စစ်အစိုးရအား တရားစွဲခြင်းသည် တွေ့ဆုံဆွေးနွေးမှုကို လမ်းပိတ်ခြင်းမဟုတ်ဟု ဒေါ်စုပြောကြား



ဝီရ | မြန်မာစစ်အစိုးရအား တရားစွဲဆိုနိုင်ရန် ဆက်လက်လုပ်ဆောင်ခြင်းသည် အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းကြောင်းမှ သွေဖည်သွားစေရန် မဟုတ်ဘဲ တွေ့ဆုံဆွေးနွေးရေးအတွက် အန်အယ်လ်ဒီက လမ်းဖွင့်ထားဆဲဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

“နအဖကို တရားစွဲနိုင်ဖို့ တရားရုံးဆီ နောက်တကြိမ် အခုလို စာတင်ဖို့ ပြင်ဆင်နေတာဟာ နအဖနဲ့ အန်အယ်လ်ဒီအကြား ရင်ကြားစေ့ရေးအတွက် ဒိုင်ယာလော့ ပိတ်ပင်လိုက်တာ မဟုတ်ဘူး။ တွေ့ဆုံဆွေးနွေးရေးအတွက် အမြဲတမ်း တခါးဖွင့်ထားပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောတာ ဖြစ်ပါတယ်” ဟု ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သူ ၎င်း၏ရှေ့နေ ဦးဉာဏ်ဝင်းက ခေတ်ပြိုင်သို့ ပြောကြားသည်။

နိုင်ငံ့ဝန်ထမ်းများ၏ တာဝန်ဝတ္တရားအတိုင်း ကျေပွန်စွာ ထမ်းဆောင်ခြင်းမရှိသည့် မြန်မာစစ်အစိုးရကို တရားစွဲဆိုနိုင်ရန် နောက်ထပ် ပြင်ဆင်နေသည့်အပေါ် ဒေါ်အောင်ဆန်းစုကြည်က ယင်းကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

မှတ်ပုံတင်ပြီးသား ပါတီတခုအနေဖြင့် ဆက်လက်ရပ်တည်ခွင့်နှင့် ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ တရားဥပဒေအရ ဆက်လက်ရပ်တည်ခွင့်တို့အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော်ကိုယ်စားလှယ်များက တရားရုံးချုပ်သို့ ပြီးခဲ့သည့် ဧပြီ (၂၉) ရက်တွင် တရားစွဲဆို လျှောက်တင်ခဲ့သည်။ ယင်းသို့ တရားစွဲဆိုမှု (၂) မှုစလုံးကို လုပ်ထုံးလုပ်နည်းများနှင့် မှန်ကန်မှုမရှိသည့်အတွက် လက်မခံကြောင်း တရားရုံးချုပ်က မေ (၅) ရက်တွင် ပယ်ချခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ပယ်ချခဲ့မှုကို တရားဥပဒေနှင့်မညီသည့်အတွက် ဆက်လက် တရားစွဲဆိုသွားရန် ပြင်ဆင်နေခြင်းဖြစ်သည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ဦးဉာဏ်ဝင်းက “သွားတွေ့ရင် အမှုကိစ္စကလွဲပြီး ဘာမှ မပြောရဘူးလို့ နအဖက ကန့်သတ်လာတဲ့အပေါ် ကန့်ကွက်ဖို့ ဒေါ်အောင်ဆန်းစုကြည်က နို့တစ်စာကြမ်း ရေးခိုင်းထားတယ်။ အဲဒီစာကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ အတည်ပြုချက် ရပြီးရင် အမြန်ဆုံး တင်သွားမှာပါ။ ပြီးတော့ ပြီးခဲ့တဲ့ ဇွန်လတုန်းက နအဖကို တရားစွဲထားတဲ့ကိစ္စကို တရားရုံးက ပယ်ချတာဟာ တရားဥပဒေအရ လုပ်ခွင့်မရှိတဲ့အကြောင်း နောက်တကြိမ် တရားစွဲနိုင်ဖို့ နည်းစနစ်ကျကျ လုပ်ဆောင်သွားဖို့ ရှိပါတယ်” ဟု ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရာတွင် အခြားအကြောင်းအရာများ မဆွေးနွေးရန် ပိုမိုတင်းကျပ်သော ကန့်သတ်မှုများကို ပြီးခဲ့သည့် ဇွန်လ (၂၅) ရက်တွင် စစ်အစိုးရ အာဏာပိုင်တို့က စတင်သတိပေးလာပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအကြား တွေ့ခွင့်ရရန် ပိုမိုခက်ခဲလာကြောင်း သိရသည်။

“ပထမအကြိမ် တရားစွဲဆိုတုန်းက တရားရုံးက ငြင်းခွင့်မရှိဘူး။ ဒါနဲ့ပတ်သက်ပြီး အကြောင်းပြန်တာ မရှိသေးတော့ အခုတခါ နေပြည်တော်ဆီ စာရေးပြီး ဒီအမှုတွေကို ကြားနားပေးဖို့ တင်ပြတာ ဖြစ်တယ်” ဟု ဦးဉာဏ်ဝင်းက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ် ထိန်းသိမ်းထားမှုနှင့် ပတ်သက်၍ အထူးအယူခံ လျှောက်လွှာ တင်နိုင်ရေးအတွက်လည်း ၎င်း၏ ရှေ့နေများဖြစ်သော ဦးဉာဏ်ဝင်းနှင့် ဦးကြည်ဝင်းတို့က လွန်ခဲ့သော ဇူလိုင် (၁၃) ရက် နေ့လယ်ပိုင်း၌ (၂) နာရီခန့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ထို့အပြင် အန်အယ်လ်ဒီသည် တရားဝင်ပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့် မရှိတော့ကြောင်း ပြောကြားမှုအပေါ် အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်များက တရားဥပဒေအရ တရားဆိုစွဲနိုင်ရန် ပြင်ဆင်နေကြောင်း ဦးဉာဏ်ဝင်းက ပြောကြားသည်။


source by :ခေတ်ပြိုင်

Previous Post Next Post

Contact Form