အရေခွံလဲပွဲ

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ရွေးကောက်ပွဲကို သပိတ်မှောက်တယ်လို့ ပြောနေကြလို့ အခု လက်ရှိ အစိုးရ ကျင်းပတဲ့ ရွေးကောက်ပွဲ ဆိုတဲ့ အမည်ကို သေချာ စဉ်းစား ကြည့်မိတယ်။ ဘယ်လိုများ အမည်ပေးရင် ကောင်းမလဲ ဆိုပြီး ရွေးကောက်ပွဲ ဆိုတဲ့ အမည်အစား လက်ရှိ မတရား သိမ်းပိုက် ထားတဲ့ အာဏာကို တရားဝင် ဖြစ်အောင် ပြည်သူ လူထုကို အတင်း ထောက်ခံ ခိုင်းတဲ့ လုပ်ဆောင်ချက် ဒါကြောင့် "အရေခွံလဲပွဲ "လို့ဘဲ ခေါ်စေ ချင်တယ်။ မြွေဆိုတာ အချိန်တန်ရင် အရေခွံ လဲလေ့ ရှိတယ် ။ ဒါပေမယ့် အဆိပ်ပြင်းတဲ့ မြွေတစ်ကောင် အရေခွံ လဲလိုက်တာနဲ့ သူရဲ့ ဂုဏ်သတ္တိ စွမ်းအင်ကတော့ ပြောင်းလဲမှာ မဟုတ်ပါဘူး အခု အစိုးရ သုံနူန်းတဲ့ ရွေးကောက်ပွဲ ဆိုတာလည်း မြွေအရေခွံ လဲသလို ပါဘဲ ။ ယူနီဖောင်းလေးချွတ် လိုက်တာနဲ့ သူတို့ လုပ်ခဲ့တဲ့ မတရားမှု မှန်သမျှကို ပြည်သူက လက်ခံ နိုင်တယ်လို့ ထင်နေတာ သူတို့ တွေရဲ့ အတွေးပါ ။ သူတို့တွေ အရေခွံ လဲကြပေမယ့် သူတို့ရဲ့ ပင်ကို မကောင်းဆိုးဝါး ၀ါဒတွေကို အခုချိန်ထိ လုပ်ကိုင် ဆောင်ရွက် နေကြတာလည်း အားလုံး အသိပါ ။ ၂၀၀၈ အခြေခံ ဥပဒေထုတ် ကတည်းက တရားမျှတမှု ဆိုတာ ပါမလာတာ သိပြီးသား ပါဗျာ ။ ရွေးကောက်ပွဲ ၀င်တဲ့ ပါတီတွေ သေချာ စဉ်းစား စေချင်တယ် ။ ရှုံးမယ်မှန်း သိရဲ့သားနဲ့ ၀င်ပြိုင်တာ မကောင်းဘူးဗျ။ မြတ်သော အရှုံသမား ဆိုတာ အမှန်တရား အတွက် တိုက်ပွဲဝင်ပြီး ပြည်သူ လူထု ကောင်းစားရေးကို ရှေ့ရှုထားတဲ့ သူတွေကို ခေါ်ဆို တာပါလို့ ကျွန်တော် နားလည် ထားပါတယ်။

ဒီမိုကရေစီကို အခု ကျင်းပမယ့် ရွေးကောက်ပွဲ ၀င်မှ ရမယ် ထင်နေတာကိုက အတွေးအခေါ် လွဲချော် နေကြတာပါ ။ လက်ခံကြတာ လူတစ်စု ၊ သူတို့ အကြောင်းပြမှာက တစ်နိုင်ငံလုံး မဲပေးပြီး သူတို့ ကြံ့ဖွတ် ပါတီ အနိုင်ရတယ်လို့ကြေငြာမှာ အားလုံး သိပြီးသား ။ ဒါကိုဘဲ ဒီမိုကရေစီ လမ်းစဉ်ကို ချဉ်းကပ်တာပါလို့ လူထုကို စည်းရုံးပြီး ထောက်ခံခိုင်း ပြောဆိုခိုင်း နေတာတော့ တကယ့်ကို မှားနေပြီဗျာ ။ ကျွန်တော့ အမြင်ကို ပွင့်ပွင့် လင်းလင်း ပြောရရင်တော့ အခု အရေခွံလဲပွဲ ကို ၀င်တဲ့ ပါတီ တော်တော် များများက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မပါတာကို အခွင့်ကောင်း တစ်ရပ်နေနဲ့ ယူဆပြီး ၀င်ရောက် ယှဉ်ပြိုင်ကြတာ ပါဘဲ ။ ဘာဖြစ်လို့လဲ ဆိုတော့ ၁၉၉၀ ရွေးကောက်ပွဲမှာ မဲ အပြတ်အသတ် အနိုင် ရထားတဲ့ NLD သာ ပါဝင် ယှဉ်ပြိုင်ခဲ့ရင် အခု ၀င်တဲ့ ပါတီ အားလုံး အပြတ်အသတ် ရှုံးမှာကို သူတို့ သိရှိ နေကြလို့ပါဘဲ ။

ရွေးကောက်ပွဲ ကို မဲမပေးရင် ဘာဖြစ်လာနိုင်သလဲ ဆိုတာကို သေချာတွေး ကြည့်ကြရအောင် ။

သူတို့ လုပ်သမျှ ထောက်ခံပေးမယ့်သူ ရှိသလို သူတို့ရဲ့ အမှားတွေကို လက်မခံသူတွေ များစွာ ရှိနေသေးတယ် ဆိုတာကို သူတို့ သဘောပေါက် လာကြလိမ့်မယ်။

သူတို့ လုပ်သမျှ ပြည်သူလူထုက ခေါင်းငုံ့ ခံနေမှာ မဟုတ်ပါဘူး ဆိုတာကို သူတို့ သိရှိ နားလည် လာကြလိမ့်မယ် ။

ဒါဆိုရင် ပြည်သူလူထု လက်ခံနိုင်မယ့် နည်းလမ်းတွေကို သူတို့ စဉ်းစား လာကြလိမ့်မယ်။

အမှန်တရားကို လက်ခံလိုသူတွေ များလာတာ ဟာ အမှား လုပ်သူတွေ အတွက် နေရာ မရှိပါဘူး ဆိုတာ လက်တွေ့ ပြကြဖို့ ဘယ်သူ့ကိုမှ မဲမပေးဘဲ ဥပက္ခာပြုထား လိုက်တာ အကောင်းဆုံးနဲ့ အငြိမ်းချမ်းဆုံး ပြည်သူ့ဆန္ဒကို ဖော်ထုတ် ပြသ တာပါဘဲ ။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အရေခွံလဲပွဲကို လက်မခံကြပေမယ့် ရွေးကောက်ပွဲ ဆိုရင်တော့ လက်ခုပ်တီးပြီး အားပေးမယ် ဆိုတာ ကျွန်တော် ယုံကြည် ပါတယ်။

ကျွန်တော်တို့ ပြည်သူလူထု ကလည်း တရား မျှတမှု ရှိပြီး ပြည်သူ့ဆန္ဒ အစစ်အမှန် ဖော်ထုတ်နိုင်တဲ့ ရွေးကောက်ပွဲဆို ၀မ်းသာ အားရ ကြိုဆို ကြမှာပါ ။

ခင်မင် လေးစားလျှက်
ဗမာ့သွေး
Previous Post Next Post

Contact Form