မြန်မာ ပြည်သူ လူထုသို့ ပန်ကြားချက်

မြန်မာ ပြည်သူ လူထုသို့ ပန်ကြားချက်။

စစ်အစိုးရသည် ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီးကို ရက်စက်စွာ လူအမြောက်အမြား များကို သတ်ဖြတ်ပြီး အာဏာ သိမ်းခဲ့သည်။ ၁၉၉၀ ခုနှစ်တွင် ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင် ရခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို အာဏာလွှဲ ပေးရန် ငြင်းဆန်ခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ရေးဆွဲရန်ဟု ဆိုကာ အမျိုးသား ညီလာခံကို တဖက်သတ် ကျင်းပခဲ့သည်။ ၁၉၉၀ ခုနှစ် ဒီမိုကရေစီရေး ကျောင်းသား လှုပ်ရှားမှူကို ရက်စက်စွာ ဖြိုခွင်း နှိမ်နှင်းပြီး ကျွန်တော် အပါအ၀င် ကျောင်းသားများကို နှစ်ရှည် ထောင်ဒဏ် ချမှတ် ခဲ့သည်။ ၂၀၀၇ ခုနှစ် စက်တင်ဘာလတွင် သံဃာတော်များကို ရက်စက်စွာ သတ်ဖြတ်ပြီး ပြည်သူ့ ဆန္ဒကို လျစ်လျှူရှုခဲ့သည်။ ပြည်သူ့ အသံကို ပိတ်ခဲ့သည်။ ထောင်ပေါင်း များစွာသော သံဃာတော်များ၊ ကျောင်းသား လူငယ်များကို ထောင်သွင်း အကျဉ်းချ ခဲ့သည်။ ၂၀၀၈ ခုနှစ် နာဂါစ် မုန်တိုင်း အတွင်းတွင်ပင် ပြည်သူ့ ဆန္ဒခံယူပွဲ ကျင်းပပြီး စစ်အစိုးရ တဖက်သတ် ရေးဆွဲ ထားသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြည်သူကို ခြိမ်းခြောက် အကြပ်ကိုင်ခြင်း၊ မဲလိမ်ခြင်း၊ မဲခိုးခြင်း စသည့် နည်းလမ်း များဖြင့် မည်သည့် သက်သေ ၊ နိုင်ငံတကာ စောင့်ကြည့်ရေး အဖွဲ့မှ မရှိပဲ အတည် ပြုခဲ့သည်။

မည်သို့ပင် ဖြစ်စေ အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေးကို ရှေးရှုပြီး မြန်မာ နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးကို ဦးတည်ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ပြိုင်မည့် ဒီမိုကရေတစ် အစစ် ဖြစ်သည့် ပါတီများကို မဲပေးရန် ကျွန်တော်တို့ ဦးဆောင်သော လူငယ်များက ဆော်သြ လှုံ့ဆော် ခဲ့သည်။ သို့သော် စစ်အစိုးရ၏ လုပ်ရပ်များသည် ပို၍ ပို၍ တဖက်သတ် ဆန်လာပြီး ယုတ်မာ ကောက်ကျစ် လာသည်။ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ဦးမတည်ဘဲ ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်မည့် ဒီမိုကရက်တစ် အစစ် ဖြစ်သည့် ပါတီများကို တဖက်စောင်းနင်း နှိပ်ကွပ် လာသည်။

ထိုအခြေအနေမှာ မည်သို့မှ လက်မခံ နိုင်သော အခြေအနေ ဖြစ်သည်။ ကျွန်တော်တို့မှာ ၂၀၁၀ နိုဝင်ဘာလ " ၇ " ရက် ရွေးကောက်ပွဲအား သပိတ်မှောက်ရန်မှ အပ ရွေးရန် နည်းလမ်း မရှိတော့ပေ။

ကျွန်တော်တို့ ဘက်မှ မည်သို့ပင် အလျှော့ပေး၍ အမျိုးသား သင့်မြတ်ရေး နိုင်ငံတော် ဖွံ့ဖြိုးရေးကို ဦးတည်ကာ အပြုသဘောဖြင့် ချဉ်းကပ် ခဲ့သော်လည်း စစ်အစိုးရ၏ အဖျက်သဘော ဆောင်သော လုပ်ရပ်များကြောင့် လာမည့် ၂၀၁၀ နိုဝင်ဘာလ ၇ - ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲ အတုကို ၀ိုင်းဝန်း သပိတ်မှောက်ကြရန် ဆန္ဒရှိသည့် အားလျှော်စွာ ပြည်သူကို ပန်ကြား အပ်ပါသည်။
သပိတ်မှောက်ရန်မှ အပ ရွေးရန်လမ်း မရှိတော့ပါ။

မျိုးရန်နောင်သိမ်း
ကျောင်းသား ခေါင်းဆောင် (၈၈- မျိုးဆက်သစ် ကျောင်းသားများ အဖွဲ့)။

လက်ရေးမူရင်းဖိုင်
Previous Post Next Post

Contact Form