ဘဘဦးတင်ဦး,ဘဘဦးဝင်းတင်နှင့် NLD ခေါင်းဆောင်များသို့ တိုက်တွန်းအား ပေးနှိုးစော်လွှာ

မောင်ချင့်ချိန်

လေးစားရပါသော ဘဘဦးတင်ဦး,ဘဘဦးဝင်းတင်နှင့် NLD ခေါင်းဆောင်များခင်ဗျာ ၊ နအဖစစ်အုပ်စုရဲ့ တဘက်သတ် လက်ခမောင်းခတ်စိန်ခေါ်မှုတွေနဲ့ ၊ အံခဲခံစားနေရတဲ့ ပြည်သူလူထုရဲ့ မချိတင်ကဲ ဖြစ်နေမှုတွေကြောင့် တိုက်တွန်းအား ပေးနှိုးစော်လွှာအဖြစ် ဒီစာကိုရေးလိုက်ရပါတယ်ခင်ဗျာ ။

ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ အောင်သီးအောင်ပွင့်အဖြစ်ပေါ်ထွက်လာခဲ့တဲ့NLDဟာ ၁၉၉၀ထဲက လူထုရဲ့တပ်ဦးပါတီ ဖြစ်ခဲ့တာပါ ၊ လူထုကလဲ ၁၉၉၀ရွေးကောက်ပွဲမှာ သူတို့ဆန္ဒပြုခဲ့တဲ့ပါတီအဖြစ်ရော၊ ခွပ်ဒေါင်းအလံကိုတရားဝင်ကိုင်ဆွဲခွင့် ရခဲ့တဲ့ပါတီအဖြစ်ရော ၊ ဒေါ်အောင်ဆန်းစုကြည်ဦးစီးတဲ့ပါတီအဖြစ်နဲ့ပါ ခုချိန်ထိမျှော်လင့်နေဆဲဆိုတာ ယုံကြည်ပါတယ်။

မြန်မာနိုင်ငံမှာစစ်မှန်တဲ့ဒီမိုကရေစီအစိုးရတစ်ရပ်ပေါ်ထွန်းရေး ၊ လူ့အခွင့်အရေးများအပြည့်အ၀ရရှိရေး ၊ အာဏာရှင်ဆန် သောအစိုးရမျိုး နောင်ဘယ်သောအခါမှ မပေါ်ပေါက်ရလေအောင် ဒီမိုကရေစီအခြေခံအုတ်မြစ်များ ခိုင်မာစွာချမှတ်ရေး ၊ တိုင်းရင်းသားညီအကိုများ နိုင်ငံရေးခွင့်တူညီမျှရရှိပြီး ပြည်ထောင်စုကြီးအဓွန့်ရှည်တည်တံ့ရေး ၊ ပြည်သူလူထု၏ဘ၀ ခေတ်မှီဖွံ့ဖြိုးတိုးတက်ကာ နိုင်ငံတည်ငြိမ်အေးချမ်းပြီး ကမ္ဘာ့ငြိမ်းချမ်းရေးကိုအကျိုးပြုနိုင်စေရေးဆိုတဲ့ မှန်ကန်တဲ့ဦးတည် ချက်တွေကြောင့် ပြည်သူလူထုတစ်ရပ်လုံးနဲ့ ဒီမိုကရေစီရေးတိုက်ပွဲဝင်အင်အားစုအားလုံးရဲ့ ဦီးဆောင်ပါတီအဖြစ်တည်ရှိခဲ့ သလို စစ်အာဏာရှင်တွေရဲ့ အဓိကထားဖြိုခွင်းတိုက်ခိုက်မှုကို တလျှောက်လုံးခံခဲ့ရတာလဲ မြင်သိခံစားရပါတယ် ။

ဘဘဦးတင်ဦး, ဘဘဦးဝင်းတင်နှင့် NLDခေါင်းဆောင်များခင်ဗျာ ၊ ကျွန်တော်တို့အနေနဲ့ NLD ကို အကြိမ်ကြိမ်မျှော်လင့် အားထားခဲ့ဘူးပါတယ် ၊ ၁၉၉၀ကစလို့ နှစ်၂၀ဆိုတဲ့အချိန်ကာလမှာ မချင့်မရဲအားမလိုအားမရဖြစ်ခဲ့ရတာတွေချည်းသာ ဖြစ်ပြီး NLD ကိုယ်တိုင်ကလဲ အာဏာပိုင်တွေရဲ့တဘက်သတ်ဖိနှိပ်မှုတွေကြောင့် အကျိုးမဖြစ်အရာမထင်ဖြစ်ခဲ့ရသည့် အတွက် ပြည်သူအပေါင်းအားအနူးအညွတ်တောင်းပန်ခဲ့တာကို ၂၀၁၀ခု ၊ ဧပြီလ (၆)ရက်နေ့ထုတ်ပြန်တဲ့ ပြည်သူသို့ ပန်ကြားလွှာမှာတွေ့ခဲ့ရပါတယ် ၊ အဲဒီကြေငြာချက်မှာပါသလို NLD အနေနဲ့ ပြည်သူလူထုနဲ့ဒီမိုကရေစိအရေးတော်ပုံကို မည်သည့်အခါမှကျောခိုင်းစွန့်ခွာသွားမှာမဟုတ်ဆိုတာကြောင့်ရော ၊ အဲဒီမတိုင်ခင် မတ်လ၂၉ ရက်နေ့မှာဆုံးဖြတ်ခဲ့တဲ့ စစ်အုပ်စုရဲ့ရွေးကောက်ပွဲအတွက် မှတ်ပုံမတင်ဘူးဆိုတဲ့ ဆုံးဖြတ်ချက်အတွက်ကြောင့်ပါ NLD ကို ရှိရင်းစွဲယုံကြည်မှု ခိုင် ခိုင်မြဲမြဲဆက်လက်ဖြစ်တည်စေခဲ့ပါတယ် ။

ဒါပေမဲ့ လက်ခုတ်လက်ဝါးတီးပြီးအားပေးရလောက်တဲ့ လုပ်ဆောင်မှုမျိုးမတွေ့ရသေးတဲ့အတွက်လဲ သို့လောသို့လော ဖြစ်နေမိဆဲပါပဲ ၊ ဒီမိုကရေစီအင်အားစုအားလုံးကထောက်ခံတဲ့ ရွှေဂုံတိုင်ကြေငြာချက်ကို ဆက်လက်ဆုတ်ကိုင်မယ်ဆိုတဲ့ ဟစ်ကြွေးမှုကနေသွေဖီနေပြီလို့လဲ မြင်နေမိပါတယ် ၊ စစ်အုပ်စုကလဲ ၁၉၉၀ရွေးကောက်ပွဲကို လုံးလုံးပြည်ဖုံးကားချ လိုက်ပြီဆိုတဲ့အကြောင်း နိုဝင်ဘာ(၇)ရက်နေ့ကိုရွေးကောက်ပွဲရက်သတ်မှတ်ကြေငြာလိုက်ခြင်းနဲ့ ပြလိုက်ပြီဖြစ်ပါတယ် ၊ ဒီအတွက် စစ်အုပ်စုလုပ်မဲ့ရွေးကောက်ပွဲကိုသပိတ်မှောက်ကြောင်းဆုံးဖြတ်လိုက်တာဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်တခု ဖြစ်ပေမဲ့ မပြည့်စုံ သေးဘူးလို့တော့ထင်ပါတယ် ။

ဘဘဦးတင်ဦး, ဘဘဦးဝင်းတင်နှင့် NLDခေါင်းဆောင်များခင်ဗျာ ၊ ဘုန်းကြီးစာချလုပ်တယ်လို့မထင်စေချင်ပါ ၊ NLD ဖြတ်သန်းခဲ့ပြီးတဲ့ နှစ်၂၀ ကပျော့ပြောင်းမှုတွေကိုမြင်ခဲ့တဲ့အတွေ့အကြုံကြောင့် ပညာရှိသတိဖြစ်ခဲဆိုသလိုဖြစ်မှာစိုးလို့ သတိပေးအကြံပြုရခြင်းသာဖြစ်ပါတယ် ၊ စစ်အုပ်စုဟာ၁၉၉၀ ရွေးကောက်ပွဲရလာဒ်ကို အကြောင်းအမျိုးမျိုးပြရှောင်လွှဲပြီး ပြည်သူ့ဆန္ဒကို ကျောခိုင်းဥပေက္ခာပြုတာလဲ နှစ်၂၀ရှိပါပြီ၊ဘယ်နိုင်ငံကိုမှဂရုမစိုက်ပဲ လုပ်ချင်သလိုလုပ် ရွှေ့ချင်သလိုရွှေ့ ခဲ့တဲ့ အမျိုးသားညီလာခံNCဆိုတာကိုလဲ ၁၅နှစ်ကြာအချိန်ဆွဲခဲ့ပြိးပါပြီ ၊ အနိုင်အထက်ပြုခြိမ်းခြောက်မှု ၊ မဲလိမ်မဲခိုးမှု တွေနဲ့လဲ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေဆန္ဒခံယူပွဲကို သူတို့လိုချင်တဲ့ပုံအတိုင်းရအောင်လုပ်သွားခဲ့ပြီးပါပြီ ၊ ကြံ့ဖွတ်အဖွဲ့ကို ပါတီ အဖြစ်ပြောင်း ၊ စစ်ဗိုလ်ချုပ်တွေအရေခွံချွတ် ပြောင်ပြောင်တင်းတင်းလုပ်နေပါပြီ ၊ ဒါကိုပဲ ရွေးကောက်ပွဲကိုသပိတ်မှောက် တယ် ၊ မဲသွားမပေးသပိတ်မှောက်ကြဆိုနေကာမျှနှင့် စစ်အုပ်စုလုပ်ရပ်များကိုဟန့်တားနိုင်ပြီ ၊ ၁၉၉၀ ရွေးကောက်ပွဲကို ထိမ်းသိမ်းထားနိုင်ပြီ ၊ ရွှေဂုံတိုင်ကြေငြာချက်ကိုဆုတ်ကိုင်ထားနိုင်ပြီ မယူဆစေချင်ပါ ။

စစ်အုပ်စုကနည်းလမ်းစုံဖြင့်ထိမ်းချုပ်ထားသော ၀န်ထမ်းများ ၊ စစ်သားများ ၊ ကြံ့ဖွတ်ဝင်များက မဖြစ်မနေ မဲသွားပေးကြ မှာပဲဖြစ်ပြီး စစ်အုပ်စုကလဲ ဘယ်သူမဲလာပေးပေးမပေးပေး (၂၀၀၈ဖွဲ့စည်းပုံကိုအတည်ပြုခဲ့သလို) ကြံ့ဖွတ်၇၅%စစ်ဗိုလ် ၂၅% လွှတ်တော်ကိုယ်စားလှယ်ဆိုတာတွေကို ကြေငြာမှာပဲဖြစ်ပါတယ် ၊ ၁၉၉၀ရွေးကောက်ပွဲကိုဥပေက္ခာပြုခဲ့ကထဲက ၊ တရားသဖြင့်မဟုတ်တဲ့ ရွေးကောက်ပွဲဥပဒေတွေထုတ်ပြန်ခဲ့ကထဲက စစ်အုပ်စုရဲ့ရွေးကောက်ပွဲဟာတရားမဲ့လုပ်ကြံဇတ် ဆိုတာ အားလုံးသိပြီးသားဖြစ်ပါတယ် ၊ လူထုခေါင်းဆောင်ရဲ့ တရားမျှတတဲ့ရွေးကောက်ပွဲဟုတ်မဟုတ် စောင့်ကြည့်နေ ဘို့ လိုမယ်ဆိုတဲ့မှာတမ်းမှာကိုက ချို့ယွင်းချက်ရှိနေတယ်လို့ထင်ပါတယ် ၊ စောင့်ကြည့်နေဘို့မလိုတော့သလို သပိတ် မှောက်ကန့်ကွက်နေယုံနဲ့လဲ မရပါဘူး ၊ ပျက်အောင်ကိုဖျက်ရမှာပါ ၊ NLD ကဦးဆောင်ပြီး ရွှေဂုံတိုင်ကြေငြာချက်ကိုဆုတ် ကိုင်ပြီး တောင်းဆိုတိုက်ပွဲဝင်တဲ့နည်းနဲ့ ရအောင်ကိုတားဆီးရမှာလို့ထင်ပါတယ် ။

ဘဘဦးတင်ဦး, ဘဘဦးဝင်းတင်နှင့် NLDခေါင်းဆောင်များခင်ဗျာ ၊ နိုင်ငံရေးဆိုတာဆုံးခန်းတိုင်သည်မရှိပေမဲ့ ခုအခြေ အနေကတော့ ဗမာ့နိုင်ငံရေးသမိုင်းရဲ့အချိုးအကွေ့ကြီးတစ်ခု ၊ NLD ရဲ့အနာဂတ်ကိုအဆုံးဖြတ်ပေးမဲ့အခြေအနေ ၊ ပြည် သူတွေကိုယ့်ကံကြမ္မာကိုဖန်တီးရတော့မဲ့အချိန်ပဲလို့ထင်ပါတယ် ၊ ကျွန်တော်တို့ရဲ့အားနည်းချက်ကြောင့် ခုပဲရွေးကောက် ပွဲသက်တမ်းနှစ်၂၀ကို ပြည်သူတွေအားလုံး ခါးခါးသီးသီးဖြတ်သန်းခဲ့ရပြိးပါပြီ ၊ စစ်အုပ်စုရဲ့ စေ့စပ်ဆွေးနွေးအလာကို ထပ်ပြီးစောင့်သင့်ပါသေးရဲ့လား ၊ နိုင်ငံတကာက၀င်ကူရှင်းပေးဘို့ မျှော်လင့်ချင်ပါသေးသလား ၊ ဒီအချိန်မှာမှ ကိုယ့်အား ကိုယ်ကိုးအနိုင်မတိုက်နိုင်ရင် အရပ်သားအစိုးရလို့ခေါင်းစဉ်တပ်လာမဲ့ စစ်အုပ်စုဒါဏ်ကို ကျွန်တော်တို့ပြည်သူတွေ နောင် ဘယ်လောက်ထပ်ခံကြရဦ့းပါမလဲ ။

၁၉၉၀ရွေးကောက်ပွဲရလာဒ်ကိုမဖြေရှင်းပဲ ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားတွေလွှတ်မပေးပဲ လုံးဝ ရွေး ကောက်ပွဲလုပ်ခွင့်မရှိဘူးလို့ (ကိုယ့်အင်အားကိုကိုယ်ယုံယုံကြည်ကြည်နဲ့) စစ်အုပ်စုကိုစိန်ခေါ်သင့်ပါပြိ ၊ ပြည်တွင်းပြည်ပ ဒီမိုကရေစိအင်အားစုတွေနဲ့ချိတ်ဆက်ပြီး ၊ နိုင်ငံတကာအစိုးရတွေနဲ့ချိတ်ဆက်ပြီး စစ်အုပ်စုသူ့သဘောသူဆောင်လုပ်မဲ့ နိုဝင်ဘာရွေးကောက်ပွဲကိုဖျက်မဲ့ လူထုတိုက်ပွဲကြီးကို ဦးဆောင်မှုပေးဘို့အချိန်ရောက်ပါပြီဆိုတာ တိုက်တွန်းအားပေး နှိုး စော်လိုက်ရပါတယ် ။
တော်လှန်ရေးသစ္စာခိုင်မာမှုဖြင့်

မောင်ချင့်ချိန်

HRmyanmar

http://kyeesaytaman.blogspot.com/ တွင် ဒေါ်အောင်ဆန်းစုကြည် နှင့်အဖွဲ့အား နှိပ်ကွပ်ရေးဖွဲ့ထားတာကြည့်ပြီး ဒေါသအရမ်းဖြစ်မိပါသည်။ ထိုကဲ့သို့ မမှန်မကန်တဲ့သတင်းကို နားမလည်သူတစ်ယောက်သာ ဖတ်မိလျှင် အထင်လွဲပြီး အမှားကို အမှန် ထင်နေမှာပဲဆိုတဲ့ အတွေးနဲ့ မှန်ကန်သော သတင်းအချက်အလက်များနှင့် လူ့အခွင့်အရေးအတွက် တဖက်တလမ်းမှ ကြိုးပမ်းချင်သဖြင့် Saturday, May 02, 2009 မှာ ဒီ blog စတင်ရေးသားပါသည်။

Previous Post Next Post

Contact Form