ခဏလေး စောင့်ပေးပါ......
  • Share this
  • Sumbit to Digg
  • Sumbit to StumbleUpon
  • Sumbit to Delicious
  • Sumbit to Technorati
  • Sumbit to Reddit
  • Sumbit to Mixx
  • Sumbit to Twitter
  • Sumbit to Furl
  • Sumbit to Design Float
  • Sumbit to Blinklist
  • Sumbit to Yahoo Buzz
  • Sumbit to Google Bookmarks

မောင်ကျောင်းသား

( ငါတို့၏ ဦးခေါင်းများသည် သွေးချင်းချင်း နီသည် သို့သော် ညွှတ်ကား မညွှတ်နိုင်ပြီ ) ၂ ဒီမိုကရေစီ ပညာရေး သွေးနဲ့ အရင်းတည် ဒီမိုကရေစီ တော်လှန်ရေး ပေါင်းကူး ပေးမည် ၊ စစ်အာဏာရှင် ပျက်ပြိုကာ အတည် ပြည်သူ့ ခေတ်မှာ တို့တတွေ ကျောင်းတက်မည် ၊ မီး လောင်ပြင် တစ်ပြင်မှာ အတည် ထွန်းသစ်တဲ့ တက္ကသိုလ် တို့ဆောက်မည်၊ ညီညာ တိုက် ပွဲသို့ချီ ပြည်သာ လက်တွဲ ဆောက်တည် (နီလဲပဲနီသည် ချွန်လဲပဲ ချွန်သည် ကျောင်းသား သမိုင်းသစ် တည်)၂ ၊ ဒီမိုကရေစီ ပညာရေး သွေးနဲ့ အရင်းတည် ၊ ဒီမိုကရေစီ အောင်ပွဲ မုချရမည်….။

ကျွန်တော် ထောင်ထဲ ရောက်ခဲ့ရတဲ့ အချိန် အတူနေခဲ့ရတဲ့ နောင်တော် ကျောင်းသားကြီးတွေ ဆိုပြခဲ့တဲ့ သီချင်းတပုဒ်ရဲ့ စာသား အပိုင်းစတချို့ပါ ၊ စာသင်ခန်းထဲမှာပဲ ရှိနေရဦးမဲ့ အခြေခံပညာ ကျောင်းသား ဘ၀ကနေ ပြည်သူတွေ ဆင်းရဲမွဲတေ နေမှုတွေ အတွက် စစ်အာဏာရှင် တိုက်ဖျက်ရေး ခရီးလမ်းပေါ် လျှောက်လှမ်းရင်း ထောင်ဆိုတဲ့ ဖိနှိပ်ချယ်ချယ်ရေး ယန္တယားရဲ့ အမြင့်ဆုံး နေရာကို ရောက်ခဲ့ ရချိန်မှာ အဲဒီလို သီချင်းတွေဟာ ကိုယ့်ကိုယ်ကိုယ် မာန်တင်း စေနိုင်ခဲ့ပါတယ် ။

ဒီသီချင်းလေးရဲ့ အဓိပ္ပါယ်နဲ့ လေးနက်မှုမျိုးကို ကျွန်တော်တို့ ၁၉၈၉ နှစ်ဆန်းပိုင်း လောက်ထဲက စဉ်းစား ဆုံးဖြတ်ခဲ့ ပြီးပါပြီ ၊ “ ကျောင်းတွေ ပြန်ဖွင့်ပြီ ” လို့ အာဏာသိမ်း စစ်ဗိုလ်ချုပ်တွေက သွေးစွန်းနေတဲ့ လက်တွေ ကမ်းထားပြီး ကြိုဆို သယောင်လုပ် ပြနေချိန်မှာ ကျွန်တော်တို့ တိုက်ပွဲဝင် အခြေခံပညာ ကျောင်းသားတွေ ကြားမှာကို ကျောင်းပြန်တက်ရေး မတက်ရေး ဆွေးနွေး ဖြစ်ခဲ့ကြတာပါ ။

ဒီမိုကရေစီ ရရှိရေး - ဒို့အရေး ၊ စစ်အာဏာရှင် စနစ် ကျဆုံးရေး - ဒို့အရေး ကြွေးကြော် တိုက်ပွဲ ၀င်ရင်း စစ်အာဏာရှင်လက် ပါးစေတွေရဲ့ ရက်ရက် စက်စက် ပစ်ခတ်မှုကြောင့် ဦးနှောက် ဖတ်တွေ ဟိုတစ သည်တစ ပြန့်ကြဲနေအောင် ဦးခေါင်းပွင့်ထွက် ကျဆုံးခဲ့ရတဲ့ ကျွန်တော်တို့ သူငယ်ချင်းတွေ ကရော အေးအေးချမ်းချမ်း စာမသင်ချင်ပဲ နေပါ့မလား၊ စစ်အာဏာရှင်တွေ ရဲ့ အနိုင်အထက်ပြုမှုကို ရရာ လက်နက် ဆွဲကိုင် ပြန်ခံချမယ်လို့ ကျောင်းသား တပ်မတော်ဖွဲ့ စည်းပြီး တောထဲမှာ အနေဆင်းရဲ အစားဆင်းရဲ၊ မိသားစု တွေနဲ့လဲ တကွဲ တပြားဖြစ်၊ ဒုက္ခမျိုးစုံ ခံနေကြတဲ့ ဆရာဝန်လောင်း ဆေးတက္ကသိုလ် ကျောင်းသားတွေ ၊ အင်ဂျင်နီယာလောင်း စက်မှု တက္ကလိုလ် ကျောင်းသားတွေ ၊ တခြားတခြားသော ကိုယ်ကျိုးစွန့် အနစ်နာခံနေကြတဲ့ ကျောင်းသားတွေ ၊ အားလုံး အားလုံး ကရော စာသင်ခန်းနဲ့ မိဘ အရိပ်အာဝါသ အောက်မှာ နွေးနွေး ထွေးထွေး မနေချင်ပဲနေမလား ၊ စစ်ထောက်လှမ်းရေး တွေရဲ့ စစ်ကြောရေး စခန်းတွေမှာ ညှင်းပန်း နှိပ်စက်မှု မျိုးစုံခံပြီး ၊ ကြမ်းခင်းဈေး အနည်းဆုံး သုံးနှစ် အမိန့်ချတဲ့ စစ်ခုံရုံးတွေကို ရဲရဲရင့်ရင့် ရင် ဆိုင်ပြီး ၊ အကျဉ်းထောင် တွေထဲကို ရောက်နေကြတဲ့ ကျောင်းသားတွေ ကရော ကျောင်းမတက်ချင်ပဲ နေပါ့မလား ၊ ကျွန်တော် တို့တွေက သူတို့ သူတို့ တွေကို မငဲ့ပဲ စစ်အာဏာရှင် တွေရဲ့ လောင်းရိပ် အောက်က ကျောင်းခန်းထဲ ဘယ်လို ခံစားမှုတွေနဲ့ ပြန် ၀င်ထိုင်ကြမလဲ ။

ကျွန်တော်တို့ အခြေခံပညာ ကျောင်းသားလေး တွေတောင် ရဲရင့် ခဲ့ကြတယ် ၊ နိုင်ငံရေး မတည်ငြိမ်ပဲ ၊ ပြည်တွင်း ငြိမ်းချမ်းမှု မတည်ဆောက်နိုင်ပဲ အေးအေးချမ်းချမ်း ပညာသင်နိုင်မှာ မဟုတ်သလို ကျောင်းသား အခွင့်အရေး ဆိုတာလဲ ဆုံးရှုံး နေဦးမှာပဲ၊ စစ်အာဏာရှင်တွေရဲ့ စေတနာ မပါတဲ့ ဟန်ပြ ပညာရေးမှာ ကျောင်းတက်ပြီး ဘွဲ့တွေ ရလဲ ဘာမှလဲ ဖြစ်လာမှာ မဟုတ်တဲ့ အတူ ပြည်သူတွေ အတွက် ဆုံးခန်းတိုင် တိုက်ပွဲဝင်မယ်၊ သွေးညှီ နံ့တွေ လွှမ်းနေမဲ့ စစ်ဝါဒီတွေ ဖွင့်တဲ့ ကျောင်းခန်းထဲ ငါတို့ ပြန်မထိုင် တော့ဘူးလို့ အခြေခံ ပညာ ကျောင်းသားများ သမဂ္ဂ(အကသ)မှာ ပါတဲ့သူတွေ အများစု ဆုံးဖြတ် ခဲ့ကြပါတယ် ။

“၁၉၃၆ ခုနှစ်မှာ ဖွဲ့စည်းတည်ထောင် ဂုဏ်ရောင်ဝင်းလက်ခဲ့တဲ့ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်ဟာ ၊ ဖေါက်ပြန်တဲ့ အစိုးရ အဆက်ဆက်ကို သမိုင်း စာမျက်နှာ ထက်မှာ ထင်ဟတ် ပေါ်လွင်နေအောင် တိုက်ပွဲဝင်ခဲ့ကြတယ် ၊ တိုက်ပွဲဝင် နေကြစဲပါ ၊ အာဇာနည် ထောင်သောင်းတို့ရဲ့ နီမောင်း ၀င်းလက်တဲ့ သွေးစက်တွေဟာ သမိုင်း ကျောက်စာတိုင် အဖြစ် မော်ကွန်းတွင် ရစ်မှာ မုချပါပဲ ၊ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ တောင်းဆိုမှု အရေးတော်ပုံကြီး အတွင်းမှာ သူရဲကောင်း ပီသစွာ ကျဆုံးခဲ့ ရရှာသော အာဇာနည် ရဟန်းရှင်လူ ပြည်သူ အပေါင်းတို့ကို ဂုဏ်ပြုသော အားဖြင့် မပြီးဆုံးသေးသည့် ဒီမိုကရေစီ တော်လှန်ရေး ကြီးကို အောင်ပွဲ ရရှိသည် အထိ ဆက်လက် တိုက်ပွဲဝင်သွားပါမည်ဟု အဓိဌာန်ပြုရင်း” ကျွန်တော်တို့ ၊ ယုံကြည်ချက် အတိုင်းသာ ခရီးဆက်ခဲ့ကြပါတယ် ။

အဲဒီ အချိန် ပေါ်ထွက်လာတဲ့ “အကြောင်းကြောင်းကြောင့် ပါလို့ စိတ်မကောင်းစွာ ပြောရင်း စာသင်ခန်း အတွင်း ၀တ္တရားအရ ၀င်ထိုင် ဒါကို ငါတို့ နားလည် ခွင့်လွှတ် နိုင်ပါတယ် ၊ ဒါပေမဲ့ ထုံးနံ့ သင်းတဲ့ ပန်းခင်းကိုဖြတ် ရည်းစားထားဘို့ ကျောင်းပြန်တက် ကြမယ် ဆိုရင်တော့ ငါတို့က ခွင့်လွှတ်သည့်တိုင် ရာဇ၀င်က ခွင့်မလွှတ် သရွေ့ သူတို့ဟာ သမိုင်းမှာ သစ္စာ ဖေါက်တွေ ဖြစ်သွား မှာပဲ ၊ ငါတို့ထဲက တချို့ဟာ ကိုယ့်အရိုး ကိုယ်လှေနံ အဖြစ် ထွင်းထု ကိုယ့်အသားကိုယ် လှေရွက် အဖြစ် စပ်ချုပ် ကိုယ့်ခြေလက် ကိုယ်လှော်တက်အဖြစ် အသုံးပြု လှော်ခတ်လို့ ကျောင်းတော်ကြီးနဲ့ ငါတို့ကြား ခြားနေတဲ့ သွေးပင်လယ်ကြီးကို ဖြတ်ကူးနေ ကြပြီ” ဆိုတဲ့ ရွှေဖုန်းလူရဲ့ “ကျောင်းဖွင့်ချိန်” ကဗျာ စာသားတွေက ကျွန်တော် တို့ကို ခိုင်မာ အားတက်စေခဲ့ သလို ကျောင်းသွား တက်ကြည့်ပြီးမှ ပြန်ထွက်လာခဲ့တဲ့သူငယ်ချင်းတယောက်ရဲ့
“သူငယ်ချင်း.. မင်းဟာ.. ပကတိငြိမ်ဆိပ်.. အိပ်မက်မရှိတဲ့ ညတွေ ထဲမှာ လှဲလျောင်း… မင်းအလောင်းမှာ ဒါဏ်ရာတွေနဲ့… မင်းထိုင် ခဲ့တဲ့…. စာသင်ခန်း ထဲက ခုံကလေး… ငါငေးရင်း မျက်ရည်ကျ…. သိပ်သတိရနေတယ် သူငယ်ချင်း”
ဆိုတဲ့ ကဗျာလေးကလဲ ကျွန်တော်တို့ ရင်ကို ထိရှ ၊ စစ်အာဏာရှင်တွေ ငြိမ်းမရ တော့တဲ့ ကျွန်တော်တို့ နှလုံးသားထဲက မီးစ တစ်စပါပဲ ။

ကျွန်တော် ထောင်က လွတ်တော့လဲ စိတ်ပညာနဲ့က တစ်ဘွဲ့၊ တိုင်းရင်းဆေး သိပ္ပံက သမားတော် ဘွဲ့က တစ်ဘွဲ့၊ ဘွဲ့နှစ်ခုတောင်ရ ထားတဲ့ အမေက ရပ်ကွက်ထဲက အလုပ်သွားသူတွေရဲ့ ကျောင်းနေ အရွယ် မဟုတ်သေးတဲ့ ကလေးတွေကို အိမ်မှာ ထိမ်းပေးတဲ့ အလုပ်လုပ် နေရသလို ၊ သခွားသီး စိတ်လေးတွေ တုတ်ထိုး၊ အာလူးပြုတ် တုတ်ထိုး ၊ အချဉ်ရေနဲ့ တို့စား ရတာမျိုးလဲ ညနေပိုင်းမှာ ဈေးဘန်းလေး ချရောင်း နေတာ တွေ့ရတော့ အသုံးချခွင့် မရတဲ့ အမေ့ပညာတွေ အတွက် နှမျော မိပါတယ် ၊ အဲဒီလို ဘ၀တွေ ကိုယ့်အမေ တစ်ယောက်ထဲမှ မဟုတ်ပဲ ၊ စစ်အာဏာရှင် စနစ်ပျက်အောင် မတိုက်ဖျက်နိုင်ခင် မလွှဲမသွေ မြင်တွေ့နေ ရဦးမှာပဲဆိုတဲ့အသိကို ထပ်လောင်းခိုင်မာစေခဲ့ပါတယ် ။

ကျောင်းသား ဘ၀ကို ဆုံးရှုံး၊ လွတ်လပ် ပေါ့ပါးတဲ့ လူငယ်ဘ၀ ဆိုတာလဲ ပျောက်ခဲ့ရ၊ မိသားစု ဘ၀ ဆိုတာပါ ပျက်ဆီးခဲ့ရတဲ့ ကျွန်တော့် အတွက် “တော်လှန်ရေးသည် ငါတို့ကျောင်း၊ တော်လှန်ရေးသည် ငါတို့ တက္ကသိုလ်” ဆိုတဲ့ အတွေ့အကြုံတွေ ဆီက ရတဲ့ ပညာတွေနဲ့ ဘ၀ကို ရပ်တည်ရပါတယ် ၊ အဖြူအစိမ်း ကျောင်းသား လေးတွေကို မြင်တိုင်း ၊ တက္ကသိုလ် နယ်မြေတွေ နားကနေ ဖြတ်သွားတိုင်း (ယောက်ကျား တန်မဲ့ မျက်ရည် ၀ဲရလောက်အောင်) နာကျင် ခံစားရပါတယ် ၊ ဒါပေမဲ့ နောင်တ မဟုတ်ပါဘူး ၊ လူ့ဘာသာ ဘာဝ တမ်းတ မိတာ မျိုးသာပါ ။

ကိုယ့်ခံစားမှုနဲ့ ကိုယ် တမင် မေ့ထားထားတဲ့ ( လူ့အခွင့်အရေး တရားတွေ ဟောခဲ့ဘူးရာ ၊ ကျောင်းသား သမဂ္ဂ အဆောက် အဦးကြီးရှိခဲ့ဘူးရာ) ၊ ရန်ကုန် တက္ကသိုလ် ပရ၀ုဏ်ထဲကို မလွှဲသာ မရှောင်သာ လွန်းလို့ တခေါက် ရောက်ခဲ့ရချိန် တခနလေးမှာတောင် ပျော်ပြုံး နေကြတဲ့ ဘွဲ့ယူ သူတွေရဲ့ မျက်နှာကို ကြည့်ရင်း “သြော်.. သူတို့ ဘာမှ မသိကြသေးပါလား၊ ဒီဘွဲ့ လက်မှတ်တွေဟာ ဂုဏ်တု ဂုဏ်ပြိုင်ဘို့က လွဲပြီး သူတို့ အတွက် ဘာမှ အသုံးမ၀င်တာ သိတဲ့နေ့ သူတို့ ဘယ်လိုများ ခံစားရပါမလဲ” စဉ်းစား မိပါ တယ် ၊ နောက်က လိုက်ပါလာကြတဲ့ မိဘတွေကို ကြည့်ပြီး သား အတွက် ဘွဲ့နှင်း သဘင် ခန်းမထဲ ၀င်ရမဲ့ အစား ထောင်ဝါဒါ တွေရဲ့ အအော်ငေါက် ခံပြီး ထောင်ဝင်စာခန်းကိုပဲ ရောက်ခဲ့ရတဲ့ အမေ့ အတွက် စိတ်မကောင်း ဖြစ်မိပါတယ် ၊ ကိုယ့်အကြောင်း ကိုယ်ပြန်တွေးရင်း ဒီဝန်းထဲမှာ နောင်တော်တွေ ရက်ရက် စက်စက် ပစ်သတ်ခံရဘူးတယ် ဆိုတာ သတိ ပြန်လည်သွားတော့ ကျောင်းဝန်းထဲမှာကို ဆက်မနေနိုင်တော့ အောင်ပါပဲ ၊ အင်းလျား ကန်ဘောင်ဘက် ဘူးသီးကြော်ဆိုင် ထိုင်ရင်း စောင့်မယ်လေ ဆိုပြီး ၀န်းအပြင် ထွက်ပြန်တော့လဲ ဒီနေရာက တံတားဖြူကနေ တံတားနီ ခေါ်ရလောက်အောင် ဘက်နက်နဲ့ထိုး နံပါတ်တုတ်နဲ့ ရိုက်ခံရတဲ့ နေရာ ၊ ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ သွေးစက် သမိုင်းကြောင်းက ဒီနေရာတွေက နိဒါန်းပျိုး ခဲ့တာ စသဖြင့် ခံစားမိ ပြန်ပါတော့တယ်၊ ဘယ်သူ နားလည် ပေးနိုင်ပါ့မလဲဗျာ။

အဲဒီနေ့က အမေ့ဆီ တကူးတကကို သွားရင်ဖွင့် ဖြစ်တယ် ၊ အမေက မျက်ရည် တ၀ဲဝဲ အားပေး ရှာပါတယ် ၊
“ သြော်.. သားရယ် မင်းလိုချင်ရင် ဘယ်လိုဘွဲ့ မဆို ရနိုင်ခဲ့တာပဲ ၊ ဒီနေ့ ခေတ်မှာ အဲဒီ ဘွဲ့တွေက အသုံးမတည့် ပါဘူးလို့ မင်းကိုယ်တိုင် ဆုံးဖြတ်ခဲ့ တာပဲလေ ၊ တွေးမနေ စမ်းပါနဲ့ ၊ ကိုယ်မှန်တယ် ထင်ရာ ရဲရဲ ရင်ဆိုင်စမ်းပါ ၊ ခု မင်းရထားတဲ့ဘွဲ့ က အကောင်းဆုံးပါ ငါ့သားရဲ့ .. ရှစ်ဆယ့်ရှစ် မျိုးဆက် ၊ တိုက်ပွဲဝင် ကျောင်းသား ၊ တော်လှန်ရေးသမား ဆိုတဲ့ ဘွဲ့တွေ ငါ့သား ရထားတာပဲ၊ ဒီ့ထက် ဘယ်ဘွဲ့က အမေ့ကို ပိုဂုဏ်ရှိ စေမှာလဲ ၊ မင်းအဖေလဲ ဒါကိုပဲ ကျေနပ်နေတာပါ”
တဲ့ ၊ ဆပ်ခွင့် မကြုံခဲ့တဲ့ အမေ့ ကျေးဇူးတွေ ထဲမှာ အဲဒီ အားပေးစကားက အကြီးဆုံးများ ဖြစ်မလားတောင် ထင်မိပါရဲ့ဗျာ ။

ခုလဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီး ဖြစ်ချိန်မှာ အခြေခံပညာ ကျောင်းသားတွေ ဖြစ်တဲ့ ကျွန်တော်တို့ အသက်က ၃၇-၃၈ တွေ ဖြစ်ကြပေမဲ့ ကျောင်းသား တစ်ယောက် အနေဖြင့်သာ တော်လှန်ရေး တာဝန်များကို ထမ်းဆောင် နေဆဲပါ ၊ စစ်အာဏာရှင် တွေကလိသလို ကျွန်တော်တို့ အဖွဲ့မှာ ခေါင်းဖြူ သွားကျိုး အဖိုးကြီး အရွယ်တွေလဲ ကျောင်းသားတွေ အဖြစ် တကယ် ရှိနေတာပါ ၊ ကျောင်းသားက ရိုးသားတယ် ၊ ပြည်သူကို ရှေ့က အသေခံ ဦးဆောင်ရဲတဲ့ သတ္တိရှိတယ် ၊ လူမျိုး, ဘာသာ, အယူဝါဒ အစွဲတွေ ကင်းတယ်၊ အာဏာတွေ နေရာတွေ မမျှော်မှန်းဘူး ဆိုတဲ့ အဲဒီလို ဂုဏ်တွေကို လေးစား တန်ဘိုးထားတဲ့ အတွက် “ အမိမြေ လွတ်မြောက်ဘို့ အတွက် အရိုးတွေ တောင်လိုပုံမှ ရမယ်ဆို ငါတို့ ကျောင်းသား အရိုးတွေက အောက်ဆုံး အလွှာက ရှိစေရမယ်” ဆိုတဲ့ ကျောင်းသား ဆောင်ပုဒ်ကို ဆုတ်ကိုင်ပြီး တော်လှန်ရေး ဆိုတဲ့ကျောင်း ၊ တော်လှန်ရေးဆိုတဲ့ တက္ကသိုလ်ရဲ့ ကျောင်းသားတွေ အဖြစ် ကျောင်းသား နာမည်ခံ ဆက်ရှိ နေကြတာပဲ ဖြစ်ပါတယ် ။

ယုံကြည်ပါတယ် ၊ တော်လှန်ရေး ဆိုတာ ဇာပန်းထိုး သလို ဧည့်သည် ထမင်းစား ဖိတ်သလို လွယ်တာမျိုး မဟုတ် ဆိုပေမဲ့လဲ ၊ တနေ့ ကျွန်တော်တို့ ပြည်သူတွေ အောင်ပွဲ ခံရမှာပါ ၊ ကျွန်တော်တို့ အသက်တွေ လေးငါး ခြောက်ဆယ်မှလဲ ဖြစ်ချင် ဖြစ်နိုင် ပါတယ် ၊ ဘယ်လိုပဲ ဖြစ်ဖြစ် ပြည်သူ့ အင်အားတွေ ပေါင်းစည်း မိတဲ့ တနေ့ ကျွန်တော်တို့ အနိုင် တိုက်နိုင် မှာပါ ၊ ဘယ်လောက်ပဲ အိုမင်း မစွမ်း ဖြစ်နေသည့်တိုင် ကျောင်းသား သမဂ္ဂ အဆောက်အဦးကို ကိုယ်တိုင် ပြန်ဝင် ဆောက်မယ် ၊ စာသင်ခန်းထဲ ၀င်ထိုင်ပြီး ဆုံးရှုံးခဲ့တဲ့ ငယ်ဘ၀လေး ပြန်လွမ်းမယ် မျှော်လင့်ရင်း အကျဉ်းခန်းထဲမှာ နေစဉ်က အားမာန်တင်းနိုင်ခဲ့တဲ့ သီချင်းလေး ပြန်ဆို ပြီး ဆက်လက် တိုက်ပွဲဝင် နေရဦးမဲ့ ရှေ့ခရီး အတွက် တက်ကြွ နေမိပါတယ် ၊ “စစ်အာဏာရှင် ပျက်ပြိုကာ အတည် ပြည်သူ့ ခေတ်မှာ တို့တတွေ ကျောင်းတက်မည်”……လို့ ။

စစ်အာဏာရှင် စနစ်ကျဆုံးသည် အထိ
မောင်ကျောင်းသား