ရတနာပုံ တယ်လီပို့ အင်တာနက် ဆာဗာ အမည်များ ပြောင်းလဲ

တင့်လွင် | သြဂုတ် လဆန်း ပထမပတ် ကတည်းက ရတနာပုံ တယ်လီပို့ အင်တာနက် ဆက်ကြောင်းက ဆာဗာများ၊ အမည်များ၊ ဆက်တင်တွေ အပြောင်းအလဲ လုပ်ခဲ့ပါတယ်။ အိမ်သုံး သာမန်ဖုံးဖြင့် အင်တာနက် ချိတ်ဆက် သုံးသူများကို ကြိုတင် အကြောင်းကြားတာ၊ နောက်ပိုင်းမှာ ဆက်သွယ် အသိပေးတာ အကျယ်အပြန့် မလုပ်ခဲ့လို့ စားသုံးသူ အတော်များများမှာ ပြတ်တောက်မှုတွေ ကြုံကြရပါတယ်။

ရုံးနဲ့ ဆိုင်သမားတွေကို ဆက်သွယ် မေးမြန်း ကြည့်တော့မှ အင်တာနက် ကော်နက်ရှင် ဆက်တင်မှာ အရေးကြီးတဲ့ DNS Server - ဒိုမိန်း အမည်များ ဘာသာပြန်သည့် ဆာဗာ နံပါတ်တွေ ပြောင်းထားတယ်လို့ သိရပြီး ကိုယ့်ဖာသာကိုယ် ပြောင်းကြည့်လိုက်မှ အဆင်ပြေ သွားတယ် လို့ ပြောပါတယ်။ အင်တာနက် ဆိုင်ဘာ ကဖေးသမားတွေ ကတော့ ကွန်ယက်ရဲ့ ရောက်တာ (အင်တာနက် မီးပွိုင့်) ကို သက်ဆိုင် ရာက ဖြစ်စေ၊ ဖောက်သည် ကျွမ်းကျင်သူ ၀န်ထမ်းတွေက ကြိုတင် ပြင်ဆင် ပေးထားကြလို့ အခက်အခဲတွေ မကြုံ လိုက်ကြပါဘူး။

“အခု ပြောင်းသွား တာက 203.81.162.22 နဲ့ 203.81.162.23 ဆိုတဲ့ (DNS Addresses) ဒီအင်အက်စ် ဆာဗာ လိပ်စာတွေ ဖြစ်တယ်။ မဟုတ်ရင် 64.19 နဲ့ 64.20 သုံးတာတွေ တွေ့ရတယ်။ ပြီးတော့ တချို့ နက်ဝဒ်တွေမှာ ဒီအင်အက်စ် ဆာဗာ နံပါတ်တွေက - 203.81.162.22 နဲ့ 203.162.23 ကို သုံးထားတယ်။ 162 subnet က ပိုမြန်တာကို တွေ့ရတယ်။” ဟု မိတ်ဆွေ တဦးက ရှင်းပြပါတယ်။

“တကိုယ်ရည်သုံး အိမ်သုံး အကောင့်သမားတွေက အင်တာနက်က အမြဲတန်း ချိတ်ရတာ ခက်တယ် မဟုတ်လား။ သူတို့တွေ လျှောက်ပြောင်း ထားတာကိုလည်း မေးကြည့် ရကောင်းမှန်း မသိဘူး။ ဒီလိုပဲ အင်တာနက်က ပျက်နေ ပြန်ပြီပဲ ထင်ပြီး ထားလိုက်ကြတာ များတယ်။ နောက်မှ ဆိုင်ကို သွားသုံးရင်း သိပြီး စမ်းပြီး ပြင်ရ၊ ဆင်ရ လုပ်ရတာပေါ့။ ရတနာပုံ တယ်လီပို့က ပြင်တာ ဆိုတော့ ပုဂံကော၊ ဆက်သွယ်ရေးကောက အင်တာနက်တွေမှာပါ လိုက်ပြင် ကြရတာ ဖြစ်တယ်” လို့ အိမ်သုံး အင်တာနက် အကောင့်ပိုင်ရှင်က ပြောပါတယ်။

လက်ရှိမှာ ဒီအင်န်အက်စ်တွေ အပြောင်းအလဲတင် သာမက အခြား မမြင်ရတဲ့ အပြောင်းအလဲတွေ ရှိနိုင်တယ်လို့ ခန့်မှန်း နေကြပါတယ်။ ဒီအင်န်အက်စ် ပြောင်းထား သော်လည်း အင်တာနက်ကတော့ ထူးပြီး မြန်လာတာ မရှိဘဲ မြန်မာအင်တာ “နှေး” ကတော့ မြန်မာ အင်တာ “နှေး” နေဆဲ ပါပဲ။

source by : မိုးမခ
Previous Post Next Post

Contact Form