တိုင်းပြည်ကို တကယ်ချစ်ကြရဲ့လား (ဆောင်ပါးရှင်-ဗမာ့သွေး)

ဒီနေ့ကျွန်တော် တို့မြန်မာနိုင်ငံသား တွေ ငါတို့ တိုင်းပြည်ကို တကယ်ချစ်ရဲ့လား ဆိုတဲ့ အရိုးရှင်းဆုံး မေးခွန်းလေးကို ကို ကိုယ်ဟာကိုယ်ဘဲ ပြန်မေးစေချင်ပါတယ် ။ ပြည်သူလူထုသာ တိုင်းပြည်ကို တကယ်ချစ်တယ်ဆိုရင် ဒီနေ့ချိန်ခါဟာ မြန်မာနိုင်ငံ ရဲ့ နိုင်ငံရေး အပြောင်းအလဲ တစ်ခု ဖြစ်နိုင်တဲ့ အနေအထားပါ ။ အာဏာရှင် စနစ်ဆိုးရဲ့ ယုတ်မာပက်စက်တဲ့ အကြံဆိုးနဲ့ တိုင်းပြည်ကို အမျိုးမျိး ဖျက်စီးနေကြတယ် ဆိုတာ အားလုံးလည်း သိနေကြတာပါဘဲ ။ ပြည်သူလူထု တရပ်လုံးက မကြေနပ်ဘူးဆိုတာ လည်း သိပြီးသားပါ ။

အချို့လူတွေကြတော့လည်း နှစ်ပေါင်းများစွာ ကိုယ်ကြိုးစွှန့် အနစ်နာခံခဲ့သူတွေကို ပြစ်တင်ပြောဆို လာကြတယ် ။ ဒါဟာ မတရားဘူး လို့ကျွန်တော်ယူဆတယ် ၊ သူတို့တွေ လမ်းပြခဲ့ကြတယ် ၊ ရှေ့ဆုံးက ဦးဆောင် ချီတက်ခဲ့ကြတယ် ။ ကျေးဇူးတရားကို မမေ့ကြပါနဲ့ ။

နိုင်ရာတာဝန်တောင် မထမ်းချင်ကြတဲ့ ပြည်သူလူထု အနေနဲ့လည်း တာဝန်ရှိတယ်လို့ ကျွန်တော် ယူဆပါတယ်။

ဒါပေမယ့် အာဏာရှင်စနစ်ရဲ့ မကောင်းကြောင်းကို ပါးစပ်ဖျားက ညီးညူ ၊ အချင်းချင်းဆုံရင် ရင်ဖွင့်ပြ နေကြရုံနဲ့တော့ ဘယ်တော့မှ ဒီစနစ်ဆိုးရဲ့ အောက်က လွတ်မြောက်လာမှာ မဟုတ်ပါဘူးဆိုတာ မြဲမြဲ မှတ်ထားပါ ။တိုင်းပြည်ကို တကယ်ချစ်ကြတယ်ဆိုရင် ကိုယ်တိုင် လက်တွေ့လုပ်ဆောင်ကြရမည့် တာဝန်တွေ အများကြီး ရှိပါတယ် ။ တိုင်းပြည်ကို တကယ်ချစ်တယ် ၊ တိုင်းပြည်အတွက် နိုင်ရာ တာဝန် ထမ်းချင်ကြတယ် ဆိုတဲ့လူတွေ များလာရင် အာဏာရှင်စနစ်ဆိုးအောက်ကနေ မကြာခင်ရုန်းထွက်နိုင်တယ်ဆိုတာ ပြည်သူလူထု အနေနဲ့ စွဲမြဲစွာ ယုံကြည်စေချင်တယ် ။

အဲဒီတော့ ဘယ်လိုတာဝန်တွေ ယူကြရမလဲဆိုတာ ပြည်သူလူထု အနေနဲ့ မေးစရာ ရှိလာတယ် ။

အဲဒီမေးခွန်းကို ဖြေရမယ်ဆိုရင် ငါတို့ဘယ်လို တာဝန်မျိုးထိ ယူနိုင်ကြလဲ ။ ငါတို့ ဘယ်လို တာဝန်မျိုးနဲ့ သင့်တော်လည်း သေချာ စဉ်းစားကြည့်စေချင်တယ် ။
အချို့ အာဏာရှင်တွေကို ဆန့်ကျင်တဲ့ နေရာမှာ အရမ်းစိတ်အား ထက်သန်ကြတယ် ။ အဲဒီလို လူမျိုးတွေက လမ်းပေါ်ကို ချီတက်ဆန္ဒပြကြဖို့တောင် ၀န်မလေးပါဘူး ။ အမှန်တရား အတွက် တိုက်ပွဲဝင်ဖို့ အတွက် အမြဲအသင့်ရှိနေတဲ့သူတွေ ။ သူတို့ကိုတော့ ပြည်တွင်း တက်ကြွ အင်အားစု လို့ သတ်မှတ်ထားကြရမှာပါ ။

ပြည်တွင်းတက်ကြွ အင်အားစုလို ကိုယ်တိုင်စိတ်အား ထက်သန်ပေမယ့် မြန်မာပြည်တွင်းမှာ မဟုတ်တဲ့ အတွက် ပြည်သူလူထုအနဲ့ အတူ ဆန္ဒပြခွင့် မရကြပေမယ့် အခါအခွင့်သင့်တိုင်း နိုင်ငံတကာမှာ လက်ရှိအာဏာ ရှင်စနစ်ဆိုးရဲ့ ဆိုးရွားယုတ်မာမှုကို ထုတ်ဖော် ဆန္ဒပြကြသလို့ တဖက်ကလည်း ပြည်တွင်းအင်အားစု လိုအပ်ချက်တွေကို ကူညီထောက်ပံ့နေတဲ့သူတွေကို ပြည်ပ တက်ကြွ အင်အားစု အဖြစ် သတ်မှတ်ထားကြရမှာပါ ။

အချို့ကကြတော့ စိတ်အားထက်သန်ကြပါတယ် ။ ဒါပေမယ့် ငဲ့ကွက် စရာ အကြောင်းတွေ ရှိတာကြောင့် တက်ကြွအင်အားစုလို ရှေ့တန်းက မလုပ်ပြကြပေမယ့် ကူညီထောက်ပံ့ပေးဖို့ ၀န် မလေး ကြသူတွေ ။

အချို့ကတော့ ကိုယ်တိုင်လည်း လမ်းပေါ်ထွက် ဆန္ဒပြရဲလောက်အောင် အားမသန် ၊ ကူညီထောက်ပံ့ပေးဖို့ကလည်း မတတ်နိုင် တဲ့လူတွေက သတင်းဖြန့်ဖြူးပေး နိုင်ပါတယ် ။အထက်ဖော်ပြပါ လူအုပ်စု သုံးခုကို များများချီးကြူး ပြောဆိုပေးလို့ရသလို အာဏာရှင်စနစ်ရဲ့ ဆိုးရွားယုတ်မာပုံတွေကို အခါအခွင့်သင့်တိုင်း ပြည်သူလူထု ပိုမိုသိရှိနားလည် လာအောင် ပြောဆိုပေးလို့ရပါတယ် ။
အဲဒီ အုပ်စုလေးခု ထဲမှာ ကိုယ်က ဘယ်လို အုပ်စုမျိုးထဲကလူလဲ အရင် ပြန်စမ်းစစ်ကြည့်သင့်ပါတယ် ။ အဲဒီအုပ်စု လေးခုထဲ က တာဝန်မျိုးတွေကို တစ်ခုမှ မယူနိုင်ဘူးဆိုရင်တော့ ငါဟာ အခုချိန် တိုင်းပြည်ကို တကယ်ချစ်တဲ့သူ မဟုတ်ဘူးလို့သာ မှတ်ချက်ချပြီး ကိုယ့်ဟာကို ပြင်နိုင်အောင် အမြန်ဆုံး ကြိုးစားကြပါ လို့ ပထမဦးစွာ တိုက်တွန်းပြောကြားလိုပါတယ်။

တိုင်းပြည်ကို တိုးတက်ထွန်းကားစေချင်သူတွေ ရှိသလို အာဏာရှင်ဝါဒ ဆက်လက်တည်မြဲအောင် ထောက်ပံ့ပေးမယ့်သူတွေလည်း အများကြီးရှိတာပါဘဲ။

ဘယ်လိုလူမျိုးတွေလည်း ဆိုတော့ ........
လက်ရှိမှာ ရာထူးကောင်းကောင်း ရပြီး ဒီစနစ်ကြီးကို ခိုင်မြဲအောင် ကြိုးစားနေကြနေကြတဲ့ အာဏာရှင်လူတစ်စု
လက်ရှိအာဏာရှင် တွေနဲ့ပူးပေါင်းကြံစည် ပြီး ကြီးပွားချမ်းသာနေကြတဲ့ လူတွေ နဲ့ ကြီးပွားချမ်းသာ ဖို့ ခွင်ဖန်နေကြတဲ့လူတွေ ပြည်ပမှာ ဒီမိုကရေစီ ကို အကြောင်းပြ ပြည်တွင်းလုပ်ရှားမှုကို ထောက်ပံ့ပေးနေတဲ့ နိုင်ငံတကာက ထောက်ပံ့ပေးနေတဲ့ ရန်ပုံငွေ မှန်သမျှကို သူတို့ကိုယ်ကြိုးအတွက် အသုံးချနေကြတဲ့သူတွေ ။ အာဏာရှင်တွေ ပေးကမ်းထောက်ပံ့ကြေး ယူ ၊ ၀မ်းစာအတွက် အခက်အခဲကို အလွယ်တကူ ဖြေရှင်းလို့ ရသမျှ အာဏာရှင်တွေ ကြိုးဆွဲရာ ကကြမယ့် ကြံဖွတ်တို့ စွမ်းအားရှင်တို့လို လူတစ်စု ။ သူတို့တတွေက လည်း အာဏာရှင်စနစ်ဆိုး တည်မြဲစေရေး အတွက် အစွမ်းကုန် ကြိုးစားကြ ပါလိမ့်မယ်။

အဲဒီ အုပ်စု နှစ်ခု ကြားထဲမှာ ကြားနေ၀ါဒလို့ ကိုယ့်ဟာကို ကြွေးကြော်ပြီး ကိုယ်တိုင်ဒုက္ခ မခံစားရသေးသရွှေ့ နေသာသလို နေမယ်ဆိုတဲ့ ပြည်သူလူထုက လည်း ရှိပါသေးတယ် ။ သူတို့တွေလက်သုံးစကားကတော့ ကိုယ်လုပ်မှ ကိုယ်စားရမှာ ၊ နိုင်ငံရေး ကိုဝေးဝေးရှောင်တာ အန္တရယ်ကင်းတယ်ဆိုတဲ့ အတွေးခေါ်ကို သိမ်းပိုက်ထားကြပါတယ် ။ အာဏာရှင်စနစ်ဆိုးကို မဆန့်ကျင်ဘဲ နေတာဟ သွယ်ဝိုက်သော အားဖြင့် ထောက်ခံအားပေးနေတယ်ဆိုတာ ကို သူတို့တွေ မသိရှိကြပါဘူး ။

အစိုးရ၀န်ထမ်း တွေနဲ့ တပ်မတော်သားတွေ ဆိုတာက အာဏာရှင်ယန္တရားကို လှည့်ပတ်မောင်းနှင်ပေးနေကြတဲ့သူတွေပါ ။ အထက်အမိန့်ဆိုတာ ကို မလွန်ဆန်နိုင်လို့ သာ သည်းခံနေကြရတာပါ ။ သူတို့တွေရဲ့ ဘ၀ဟာ လည်း ပြည်သူလူထုနဲ့ ထူးမခြားနားပါဘဲ ။

အခုလို နှစ်ပေါင်းများစွာ အာဏာရှင်စနစ်ဆိုးရဲ့ ဆိုးဝါးယုတ်မာမှု မှန်သမျှကို ရင်စည်းခံနေကြရတာဟာ တိုင်းပြည်ကို တကယ်ချစ်တဲ့လူ အရေအတွက် ထက် ကြားနေ၀ါဒနဲ့ အာဏာရှင်စနစ်ဆိုးကို ဆက်လက်တည်မြဲစေချင်တဲ့ လူအရေအတွက် များနေလို့ပါ ။ အဲဒီတော့ တိုင်းပြည်ကို တကယ်ချစ်တယ်ဆိုရင် ကျွန်တော် ပြောခဲ့တိုင်းပြည်ချစ်တဲ့ အုပ်စု လေးခုထဲမှာ ပါဝင်နိုင်အောင် အရင်ကြိုးစားကြည့်ပါ ။

နေရာတကာ ငါသာလျှင် ပဓါန ၊ ငါသာလျှင် အဓိက ၊ ငါ သိ တယ် ငါ တတ်တယ် ဆိုတဲ့ စကားတွေကို လှိုင်လှိုင်သုံး ၊ကိုယ်ကျိုးအတ္တတွေကို ရှေ့တန်းတင် ပြီး ကိုယ့် အမှားကို ဖုံးကွယ်ထားကြတယ် ။ အမှားတွေ အများကြီးလုပ်ခဲ့ကြတယ် ဆိုတာလည်း အားလုံးအသိပါဘဲ အချိ့ကြတော့လည်း မှားနေတာ သိတယ် ။ သိနေလျှက်နဲ့ မပြင်ခဲ့ကြဘူး ။ ပြင်ရမှာ တွန့်ဆုတ်နေကြတယ် ၀န်လေးနေကြတယ် ။ ငါဆိုတဲ့ အတ္တကိုရှေ့တန်း တင် ၊ ဦးထိပ်ထား ခဲ့ကြလို့ စစ်မှန်တဲ့ စည်းလုံးညီညွှတ်ရေးကို မဖော်ဆောင်နိုင်ခဲ့ကြဘူး။
လုပ်ရှားသူတွေ ကြားမှာ လုပ်စားနေသူတွေက များလာတော့ ဒီအဆင့်ကကို မတတ်နိုင်ကြဘူး ။ အပွင့်လင်းဆုံး ပြောပြမယ် နိုင်ငံရေးကို ဗန်းပြ လုပ်စားနေသူတွေ နဲ့ နိုင်ရာတာဝန် မထမ်းနိုင်တဲ့ ပြည်သူလူထုကြောင့် မြန်မာနိုင်ငံ ဒီမိုကရေစီ အရေးဟာ များစွာ နှောင့်နှေးခဲ့ကြရတယ်။
လူတိုင်းဟာ အမှားမကင်းကြပါဘူး ။ ဒါပေမယ့် မှားနေတယ်ဆိုတာကို သိရင် ပြင်ရဲကြရမယ် ။

ကျွန်တော်ဆိုလိုတာကို နိုင်ငံရေးပညာရှင်များ
အနေနဲ့ သိရှိပြီးသားပါ
အဲဒီ အုပ်စု လေးခု ဟန်ချက် ညီညီ လုပ်ရှားနိုင်ရင် ကျိန်းသေပေါက် အာဏာရှင်စနစ်ဆိုး အောက်က လွတ်မြောက်လာပါလိမ့်မယ် ။
အရင်က မှားခဲ့တာတွေကို ပြင်ပြီး အခုချိန်မှာ စစ်မှန်တဲ့ စည်းလုံးညီညွတ်ရေးကို ဖော်ဆောင်ပေးကြပါလို့ မြန်မာ နိုင်ငံ ဒီမိုကရေစီ အရေး ကြိုးပမ်းသူများ အာလုံးကို လေးစားစွာ တိုက်တွန်းပြောဆိုချင်ပါတယ် ။

ကြားနေ၀ါဒ ကျင့်သုံးနေကြတဲ့ ပြည်သူလူထု ကို နိုင်ငံအရေးဆိုတာ နိုင်ငံသားတိုင်းနဲ့ဆိုင်ပါတယ် ။ ယခုလိုကြားနေ၀ါဒ ကို ကျင့်သုံးတယ်ဆိုတာ
အာဏာရှင်စနစ်ကို ထောက်ခံနေတယ်ဆိုတာ သူတို့သိအောင် ကျွန်ူပ်တို့ အမြန်ဆုံးကြိုးစား ပြောဆို လမ်းပြမှ ဖြစ်မယ် ။ အမှန်တရားကို သူတို့တွေ
သိရှိနားလည်လာရင် တိုင်းပြည်ချစ်တဲ့ အုပ်စုတွေထဲ ပါလာကြလိမ့်မယ်။ နိုင်ငံရေးကို ဗန်းပြ လုပ်ကိုင်စားနေကြတဲ့ သူတွေကိုလည်း အသိတရားရအောင် စည်းရုံးပြောဆိုကြပေါ့ ။ အာဏာရှင် လက်ကိုင်ဒုတ်အဖြစ်အသုံးချနေတဲ့ ကြံ့ဖွတ်တို့ စွမ်းအာရှင်တို့ဆိုတာ က ပြည်သူလူထု
ညီညွှတ်မှုကို မြင်တာနဲ့ သူတို့ ဘာလုပ်ရမယ်ဆိုတာ အလိုလို နားလည်လာကြလိမ့်မယ် ။ အဓိက က ပြည်သူလူထု အနေနဲ့ တိုင်းပြည်ချစ်စိတ်ကို လက်တွေ့ကျင့်သုံးပြီး စည်းလုံးညီညွှတ်မှု ကို အမြန်ဆုံးဖော်ဆောင်နိုင်ဖို့ အရေးကြီးပါတယ်။

နေရာတိုင်းမှာ အကောင်းနဲ့ အဆိုးဒွန်တွဲနေတာပါဘဲ ။ နိုင်ငံရေး လုပ်ရှားသူတွေ ကြားမှာ လုပ်စားနေသူတွေ ရှိတာ ကျွန်တော် မငြင်းပါဘူး ။
အဲဒီလိုဘဲ အာဏာရှင်စနစ် ကို လက်ခံကျင့်သုံးနေတဲ့ လူတွေ ကြားမှာလည်း အမှန်တရားကို ချစ်မြတ်နိုးသူတွေ ရှိပါသေးတယ် ။

အဲဒီတော့ တကယ်တိုင်းပြည် ကောင်းကျိုးအတွက် လုပ်ရှားနေသူ တွေရဲ့ မျက်နှာကို ဘဲ ကြည့်ကြပါ ။ လုပ်စားနေသူ အနည်းငယ်ရှိတာ နဲ့
မယုံကြည် ကြဘူုးဆိုရင် ဘ၀ တစ်လျှောက် လုံး ဒီလို စနစ်ဆိုးကြီးရဲ့ အောက်က ရုန်းထွက် လွတ်မြောက်ကြဖို့ လမ်းမမြင်ဘူး ဖြစ်သွားကြလိမ့်မယ်။
ဒီနေ့ နိုင်ငံတကာ က ဘယ်လောက် ဘဲ ဖိအားပေးပေး ပြည်သူလူထုက ငြိမ်ပြနေရင်တော့ ကျွန်တော်တို့ တာဝန်မကျေရာ ရောက်ကြလိမ့်မယ်။
အခါအခွင့်သင့်တာနဲ့ တပြိုင်နက်ထဲ ဒီမိုကရေစီ နိုင်ငံထူထောင်ဖို့ ပြည်သူလူနဲ့ ပူးပေါင်းချင်ကြတဲ့ ၀န်ထမ်းတွေနဲ့ တပ်မတော်သားတွေ လည်း အများကြီးပါ ။ ကျွန်တော်မြန်မာနိုင်ငံ ပြည်သူလူထု အနေနဲ့ တိုင်းပြည်ကို တကယ်ချစ်ကြလိမ့်မယ်လို့ ယုံကြည်ထားပါတယ် ။

အဲဒီလို ချစ်တဲ့ နေရာမှာ လက်တွေ့ ကြကြ ချစ်ပြနိုင်ဖို့ အတွက် ကိုယ်နိုင်ရာ တာဝန်ကို ထမ်းဆောင်ပေး ကြပါလို့ အလေးအနက် ထပ်မံ တိုက်တွန်းပြောကြား လိုပါတယ် ။ မြန်မာနိုင်ငံ ဒီမိုကရေစီ အရေး ကြိုးပမ်းနေကြသူများ အားလုံးနဲ့ ပြည်သူလူထုတရပ်လုံးက တိုင်းပြည်ကို လက်တွေ့ကျကျ ချစ်ပြကြကာ လွတ်လပ်၍ တရားမျှတကာ ခေတ်မှီ ဖွံ့ဖြိုးတိုးတက်ပြီး ငြိမ်းချမ်းသာယာတဲ့ ဒီမိုကရေစီ နိုင်ငံတော်ကြီးဆီသို့ ညီညာစွာ
ချီတက်ကြပါစို့ .............................

ခင်မင်လေးစားလျှက်

ဗမာ့သွေး

HRmyanmar

http://kyeesaytaman.blogspot.com/ တွင် ဒေါ်အောင်ဆန်းစုကြည် နှင့်အဖွဲ့အား နှိပ်ကွပ်ရေးဖွဲ့ထားတာကြည့်ပြီး ဒေါသအရမ်းဖြစ်မိပါသည်။ ထိုကဲ့သို့ မမှန်မကန်တဲ့သတင်းကို နားမလည်သူတစ်ယောက်သာ ဖတ်မိလျှင် အထင်လွဲပြီး အမှားကို အမှန် ထင်နေမှာပဲဆိုတဲ့ အတွေးနဲ့ မှန်ကန်သော သတင်းအချက်အလက်များနှင့် လူ့အခွင့်အရေးအတွက် တဖက်တလမ်းမှ ကြိုးပမ်းချင်သဖြင့် Saturday, May 02, 2009 မှာ ဒီ blog စတင်ရေးသားပါသည်။

Previous Post Next Post

Contact Form