ရဲဖြစ်ရသည့် ဘဝ ဒုက္ခ

ကြည်ဝေ | သူတာဝန်မှူး ကျသော ညများတွင် ပတ္တရောင် လှည့်ကင်း အဖွဲ့က စခန်းသို့ ည ဧည့်သည် မိန်းကလေးများကို ခေါ်လာတိုင်း စိတ်ညစ်ရ၊ စိတ်မကောင်း ဖြစ်ရကြောင်း ဒုရဲအုပ် ကိုကိုလေး (အမည် ပြောင်းထားသူ) က ပြောသည်။


ရန်ကုန် မြို့တော် ခန်းမရှေ့တွင် နေရာယူ စောင့်ဆိုင်းနေသော ရဲများကို အစုအဝေးလိုက် ဤသို့ တွေ့ရသည် (ဓာတ်ပုံ - အေပီ)
သံတိုင် နောက်ကွယ်မှ မျက်ရည် စီးကြောင်း ထင်းနေသော အပေါစား မိတ်ကပ် မျက်နှာလေး များသည် အသက် ၁၈ နှစ်ပင် ပြည့်သေးဟန် မတူ။ ၁၄ နှစ်၊ ၁၅ နှစ် အရွယ် ကလေး သာသာလေး များကို တွေ့မြင် ရသည့် အခါတိုင်း ပိုပြီး စိတ်ထိခိုက် ရသည်ဟု သူက ဆက်ပြောသည်။

“သူတို့ဘ၀ ဆင်းရဲနိမ့်ကျလို့ ဒီဘ၀ ရောက်ကြ ရတယ် ဆိုတာ သိပါတယ်။ တခါတလေ ကျတော်လည်း တွေးမိတယ်၊ ကျနော့်တို့ ရဲတွေရဲ့ အလုပ်က နှလုံးသား မရှိမှ ကောင်းမယ် လို့လေ” ဟု ဒုရဲအုပ် ကိုကိုလေးက ဆိုသည်။

သူ တာဝန် ထမ်းဆောင်နေစဉ် ကာလ တလျှောက်တွင် အပြစ်မရှိဘဲ ဖမ်းဆီး ခံရသူများနှင့် ဆင်းရဲနိမ့်ပါးလွန်း သောကြောင့် ပြစ်မှု ကျူးလွန် ကြသူများကို ကြုံရတိုင်း စိတ်မကောင်း ဖြစ်ရကြောင်း၊ ရဲဘ၀သည် ခက်ခဲ ၀မ်းနည်ဖွယ် ကောင်းသော ဘ၀မျိုး ဖြစ်ကြောင်း သူက ပြောပြသည်။

“တနေ့က စက်ရုံကနေ ပီနံအိတ် ၁၀ အိတ်ခိုးလို့ဆိုပြီး စခန်းရောက်လာတဲ့သူ ရှိတယ်။ အဲဒီပီနံအိတ်ရောင်းလို့ ဘယ်လောက် ရမှာလဲ။ ၅၀၀ ကျပ်လောက်တောင် ရပါ့မလား။ ဒါပေမယ့် သူ့ကို ပုဒ်မ ၃၈၀ … ခိုးမှုနဲ့ အမှုဖွင့်တော့ သူ ကျူးလွန်တဲ့အပြစ်နဲ့ ခံရတဲ့ ပြစ်ဒဏ်က မမျှဘူးဆိုပြီး စိတ်မကောင်းဖြစ်ရပြန်ရော” ဟု သူက လုပ်ငန်းခွင်ထဲတွင် ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက် တချို့ကို ပြောသည်။

အသားညိုညို၊ မျက်နှာပြည့်ပြည့် အရပ်မြင့်မြင့်နှင့် သူ့ပုံစံမှာ ပြည့်စုံကြွယ်ဝသော ရဲဝန်ထမ်းတဦးတော့ ဟုတ်ပုံမရ။ သို့သော်လည်း သူ့ဇနီးသည်မှာ တရားရေးဝန်ထမ်း အဆင့် ၃ ဖြစ်သောကြောင့် တခြား မိသားစုဝင်များသော ရဲဝန်ထမ်းများ ကဲ့သို့ စားဝတ်နေရေးအတွက် များစွာကျပ်တည်း ခက်ခဲမှု မရှိကြောင်း သိရသည်။

“နှစ်ယောက်စလုံးက ၀န်ထမ်းတွေဆိုတော့ ကျပ်တည်းတဲ့ အချိန်တွေတော့ ရှိပါတယ်။ ကလေးကလည်း တယောက်တည်း ရှိလို့သာ၊ တခြားလူတွေလို သိပ် ရုပ်ပျက်ဆင်းပျက် မဖြစ်တာပါ” ဟု သူက မိသားစု အခြေအနေကို ပြောသည်။

သူ့စခန်းမှ ရဲဝန်ထမ်းအများစုမှာ ကျပ်တည်းစွာ ရုန်းကန်ကြပြီး တချို့မှာ မိသားစု စားဝတ်နေရေးအတွက် နည်းလမ်း မျိုးစုံဖြင့် ရှာဖွေနေကြရကြောင်း၊ ရဲဖြစ်နေသည့်အတွက် မကောင်းမှု ဒုစရိုက်အလုပ်က လွဲ၍ တခြားတဘက်တလမ်းမှ ၀င်ငွေ ရရှိနိုင်သော အလုပ်များ လုပ်နေသည်ကို မသိဟန် ဆောင်ပေးထားရကြောင်း သူက ပြောသည်။

ရဲဝန်ထမ်း လစာငွေဖြင့် မလုံလောက်သောကြောင့် မိသားစု စားဝတ်နေရေးအတွက် အိမ်တန်းလျားနောက်တွင် နို့စားနွား ၂ ကောင်မွေးကာ နွားနို့ပို့သော အလုပ်ကို လုပ်နေကြောင်းကို ရဲတပ်ကြပ် မောင်မောင် (အမည်ပြောင်းထားသူ) က ပြောပြသည်။

ဆိုင်ကယ်ရှေ့ခြင်းထဲတွင် နွားနို့်ထည့်ထားသော ရေသန့်ဘူးတချို့ကို ထည့်ပြီး ညနေ ၅ နာရီမှ ည ၉ နာရီ အချိန်အတွင်း ဖောက်သည်အိမ်များသို့ လှည့်ရောင်းကြောင်း၊ ထို ၀င်ငွေဖြင့် အထက်တန်းကျောင်းသားနှင့် အလယ်တန်းကျောင်းသူ သားနှင့် သမီးအား ကျောင်းထားပေးနေရကြောင်း သူက ဆိုသည်။

“နွားနို့က ရေသန့်ဘူး တဘူးဆိုရင် ၅၀ သားရှိတယ်။ ၅၀ သားကို ၁၀၀၀ ကျပ်နှုန်းနဲ့ မှာတဲ့ အိမ်အရောက် ပို့ပေးတယ်” ဟု ရဲတပ်ကြပ် မောင်မောင်က ပြောပြသည်။

၂၄ နာရီ အလုပ်လုပ်ရသော ရဲဝန်ထမ်းများ အနေနှင့် ထိုကဲ့သို့ နွားနို့ပို့ခြင်းအလုပ်မျိုး မလုပ်သင့်မှန်း သိသော်လည်း မိသားစု စားဝတ်နေရေးအတွက် လုပ်နေရခြင်း ဖြစ်ကြောင်း သူက ပြောပြသည်။

“ဒုစရိုက် လုပ်ငန်းတွေဆီက ရတိုင်း ယူကောင်းတာ မဟုတ်ဘူး။ သူတို့ဆီက ယူထားတော့ စီမံချက်ရှိလို့ ဖမ်းရဆီးရတဲ့အခါ သူတို့က အငြိုးထားပြီး လက်တုံ့ပြန်တာမျိုးတွေ ရှိတယ်” ဟု ရဲတပ်ကြပ် မောင်မောင်က ရှင်းပြသည်။

ရဲဝန်ထမ်းတယောက်၏ လစာငွေမှာ အနိမ့်ဆုံး ကျပ် ၃၅၀၀၀ နှုန်းမှ စခန်းမှူးအဆင့်အထိ အမြင့်ဆုံး လစာငွေမှာ ကျပ် ၁ သိန်း ၈ သောင်းဝန်းကျင်သာ ရှိကြောင်း၊ ခရိုင်အဆင့်၊ တိုင်းအဆင့် ရဲများသာလျင် လစာ ကောင်းမွန်ကြောင်း သိရသည်။

လစာငွေဖြင့် မလုံလောက်သည့်အတွက် အကြွေးတင်နေသော သတင်းတပ်ဖွဲ့မှ ရဲတပ်ကြပ်ကြီး ကျော်ကျော် (အမည်ပြောင်းထားသူ) သည်လည်း နယ်မြေစစ်ဆေးရင်း အငှားယာဉ်မောင်းနေကြောင်း သိရှိရသည်။ တက္ကစီဘုတ် တပ်မထားသော နံပါတ်အနက် စူပါဆလွန်းကားဖြင့် မှတ်တိုင်များ အနီးတွင် ရပ်ကာ ခရီးသည်ရှာဖွေရကြောင်း သူက ပြောပြသည်။

“လူဆိုးဖမ်းစရာရှိရင်တော့ ဒီကားကို သုံးတယ်။ ဒီလို လှည့်ကြည့်ရတဲ့ အချိန်တွေမှာတော့ လမ်းကြုံရင် ခရီးသည်တွေ
ပို့ပေးတာပေါ့” ဟု အဆိုပါ ရဲတပ်ကြပ်ကြီးက ပြောသည်။

လစာငွေဖြင့် မလုံလောက်သော ရဲဝန်ထမ်းတချို့မှာ စားဝတ်နေရေး အဆင်ပြေရန်အတွက် သူ့လိုပင် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားနေထိုင်ကြရကြောင်း၊ အများ ထင်မှတ်သကဲ့သို့ ရဲဝန်ထမ်းတိုင်း ၀င်ငွေကောင်းကြသည် မဟုတ်ကြောင်း သူက
ရှင်းပြသည်။

“အပိုကြေးရတယ် ဆိုတာလည်း ရဲတယောက်အနေနဲ့ ဘယ်လောက်ရနိုင်မှာလဲ။ လစာ ၃ သောင်းကျော်လောက် ရတဲ့သူက အပိုကြေး ၃ သောင်းလောက်ရတယ်၊ လစာ ၁ သိန်းလောက်ရတဲ့သူကတော့ အပိုကြေး ၁ သိန်းနီးပါးလောက် ရတယ်။ အရာရှိမဟုတ်ရင် အများပြောသလို ထင်သလောက် မရပါဘူး” ဟု သူက ဆက်ပြောသည်။

၎င်းတို့ တာဝန်ကျရာ မြို့နယ်များအတွင်းရှိ ၁ လုံး (ဘောလုံး) ဒိုင်၊ နှစ်လုံးဒိုင်၊ သုံးလုံး (ယိုးဒယားချဲထီ) ဒိုင်များ၊ လိုင်စင်မဲ့ အရက်ဆိုင်များ၊ အနှိပ်ခန်းများ၊ တရားမ၀င်ရောင်းချကြသော လမ်းဘေးဈေးသည်များ စသည့် ဥပဒေနှင့် မလွတ်ကင်းသော လုပ်ငန်းများကို လုပ်ကိုင် နေကြသူများထံမှ တရားမ၀င် အပတ်စဉ်ကြေး၊ လစဉ်ကြေးအဖြစ် ငွေကြေးမှန်မှန်ရတတ်ကြောင်း၊ ရဲဝန်ထမ်းများသည် တခြားသော အစိုးရ ဝန်ထမ်းများကဲ့သို့ပင် အစိုးရပေးသော လစာငွေနှင့် မလုံလောက်သောကြောင့် ထို ကြားပေါက်ငွေများကို ယူရခြင်း ဖြစ်ကြောင်း ရဲဝန်ထမ်းများက ဆိုသည်။

သို့ရာတွင် ထို ငွေများကို စခန်းရှိ ၀န်ထမ်းများက ရာထူးအလိုက် ခွဲဝေယူကြရကြောင်း၊ အနိမ့်ဆုံးအဆင့် ရဲဝန်ထမ်းမှာ
အနည်းဆုံး ရတတ်ကြောင်း၊ ထို့အပြင် ထိုငွေများထဲမှ စခန်းအတွက် လိုအပ်သော ဆိုင်ကယ်၊ ကားပြင်ဆင် စရိတ်မှစ၍ စခန်းတွင်းသုံး ပစ္စည်းများကိုလည်း ၀ယ်ယူသုံးစွဲကြရသေးကြောင်း ရဲဝန်ထမ်းများက ပြောဆိုကြသည်။

ကမ္ဘာ့ဖလား ဘောလုံးပွဲကာလ ကဲ့သို့ ဘောလုံးလောင်းကစားဒိုင်များ အလုပ်ဖြစ်ကြသော ကာလများတွင် ထိုဒိုင်များက ဒိုင်ကြီးလျှင် ကြီးသလို ငွေကျပ် ၅ သိန်း၊ ၁၀ သိန်းမှ သိန်း ၂၀ အထိ ပေးတတ်ကြောင်း၊ သို့သော်လည်း မြို့နယ် စီမံချက်များ ရှိလာလျင် တာဝန်ယူပေးရကြောင်း၊ ထို့အပြင် တိုင်တန်းသူ ရှိလျင်တော့ မဖြစ်မနေ အရေးယူရကြောင်း သိရသည်။

ရဲဝန်ထမ်းများအနေဖြင့် မိမိ တာဝန်ကျရာ မြို့နယ်အတွင်းရှိ ဥပဒေနှင့် ငြိစွန်းသည့် လုပ်ငန်းများထံမှ လစဉ်ကြေး ယူနေသည့်အတွက် မျက်နှာနာနေရသည့် အဖြစ်များလည်း ရှိကြောင်း၊ အထက်က တာဝန်ပေးသဖြင့် သွားရောက် ဖမ်းဆီးရပါက ပြဿနာဖြစ်ခြင်း များနှင့်လည်း ကြုံတွေ့ရကြောင်း၊ ယခုအခါ ရဲများအား ဒေသခံနယ်မြေကို မ၀င်ခိုင်းတော့ဘဲ
အခြားမြို့နယ်များသို့ နယ်မြေလွှဲကာ ၀င်ခိုင်းလျက်ရှိကြောင်း သိရသည်။

ဇွန်လကုန်ပိုင်းက လှိုင်မြို့နယ်မှ ရဲများသည် လောင်းကစားဒိုင် အိမ်တအိမ်ကို သတင်းကြားသောကြောင့် ၀င်ဖမ်းရာ အရပ်သားများက လိုင်းကြေးပေးလျက်နှင့် ၀င်ဖမ်းသည်ဆိုပြီး မကျေမနပ်ဖြစ်၍ ၀င်ဖမ်းသော ရဲများအား ဓားပြများဟု ဆိုကာ ဓားဖြင့်ခုတ်ခြင်း၊ တုတ်ဖြင့် ၀င်ရိုက်ခြင်းများ ပြုလုပ်သောကြောင့် ရဲဝန်ထမ်း ၆ ဦးခန့်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ အဆိုပါ မြို့နယ်မှ အရပ်သား ၂၀ ခန့်ကိုလည်း ဖမ်းဆီး ချုပ်နှောင်ထားကြောင်း သိရသည်။

“ငွေညှစ်တတ်တဲ့ ရဲက ပိုခံရတယ်။ တရားခံဘက်က ခံရပြီဆိုရင်မှတ်ထား၊ တေးထားပြီးတော့ အခွင့်သာတဲ့အခါ ချောင်းရိုက်တာတို့၊ ဓားနဲ့ ထိုးတာတို့၊ အထူးသဖြင့် နယ်ထိန်းတွေက အဲဒီလို အဖြစ်အပျက်တွေ ပိုပြီး တွေ့ရတတ်တယ်” ဟု ရဲအရာရှိဟောင်း တဦးက ပြောဆိုသည်။

ရဲဆိုသည်မှာ ပြည်သူလူထု၏ ၀န်ထမ်းဖြစ်သည့်အလျောက် လူထုအပေါ်တွင် မိမိကိုယ်ကိုယ် အုပ်ချုပ်သူ လူတန်းစားအဖြစ် မမှတ်ထင်သင့်ကြောင်း၊ ရဲဝန်ထမ်းများသည် ရာဇ၀တ်မှုများနှင့် ဆက်စပ်နေသည့် အတွက် လူတိုင်းကို တရားခံဟု
မယူဆသင့်ကြောင်း၊ ဖမ်းဆီး ခံရသူကိုလည်း တရားခံအဖြစ် တွန်းပို့တတ်သည့် အလေ့ကို ရှောင်ရှားသင့်ကြောင်း သူက ဆက်ပြောသည်။

“ရဲတွေမှာ ကိုယ်ကျန်းမာရေးက အရေးကြီးသလို၊ စိတ်ကျန်းမာရေးကလည်း အရေးကြီးတာပဲ။ စိတ်ကျန်းမာ ဖို့အတွက် ဆိုရင်တော့ ကိုယ့်လိပ်ပြာ ကိုယ်သန့်နေဖို့က အရေးအကြီးဆုံးပဲပေါ့။ ကိုယ့်ကြောင့် အပြစ်ရှိသူ ၁၀၀ လွတ်ချင်လွတ်သွားပါစေ၊ အပြစ်မဲ့သူ တယောက်ကို မဖမ်းမိပါစေနဲ့ ဆိုတာလေးလည်း နှလုံးသွင်းသင့်တယ်” ဟု အဆိုပါ ရဲ အရာရှိဟောင်းက ပြောသည်။

ယခုခေတ်ရဲများသည် မြို့နယ်တွင်း မှုခင်းကိစ္စများသာမက နိုင်ငံရေးကိစ္စများကိုပါ အထက်က တာဝန်ပေးသည့်အတိုင်း ဖမ်းဆီးနေရသောကြောင့် ယခင်ခေတ်ရဲများထက် ပိုမို လူမုန်းများလာကြသည်ကို တွေ့မြင်ရကြောင်း၊ ရဲအရာရှိ တချို့ဆိုလျင် ရဲအလုပ်ကို စိတ်ပျက်သည်ဟုပင် ပြောဆိုလာကြကြောင်း အဆိုပါ ရဲအရာရှိဟောင်းက ပြောသည်။

“အထက်က အမိန့်နဲ့ အပြစ်မရှိ အပြစ်ရှာပြီး ဖမ်းရတဲ့အခါ စိတ်ဓာတ် ပျက်ပြားတယ်တဲ့ ကိုယ့် တပည့်ဖြစ်ဖူးတဲ့ ဒုတိယ ရဲမှူးကြီး တယောက်ကပြောတာ။ သူလည်း ဒီအလုပ်ကနေ ပင်စင်ယူချင်ပြီလို့ ညည်းနေတယ်” ဟု သူက ဆက်ပြောသည်။

ဒုရဲအုပ်ကိုကိုလေးကလည်း “ရဲဆိုရင် မိုက်တယ်၊ အထက်ကို ကပ်တယ်၊ ညစ်တယ်၊ လူတွင်ကျယ် လုပ်တယ်။ သူများအပေါ် လူလည်လုပ်တယ်၊ မိုက်ရူးရဲ ဆန်တယ် ဆိုတဲ့ ဂုဏ်ပုဒ်တွေနဲ့ တွဲမြင်ကြပြီး လူတွေ ရွံမုန်းကြီး ဖြစ်နေတာကလည်း အင်မတန် ၀မ်းနည်ဖွယ် ကောင်းပါတယ်။ အဲဒီအမြင်ကို ပြောင်းလဲပေးဖို့အတွက် ကြိုးစားနေထိုင်သင့်တယ်” ဟု လက်ရှိ ခေတ် ရဲဘ၀ကို သုံးသပ်ပြောဆိုသည်။

source by : ဧရာဝတီ
Previous Post Next Post

Contact Form