စာရေးဆရာကြီးနန်းညွန့်ဆွေ ကွယ်လွန်



NEJ | စာရေးဆရာကြီးနန်းညွန့်ဆွေ (၈၇) နှစ်သည် ယနေ့ ညနေ (၅) နာရီတွင် ရန်ကင်းရှိ တိုက် (၂၁၆) အခန်း (၆) နေအိမ်၌ လူကြီးရောဂါဖြင့် ကွယ်လွန်သွားခဲ့ပြီး မနက်ဖြန် (၁၁) နာရီတွင် အသုဘချမည်ဖြစ်ကြောင်း သိရသည်။

အိမ်နီးနားချင်းဖြစ်သည့် ဖုန်းဖြေကြားသူ မသုန်သုန်က “မနေ့ကဆို လမ်းတွေ ဘာတွေ လျှောက်သေးတယ်။ မနေ့ညက နည်းနည်းဖျားနေတော့ မနက်မှာ စကားသိပ်မပြောနိုင်ဘူး။ နောက်သူ့ဆရာဝန်ကိုပြတော့ ဆရာကြည့်သွားပြီ ညနေပိုင်းမှာ အိပ်နေတာ။ တခါနိုးလာပြီး ထမင်းမစားချင်ဘူး အိပ်ပဲအိပ်ချင်တယ်ပြောပြီး နောက် ညနေ (၅) နာရီကျတော့ ဆုံးသွားတာ” ဟု ပြောသည်။

ဆရာကြီးဆုံးပါးချိန်တွင် အနား၌ သားဖြစ်သူ ဦးတေဇရှိနေကြောင်း၊ ယခုဖုန်းဆက်ချိန်တွင် ဦးတေက မနက်ဖြန် နာရေးကိစ္စအတွက် စီစဉ်ဆောင်ရွက်ရန် လုပ်ဆောင်နေသည့်အတွက် နေအိမ်တွင်မရှိကြောင်း မသုန်သုန်က ပြောသည်။

ဆရာကြီးနန်းညွန့်ဆွေ၏ ဇနီးမှာ သခင်မ ဒေါ်လှကြည် (စာရေးဆရာမ ကြည်ဦး -ကွယ်လွန်) ဖြစ်ပြီး သားမောင်ဝဏ္ဏ၊ မောင်တေဇနှင့် မောင်သူရ (လူရွှင်တော် ဇာဂနာ) တို့ သုံးယောက်ရှိသည်။

မြစ်ကြီးနားထောင်တွင် ထိန်းသိမ်းခံနေရသည့် သားဖြစ်သူ ကိုဇာဂနာအား ဖခင်ဖြစ်သူ ဆရာကြီး နန်းညွန့်ဆွေ ကွယ်လွန်ကြောင်း အကြောင်းကြားရန် ဖုန်းအဆက်အသွယ်လုပ်နေကြောင်း ကိုဇာဂနာ၏ ခယ်မဖြစ်သူ မငြိမ်းက ပြောသည်။

၎င်းက “အခုထိတော့ ကျမ မြစ်ကြီးနားထောင်ကို အဆက်သွယ်လုပ်နေတာတော့ လုံးဝဖုန်းလိုင်းမကောင်းသေးဘူး။ မရသေးဘူး။ ကျမ မြစ်ကြီးနား သတင်းတပ်ဖွဲ့ကိုတော့ အကြောင်းကြားပြီးပါပြီ” ဟု ပြောသည်။

ဆရာကြီးနန်းညွန့်ဆွေ၏ အမည်ရင်းမှာ ဦးအောင်သိန်းဖြစ်ပြီး ၁၉၂၃ ခုနှစ်တွင် ပြည်ခရိုင် ဆင်မြီးဆွဲမြို့ ရပ်သာရွာ၌ အဖ ဦးသက်၊ အမိ ဒေါ်ရွှေဆိုင်တို့မှ မွေးဖွားခဲ့သည်။

ဆရာကြီးသည် ဆင်မြီးဆွဲမြို့ မူလတန်းကျောင်း၊ သဲကုန်းမြို့ အလယ်တန်းကျောင်း ပုတီးကုန်းမြို့ အထက်တန်းကျောင်းတို့တွင် တက်ရောက် ပညာသင်ကြားခဲ့ပြီး ၁၉၄၂ ခုနှစ်တွင် ဆယ်တန်းအောင်မြင်ခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း ရန်ကုန်သို့ ဆင်းလာပြီး ဂျပန်ကျောင်းတက်ရင်း တရားရေးဝန်ကြီးဌာနတွင် စာရေးလုပ်ခဲ့သည်။

ဖက်ဆစ်တော်လှန်ရေး ဖြစ်သောအခါ ဆင်မြီးဆွဲသို့ပြန်၍ အာရှလူငယ်အစည်းအရုံးတွင် ပါဝင်လုပ်ဆောင်ခဲ့သည်။

၁၉၄၈-၅၃ ခုနှစ်များအတွင်း ပထမပြန်ကြားရေးဌာန၊ ဒုတိယ ရုပ်ရှင်နှင့် ပြဇာတ်ဌာနခွဲတို့တွင် ပြဇာတ်ဆရာ၊ ရုပ်ရှင်အဖွဲ့ အရာရှိ၊ ၁၉၅၃ ခုနှစ်မှစ၍ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်တွင် သုတေသနမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၆၁ ခုနှစ်တွင် မေတ္တာ တေးသံကဗျာများ၊ ၁၉၇၈ ခုနှစ်တွင် စာဆိုမာန် ကဗျာများ စာအုပ်တို့ကို ရေးသားထုတ်ဝေခဲ့သည်။ လွှတ်တော်မှတ်တမ်း၊ မြန်မာမင်း အုပ်ချုပ်ပုံ စာတမ်းကြီး၊ ဦးကုလား ရာဇဝင်၊ ဆုံးမစာ ပေါင်းချုပ်ကြီး၊ မုဒုလက္ခဏာပျို့၊ မင်္ဂလာစေတီ မော်ကွန်း၊ ဇယဒီသပျို့၊ နဝရတ်ပျို့၊ မောင်းထောင် ဦးကျော်လှ သံချိုပေါင်းချုပ် စာအုပ်များကိုလည်း တည်းဖြတ် ထုတ်ဝေခဲ့သည်။

ဂီတဝါသနာရှင်တဦးဖြစ်၍ ခေတ်ဟောင်း၊ ခေတ်သစ်ဂီတ ဆောင်းပါးများ၊ အတ္ထုပ္ပတ္တိ စာအုပ်များကိုလည်း ရေးသား ပြုစုခဲ့သည်။ နိုင်ငံရေး သီချင်းများစာတမ်း၊ ကုန်းဘောင်ခေတ် စာဆိုများ စာတမ်း၊ လက်ဝဲနော်ရထာနှင့် လက်ဝဲသုန္ဒရ ရှင်တမ်း၊ မြန်မာ့ယဉ်ကျေးမှု စာတမ်းများကို ရေးသားဖတ်ကြားခဲ့သည်။

မဟာဂီတသီချင်းအဖွင့် (ပထမပိုင်းနှင့် ဒုတိယပိုင်း) ကို ရေးသားခဲ့သည်။ မဟာဂီတ သမဉ္ဇရီ အဖွင့်ကျမ်းကို ရေးခဲ့သည်။

မြန်မာနိုင်ငံ စာရေးဆရာအသင်း တွဲဖက်အတွင်းရေးမှူး၊ မြန်မာနိုင်ငံ စာပေပြန့်ပွားရေးအသင်း အမှုဆောင်နှင့် ဒု-ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။


source by :
NEJ
Previous Post Next Post

Contact Form