အဓိကအခန်းမှ ပါခဲ့တာကြောင့် အပစ်ရပ်အဖွဲ့တွေထဲမှာ ယုံကြည်စိတ်ချရဆုံးလို့ နအဖက သတ်မှတ် ထားခဲ့ပါတယ်။ ဒါ့ကြောင့် အခုလို ဗိုလ်မှူးကြီး စောလှဘွယ် ဦးဆောင်တဲ့ ဒီကေဘီအေ အဖွဲ့က ထပြီး တိုက်တော့ နအဖ အစိုးရထုတ်တဲ့ သတင်းစာမှာ ကေအင်ယူ သောင်းကျန်သူတွေ တိုက်တာပါလို့တောင် လိမ်ပြောခဲ့ရတယ်။

မြဝတီနဲ့ ဘုရားသုံးဆူ စစ်ပြေပြင်မှာ ရန်သူဟာ တပ်ရင်း(၁၀ရင်း၊ အင်အား (၁၀၀၀)လောက် အသုံးပြုခဲ့ပါတယ်။ စစ်ဆင်ရေးကာလ တလအတွင်း ဝေါ်လေ၊ ဖလူး၊ စုကလိ၊ ကျိုင်းတုံ၊ ဘုရားသုံးဆူ စစ်နယ်ပြေတွေမှာ တိုက်ပွဲကြီးငယ် စုစုပေါင်း ၃၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲစဉ်တလျှောက် ဒီကေဘီအေနဲ့ မဟာမိတ်တပ်တွေဘက်က ၃ ဦးသာ ဒါဏ်ရာ အနည်းငယ်ရခဲ့ပြီး၊ နအဖ ဘက်မှ အရာရှိဗိုလ်မှူး တဦးနှင့် ဗိုလ်ကြီးတဦးအပါဝင် ၃၀ ခန့် တိုက်ပွဲတွင်း ကျဆုံးခဲ့ပြီး ဗိုလ်မှူး(၂)ဦးအပါဝင် (၁၀၆)ခန့် ဒါဏ်ရာရခဲ့ပါတယ်။ ဒါမြေပြင်မှာ အတည်ပြုနိုင်ခဲ့တဲ့ သတင်းပါ။ (ဒီကေဘီအေဟာ မြို့ပေါ်နဲ့ ခုထိ အဆက်စပ် ရှိနေတာကြောင့် သတင်းအတိကျ အတည်ပြုနိုင်ခဲ့တာပါ။)

ဒီကေဘီအေနဲ့ မဟာမိတ်တွေဘက်က ၁ ယောက်ဒါဏ်ရတိုင်း နအဖ ဘက်က ၁၀ ဦးသေပြီး ၃၅ ဦး ဒါဏ်ရာရတဲ့ သဘောပါ။

ဘာ့ကြောင့် ဒီလောက်ထိ ရန်သူအထိနာခဲ့ရသလဲ...

*ပထမအချက်ကတော့ ရန်သူရဲ့ စစ်ရည် စစ်သွေး တိုက်ခိုက်မှုစွမ်းရည် အလွန်ကျဆင်းလို့ပါ။ စစ်အာဏာရှင် စနစ်ရဲ့အောက်မှာ စစ်တပ်နဲ့ စစ်အရာရှိများ၊ စစ်သည်တော်များ ကိုယ်တိုင် အကြမ်းဖက်ခံနေရလို့ပါ။ မတရားတဲ့စစ်ကို အတင်းအကြပ် တိုက်ခိုက်စေတာ၊ ဥပဒေမဲ့ အစီအမံများကို ပြုလာအောင် စေ့ဆော်တာ။ လက်တွေ့အခြေအနေနဲ့ မကိုက်ညီ၊ မနိုင်ဝန် ရည်မှန်းချက်များကို ဖိအားပေးအမိန့်ပေး စေခိုင်းတာတွေဟာ တပ်မှူး တပ်ဗိုလ် အားလုံးကို စိတ်ဓါတ်ကျစေတဲ့ အကြမ်းဖက်မှုတွေ ဘဲဖြစ်ပါတယ်။

*ဒုတိယအချက်တော့ ၁၅နှစ်တာ လက်တွဲလာပြီး အခုမှ ဖြုတ်ချခံလိုက်ရတဲ့ ရန်သူဟာ တလျှောက်လုံး ဒီဒေသတွေမှာ စစ်ရေးအရ ဒီကေဘီအေကိုဘဲ အဓိကအားကိုးခဲ့တာ နယ်မြေရော လူထုအပေါ်ပါ ကျွမ်းကျင်မှု ရန်သူထက်သာတာ၊ လက်ရှိ နယ်ကြားစောင့်တပ်တွေနဲ့ အစားထိုးသုံးဖို့ ဆိုတာလည်း အပြန်အလှန် ယုံကြည်မှု မပေးနိုင်တာတွေဟာ ရန်သူကိုပိုပြီး အကြပ်ရိုက်စေခဲ့ပါတယ်။

*တတိယအချက်ကတော့ အရံအင်အား မလုံလောက်မှုပါဘဲ။ လက်ရှိအခြေနေမှာ ရန်သူ့ကြည်းတပ်မှာ ခြေလျှင်၊ ချေမြန် တပ်ရင်းပေါင်း ၄၉၀ အင်အား (၉၀၀၀၀)ခန့် ရှိပါတယ်။ လေ့လာချက်အရ ကရင်ပြည်နယ်မှာ တပ်ရင်း (၁၂၅)ရင်း၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းမှာ တပ်ရင်းပေါင်း (၆၀)၊ ကယားပြည်နယ်မှာ (၄၀)ခန့်၊ ရှမ်းပြည်နယ်မှာ (၈၀)ခန့်၊ ကချင်ပြည်နယ်မှာ (၄၅)ရင်းခန့်၊ ချင်းပြည်နယ်မှာ (၂၀)ခန့်၊ ရခိုင်ပြည်နယ်မှာ (၂၀)ခန့် နဲ့ ကျန်တပ်တွေကိုတော့ အရေးအခင်းတွေ ဖြစ်လာနိုင်တယ်လို့ သတ်မှတ်ထားတဲ့ မြို့ကြီး မြို့ငယ်ပေါင်း (၁၀၀)ကျော်မှာ တပ်ချထားပါတယ်။

ကနေ့ကာလ အရေးခင်းတွေကလည်း အချိန်မရွေး ပေါ်လာနိုင်တာရယ်၊ အပစ်ရပ် ဒေသတွေမှာလည်း စစ်ပြေပြင်လို တပ်တွေ အမြဲစောင့်ကြည့်နေရပြီး ထုတ်နှုတ်ရန် ခက်တာကြောင့် စစ်ကူပေးဖို့ ဆိုတာလည်း အကန့်အသတ်တွေ ကြီးနေပါတယ်။ စစ်မျက်နှာ တနိုင်ငံလုံး ဖွင့်ထားရသလို ဖြစ်နေပါတယ်။

*စတုတ္ထအချက်ကတော့ လက်ရှိ စစ်ခေါင်းဆောင်တွေရဲ့ လတ်တလော အရေးကြီး လုပ်ငန်းစဉ်ဟာ ရွေးကောက်ပွဲ အောင်နိုင်ရေးနဲ့ ၄င်းတို့ အလိုကျ စစ်အစိုးရသစ်တရပ် ပေါ်ထွန်းလာရေး ဖြစ်တာကြောင့် စစ်ဘက် အရပ်ဘက် စစ်ဗိုလ်များ နေရာခွဲဝေရေးမှာ သဘောထား မတူတာတွေ ရှိနေတာကြောင့် စစ်ဆင် ရေးဟာ ဒုတိယဦးစားပေး အဆင့်သာ ဖြစ်နေပါတယ်။

လူထုအတွင်း နိုင်ငံရေးအရလည်း နိုးထလာတာကြောင့် စစ်အုပ်စုအတွက် အရေးတကြီး အလုပ်တခု ထပ်တိုး လာသလို ဖြစ်နေတယ်။ အဆိုးဆုံးကတော့ စစ်တပ်နဲ့ ပြည်သူဟာ စိတ်ဝမ်းကွဲပြီး စစ်တပ်ဟာ ရေနဲနေတဲ့ငါး ဖြစ်နေတယ်။ ဒါတွေဟာ ကနေ့တပ်မတော်အတွက် အဆိုးဆုံးအခြေအနေကို ရောက်စေတဲ့ အကြောင်းတရား တွေပါပဲ။ ခုဆင်နွှဲနေတဲ့ ဒီကေဘီအေနဲ့ မဟာမိတ်အဖွဲ့တွေရဲ့ တိုက်ပွဲဟာ သေးငယ်ချင် သေးငယ်နေမယ့် ထင်ရှားမြင်သာတဲ့ အပြောင်းအလဲတော့ ဖြစ်ချင်မှဖြစ်မယ်။ အနိမ့်ဆုံးတော့ ရပ်နေရာကနေ အရွေ့ကလေးတခုတော့ ဖြစ်လာတယ်။ သွေးချင်းတွေ ပိုမိုစည်းလုံး လာတယ်။ မြဝတီမြို့ကို ၁၆ နာရီကြာ၊ ဘုရားသုံးဆူမြို့ကို ၂၈ နာရီကြာ ထိမ်းနိုင်ခဲ့ပြီး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တိုက်ပွဲကို အများသိအောင် ပြနိုင်ခဲ့တယ်။ ဒီမိုကရေစီရေး တိုက်ပွဲအတွက် အားဖြစ်စေခဲ့ပါတယ်။

ဒါ ခုရနေတဲ့ စစ်ရေးအမြတ်ပါပဲ။ တကယ်တော့ ဒီကေဘီအေဆိုတာ စစ်အစိုးရနဲ့ ပေါင်းခဲ့တဲ့ အပစ်ရပ်အဖွဲ့ထဲမှာ အသေးဆုံးအဖွဲ့ တခုသာ ဖြစ်ပါတယ်။

source by : http://soneseayar.blogspot.com
Previous Post Next Post

Contact Form