ရာဇ၀တ် ဘေးက ရှောင်ပြေး နေတဲ့ မြန်မာ နိုင်ငံက ရာဇဝတ်ကောင်တွေကို အရေးယူ အပြစ်ပေးကြပါစို့

ဖိုးဇော် (ဘာသာပြန်) / ၁၂ ဇူလိုင် ၂၀၁၀

ပြီးခဲ့တဲ့လက မြန်မာ နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် သောမတ်စ် ကင်တာနာက မြန်မာ နိုင်ငံ စစ်အစိုးရဟာ စစ်ရာဇ၀တ်မှုနဲ့ လူသား မျိုးနွယ်စု အပေါ် ဆန့်ကျင်တဲ့ ရာဇ၀တ်မှုတွေ ကျူးလွန်ဖွယ်ရာ ရှိနေတဲ့ အကြောင်းနဲ့ အဲဒီလို နိုင်ငံတကာ ဥပဒေကို ဖောက်ဖျက် ကျူးလွန်မှုတွေ အပေါ် စုံစမ်း စစ်ဆေး ဖော်ထုတ်ဖို့ ကုလသမဂ္ဂကို တိုက်တွန်း ပြောကြားခဲ့ပါတယ်။ ဒါကို ကျနော် သဘောတူ ပါတယ်။

လွန်ခဲ့တဲ့ သုံးနှစ် အတွင်းလောက်မှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ လူသား မျိုးနွယ်စု ဆိုင်ရာ ချိုးဖောက် ကျူးလွန်မှုတွေ အပေါ် ကမ္ဘာကြီးက ယခင့်ယခင်နဲ့ မတူအောင် အာရုံစိုက် လာခဲ့ပါတယ်။ မြန်မာ စစ်အာဏာရှင် သန်းရွှေ ကတော့ ဒါတွေကို ကမ္ဘာကြီးက မကြာခင် မေ့ပျောက်သွားစေဖို့ ရည်ရွယ်မျှော်လင့်ပြီး သူ့ရဲ့ စစ်အာဏာရှင် စနစ် တရားဝင် ဖြစ်အောင် အရောင်တင်ပေးမယ့် ဟန်ပြရွေးကောက်ပွဲတရပ်ကို ဒီနှစ်ကုန်ပိုင်းမှာ ကျင်းပဖို့ စီစဉ်နေတယ်။

၂၀၀၇ ခုနှစ် စက်တင်ဘာလမှာ ဗုဒ္ဓဘာသာ ရဟန်း သံဃာတော်တွေရဲ့ ရဲစွမ်း သတ္တိရှိစွာ ဦးဆောင် ဆင်နွှဲခဲ့တဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်ခဲ့တယ်။ ဂျပန်ဓာတ်ပုံ သတင်းထောက် ကင်ဂျိနာဂါအိကို သတ်ဖြတ်ခဲ့မှု အပါအ၀င် အဲဒီ ဆန္ဒပြပွဲတွေအပေါ် မြန်မာစစ်အစိုးရရဲ့ ရက်ရက်စက်စက် နှိပ်ကွပ်ဖြိုခွင်းမှုတွေက သူ့ရဲ့ ရက်စက်ယုတ်မာမှုကို ဘယ်အခါတုန်းကနဲ့မှ မတူအောင် ရှင်းရှင်းလင်းလင်း ပွင့်ကျသွားစေခဲ့တယ်။

နောက်ရှစ်လ အကြာမှာတော့ နာဂစ်မုန်တိုင်းကြီးက မြန်မာပြည်ကို ဖြတ်သန်းတိုက်ခတ် ချေမွပစ်ခဲ့တယ်။ ဒီမုန်တိုင်းကြောင့် အသက် အိုးအိမ် စည်းစိမ်ပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့ရတယ်။ လူပေါင်းများစွာ အတိ ဒုက္ခ ရောက်ခဲ့ကြရတယ်။ အဲဒီ မုန်တိုင်းဘေး ဒုက္ခသည်တွေ အပေါ် နိုင်ငံတကာရဲ့ စာနာထောက်ထားကူညီမှုတွေကို မြန်မာစစ်အစိုးရက စောစောပိုင်းကာလမှာ လက်ခံဖို့ ငြင်းပယ်ခဲ့တယ်။ ဒါဟာ ဒီစစ်အစိုးရရဲ့ လူသားမဆန်မှုကို ထင်ထင်ရှားရှား သက်သေပြခဲ့တာပဲဖြစ်တယ်။

တိုင်းရင်းသားလူမျိုးစုတွေ နေထိုင်ရာ ဒေသတွေ အထူးသဖြင့် မြန်မာနိုင်ငံ အရှေ့ခြမ်းဒေသမှာ မြန်မာ စစ်အစိုးရက ထိုးစစ်တွေ ဆက်လက်ဆင်နွှဲနေတယ်။ ထင်ရှားအရေးပါတဲ့ တိုင်းရင်းသားခေါင်းဆောင် အနည်းဆုံး တဦးလောက်ကို လုပ်ကြံ သတ်ဖြတ်ခဲ့ပြီး အခြား ခေါင်းဆောင်တွေကိုလည်း အလားတူ လုပ်ကြံ သတ်ဖြတ်ဖို့ ကြိုးပမ်းခဲ့တယ်။ ချင်းပြည်နယ်မှာ လူတွေ အငတ်ဘေး ဆိုက်ပြီး အတိ ဒုက္ခ ရောက်နေမှု အပေါ် အကြင်နာတရားကင်းမဲ့စွာ ဥပက္ခာပြု ထားခဲ့တယ်။ ဒါတွေအားလုံးဟာ တိုင်းရင်းသား လူနည်းစု တွေကို ရှင်းလင်း သုတ်သင် ပစ်ဖို့ ဒီအစိုးရမှာ အစီအစဉ် ရှိနေတယ် ဆိုတာ ဖော်ထုတ် ပြသနေတာပဲ ဖြစ်တယ်။

ဒီအစိုးရက အခုနှစ်အတွင်း ရွေးကောက်ပွဲပြုလုပ်ဖို့ ပြင်ဆင်နေချိန်မျိုးမှာ ကမ္ဘာကြီး အနေနဲ့ လွန်ခဲ့တဲ့ သုံးနှစ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ နောက်ခံအခြေအနေတွေကို ထည့်သွင်း စဉ်းစားဖို့ မမေ့သင့်ပါဘူး။ ပြီးခဲ့တဲ့နှစ်က ဟားဗတ် ဥပဒေကျောင်းတော်ကြီးက “မြန်မာ နိုင်ငံတွင်းက ရာဇ၀တ်မှုများ” ဆိုတဲ့ ခေါင်းစဉ်နဲ့ အစီရင်ခံစာတစောင် ထုတ်ပြန်ခဲ့တယ်။

အမေရိကန်တရားသူကြီး ပက်ထရီရှာဝဲလ်ဒ်၊ မွန်ဂိုးလီးယားက ဂန်ဇိုရစ်ဂွန်ဘိုဆူရင်၊ အင်္ဂလန်က ဆာဂျက်ဖရီနိုက်စ်ကျူစီ၊ တောင်အာဖရိကက တရားသူကြီး ရစ်ချက်ဂိုးလ်စတုန်းနဲ့ ဗင်နီဇွဲလားက တရားသူကြီး ပီထရို နစ်ကင်းန်တို့ အပါအ၀င် ကမ္ဘာတလွှားက ထင်ရှား အရေးပါတဲ့ ဥပဒေပညာရှင်အချို့ တာဝန်ယူ ကြီးကြပ် ပြုစု ထုတ်ဝေခဲ့တဲ့ အဲဒီအစီရင်ခံစာမှာ မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ဖောက်ဖျက် ကျူးလွန်မှုတွေဟာ စစ်ရာဇ၀တ်မှုနဲ့ လူသားမျိုးနွယ်စုအပေါ် ဆန့်ကျင် ဖောက်ဖျက် ကျူးလွန်တဲ့ အတိုင်းအတာအထိ ရှိနိုင်ကြောင်းနဲ့ အဲဒီ ကျူးလွန်ဖောက်ဖျက်မှုတွေကို ကုလသမဂ္ဂ အဖွဲ့ကြီး အနေနဲ့ စုံစမ်းစစ်ဆေးသင့်ကြောင်း သုံးသပ် ဖော်ပြထားပါတယ်။ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ်ဟောင်း တယောက်အနေနဲ့ ကျနော် ဒါကို သဘောတူ ပါတယ်။

မြန်မာ နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် အဖြစ် ကျနော် တာဝန် ယူခဲ့စဉ် ကာလက အဓမ္မအလုပ်စေခိုင်းမှု၊ အတင်းအဓမ္မ ကလေး စစ်သား စုဆောင်းမှု၊ ညှဉ်းပန်းနှိပ်စက်မှုနဲ့ မုဒိန်းကျင့်မှုကို စစ်လက်နက်တခုသဖွယ် အသုံးချမှု စတာတွေကို မြန်မာနိုင်ငံတ၀ှမ်းမှာ စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးခဲ့တယ် ဆိုတဲ့ အငြင်းပွားစရာမလိုတဲ့ အထောက်အထားတွေ ကျနော် ရရှိ ခဲ့တယ်။ အဲဒီ အချိန်က စလို့ နောက်ထပ်ရရှိတဲ့ အထောက်ထားတွေက ခိုင်မာသထက် ခိုင်မာလာ နေပါပြီ။ ထိုင်း-မြန်မာနယ်စပ် ပူးပေါင်းလှုပ်ရှား ဆောင်ရွက်ရေး အဖွဲ့ရဲ့ အဆိုအရ ၁၉၉၆ ခုနှစ်ကစလို့ မြန်မာနိုင်ငံအရှေ့ဘက်ခြမ်းဒေသတွေမှာ ကျေးရွာပေါင်း (၃,၅၀၀) လောက် ဖျက်ဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။ ကျေးရွာသားတွေကိုလည်း လူသားမိုင်းရှင်း ကိရိယာအဖြစ် အသုံးချခဲ့ကြတယ်လို့ ဆိုတယ်။ စစ်ရေး လိုအပ်ချက်အရ မိုင်းကွင်း တွေကို ရှင်းလင်းဖို့အတွက် မြေမြှုပ်မိုင်းတွေ မြှုပ်နှံထားရာ မိုင်းကွင်းတွေ အတွင်း ကျေးရွာသားတွေကို ရှေ့ကနေ အတင်းအဓမ္မ ဖြတ်လျှောက် ခိုင်းပြီး လူသားမိုင်းရှင်း ကိရိယာ အဖြစ် အသုံးပြုခဲ့ကြလို့ မကြာခဏ ဆိုသလို ကျေးရွာသားတွေ အသက် ဆုံးရှုံးခဲ့ရတာတွေ ခြေတွေ လက်တွေ ပြတ်ခဲ့ရတာတွေ ရှိခဲ့တယ်။

ကျနော် မြန်မာပြည်ကထောင်တွေ တော်တော်များများကို ရောက်ခဲ့တယ်။ နှိပ်စက် ညှဉ်းပန်းမှု ပုံစံမျိုးစုံကိုလည်း ကြားနာသိရှိခဲ့ရတယ်။ ယခုအချိန်မှာ နိုင်ငံရေး အကျဉ်းသား (၂,၁၀၀) ကျော်လောက် မြန်မာအကျဉ်းထောင်တွေထဲမှာ ရှိနေတယ်လို့ ယုံကြည်ရပြီး ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာလည်း နေအိမ် အကျယ်ချုပ် ဘ၀နဲ့ ရှိနေဆဲပါပဲ။ သူမဟာ လွန်ခဲ့တဲ့ နှစ် (၂၀) အတွင်းမှာ (၁၄) နှစ်ကျော်မျှ အထိန်းသိမ်းခံဘ၀နဲ့ နေနေရသူပါ။

မြန်မာနိုင်ငံမှာ ဘာသာရေး အရ ဖိနှိပ်မှုတွေဟာလည်း ကျယ်ကျယ် ပြန့်ပြန့် ရှိနေတာပါ။ မြန်မာစစ်အစိုးရဟာ မြန်မာမဟုတ်တဲ့ လူနည်းစုတိုင်းရင်းသားတွေနဲ့ ဗုဒ္ဓဘာသာ မဟုတ်တဲ့ အခြားဘာသာဝင် လူနည်းစုတွေအပေါ် ညှာတာထောက်ထားမှု လုံးဝ မရှိပါဘူး။ ချင်းလူမျိုးနဲ့ ကချင်လူမျိုး တိုင်းရင်းသားအများစုပါဝင်တဲ့ ခရစ်ယာန် ဘာသာဝင် တွေနဲ့ အလားတူ ကရင်နဲ့ ကရင်နီလူမျိုး ခရစ်ယာန် ဘာသာဝင် တွေဟာ ဘုရား ရှိခိုးကျောင်းနဲ့ ဘာသာရေး အဆောက်အအုံတွေ ဖျက်ဆီးခံရမှု အပါအ၀င် ဘာသာရေးအရ ခွဲခြားဆက်ဆံမှု၊ ကန့်သတ်ချုပ်ချယ်မှုနဲ့ ဖိနှိပ်မှုတွေခံနေရတယ်။ ခရစ်ယာန်ဘာသာရေးအထိမ်းအမှတ် လက်ဝါးကပ်တိုင်တွေကို အတင်းဖြိုချ ဖယ်ရှားခိုင်းပြီး အဲဒီနေရာမှာ ဗုဒ္ဓဘာသာဘုရားပုထိုး စေတီတွေ တည်ခိုင်းတယ်။ ဒါတွေကို သေနတ်နဲ့ချိန်ပြီး အတင်းအဓမ္မ လုပ်ခိုင်းနေတာပါ။ မွတ်စလင် ရိုဟင်ဂျာတွေလည်း အလားတူ ဖိနှိပ်ခံနေရပြီး မြန်မာနိုင်ငံ ရခိုင်ပြည် မြောက်ပိုင်းမှာ ဘိုးစဉ်ဘောင်ဆက် နေထိုင်လာခဲ့ကြပေမယ့် မြန်မာနိုင်ငံတွင်းမှာ နိုင်ငံသားဖြစ်ခွင့်မရဘဲ ငြင်းပယ်ခံနေကြရတယ်။ ဒီလို ငြင်းပယ်ခံရတာကြောင့် သူတို့ဟာ သွားလာလှုပ်ရှားမှုနဲ့ လက်ထပ်ထိမ်းမြားမှုတွေမှာ အကြီးအကျယ် ကန့်သတ်ထိန်းချုပ်ခံနေရပြီး ပညာသင်ကြားရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေလည်း ဆုံးရှုံးနေရတယ်။

ဒီရာဇ၀တ်မှုတွေနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်း အထောက်အထားတွေ ကုလသမဂ္ဂအဖွဲ့ကြီးမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ရှိနေခဲ့ပြီးသားပါ။ ကျနော့်မိတ်ဆွေ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဟောင်း ရာဇူးမားလားလားက ဒီကျူးလွန်ဖောက်ဖျက်မှုတွေဟာ “နိုင်ငံရေးအရရော ဥပဒေအရပါ တာဝန်ရှိတဲ့ အမြင့်ဆုံး အာဏာပိုင်အဆင့်က ချမှတ်ထားတဲ့ မူဝါဒ၊ ပေါ်လစီတွေကြောင့်သာဖြစ်တယ်” ဆိုတာကို ၁၉၉၆ ခုနှစ်ကတည်းက သုံးသပ်ဖော်ပြခဲ့ဖူးပါတယ်။ မကြာသေးမီက ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ထဲမှာ လူ့အခွင့်အရေးနဲ့ လူသားမျိုးနွယ်စုဆိုင်ရာ နိုင်ငံတကာဥပဒေ ချိုးဖောက် နေမှုတွေကို ရပ်ဆိုင်းပစ်ဖို့ မြန်မာနိုင်ငံကို တိုက်တွန်း တောင်းဆို ထားပါတယ်။ ကုလသမဂ္ဂ အဖွဲ့ကြီးက မြန်မာ နိုင်ငံကို လူသားမျိုးတုံး သုတ်သင်မှု ရှိမရှိ စောင့်ကြည့်ရမယ့် နိုင်ငံ တနိုင်ငံ အဖြစ် စာရင်း သွင်းထားပြီး လူသား မျိုးတုံး သုတ်သင်မှု အန္တရာယ် ညွှန်းကိန်း မှာတော့ မြန်မာနိုင်ငံကို ဆူဒန်နိုင်ငံနဲ့အတူ အန္တရာယ်အရှိဆုံး နိုင်ငံနှစ်နိုင်ငံအဖြစ် သတ်မှတ်ဖော်ပြထားပါတယ်။

အစိုးရမဟုတ်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း အလားတူပဲ သုံးသပ်အကဲဖြတ်ကြပါတယ်။ နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့က မြန်မာ နိုင်ငံ အရှေ့ဘက်ခြမ်းမှာ မြန်မာစစ်အစိုးရရဲ့ ကျူးလွန်မှုတွေကို လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ အဖြစ် သတ်မှတ်ဖော်ပြထားပြီး လူနည်းစု အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးအဖွဲ့ကလည်း တိုင်းရင်းသားလူနည်းစုတွေအပေါ် အန္တရာယ်ပြု ခြိမ်းခြောက်ခံနေရဆုံးနိုင်ငံ (၅) နိုင်ငံထဲမှာ မြန်မာနိုင်ငံကို ထည့်သွင်းသတ်မှတ်ထားပါတယ်။ ဖရီးဒမ်းဟောက်စ် အဖွဲ့ ကတော့ မြန်မာနိုင်ငံကို “အဆိုးတကာ့ အဆိုးဆုံး” နိုင်ငံ အဖြစ် သတ်မှတ်ထားပါတယ်။

လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့နဲ့ နိုင်ငံတကာ အသွင်ကူးပြောင်းမှု ဆိုင်ရာ တရားမျှတမှု ဖော်ဆောင်ရေး အဖွဲ့တို့ကလည်း အလားတူ သုံးသပ်ဖော်ပြခဲ့ကြပါတယ်။ လောလောဆယ် မြန်မာနိုင်ငံမှာ “ရွေးကောက်ပွဲ ကိစ္စတွေ” နေရာယူ လွှမ်းမိုး နေမှုနဲ့ အတူ သူ့ရဲ့ စိုးမိုး အုပ်ချုပ်မှု အပေါ် တိုင်းရင်းသားလူနည်းစုတွေရဲ့ ဆန့်ကျင် တွန်းလှန်မှု မှန်သမျှကို လက်စတုံး ချေမှုန်း ပစ်ရေး ဆိုတဲ့ သန်းရွှေရဲ့ လုပ်ရပ်ကြောင့် လူသား မျိုးနွယ်စု အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ ပျံ့နှံ့တိုးပွားလာနေတဲ့ အချိန် အခါပါ။ ခုလို အချိန်အခါမျိုးမှာ နောက်ထပ် အသက်တွေ မဆုံးရှုံးရခင်မှာ နိုင်ငံတကာအသိုင်းအ၀ိုင်းက စုစုစည်းစည်း ညီညီညွတ်ညွတ် အရေးယူ ဆောင်ရွက်ဖို့ လိုနေပါပြီ။

မြန်မာနိုင်ငံမှာ ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေ အပေါ် အရေးယူ အပြစ်ပေးမခံရဘဲ လွတ်ကင်းမှုတွေ နေရာအနှံ့ ရှိနေပါတယ်။ ဒီရာဇ၀တ်မှု တွေကို ပပျောက် သွားစေမယ့် အရေးယူဆောင်ရွက်မှုတွေလည်း ဘာတမှုမှမရှိပါဘူး။ ဒါကြောင့် ကုလသမဂ္ဂ အဖွဲ့ကြီးအနေနဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ မကြာသေးမီက ထောက်ခံ တင်ပြထားချက် အပေါ် တုံ့ပြန်ဆောင်ရွက်ဖို့နဲ့ မြန်မာစစ်အစိုးရရဲ့ လူသား မျိုးနွယ်စု အပေါ် ဖောက်ဖျက် ကျူးလွန်မှုတွေ၊ စစ်ရာဇ၀တ်မှုတွေ အပေါ် စုံစမ်း စစ်ဆေး ဖော်ထုတ်ဖို့ စုံစမ်းရေး ကော်မရှင် တရပ် ဖွဲ့စည်းပြီး လိုအပ်တဲ့ အရေးယူ ဆောင်ရွက်မှုတွေ ပြုလုပ်ဖို့ ကုလသမဂ္ဂ အဖွဲ့ကြီးမှာ တာဝန်ရှိတယ်လို့ ကျနော်တို့ ယုံကြည်ရတဲ့ အကြောင်းရင်းပါပဲ။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေနဲ့လည်း မြန်မာ စစ်အစိုးရ အပေါ် လက်နက် တင်ပို့ ရောင်းချမှု ပိတ်ပင်ရေးကို နိုင်ငံအားလုံးက လိုက်နာ ဆောင်ရွက် စေမယ့် အရေးယူ ပိတ်ဆို့မှုမျိုး ချမှတ်ဆောင်ရွက်ဖို့လိုပါတယ်။

မြန်မာ စစ်အစိုးရဟာ ဒီရာဇ၀တ်မှုတွေကို ကျူးလွန်ခွင့် ရရှိနေခဲ့တာ နှစ်ကာလ အလွန် ကြာညောင်းခဲ့ပါပြီ။ ရှေ့ဆက်ပြီးတော့ ဒီလိုမျိုး ဘာတခုမှ အရေးယူ အပြစ်ပေး မခံရဘဲ ရာဇ၀တ်မှုတွေ ဆက်လက် ကျူးလွန် နေမယ့် အခြေအနေ မျိုးကိုတော့ ကျွန်တော်တို့ လက်ပိုက် ကြည့်မနေ သင့်တော့ပါဘူး။

မှတ်ချက်။ ။ ၂၀၁၀ ခု ဇူလိုင် (၆) ရက်ထုတ် The Jakarta Post သတင်းစာပါ Yozo Yokota ၏ Challenge impunity in Myanmar ဆောင်းပါးကို ဘာသာပြန်ဆို ထားခြင်း ဖြစ်ပါသည်။

စာရေးသူ Yozo Yokota သည် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေကို စုံစမ်းစစ်ဆေးရသည့် ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် အဖြစ် ၁၉၉၂ ခုနှစ်မှ ၁၉၉၆ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်ရေးနှင့် မြှင့်တင်ရေး ကုလသမဂ္ဂ ကော်မရှင် အဖွဲ့ခွဲ၏ အဖွဲ့ဝင် အဖြစ် ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၉ ခုနှစ်အထိ တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ပါသည်။

source by : ခေတ်ပြိုင်
Previous Post Next Post

Contact Form