စာကိုချေပ လူကိုကျေမှ . . .

ရှေ့ဆောင်းပါး “ငါးငသလောက်ပမာ ကြောက်စရာ အရိုးများနဲ့ အိုဘယ့် မီဒီယာ” ရဲ့ အဆက်လို့ ဆိုတော့ သတင်းလို ရေးမယ် ဆိုရင် ငါးရိုးတချောင်း စူးမျက်ခြင်းလို့ ခေါင်းစဉ်တပ်ရ မယ်ထင်တယ်။

ကျွန်တော့်ရဲ့ မီဒီယာတွေရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်ပြီး ဝေဖန်ရေး ဆောင်းပါးကို တုံ့ပြန်မှု အများအပြား ရရှိခဲ့ပါတယ်။ အဲဒီထဲမှာ သတင်းသမား တချို့လည်း ပါဝင်ပါတယ်။ တချို့ကတော့ သူတို့ သတင်းဌာနတွေ အတွင်းက အထက်အောက် ပညာပြ ဗိုလ်ကျမှု၊ မတရားမှုနဲ့ စာရိတ္တပိုင်း ဆိုင်ရာ ဖောက်ပြားမှုတချို့ကိုပါ ဖွင့်ဟလာကြပါတယ်။

သတင်းသမားများ သမဂ္ဂရဲ့ ဥက္ကဋ္ဌ ကျနော့်မိတ်ဆွေ ဦးမောင်မောင်မြင့်ကတော့ စာရှည်ရေးပြီး တုံ့ပြန် လာပါတယ်။ သူ့စာရဲ့ အချုပ်ကတော့ ကျနော့်ဆောင်းပါးကို ငြင်းချက် ထုတ်ထားတာပါပဲ။ ကျနော့် အမြင် မှာတော့ သူ့စာပါ အချက်တွေဟာ အကျကောက် ဝေဖန်ရေး လို့ပဲ မြင်ပါတယ်။ တုံ့ပြန်စရာ မလိုဘူးလို့ ဆုံးဖြတ် ပါတယ်။ ကိုမောင်မောင်မြင့် ကိုလဲ ဒီလိုပဲ စာရေးအကြောင်း ပြန်ခဲ့ပါတယ်။ ဒီကိစ္စ ပြီးပြီလို့ပဲ စိတ်မှတ်ထား လိုက်ပါတယ်။

သို့သော်လည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆက်ပြောစရာ အကြောင်းက ပေါ်လာပြန်တယ်။ အကြောင်း ကတော့ RFA ရဲ့ (၂၅၊ ၈၊ ၂၀၁၀) ရက် (၁၉:၀၀) နာရီ ထုတ်လွှင့်ချက်မှာ ကိုမောင်မောင်မြင့်နဲ့ တစ်ကိုယ်တော် အင်တာဗျူးပြီး ကျနော့် ဆောင်းပါးပါ အချက်အလက် တွေကို အမည် မဖေါ်ပြပဲ ထုချေသွားပါတယ်။ တကိုယ်တော် ဗျူးပြီး တဖက်သတ် ပြောသွားတာက ပြဿနာ မဟုတ်ပါ။ သို့သော် ထုတ်လွှင့်မှုတွေ ထဲက အချက် တချို့ကတော့ တုံ့ပြန် ချေလှယ်ဖို့ လိုအပ်လာ ပါတယ်။ အင်တာဗျူးပါ အဓိက ချေလှယ် ဆွေးနွေးချင်တဲ့ အချက် သုံးချက် ကတော့ (၁) မီဒီယာကို တပါတီ လက်ကိုင်တုတ် ဖြစ်ဖို့ ပြောတယ် ဆိုတဲ့ အချက်နဲ့ ကြားနေမယ် ဆိုတဲ့ အချက်။ (၂) ဝါဒဖြန့်ချီရေး ဝေါဟာရနဲ့ ပတ်သက်ပြီး မှားယွင်းတဲ့ သဘောထား အမြင်နဲ့ တင်ပြချက်။ (၃) ဖောက်ပြန်မှားယွင်းမှုကို ချီးမွှမ်းသွားတဲ့ အချက်တွေ ဖြစ်ပါတယ်။

ကိုမောင်မောင်မြင့် အင်တာဗျူး ပထမပိုင်းမှာ မေးတဲ့သူက ပြည်ပ ဒီမိုကရေစီ လှုပ်ရှားသူတွေက သူတို့ရဲ့ လှုပ်ရှားမှု၊ သူတို့ရဲ့အသံကို မီဒီယာတွေက ထုတ်လွှင့်မှု နည်းပါး လာတယ်လို့ စွပ်စွဲနေတယ်။ အဲဒါ ဘယ်လိုလဲလို့ ပင့်ထောင် မေးခွန်းထုတ် လိုက်ပါတယ်။ ဒီတော့မှ ဖြေကြားသူက ပြည်ပလှုပ်ရှားသူ တွေက မီဒီယာတွေကို “ သူတို့ရဲ့ အာဘော်တခု အနေနဲ့ ရပ်တည် စေချင်ပါတယ်။” လို့ ပြောသွား ပါတယ်။ “ဒီလို ပါတီတခုရဲ့ လက်ကိုင်တုတ် အနေနဲ့ မဖြစ်နိုင်ဘူး” လို့ ဆက်ပြောသွားပါတယ်။ ဒါဟာ ကျနော့်ဆောင်းပါးပါ အချက်အလက် တွေနဲ့ကော ရည်ရွယ်ချက်နဲ့ပါ လုံးဝကွဲလွဲပါတယ်။ တလွဲအဓိပ္ပါယ် ကောက်ပြီး တဖက်သတ် ထုချေထားတာ ဖြစ်ပါတယ်။ လူအများအကြား ဖြစ်ပေါ်နေတဲ့ မီဒီယာတွေ အပေါ် မေးခွန်းထုတ်စရာအမြင်တွေကို လမ်းလွှဲဖို့ ကြိုးစားတဲ့ မေးဖြေတွေပဲ ဖြစ်ပါတယ်။

ကျနော့် ဆောင်းပါး အချုပ်က သတင်း မီဒီယာသမားတွေ အနေနဲ့ အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲ ကာလကလို အဖိနှိပ်ခံ လူထုဖက်က ရပ်တည်ဖို့ တိုက်တွန်း ထားတာသာ ဖြစ်ပါတယ်။ ကျနော့် ဆောင်းပါး အဆုံးမှာ ဒါကို အတိအလင်း ရေးထားပါတယ်။ ပါတီတခုရဲ့ လက်ကိုင်တုတ် ဖြစ်ရမယ်လို့ အဓိပ္ပါယ် သက်ရောက် စေတဲ့ အချက် တစိုးတစိ မပါဘူးလို့ အာမခံနိုင်ပါတယ်။ ဒီကြားကမှ ဒီလိုအဓိပ္ပါယ် မျိုးလို့ အနက်ဖွင့် မေးဖြေ သွားကြတဲ့ သတင်းသမား နှစ်ဦးရဲ့ အတွေးအမြင်နဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ ရှင်းပါတယ်။ ကိုမောင်မောင်မြင့် စာပါ ကျနော့်ရဲ့ ပြောရေး ဆိုခွင့် အတွက် အသက်ပေး ကာကွယ်မယ် ဆိုတာ ဘယ်လို ဖြစ်သွားရတာလဲ။

ကြားနေချင်ပါတယ်လို့ ဆိုနေကြတဲ့ သတင်းသမားတချို့ကို မေးခွန်းတခု တင်ချင်ပါတယ်။ လူနဲ့လူချင်းကြားက ပြဿနာ၊ အမှားအမှန် ဆုံးဖြတ်ရွေးချယ်ရမယ့် ပဋိပက္ခတွေမှာ သတင်းသမား တွေဟာ ဘယ်လောက်များ ကြားကျအောင် နေနိုင်ပါသလဲ။ ဘယ်လို ကြားကျအောင် နေကြမလဲ။ ဘယ်လို သီလ၊ သမာဓိတွေနဲ့ ကြားကျအောင် ရွေးချယ်မလဲ။

လူဆိုတာ သူ့ပတ်ဝန်းကျင်က ရိုက်ခတ်လာတဲ့ အချက်အလက်တွေကို မြင်ကြားသိမှတ်ပြီး နှစ်သက်ခြင်း မနှစ်သက်ခြင်း၊ မှန်ခြင်း မှားခြင်း၊ ကောင်းခြင်း မကောင်းခြင်းကို ဝေဖန်ခွဲခြားသတ်မှတ်ပြီး သင့်တော်သလို သူ့စိတ်ခြေခံအတိုင်း တုံ့ပြန်တတ်တဲ့ သတ္တဝါ ဖြစ်ပါတယ်။ သူရဲ့ ဆုံးဖြတ်သတ်မှတ်ပြီး တုံ့ပြန်ချက်တွေရဲ့ အမှားအမှန်နဲ့ ဘက်ရွေးချယ်မှုဟာ သူ့ရဲ့ ပညာ၊ သီလ၊ သမာဓိနဲ့ တိုက်ရိုက် ဆက်စပ်နေပါတယ်။ ကိုယ့်ဆန္ဒကို ထိန်းချုပ်ပြီး အမှားအမှန်၊ အဆိုးအကောင်း ခွဲခြားသတ်မှတ်မှုကို ရှောင်ကျဉ်ခြင်း (သို့) ကြားနေခြင်း ဆိုတာ ဥပေက္ခာတရားကို လက်ကိုင်ပြုခြင်း လို့ယူကောက်နိုင်ပါတယ်။ ကျနော်သိသလောက် ဗုဒ္ဓတရားအလိုအရတော့ ဥပေက္ခာ တရားကို လက်ကိုင် ပြုနိုင်တယ်ဆိုတာ ဘုရား ရဟန္တာများရဲ့အရာ၊ သီလ၊ သမာဓိနဲ့ ပညာအားကြီး သူတွေရဲ့အရာလို့ ဆိုပါတယ်။ ဒီနေ့ သတင်း မီဒီယာ သမားများဟာ သာမန်ပုထုဇဉ် လူသားတွေသာ ဖြစ်ပါတယ်။ ကလျာဏ ဖြစ်သလား၊ အန္ဓဖြစ်သလား ခွဲချင်ရင် ဆက်ခွဲကြည့် နိုင်ပါတယ်။ ပုထုဇဉ်သာဖြစ်တဲ့ သတင်းသမားတွေလည်း သူလိုကိုယ်လို ပတ်ဝန်းကျင်က အဖြစ်အပျက်တွေအပေါ် အကောင်းအဆိုး၊ အမှန်အမှား၊ ကြိုက်ခြင်း မကြိုက်ခြင်းစတဲ့ ခွဲခြားတုံ့ပြန်ခြင်း ဆန္ဒစွဲတွေနဲ့ မလွတ်ကင်းနိုင်ပါဘူး။

သတင်းသမားတွေ ဆန္ဒစွဲနဲ့ မကင်းနိုင်တာကို သာဓကပြပါဦးမယ်။ ကျနော်တို့ ABSL အနေနဲ့ ဗမာပြည် ဒီမိုကရေစီထွန်းကားရေးအတွက် လှုပ်ရှားဆောင်ရွက်မှုတွေကို တတ်စွမ်းသလောက်နဲ့ လုပ်ခဲ့ကြတယ်၊ လုပ်နေကြတယ်။ ပြည်ပသတင်းမီဒီယာတွေမှာ ပါတဲ့အခါ ပါတယ်၊ မပါတဲ့အခါ မပါဘူး။ တခါတလေ ပါပြန်ရင်လည်း ပုံပျက်ပန်းပျက်နဲ့ ပါလာတတ်တယ်။ အခု RFA သတင်းထောက်ဖြစ်နေတဲ့ ကိုညိုဆိုရင် ကျနော်တို့ လှုပ်ရှားမှုတခုပြီးတိုင်း သတင်းမီဒီယာတွေနဲ့ ပတ်သက်ပြီး ဒါမတရားဘူး၊ ဒါဘက်လိုက်တာ၊ ဒါစော်ကားတာ စသည်ဖြင့် ခံစားဒေါသပေါက်ကွဲတာ မကြာခဏပဲ။ ကျနော်ကိုယ်တိုင်လည်း ခံပြင်းပေမဲ့ သူ့ကို ဒါတွေကို ဂရုမစိုက်ဖို့၊ ကျနော်တို့ လှုပ်ရှား ဆောင်ရွက်တဲ့ အဓိက ရည်ရွယ်ချက်က ကျနော်တို့ရဲ့ ဆန္ဒဖေါ်ထုတ်ဖို့ဖြစ်တယ်။ အိန္ဒိယနဲ့ ကမ္ဘာ့အသိုင်းအဝိုင်းကြားမှာ ကျနော်တို့ တိုင်းပြည် အခြေအနေကို သိအောင် ဖော်ထုတ်ဖို့ဖြစ်တယ်။ သတင်းမီဒီယာတွေမှာ ဖော်ပြခံရတာဟာ အစွန်းထွက် အကျိုး ရလာဒ်သာ ဖြစ်တယ်လို့ ဖျောင်းဖျ ခဲ့ပါတယ်။

စိတ်ထိခိုက် နာကျင် ခံစားရလွန်းလို့ မမေ့နိုင်တဲ့ သတင်းသမားရဲ့ ဆန္ဒစွဲနဲ့ ကျနော်တို့ အပေါ် ပြုခဲ့တဲ့ စော်ကားမှု တခုကို ရင်ဖွင့်ချင် ပါသေးတယ်။ ၂၀၀၇ သံဃာ့အရေးခင်းအပြီးမှာ ABSL က ဗုဒ္ဓဂါယာမှာ တပတ်ကြာ ထိုင်သပိတ် လုပ်ခဲ့ပါတယ်။ အိန္ဒိယ၊ ယိုးဒယား၊ သီရိလင်္ကာ၊ တိဗက်၊ ဂျပန်၊ ကိုးရီးယား၊ ကမ္ဘောဒီယားနဲ့ ဘင်္ဂလားဒေ့ရှ်က ဘုန်းကြီးတွေ ပါဝင်ခဲ့ကြပါတယ်။ တချို့ရက်တွေမှာ ငါးဆယ်လောက်၊ တချို့ရက်တွေမှာ တစ်ရာလောက် ပါဝင်ခဲ့ကြတယ်။ အဲဒီသတင်းကို အိန္ဒိယမှာ ဌာနခွဲရော၊ သတင်းထောက် တွေရော ရှိနေတဲ့ DVB က “ ဗုဒ္ဓဂါယာမှာ လူသုံးဆယ်ခန့် လူတစုက ထိုင်သပိတ် လုပ်နေတယ်” လို့ လုပ်ချသွားပါတယ်။ အဲဒီ့ သတင်းပိုဒ် ကလေးကို ဖတ်ပြီး ကျနော့်ခေါင်းထဲ ဖျတ်ကနဲ ဝင်လာတာကတော့ မဆလက ကျနော့်တို့ကို အပုပ်ချခဲ့တဲ့ စကားလုံးတခုပါ။ ရှစ်လေးလုံးမတိုင်ခင် ကျနော်တို့ ရွှေတိဂုံဘုရားပေါ်မှာ ဆန္ဒပြပွဲ၊ တရားပွဲတွေကို လုပ်ကြတယ်။ မဆလရေဒီယိုကနေ ကျနော်တို့ကို ကျောင်းသားဆိုးတစုက အလှူခံပုံးတွေ ဖောက်တယ်လို့ လိမ်ညာအပုပ်ချခဲ့တယ်။ အသုံးအနှုန်းက DVB နဲ့ မဆလ ရေဒီယိုနဲ့ ကွက်တိအံကျ တူနေတယ်။ လူတစုလို့ သုံးနှုန်းတယ်ဆိုတာ ချိုးနှိမ်လိုတဲ့ ကဲ့ရဲ့လိုတဲ့ သဘောဆောင်တယ်ဆိုတာ သတင်းသမား တွေ မသိလေရော့သလား။ စိတ်ထဲမှာ အတော်ထိခိုက်မိပြီး လုပ်ရဲလိုက်ကြတာ၊ လုပ်ရက်လိုက် ကြတာလို့ပဲ အောက်မေ့ပါတယ်။ ကျနော်တို့ ဘာပြဿနာမှ မလုပ်ခဲ့ပါ။ အဲဒီသတင်းဌာနရဲ့ မူဝါဒသဘောထား မဟုတ်ဘူးလို့ပဲ မှတ်ယူခဲ့ပါတယ်။ ကာယကံရှင် သတင်းသမားရဲ့ ဆန္ဒစွဲ အမှားလို့ပဲ ဖြေသိမ့်ခဲ့ပါတယ်။

ကျနော့် တဦးချင်း အမြင် ပြောရရင် ဘက်လိုက်မှု ကင်းတဲ့ သတင်း မီဒီယာ ဌာနရယ်လို့ မရှိပါ။ ဒီနေ့ ကမ္ဘာ့ သတင်း လောကကြီးရဲ့ ဦးဆောင် ဌာနတွေဖြစ်တဲ့ BBC၊ CNN၊ AP၊ AFP စတဲ့ ဌာနကြီးတွေက ပြောနေတဲ့ ဘက်လိုက်မှု ကင်းရှင်း ရမယ် ဆိုတာဟာ စကားအရာ (Rhetoric) သာဖြစ်ပါတယ်။ ဘက်လိုက်တယ်၊ မလိုက်ဘူး၊ ဘယ်ဘက် လိုက်မယ် ဆိုတာဟာ ပြဿနာ အမျိုးအစားနဲ့ ဆက်စပ်နေတဲ့ သူတို့ အကျိုးစီးပွား အတိမ်အနက် ပေါ်မှာ မူတည်ပြီး ပြောင်းလဲ တတ်ပါတယ်။ ကွဲပြားတတ်ပါတယ်။ အီရတ်ပြဿနာနဲ့ ပတ်သက်ပြီး ကမ္ဘာ့သတင်းဌာနကြီးတွေ ဘက်လိုက် ခဲ့ကြတယ်။ အမေရိကန်တွေ အီရတ်ကို သိမ်းပြီး စစ်တိုက်ရတဲ့ သူတို့အကြောင်းပြချက် ဖြစ်တဲ့ အစုလိုက် အပြုံလိုက် သေစေနိုင်တဲ့ လက်နက်ကြီးများ ရှိတယ်ဆိုတာ သက်သေ ရှာမရတဲ့ အခါ သတင်း ဌာနကြီးတွေ ဘက်လိုက်ခဲ့တာ “ဗူး” ပေါ်သလို ပေါ်သွားခဲ့တယ်။ တချို့ BBC ဝန်ထမ်းတွေ နှုတ်ထွက်သွားခဲ့ကြတယ်။ ဒါရိုက်တာ ကိုယ်တိုင်ကလည်း ဘက်လိုက် ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။ အယ်ဂျာဇီးဒါး (Aljazeera) သတင်းဌာန ပေါ်ပေါက်လာတာ၊ ကမ္ဘာ့သတင်းမီဒီယာလောကမှာ အလျင်အမြန် နေရာ ရလာတာဟာ အရှေ့အလယ်ပိုင်း ပြဿနာတွေနဲ့ ပတ်သက်ပြီး အထက်က သတင်းဌာနကြီးတွေရဲ့ ဘက်လိုက်မှု အကျိုး ရလာဒ်လို့ ပြောနိုင်ပါတယ်။ ဒီတော့ သတင်းသမား ဆိုတာလည်း ခံစားချက်နဲ့ မကင်းနိုင်ပါဘူး၊ ဆန္ဒစွဲနဲ့ မကင်းနိုင်ပါဘူး။ ဘက်လိုက်မှု ကင်းအောင် နေလို့မရနိုင်ပါ။ ဆန္ဒစွဲတွေ၊ ဘက်လိုက်မှုတွေနဲ့ မကင်းနိုင်သည့်အတူ ဘက်လိုက်ရင်တောင် အမှန်တရားဖက်က လိုက်ကြဖို့ အဖိနှိပ်ခံ လူများစုဘက်က လိုက်ကြဘို့ လိုပါတယ်။

ဒုတိယ ချေလည် ဆွေးနွေးချင်တဲ့ အင်တာဗျူးပါ ဒါဝ ဖြန့်ချီရေးနဲ့ ပတ်သက်တဲ့ အမြင်ဖြစ် ပါတယ်။ သတင်းသမားသမဂ္ဂ ဥက္ကဋ္ဌ ကိုယ်တိုင်က ဝါဒ ဖြန့်ချီရေးနဲ့ ပတ်သက်ပြီး မကောင်းတဲ့ အဓိပ္ပါယ်လို့ ထင်မြင် ယူဆနေတာဟာ အတော် စိတ်မကောင်း စရာပါ။ Not for Nothing ဘာအတွက်မှ မဟုတ်ရင် ဘာမှ မဟုတ်ဘူးတဲ့။ ယဉ်ကျေးမှုခေတ် လူတွေမှာ ရည်ရွယ်ချက်မဲ့ စုဖွဲ့လှုပ်ရှားမှုဆိုတာ မရှိပါဘူး။ စက်ရုံ၊ အလုပ်ရုံ၊ ကူးသန်း ရောင်းဝယ်ရေးတွေ၊ သတင်း မီဒီယာတွေ၊ စာနယ်ဇင်းတွေ လုပ်ကြတယ်။ ရည်ရွယ်ချက်ကိုယ်စီနဲ့ လုပ်ကြတာပါ။ အခြေခံ မူဝါဒတွေလည်း ကိုယ်စီ ရှိတတ်ပါတယ်။ အဲဒီလို ဦးတည်ချက်တွေ ပေါက်မြောက်ဖို့ အတွက် အဲဒီအခြေခံမူတွေ အတွေးအမြင်ဝါဒတွေ လူအများ ကြားမှာ ပြန့်ပွားဖို့ လိုအပ်ပါတယ်။ ဒီလို ပြန့်ပွားဖို့အတွက် လူထု ဆက်သွယ်ရေး ယန္တရားတွေ ဖြစ်တဲ့ စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သတင်း၊ စာနယ်ဇင်းများကို အသုံးချ ဆောင်ရွက်ကြတယ်။ ဒါ လူမှုရေး လောကထဲက ဝါဒဖြန့်ချီရေး ဖြစ်ပါတယ်။ ခရစ်ယာန် တွေရဲ့ သတင်းကောင်း (Gospel) တို့ ဧဝံဂေလိ (Evangel) တို့ဆိုတာ ခရစ်တော်ရဲ့ လူလူချင်း မေတ္တာထားရေး တရားတွေ ပြန့်ပွားဖို့ ဝါဒဖြန့်ချီတာဖြစ်ပါတယ်။ ဗုဒ္ဓ ဘုရားရှင်ကလည်း သူ့ရဲ့ပထမဆုံးရဟန်းတွေကစလို့ သံဃာတော်တွေကို သစ္စာ လေးပါး တရား ပြန့်ပွားဖို့ တလမ်းကို တပါးစီသာ ကြွချီဟောကြားဖြန့်ချီဖို့ ညွန်ကြား ခဲ့ပါတယ်။ ဒါတွေဟာ ဘာသာရေးထဲက ဝါဒ ဖြန့်ချီရေးပဲဖြစ်ပါတယ်။

ဒါကြောင့် ဝါဒ ဖြန့်ချီရေး ဆိုတဲ့ ဝေါဟာရဟာ ဖက်ဆစ် အာဏာရှင်တွေ သုံးစွဲခဲ့လို့ ဆိုရှယ်လစ် ဆိုတဲ့ ဝေါဟာရလို လူထုအကြား ရေပန်း မစားတော့ ပေမယ့် အနှစ်သာရ အားဖြင့် ကောင်းတဲ့ သဘောဖြစ်ပါတယ်။ အလိမ်အညာ များနဲ့ မကောင်းတဲ့ ဒုစရိုက်ကိုသာ ပြန့်ပွားစေရင် အကုသိုလ် မကောင်းမှု ဖြစ်သလို ကောင်းတဲ့ သုစရိုက်တရား သမ္မာတရားတွေကို ဖြောင့်မတ်မှန်ကန် ဟောပြောပို့ချ ပြန့်ပွား စေမယ် ဆိုရင် ကုသိုလ် ဖြစ်တဲ့ ကောင်းတဲ့ ဝါဒ ဖြန့်ချီရေးပဲ ဖြစ်ပါတယ်။

နေ့စဉ် ရိုက်နှက် ခံနေရတဲ့ မောင်ဖြူ့ အကြောင်းကို ဒီနေ့ မောင်ဖြူ ရိုက်ခံရတယ်။ ဘယ်သူက ရိုက်တယ်၊ ဘယ်နှစ်ချက် ရိုက်တယ်၊ တုတ်က ကြီးတယ် သေးတယ် ဆိုတဲ့ အချက်အလက်လောက် ပေးရုံနဲ့ သတင်းသမားရဲ့ တာဝန်ကုန်ပြီလို့ မဆိုနိုင်ပါဘူး။ ဒီလောက် ကတော့ ပွဲရုံ၊ တာလီစာရေး အဆင့်ပဲ ရှိပါတယ်။ အရိုက်ခံရတဲ့ အကြောင်းအရင်းတွေ အရိုက်ခံရတဲ့ ဘေးက လွတ်ကြောင်း နည်းနာတွေ၊ သင်္ခန်းစာ တွေပါ လူထုအကြား ပြန့်ပွား စေနိုင်မှ သတင်းသမားတာဝန် ပြည့်စုံပါတယ်။ ဒါကြောင့် သတင်း စာနယ်ဇင်း သမားတွေမှာ ဝါဒဖြန့်ချီရေး တာဝန်လည်း ရှိပါတယ်။ ဒါကြောင့်လည်း စာနယ်ဇင်း သတင်း သမားတွေ လူထု အကျိုးပြု စာပေသမား တွေကို ကိုယ့်ဦး စွန်းဖုတ်ကို မီးရှို့ပြီး လောကကို အလင်းရောင် ပေးနေတဲ့ ဖယောင်းတိုင်လို လူစားတွေလို့ ထောပနာပြုကြတယ်။ သတင်း စာနယ်ဇင်း သမားတွေ ရွေးချယ်ရမှာက ဘယ်သူတွေကို ကိုယ်စားပြုမလဲ၊ ဘယ်တရားကို ကိုယ်စားပြုမလဲ ဆိုတာပဲဖြစ်ပါတယ်။ ဒီနေ့ မျိုးချစ် စာနယ်ဇင်းသမားတွေရဲ့ တာဝန်ကတော့ အမျိုးသားလွတ်မြောက်ရေးနဲ့ ဒီမိုကရေစီထွန်းကားရေး အသိပညာတွေ ပြန့်ပွားစေဖို့ ဖြစ်ပါတယ်။

တတိယ အချက် ဆွေးနွေးချင်တာက DVB ရဲ့ ဖောက်ပြန် မှားယွင်းမှုကို အားပေး ထောက်ခံ သွားခြင်း ဖြစ်ပါတယ်။ ကိုမောင်မောင်မြင့် က DVB ရဲ့ သတင်း ထုတ်လွှင့်မှုတွေ တိုးတက် လာတာဟာ NCGUB ကနေ ခွဲထွက်ပြီး သီးခြား လွတ်လပ်စွာ ရပ်တည်လာလို့ ဖြစ်တယ်လို့ ဆိုသွားပါတယ်။ ဒါဟာ မှားယွင်းတဲ့ ကောက်ချက်ဖြစ်သလို ဖောက်ပြန် မှားယွင်းမှုကို အားပေး အားမြှောက် ဖြစ်စေတဲ့ စကား ဖြစ်ပါတယ်။ DVB ရဲ့ ထုတ်လွှင့်မူတွေ အဆင့်အတန်း တိုးတက် လာတာဟာ ပြည်တွင်းနဲ့ နယ်ခြား သတင်းသမားတွေ (တကယ်တော့ ဒီမိုကရေစီ အရေး လှုပ်ရှားသူတွေပါ) ရဲ့ ဘဝနဲ့ရင်းပြီး စွန့်စားဆောင်ရွက်မှုတွေနဲ့ ဝန်ထမ်းတွေရဲ့ အတွေ့အကြုံ မြင့်မား လာတာကြောင့်ပဲ ဖြစ်ပါတယ်။ NCGUB ရဲ့ ဝါဒဖြန့်ချီရေး အသံလွှင့်ဌာန အဖြစ်ကနေ သစ္စာ ဖောက်ထွက်ပြီး သီးခြား လွတ်လပ်စွာ ဆောင်ရွက် လာလို့ မဟုတ်ပါဘူး။ လူထုက ဒီမိုကရက်တစ် အသံ ဆိုပြီး ယုံကြည် ထောက်ခံ အားပေး ပြီးသားဖြစ်ပါတယ်။ NCGUB ကလည်း ဘာလုပ်ရမယ်၊ ဘာတွေ လွှင့်လို့ နေ့စဉ်ညွှန်ကြား စွက်ဖက် နေတယ်လို့ မကြားမိပါဘူး။ လုပ်ငန်း ဆောင်ရွက် နေတဲ့ ပုံစံက ထူးထူးခြားခြား ပြောင်းလဲတာ မတွေ့မိပါ။ သတင်းသမား သမဂ္ဂဥက္ကဋ္ဌတယောက်အနေနဲ့ ဒီလိုဖောက်ပြန်မှားယွင်းမှုကို အားပေး အားမြှောက်ဖြစ်စေတဲ့ စကားမျိုးကို မပြောသင့်ပါ။ သစ္စာမတည်တဲ့ အိမ်ထောင်ရှင် တယောက်ရဲ့ ဖောက်ပြားမှုကို စွန်တယ်၊ စွမ်းတယ်လို့ ချီးမွမ်းသလိုပါပဲ။

ကျနော် ငွေတပြား တချပ်မရဘဲ ဒီနေ့ခေတ် အခြေအနေ အရ လူမုန်းများ ရန်သူမွေးတဲ့ ဝေဖန်ရေး ဆောင်းပါးတွေ ရေးနေတာဟာ မျှော်လင့်ချက် နှစ်ခုနဲ့ ဖြစ်ပါတယ်။ တခုက ကျနော်တို့ တော်လှန်ရေးအတွင်း ပြုပြင် ပြောင်းလဲရေးနဲ့ တခုက နောင်မျိုးဆက်တွေအတွက် သင်္ခန်းစာ ရရှိစေရေး ဖြစ်ပါတယ်။ စစ်အုပ်စုဟာ ရုပ်သဘော အရ ခိုင်မာသလို ရှိပေမဲ့ စိတ်ဓာတ်ရေးရာ အရ (နိုင်ငံရေးအရ) မခိုင်မာဘူးလို့ မြင်ပါတယ်။ သူတို့မှာ ကြောက်စိတ်နဲ့ လက်နက်က လွဲလို့ ဘာမှ မရှိပါဘူး။ နိုင်ငံရေးသမား အမြောက်အများကို ဖမ်းဆီး ထားရတာက သာဓက ဆောင်ပါတယ်။ ဒီလိုမခိုင်တဲ့ စစ်အုပ်စုကို အနှစ် (၂၀) ကျော်အထိ ကျနော်တို့ အနိုင်မယူနိုင်တာဟာ ကျနော်တို့ရဲ့ ညံ့ဖျင်းချက်ကြောင့် ဖြစ်ပါတယ်။ စုစည်းမှု အားနည်းလို့ဖြစ်ပါတယ်။ စုစည်းမှု အားနည်းစေတာ ဟာလည်း ရော့ရဲတဲ့ ဦးဆောင်မှု ဘုံလုပ်ငန်းစဉ် ကင်းမဲ့မှုတို့ကြောင့် ဖြစ်တယ်လို့ မြင်ပါတယ်။ လက်ရှိ ဦးဆောင်မှု ပုံစံနဲ့ လုပ်ဟန်တွေနဲ့တော့ အောင်ပွဲနဲ့ ကင်းဝေး နေဦးမှာပဲ ဖြစ်တယ်။ တော်လှန်ရေး အတွင်းက ဖောက်ပြန်မှားယွင်းမှုတွေကို အမြန်ဆုံး ရှင်းထုတ်ပြီး တိကျပြတ်သားတဲ့ ဘုံလမ်းစဉ်နဲ့ ခိုင်မာတဲ့ ဦးဆောင်မှုကို လိုအပ်နေပြီဖြစ်ပါတယ်။ ပြီးတော့ တိုင်းပြည်အတွက်ကော ကျနော်တို့ အတွက်ပါ အချိန် သိပ်မရှိ တော့ပါ။ စစ်အုပ်စုအောက်မှာ ကြာလေ တိုင်းပြည်အလုံးစုံ ပျက်သုဉ်း ရေးအန္တရာယ်နဲ့ နီးလေဖြစ်ပါတယ်။ စစ်အုပ်စုကတော့ သူ့ကိုယ်ကျိုး အာဏာက လွဲရင် တိုင်းပြည်နဲ့ လူမျိုး ဘာတွေဖြစ်နေနေ စိတ်မဝင်စားတော့ ပါဘူး။ ကျနော်တို့ ကိုယ်တိုင်လဲ သဘာဝပေးတဲ့ အသက်အရွယ်က အတော် ရင့်ရော်လာကြပြီ။ ရှစ်ဆယ့်ရှစ် မျိုးဆက်တွေတောင် လေးဆယ်တမ်း ငါးဆယ်တမ်း ဆိုတော့ ဗမာပြည် သက်တမ်းနဲ့ တွက်ရင် အချိန် သိပ်မကျန်တော့ပါ။ ဒီတော့ ကျနော်တို့ သက်တမ်းအတွင်း တိုက်ပွဲ ပြီးဆုံးစေလိုရင် ကျနော်တို့ အမှားတွေ အမြန် ပြင်ပြီး အမြန်စုစည်းဖို့ လိုအပ်ပါတယ်။

မိတ်ဆွေတယောက်ကတော့ ကျနော့်မျှော်မှန်းချက် ပြည့်မြောက်ဖို့ ခဲယဉ်းတယ်။ အလကားနေ လူမုန်းမခံဖို့ စေတနာနဲ့ ပြောလာပါတယ်။ ဒါပေမဲ့ ကျနော့်အတွက်တော့ ဒီမျှော်လင့်ချက် မဖြစ်ခဲ့ ရင်တောင် ကျနော့်ရဲ့ ဝေဖန်စာတွေဟာ နောင်မျိုးဆက်တွေအတွက် သင်္ခန်းစာ အဖြစ် အသုံးဝင် နေလိမ့်မယ်လို့ မျှော်လင့်နေပါသေးတယ်။ လျှပ်စစ်မီးလုံးကို တီထွင်ခဲ့တဲ့ သောမတ်အက်ဒီဆင်က (ဆိုပါစို့) အကြိမ် တရာမြောက် စမ်းသပ်မှု မအောင်မမြင် ဖြစ်သွားပြီး သူ့ဆရာကို သတင်းပို့ပါတယ်။ သူ့ဆရာက အေးကောင်းတယ်။ တို့မဖြစ်နိုင်တဲ့ နည်းလမ်းတရာတွေ့ထားပြီဆိုတော့ ဒီနည်းလမ်း တရာကို ဖယ်လိုက်ရင် ဖြစ်နိုင်တဲ့ နည်းလမ်းနဲ့ ပိုနီးစပ်လာပြီ အားပေးပါတယ်။ ကျနော့်ဝေဖန်စာတွေက ကျနော်တို့အမှားတွေ၊ ကျနော်တို့ တွေ့ခဲ့ (လုပ်ခဲ့) တဲ့ မအောင်မြင်နိုင်တဲ့ နည်းလမ်းတွေကို နောင်မျိုးဆက်တွေ အတွက် ရှောင်ရန် သင်္ခန်းစာတွေ အဖြစ် အသုံးဝင်နေပါလိမ့်မယ်။ နောင်အောင်ပွဲ ခံမယ့် မျိုးဆက်သစ်တွေအတွက် အထောက်အကူ ပြုလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

တိုင်းပြည်ကို ဒီမိုကရေစီထူထောင်မယ်ဆိုရင် ထူထောင်မယ့်သူတွေက အရင် ဒီမိုကရက် ဖြစ်ဖို့လိုပါတယ်။ ဒီမိုကရေစီဆိုတာ မတူကွဲပြားတဲ့ အမြင်အယူဆတွေ သဟဇာတပြုပြီး အတူတကွ ရပ်တည်လှုပ်ရှားတဲ့ စနစ်ဖြစ်ပါတယ်။ အပြန်အလှန် ဝေဖန် စစ်ကြောခြင်းဆိုတာ မတူကွဲပြားမှုတွေ ကြားက အဓိကပေါင်းကူးဆက်သွယ်ရေးဖြစ်ပါတယ်။ ချိန်ခွင်လျှာလည်း ဖြစ်ပါတယ်။ အပြန်အလှန် ဝေဖန်မှုတွေကို ရင့်ကျက်မှု၊ သည်းခံမှု၊ စနစ်တကျတုံ့ပြန်မှုတွေနဲ့ လက်ခံကျင့်သုံးဖို့ လိုပါတယ်။ မှားယွင်းတဲ့ ဝေဖန်မှု သို့မဟုတ် ကွဲလွဲတဲ့ အမြင်အယူအဆတွေကို စာပါ အချက်အလက်တွေအလိုက် အကျိုးသင့်အကြောင်းသင့် မချေလှယ်ပဲ လူကိုမကျေ ချေကို ချေမယ် ဆိုတာမျိုးနဲ့ တုံ့ပြန်မယ်ဆိုရင် ဒီမိုကရေစီရဲ့ အနှစ်သာရ ပျက်စီးသွားတတ်ပါတယ်။ အများနဲ့ သက်ဆိုင်တဲ့ လုပ်ငန်း ကိစ္စရပ်တွေမှာ တာဝန်ယူနေသူများ၊ ပါဝင်ပတ်သက်နေသူများဟာ ဝေဖန်ရေးနဲ့ မကင်းနိုင်ပါဘူး။ ဝေဖန်ရေး ဆိုတာကလည်း အများနဲ့ သက်ဆိုင်တဲ့ အရေးကိစ္စတွေမှာ အများအကျိုးကို မျှော်ပြီး ဝေဖန်တဲ့အခါမှာ တာဝန်ရှိတဲ့ လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေကို အမည်တပ် ဖော်ထုတ် ဝေဖန်ရတာတွေလည်း ရှိနိုင်ပါတယ်။ အဲဒီအခါ ကိုယ့်အားသာချက် သို့မဟုတ် လုပ်ပိုင်ခွင့် အသုံးချပြီး စာကိုမချေ လူကို ချေမယ် ဆိုရင်တော့ အများအကျိုးလည်း ပျက်စီးသွားမှာ ဖြစ်ပါတယ်။ အများနဲ့ သက်ဆိုင်တဲ့ ရာထူးနေရာ လုပ်ပိုင်ခွင့် အာဏာဆိုတာ အများအကျိုး အတွက် ဆောင်ရွက်ဖို့ တာဝန် ဝတ္တရားတွေကို ဖြည့်ဆည်းဖို့ အပ်နှင်း ထားတာဖြစ်ပါတယ်။ ဒါကို အိန္ဒိယရဲ့ ပထမဆုံး ဝန်ကြီးချုပ် ဂျဝါဟာလာနေရူးက
“ကျနော်ဟာ အိန္ဒိယရဲ့ ပထမဆုံး အစေခံ နံပါတ် (၁) ဖြစ်ပါတယ်။” လို့ သူ့ရဲ့ လွတ်လပ်ရေး မိန့်ခွန်းထဲမှာ ဖွင့်ဟ ဝန်ခံ ထားပါတယ်။ ကျနော်တို့ အသွေးအသား တွေထဲမှာ စွဲဝင်နေတဲ့ “ကိုယ်နဲ့ မဆိုင်ရင် အသာငြိမ်နေ ဆိုင်လို့ မနိုင်ရင် သီးခံ၊ ကိုယ့်ခွင်ထဲဝင် ပိုင်ရင် ဖြဲလိုက်မယ်”
ဆိုတဲ့ မဆလ အမူအကျင့်တွေကို မချေချွတ် နိုင်သေး သရွေ့တော့ ကိုယ့်တာဝန် ကိုယ်မကျေနိုင်ဘဲ ဒီမိုကရေစီ အောင်ပွဲဆိုတာလည်း အလှမ်းဝေးကွာနေဦးမှာ ဖြစ်ပါတယ်။ ရခဲ့ရင်လည်း ဗိုလ်ချုပ် အောင်ဆန်း ပြောသလို **** ဒီမိုကရေစီပဲ ဖြစ်နေဦးမှာပါ။

ဒါကြောင့် တကယ် စစ်မှန်တဲ့ ဒီမိုကရေစီ စနစ်ကို တည်ဆောက်မယ်ဆိုရင် ကျနော်တို့ကြားမှာ မှန်ကန်တဲ့ အပြန်အလှန် ဝေဖန်ရေး ရှိဖို့ လိုပါတယ်။ ဘုရားရှင် ကိုယ်တိုင်က ကိုယ့်အမှားကို ထောက်ပြတဲ့ သူကို မြေတွင်းထဲက ရွှေအိုးကြီး တွေကို ဖော်ပေးတဲ့ သူလို ကျေးဇူးတင် လိုက်စမ်းပါလို့ ဟောကြားပြီး ဝေဖန်ရေးကို အားပေးခဲ့ပါတယ်။ ဆရာ အစဉ်ဆက် တို့ကလည်း ဝေဖန်ရေး ဆိုတာ အကောင်းဆုံး လမ်းပြလို့ ဆိုမိန့် ခဲ့ပါတယ်။ မှန်ကန်တဲ့ လမ်းကြောင်းကို တည်ဆောက်ပြီး အောင်ပွဲ ရယူဖို့ အတွက် အပြန်အလှန် ဝေဖန် စစ်ကြောမှုကို ကျနော်တို့ လက်ခံနိုင်ဖို့ ကြိုးစား ရပါလိမ့်မယ်။ မပြည့်စုံတဲ့ လူတယောက်သာ ဖြစ်တဲ့ ကျနော့်ရဲ့ ဝေဖန်မှုတွေမှာလည်း အလွန်အကျွံတွေ အလွဲအမှားတွေနဲ့ ကင်းစင်မှာမဟုတ်ပါဘူး။ ဒါကြောင့် ဝေဖန် ခံရသူများ ကကော စာဖတ်သူများကပါ ဘယ်ဟာ၊ ဘယ်လို မှားတယ်၊ ဘယ်ဟာ ဘာ့ကြောင့် လက်မခံ နိုင်ဘူးလို့ စာကိုချေလည် ဝေဖန် တည့်မတ် ပေးကြဖို့ လိုပါတယ်။ ဒါဆို ကျနော်တို့ အဖြေမှန်ကို ရရှိပြီး စာရေးခြင်း၊ ဖတ်ခြင်း၊ ပြန်လှန် ဝေဖန်ခြင်းများကနေ တော်လှန်ရေး အတွက် တစုံတရာ အကျိုးဖြစ်ထွန်းပါလိမ့်မယ်။ ဒါကြောင့် ဝေဖန်ရေးမှာ စာကိုပဲချေ လူကိုကျေဖို့ လိုအပ်ပါတယ် ဆိုတဲ့ အကြောင်း သြဓိဿမေတ္တာ အနောဓိဿ မေတ္တာများနဲ့ စေတနာ စကား လက်ဆောင် ပါးလိုက်ပါတယ်။

ရဲဘော်ကျော်သန်း
Kyaw_than2004@yahoo.com
1.9.2010
Previous Post Next Post

Contact Form