၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကျောင်းသား လူငယ်များ၏ လှုပ်ရှားမှု

ရန်ကုန်တိုင်း အတွင်းရှိ ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှား နေသော ကျောင်းသား လူငယ် အင်အားစု များ၏ ၂၀၁၀ ခုနှစ် နအဖ ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုများ၏ တတိယမြောက် လှုပ်ရှားမှု အဖြစ် LETTER CAMPAIGN လှုပ်ရှားမှုကို လွန်ခဲ့သည့် တပတ်ခန့်မှ စတင်ပြီး ပြုလုပ်ခဲ့ကြသည်။

ရုပ်ပုံပေါ် ကလစ်နှိပ်၍ အကြီးကြည့်ပါ။
စစ်တပ် အသွင်ပြောင်း ပါတီ ဖြစ်သော ကြံ့ဖွတ် ပါတီနှင့် နအဖ ပြုလုပ်မည် ဆိုသော ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကို သရော် လှောင်ပြောင် ထားသော ပို့စကတ်များ ထည့်ထားသည့် စာအိတ်ပေါင်း တထောင်ကျော်ကို လွန်ခဲ့သည့် ဆယ်ရက်ခန့် ကတည်းက အဆိုပါ လူငယ် အင်အားစုများက ရန်ကုန်တိုင်း အတွင်းရှိ စာတိုက်ပုံး အသီးသီးမှ နေ၍ မြန်မာနိုင်ငံ အနှံ့အပြားရှိ မြို့နယ် များသို့ ပို့ဆောင် ခဲ့ကြကြောင်း လှုပ်ရှားမှုတွင် ကိုယ်တိုင် ပါဝင်ခဲ့သူ ရန်ကုန်တိုင်း အတွင်းရှိ ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှား နေသော ကျောင်းသား လူငယ် အင်အားစုများ အဖွဲ့ဝင် လူငယ် တစ်ဦးထံမှ သိရှိ ရသည်။

ဖြန့်ဝေခဲ့သည့် ပို့စကတ်များတွင်
“ကြံ့ဖွတ်ကို မဲပေးရင် သံဃာတွေကို သတ်ဦးမှာပဲ”
“ကြံ့ဖွတ်ကို မဲပေးရင် ပြည်သူတွေ ငတ်ဦးမှာပဲ”
“၂၀၁၀ ရွေးကောက်ပွဲကို မဲပေးရင် ကျောင်းသားတွေ ထောင်ကျဦးမှာပဲ”
စသည့် စာသားများ ပါဝင်သည့်အပြင် ဘောင်းဘီချွတ် လူဝတ် ပြောင်း၍ ကြံ့ဖွတ် ပါတီကို ဦးဆောင်ပြီး ရွေးကောက်ပွဲ ၀င်ရောက် အရွေးခံရန် ပြင်ဆင် နေသော "ဦး" တပ် ခေါ်နေရသည့် စစ်ဗိုလ်ချုပ်ကြီးများကို သရော် လှောင်ပြောင် ထားသော ကာတွန်း ပုံများလည်း ပါဝင်ကြောင်း သိရှိရသည်။
“ကျွန်တော်တို့က ဒီ LETTER CAMPAIGN လှုပ်ရှားမှုကို ရွှေဝါရောင် တော်လှန်ရေး သုံးနှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ် အဖြစ် လှုပ်ရှား ပြုလုပ် ရခြင်း ဖြစ်ပါတယ်။ သံဃာတော်တွေ သွေးမြေ ကျခဲ့ရတဲ့ လက်သည် တရားခံကို မမေ့ကြဖို့နဲ့ အဲဒီ သာသနာ ဖျက်တွေ ကိုယ်တိုင်က ပုံစံ ပြောင်းပြီး ကျွန်တော်တို့ နိုင်ငံကို ထပ်မံ အုပ်ချုပ်ဖို့ ၂၀၁၀ ရွေးကောက်ပွဲ ဆိုတဲ့ လုပ်ကြံ ဇာတ်ကြီးကို ခင်းဖို့ ကြံနေပြီ ဆိုတာ ကျွန်တော်တို့ မြန်မာ ပြည်သူတွေ သတိပြု မိကြဖို့ အတွက် ရည်ရွယ် ပြုလုပ်ရခြင်း ဖြစ်ပါတယ်။ နောက်တခုက ပြည်တွင်းမှာပဲ ကျွန်တော် တို့လို ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေးနဲ့ ဒီမိုကရေစီ ရရှိရေး လှုပ်ရှားနေကြတဲ့ တခြား ညီအစ်ကိုတော် အင်အားစု တွေကို အခု ဒီ LETTER CAMPIGN လှုပ်ရှားမှု ပုံစံမျိုးလိုပဲ ကိုယ့် ရဲဘော်တွေရဲ့ လုံခြုံရေးကို မထိခိုက်စေပဲ အစိုးရရဲ့ လုပ်ငန်း ယန္တယား ဖြစ်တဲ့ ဆက်သွယ်ရေး လုပ်ငန်းကို အသုံးချပြီး ကိုယ့် လှုပ်ရှားမှု ဖြစ်မြောက်အောင် ဆောင်ရွက် နိုင်တယ်ဆိုတဲ့ IDEA ကိုလဲ ပေးချင် ပါတယ်။ ဒီ LETTER CAMPIGN ကို လွန်ခဲ့တဲ့ ဆယ်ရက်က စတင် လှုပ်ရှား ခဲ့ကြတာ ဖြစ်ပြီး စာအိတ်တွေ ပေါ်က ပို့ရမယ့် လိပ်စာတွေ ကိုတော့ ရန်ကုန် လမ်းညွှန်လို စာအုပ်မျိုးနဲ့ တခြား ဂျာနယ် တချို့က ရပါတယ်။ ကျွန်တော်တို့ အဓိကထား ပို့တာ ကတော့ မြန်မာနိုင်ငံ အရပ်ရပ်က လုပ်ငန်းရှင်တွေ၊ အစိုးရရုံး တွေကိုပါ။ ဒီလှုပ်ရှားမှုရဲ့ ပစ်မှတ် ကတော့ အလုပ်သမား လူတန်းစားနဲ့ အောက်ခြေ အစိုးရ ၀န်ထမ်းတွေပဲ ဖြစ်ပါတယ်" ဟု အထက်ပါ လူငယ်က ပြောကြား သွားပါတယ်။

ရွှေဝါရောင် တော်လှန်ရေး သုံးနှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ် အဖြစ် ပြုလုပ်တဲ့ LETTER CAMPIGN လှုပ်ရှားမှုကို ပြုလုပ် ခဲ့သော ရန်ကုန်တိုင်း အတွင်းရှိ ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှား နေသော ကျောင်းသား လူငယ် အင်အားစုများ သည် လွန်ခဲ့သည့် လ ကလည်း ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပထမ လှုပ်ရှားမှု အဖြစ် ရန်ကုန်တိုင်း အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းတိုက် အသီးသီးသို့ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပို့စကတ်များ ဖြန့်ဝေ ခဲ့ကြပြီး၊ ဒုတိယ လှုပ်ရှားမှု အဖြစ် ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ် ဆယ့်တစ်မြို့နယ်၏ လမ်းမများ ပေါ်တွင် ရွေးကောက်ပွဲ မဲမပေးရေး စတစ်ကာများ ကြဲဖြန့် ခဲ့သည့် ရွေးကောက်ပွဲ ဆန့်ကျင်ရေး တနင်္ဂနွေ လှုပ်ရှားမှု ကို ပြုလုပ်ခဲ့ကြပြီး ယခု တတိယ လှုပ်ရှားမှု အဖြစ် LETTER CAMPIGN ကို ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

ရန်ကုန်တိုင်း အတွင်းရှိ ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားနေသော ကျောင်းသား လူငယ် အင်အားစုများ
Previous Post Next Post

Contact Form