ခဏလေး စောင့်ပေးပါ......
  • Share this
  • Sumbit to Digg
  • Sumbit to StumbleUpon
  • Sumbit to Delicious
  • Sumbit to Technorati
  • Sumbit to Reddit
  • Sumbit to Mixx
  • Sumbit to Twitter
  • Sumbit to Furl
  • Sumbit to Design Float
  • Sumbit to Blinklist
  • Sumbit to Yahoo Buzz
  • Sumbit to Google Bookmarks

ဒေါင်းလူငယ် | ၁၉၆၂ ခု၊ မတ်လ (၂) ရက်နေ့သည် မြန်မာ့ သမိုင်း စာမျက်နှာ၌ ကံဆိုး မိုးမှောင် ကျသော နေ့တနေ့ ဖြစ်သည်။ ထို့ပြင် ပါလီမန် ဒီမိုကရေစီ စနစ်ကို နိဂုံးချုပ်၍ စစ်အာဏာရှင် အစိုးရ စတင် ပေါ်ထွန်း ခဲ့သော နေ့တနေ့လည်း ဖြစ်လေသည်။ မှန်ပေသည်။ ထိုနေ့ နံနက်တွင် ဗိုလ်ချုပ်ကြီး နေ၀င်း ဦးဆောင်သော တော်လှန်ရေး ကောင်စီ (၀ါ) စစ်အာဏာရှင် တို့သည် သမ္မတ ဦးဝင်းမောင်၊ ၀န်ကြီးချုပ် ဦးနု၊ ၀န်ကြီးများ ဖြစ်ကြသော သခင်တင်၊ ဒေါက် တာဦးဧမောင်၊ ဦးရာရှစ်၊ ဦးဘစော၊ သခင်တင်မောင်၊ ဦးသွင်၊ စ၀်ခွန်ချို၊ စ၀်ဝဏ္ဏ၊ ဒေါက်တာ စောလှထွန်း၊ ဦး ဇာရဲလျန်၊ ဦးဘမြိုင်၊ နိုင်အောင်ထွန်း၊ တရာဝန်ကြီးချုပ် ဦးမြင့်သိန်း၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ မန်းဘဆိုင်၊ လူမျိုးစု လွှတ်တော် ဥက္ကဋ္ဌ စ၀်ခွန်ကြည်၊ ညောင်ရွှေ စော်ဘွား စ၀်ရွှေသိုက်၊ မိုးနဲ စော်ဘွား စ၀်ပြည့်၊ လဲချင်းစော် ဘွား စ၀်နွဲ၊ သာမိုင်းခမ်း စော်ဘွား စ၀်ထွန်းအေး၊ ကျိုင်းတုံ စော်ဘွား စ၀်ဆိုင်းလုံ၊ မွန်းလွန်း စော်ဘွား စ၀်ခွန်ကိုး၊ မိုင်းခွန်စော်ဘွားစ၀်ကြည်၊ ကျေးသီးမန်းစံစော်ဘွား စ၀်ရွှေမှုံ၊ ဘော်စော်ဘွား စ၀်ခွန်အောင်၊ လွိုင်လင်စော် ဘွား စ၀်မိုးကျော်၊ ပင်းတယစော်ဘွား စ၀်ဝင်းကြည်၊ ရွာငံ စော်ဘွား စ၀်ခွန်ရီ၊ မိုင်းပန် စော်ဘွား စ၀်ရွှေကြည်၊ စ ကားစော်ဘွား စ၀်ခွန်ညွန့်၊ မိုင်းလုံ စော်ဘွား စ၀်မန်လစ်၊ စ၀်ခွန်ထီး၊ စ၀်မန်ဖ (သိန္ဒီ မြောက်ပိုင်း အမတ်)၊ စ၀် အောင်ပူး (လွိုင်လင် အရှေ့ပိုင်း အမတ်)၊ ဦးစံမြတ် (လွိုင်လင် အနောက်ပိုင်း အမတ်)၊ စ၀်ကျော်ခေါင် (လွိုင်လင် အလယ်ပိုင်းအမတ်)၊ ဦးချစ် (လွိုင်လင် တောင်ပိုင်း အမတ်)၊ ဦးရီရောင်း (ကျိုင်းတုံ မြောက်ပိုင်း အမတ်)၊ ဦးခွန် နော် (ကျိုင်းတုံ အနောက်ပိုင်း အမတ်)၊ ဦးဖြူ (မိုင်းပွန်အမတ်)၊ ဦးကျော်စိန် (သာမိုင်းစမ်း အမတ်)၊ ဦးလွန်း (စ ကားအမတ်)၊ ဦးအမ်ဇော်လ (ကွတ်ခိုင် အမတ်)၊ ဦးစိန် (ကယား)၊ ဦးထွန်းမြင့် (တောင်ကြီး)၊ ဦး ကြာပု၊ ဦးမြတ် ဖူး၊ ဦးစိုးမောင်၊ ဦးချစ်ဦး၊ ဦးသန်းတင်၊ ဦးတင်အောင်တို့ကို ဖမ်းဆီး၍ နိုင်ငံတော် အာဏာကို သိမ်းယူ လိုက်လေ သည်။

သို့ကလို စစ်တပ်မှ အာဏာ သိမ်းယူ လိုက်ကြောင်း ကြေညာချက်များနှင့် အတူ ပြည်သူ တို့အား စီတန်းလမ်း လျှောက်၍ ဆန္ဒပြပွဲများ မပြုလုပ်ကြရန် မေတ္တာ ရပ်ခံချက်များကို သတင်းစာများတွင် ထည့်သွင်းဖေါ်ပြခဲ့သည်။ ဆန္ဒပြလျှင် အရေးယူ မည်ဟုလည်း နောက်ဆက်တွဲ သတိပေးထား၏။ ကြေညာချက်များကို ဖတ်ရှုရုံဖြင့် စစ် တပ်က အာဏာ သိမ်းကြောင်း ကြေညာချက်ကို ဆန့်ကျင်မှုများ ပေါ်ထွက် လာမည်ကို ဗိုလ်နေ၀င်းနှင့် စစ်အာဏာ ပိုင်တို့သည် ကြောက်ရွံ့နေသည်မှာ သိသာ ထင်ရှား လှပေသည်။

အိမ်စောင့် အစိုးရခေတ် (၁၉၅၈-၆၀) တွင် ကိုကိုးကျွန်း အကျဉ်းထောင်ကြီးကို ဆောက်လုပ်ကာ ဒီမိုကရေစီ လိုလား သူများနှင့် ကွန်မြူနစ် အရောင်အသွေး ရှိသူများဟု ယူဆသူများကို ဒလကြမ်း ဖမ်းဆီး နှိပ်စက်ခဲ့သည့် သင်ခန်းစာ ရှိသဖြင့် ကန့်ကွက် ဆန္ဒပြပွဲများ ဖြစ်ပေါ်ခြင်း မရှိစေကာမူ စစ်အစိုးရ အလို မရှိကြောင်း ကန့်ကွက် သောစာများ မတ်လ (၂) ရက်နေ့မှ စတင်ကာ ပလူပျံ ပေါ်ထွက် လာခဲ့သည်။ လူငယ် တပ်ဦးနှင့် မဟာမိတ် အဖွဲ့ (၁၀) ဖွဲ့၊ ရခိုင် သံဃာ တပ်ဦး၊ ရခိုင် သောတုဇန အဖွဲ့ချုပ် စသောအဖွဲ့များ ဆန့်ကျင် ကန့်ကွက် ချက်များ ထုတ်ပြန် ကြသည်။

ရဲဝံ့ ပြတ်သားစွာ ကြေညာသော အဖွဲ့အစည်းများမှာ ကျောင်းသား အဖွဲ့အစည်းများ ဖြစ်ကြသည်။ တက္ကသိုလ် တပ်ဦးသစ်၊ ရန်ကုန် ခရိုင် ကျောင်းသားများ သမဂ္ဂ၊ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂတို့က စစ်တပ်က အာဏာ သိမ်းခြင်းကို မည်သည့် နည်းနှင့်မျှ လက်မခံ နိုင်ကြောင်း ကြေညာခဲ့ကြသည်။ ကြေညာချက်နှင့် အညီ စစ်အစိုးရအား ပြင်းထန်စွာ ဆန့်ကျင် ကြသဖြင့် စစ်အာဏာပိုင်တို့နှင့် ထိပ်တိုက် တွေ့ကြ ရလေသည်။

ထို့နောက် တော်လှန်ရေး ကောင်စီသည် ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ (၄) ရက်နေ့တွင် ကျောင်း စည်းကမ်းသစ်များ ကို ထုတ်ပြန် ကြေညာ ခဲ့သည်။ အဆိုပါ စည်းကမ်းသစ်များကို အကြောင်းပြု၍ ကျောင်းသား ဆန္ဒပြ လှုပ်ရှားမှုများ ပိုမို ကျယ်ပြန့် လာခဲ့သည်။ ဇူလိုင်လ (၅) ရက်နေ့တွင် ကမာရွတ်ရဲစခန်းရှေ့တွင် ငြိမ်းချမ်းစွာ စီတန်း ဆန္ဒပြကြ သည့် ကျောင်းသားများကို ရဲတို့က သေနတ်နှင့်ပစ်ခတ် လူစုခွဲကြသည်။ ကျောင်းသား တဦး ဒဏ်ရာ ရရှိသဖြင့် ဆေးရုံသို့ ပို့ရသော အခါတွင် လှုပ်ရှားမှုများ ပိုမို ပြင်းထန်လာ သဖြင့် ရန်ကုန် ခရိုင် ရာဇ၀တ် တရားသူကြီးက ကမာရွတ် အ၀ိုင်းကြီး နယ်မြေအား ပုဒ်မ ၁၄၄ ထုတ်ပြန်ပြိး၊ တက္ကသိုလ် နယ်မြေ အတွင်း နေ၀င် မီးငြိမ်း အမိန့် ထုတ် ပြန်လေသည်။

ထိုနေ့၌ပင် ရန်ကုန် တက္ကသိုလ် ကျောင်းသားများသည် တက္ကသိုလ် ပရိဝုဏ် တခုလုံး တံခါးများကို သော့ခတ် ပိတ်ဆို့ပြီး ဒီမိုကရေစီ ခံတပ်ကြီးဟု ဆိုင်းဘုတ်များ တင်ကာ ဒီမိုကရေစီ တရားပွဲများကို အသံချဲ့စက်ဖြင့် ဟော ပြောကြသည်။ မကျေမနပ် ဖြစ်နေသော ကျောင်းသားများသည် စစ်တပ် ဆန့်ကျင်ရေးကို အမျိုးမျိုးဟောပြော နေကြရာ “တော်လှန်ရေး ကောင်စီဝင် ဗိုလ်မှူးကြီး များသည် သုံးယောက် ပေါင်းမှ (၇) တန်းသာ အောင်သူများ ဖြစ်ကြသည်” စသည်ဖြင့် စိတ်တွင်းရှိသမျှ ဟောပြောကြသည်။ ကျောင်းသားများ၏ ဟောပြောချက် များသည် အနာပေါ် တုတ်ကျသည့် အလား နားမခံ နိုင်သဖြင့် ဒေါသ အမျက် ချောင်းချောင်း ထွက်ကာ စစ်တပ်မှ ပစ်ခတ် သတ်ဖြတ်ရန် ဗိုလ်နေ၀င်းက ကြိုးမဲ့ အသံလွှင့် စကားပြောခွက်ဖြင့် ကိုယ်တိုင် အမိန့်ပေးခဲ့သည်။

ထိုစဉ်က တက္ကသိုလ် တ၀ိုက်တွင် တပ်စွဲထားသော စစ်တပ်များကို ကွပ်ကဲနေသူ ဒုတိယ ဗိုလ်မှူးကြီး စိန်လွင်က တပ်သားများအား အဆင့်ဆင့် အမိန့်ပေးသဖြင့် လက်နက်မပါဘဲ မိမိတို့ အဆောင်တွင်း၌ စုရုံးဆန္ဒပြနေသည့် ကျောင်းသားများကို အစုလိုက် ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ ဆန္ဒပြရာတွင် ပါဝင်ခြင်းမရှိ သည့် အ ဆောင်နေ ကျောင်းသားများ ကိုပါ တွေ့ရာ သင်္ချိုင်း ဓားမဆိုင်းဘဲ ပစ်ခတ် သတ်ဖြတ် ကြသည်။

စစ်တပ်သည် ဂျီသရီး မောင်းပြန် သေနတ်သစ်များကို ပထမဆုံး စတင် အသုံးပြုကာ လက်တည့်စမ်း ပစ်ခတ် ခဲ့ကြသည်။ ထိုသေနတ် သစ်များမှာ အနောက် ဂျာမဏီမှ ပစ္စည်း ကိရိယာများကို ရန်ကုန်မြို့ရှိ စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးစက်ရုံတွင် တပ်ဆင်ခဲ့သည်။ ဂျီသရီး သေနတ်သစ် များကို အာဏာ သိမ်းစဉ်က တပ်အချို့သို့ ထုတ်ပေးခဲ့ရာ၌ ခုခံမှုမရှိသဖြင့် အသုံးမပြုခဲ့ရပေ။ ထိုလက်နက် သစ်များကို စမ်းသပ်ရန် လက်ယား နေသူ ဗိုလ် နေ၀င်း အဖို့ အခွင့်အရေး ရရှိသွားတော့သည်။ ဇူလိုင် (၇) ရက်နေ့ ကျောင်းသား အရေးအခင်း၌ စစ်အာဏာရှင် အစိုးရက ကျောင်းသား (၁၅) ဦး သေဆုံးပြီး၊ (၂၇) ဦး ဒဏ်ရာရရှိသည်ဟု ကြေညာခဲ့သော်လည်း အမှန်တ ကယ် သေဆုံးခဲ့ရသူပေါင်းမှာ (၂၀၀) နီးပါးခန့်ရှိ၍ (၄၀၀) ခန့်ဒဏ်ရာ ရရှိခဲ့လေသည်။ သို့ကလို ကျောင်းဝင်း အတွင်းသို့ ပစ်ခတ် တိုက်ခိုက်ပြီးနောက် ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (တကသ) ၏ အဆောက် အဦကို စစ်တပ်က ၀ိုင်းထားပြန်၏။

တက္ကသိုလ် သမဂ္ဂ အဆောက်အဦကြီးသည် ရန်ကုန် တက္ကသိုလ်၏ ဂုဏ်ထူးဆောင် အဆောက်အဦဖြစ်သည် သာမက မြန်မာ့ နိုင်ငံရေး သမိုင်းတွင် နယ်ချဲ့ဆန့်ကျင်ရေးခံတပ်ကြီးအဖြစ် လူထုက အမွန်အမြတ် အသိအ မှတ်ပြုထားသည့် ဗိမာန်ဖြစ်သည်။ ၁၉၂၀ ခု၊ ဒီဇင်ဘာ (၅) ရက်နေ့ တက္ကသိုလ်ကျောင်းသားများ၏ သပိတ်မှ စတင်ကာ နိုးကြားလာသည့် မြန်မာလူထုကို ကျောင်းသားခေါင်းဆောင်များက နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲ များဆီသို့ ခေါင်းဆောင်ခဲ့သည်။ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ) ကို ၁၉၂၇ ခုနှစ်က စတင်ဖွဲ့ စည်းခဲ့သည်။ သမဂ္ဂ၏ ရုံး အဆောက်အဦကို ၀ံသာနု မြန်မာ သူဌေးကြီး ဦးညိုက တည်ဆောက် လှူဒါန်းခဲ့သည်။ အဆောက်အဦကို ကျောင်းသား များ၏ ပညာရေး၊ လူမှုရေးနှင့် ကျန်းမာရေး ကိစ္စများကို အသုံးပြုရန် ရည်ရွယ် ခဲ့သဖြင့် အင်္ဂလိပ် တက္ကသိုလ် အာဏာပိုင် များကပင် အားပေး ခဲ့ကြသည်။ ကျောင်းသားများက စကားရည်လုပွဲ များ ကျင်းပလေ့ရှိရာတွင် မြန်မာနိုင်ငံအဖို့ အိန္ဒိယပြည်နှင့် ခွဲရေး၊ တွဲရေး ပြဿနာ ပေါ်လာသောအခါ သမဂ္ဂ ခန်းမဆောင်မှာ နိုင်ငံရေးခေါင်းဆောင်များ၏ စကားစစ်ထိုးရာ ဗိမာန်ဖြစ်လာခဲ့ပေသည်။ ဦးဘစော၊ ဒေါက် တာဘမော် … စသော ခေါင်းဆောင် များသည် တကသ ခန်းမမှာ ဟောပြောကြရင်း စည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင် ခဲ့ကြသည်။

နောက်ပိုင်း တကသ အသင်းကို ကျောင်းသား ခေါင်းဆောင် အဖြစ် ကိုနု၊ ကိုအောင်ဆန်း၊ ကိုကျော်ငြိမ်း၊ ကိုသိန်း ဖေနှင့် ကိုရာရှစ်တို့ တက်လာ ချိန်မှ စတင်ပြီး နယ်ချဲ့ တိုက်ပွဲ၊ နယ်ချဲ့ခံတပ် အဆောက်အဦကြီး ဖြစ်လာခဲ့သည်။ ၁၃၀၀ ပြည့်နှစ် အရေးတော်ပုံမှ အင်္ဂလိပ် တို့အား လက်နက်နှင့် တိုက်ခိုက် နှင်ထုတ်မှု အထိ အရှိန်အဟုန် ပြင်း ထန်ခဲ့သဖြင့် လွတ်လပ်ရေး တိုက်ပွဲများ၏ အောင်ဗိမာန်ကြီး အဖြစ် မြန်မာ တမျိုးသားလုံးက ဂုဏ်ယူခဲ့ကြသည်။ ဗိုလ်နေ၀င်း ခေါင်းဆောင်သော စစ်အာဏာရှင် အစိုးရအများစုသည် တက္ကသိုလ် ကျောင်းသား ဘ၀က တကသ လှုပ်ရှားမှုများတွင် ပါဝင်ခြင်းမရှိခဲ့သလို၊ ပြည်သူလူထုက ကိုးစားသော ကျောင်းသားခေါင်းဆောင်များကို အမြဲ မနာလို ဖြစ်နေခဲ့သည်။ ထို့ကြောင့် တကသ ကျောင်းသား လှုပ်ရှားရာ ဘူမိနက်သန် တကသ အဆောက်အဦကြီး ကို ဖြိုဖျက်ရန် အမြဲ ဆင်ကြံ ကြံရွယ်လျက် ရှိသည်။

ထို့နောက် ဇူလိုင်လ (၇) ရက်နေ့က ကျောင်းသားများကို ပစ်ခတ် သတ်ဖြတ်စဉ်က ကျောင်းသား ခေါင်းဆောင် များ သေဆုံးခြင်း မရှိ၊ အချို့မှာ ဖမ်းဆီး၍ပင် မမိသေးဘဲ တကသ အဆောက်အဦ မျက်နှာကြက်တွင် ပုန်း အောင်းနေသည်ဟု သတင်းကို ဗိုလ်နေ၀င်း သိရှိသော အခါ တကသ ခေါင်းဆောင် မှန်သမျှကို သတ်ဖြတ်ရန်နှင့် တကသ အဆောက်အဦကြီးကိုပါ ဇူလိုင်လ (၈) ရက်နေ့တွင် အပြီးအပြတ် ဖျက်ဆီးရန် အမိန့်ပေးခဲ့လေသည်။ သမဂ္ဂရုံးကို ဖြိုဖျက်ပြီးနောက် ဗိုလ်နေ၀င်း ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက် နေသော တော်လှန်ရေး ကောင်စီက “စည်း မဲ့ကမ်းမဲ့ဘ၀ကို ပြင်ရမည့်တာဝန်သည် မိမိတို့အပေါ်ကျရောက်နေသဖြင့် တပ်မတော်၏အား တစိတ် တဒေသ ကိုသုံး၍ ဖြေရှင်း လိုက်ရခြင်း ဖြစ်သည်” ဟု ကြေညာခဲ့၏။ ထိုကြေညာချက်မှာ စစ်တပ်ကို အံတုလျှင် ယခုထက် ကြီးမားသော လက်နက် အင်အားနှင့် ဖြေရှင်းမည်ဟု ရာဇသံ ပေးသည့် သဘော သက်ဝင်၏။

ထို့ပြင် တကသ အဆောက်အဦကို ဖျက်ဆီးပြီးနောက် ပြည်သူတို့အား အသံလွှင့် မိန့်ခွန်း ပြောရာတွင် သူက သတ်ဖြတ် လိုက်သော ကျောင်းသားငယ် ကလေးများသည် လက်နက်ဟူ၍ အပ်တိုတချောင်းမှ မရှိကြသည်ကို သိပါလျက်နှင့် လက်နက်ကိုင် သူပုန် အဖွဲ့ကြီးကို ရင်ဆိုင် နေသည့် သဖွယ် ပုံကြီးချဲ့၍ ‘ဓားကိုဓားချင်း၊ လှံကိုလှံ ချင်း ရင်ဆိုင်ဖို့ အသင့်ရှိပါတယ်’ ဟု ဒေါသပုန်သံနှင့် အသံလွှင့် ပြောကြား ခဲ့ပြန်သည်။ ဗိုလ်နေ၀င်းနှင့် စစ်ဗိုလ် တစုသည် ဇူလိုင်လ (၇) ရက်နေ့က ကျောင်းသားများကို သတ်ဖြတ်မှုကြီးနှင့် နိုင်ငံက အမွန်အမြတ် ထားသည့် တကသ အဆောက်အဦကြီးကို ဗုံးခွဲ ဖျက်ဆီးမှုကြီးတို့ကို ဒေါသမွှန်ကာ စိတ်လိုက် မာန်ပါ ကျူးလွန်ခဲ့ခြင်းသည် သူ့အဖို့ ကြီးလေးသော ရာဇ၀တ်မှုကြီး ဖြစ်သလို၊ စစ်တပ်အဖို့လည်း အမည်းစက်ကြီး ဖြစ်နေသည်ကို စဉ်းစားမိ လေသည်။ ‘နှံပြည်စုတ် ကို အမြောက်နှင့်ပစ်’ သလို ရာဇ၀င်ရိုင်း လုပ်ဆောင်ချက်ကို တနေ့နေ့တွင် လူထု၏ ဒဏ်ခတ်မည်ကို ကြောက်သွေးဖြာလာကြသည်။

မတရား ကျူးလွန်ခဲ့သော ရာဇ၀တ်မှုကြီး အတွက် တစိမ့်စိမ့် ကြောက်ဒူး တုန်လာကြသော အခါ တရားခံသည် မိမိ မဟုတ်ပါ။ တဦးကို တဦးက လက်ညှိုး ထိုး၍ အပြစ်ဖို့ရင်း မိမိ၌ အပြစ်မရှိကြောင်း ထုချေမှုများကို အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြသည်။ တော်လှန်ရေး ကောင်စီ ဥက္ကဋ္ဌကြီး ဗိုလ်ချုပ်ကြီး နေ၀င်းနှင့် ဒုတိယ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် အောင်ကြီး တို့သည် တဦးကို တဦး တရားခံ ဖြစ်လေဟန် ဖော်ကောင် လုပ်ကြသည်မှာ ဗမာ့ တပ်မတော်ကြီး၏ ထိပ်သီး စစ်သား ရင့်မာကြီးများ ဖြစ်ကြသော်လည်း သာမန်ဓားပြလူဆိုးဂိုဏ်း တခုမျှ လောက်ပင် ညီညွတ်မှု မရှိ။ အမှားကို ၀န်ခံရန် သတ္တိ မရှိ၊ သူရဲဘောကြောင်သူများသာ ဖြစ်ကြောင်းပေါ်လွင်နေပေသည်။

ထိုစဉ်က ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဖြစ်သူ ဗိုလ်အောင်ကြီးက “တကယ် အမိန့် ပေးတဲ့စာ ယူလာပြီး၊ မရမ်း ကုန်းကို ပေးလာသူက ဗိုလ်သန်းစိန် ဖြစ်ပါတယ်။ သမဂ္ဂဖြိုဖို့ ဒိုင်းနမိုက်တွေကို အင်ဂျင်နီယာတပ်ခွဲကို မှာယူခဲ့ပါ တယ်။ အဲဒီမှာမလုံလောက်လို့ ပင်မ စစ်ပစ္စည်း သိုလှောင်ရေးမှာ သွားယူခိုင်း သူဟာ ဗိုလ်ကျော်စိုးပါ။ စီအိုဒီ တပ်မှူး ဗိုလ်ဝင်းကို လိုက်ရှာပြီး၊ အင်းတိုင်ကို သွားရောက် ယူရတာပါ။ ခွဲဖို့ အမိန့်ပေးသူတွေ ကတော့ ပြည်ထဲရေး ၀န်ကြီးနဲ့ လုံခြုံရေး ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ကျော်စိုး ဖြစ်ပါတယ်။ တကယ် ဒိုင်းနမိုက်တွေ ဆင်ရတဲ့ သူက အင်ဂျင်နီယာ တပ်က ဗိုလ်မှူး ထွန်းရီ ဖြစ်ပါတယ်။ အားလုံး ဒိုင်းနမိုက်တွေ ဆင်ရတာဟာ ဇူလိုင်လ (၈) ရက်နေ့ နံနက်လင်း အားကြီးမှ ဖြစ်ပါတယ်။ လက်မှတ် ထိုးမည့်သူ အရာရှိ ကြီးကြီးမားမား မရှိလို့ ပြဿနာ တက်နေတုန်း လမ်း လျှောက်ရင်း ရောက်လာ တာက ဗိုလ်မှူးကြီး သူရ မင်းသိန်း ဖြစ်ပါတယ်။ သူက၀င်ပြီး ခွဲဖို့အမိန့် လက်မှတ်ရေး ထိုးပေးဖို့ ဗိုလ်ထွန်းရီက ပြောလို့ သူက လက်မှတ် ရေးထိုးပြီး ဒိုင်းနမိုက် ခွဲတာ ဖြစ်ပါတယ်။”

“ကျွန်တော်ဟာ ဗိုလ်မှူးကြီး လှဟန်နဲ့ ဗိုလ်ချုပ် (နေ၀င်း) အိမ်လိုက် အသွား ပါမောက္ခ ဆရာကြီး ဦးကာကို ဗိုလ် လှဟန်က သမဂ္ဂဖြိုဖို့ အမိန့် ရတယ်လို့ ပြောတာ ထပ်ကြား ရတော့ အရဲစွန့်ပြီး ဗိုလ်ကျော်စိုးရှိရာ အသံလွှင့်ရုံကို တယ်လီဖုန်းဆက်ပြီး၊ အဲဒီကိစ္စကို ရပ်ထား ပေးပါ။ ဗိုလ်ချုပ်ကို ကျွန်တော် ပြောပါ့မယ် ဆိုပြီး၊ ဟိုရောက်တော့ လည်း ဘာမှမပြောဘဲ မလိမ့်တပတ်နည်းနဲ့ ထားခဲ့ပါတယ်” လို့ ဗိုလ်မှူး အောင်ကြီးသည် သူ၏ စာတမ်းတွင် ဝေ့လည် ကြောင်ပတ် ရေးသား ဖြေရှင်း ထားလေသည်။

ဗိုလ်နေ၀င်း ကလည်း တဖန် အကြိမ်ကြိမ် ထိုကိစ္စကို ဖြေရှင်းပြသည်။ သူ၏ နောက်ဆုံးနေ့ လူထုက လက်မခံ တော့သဖြင့် မဆလ ဥက္ကဋ္ဌကြီး ရာထူးမှ ထွက်ပေး ရသော ၁၉၈၈ ခု၊ ဇူလိုင်လ (၂၃) ရက် အရေးပေါ် ပါတီ ညီလာ ခံတွင် “အခု ပြည်မှာ ဖြစ်ပျက်ခဲ့တဲ့ အရေးအခင်းဟာ (၁၆) ရက်နေ့က စပြီး (၁၇) ရက်နေ့မှာ ကျွန်တော်တို့ သိရ ပါတယ်။ (၁၇) ရက်နေ့ သိပြီးတဲ့နောက်မှာ ရဲတို့၊ ကောင်စီ တို့နဲ့ပဲ ထိန်းလို့ နိုင်လိမ့်မယ်လို့ ထင်တယ်။ မျှော်လင့် ခဲ့တယ်။ စောစောက ကျွန်တော်ပြောခဲ့တဲ့ သွေးထွက်သံယိုတွေ မဖြစ်အောင် ဆိုတဲ့ အထဲမှာ တပ်မတော်ကို ဟို အသေးအဖွဲကလေးလည်းသုံး၊ ဒီအသေးအဖွဲကလေးလည်းသုံး ဆိုတာမျိုးမဖြစ်ရအောင် တကယ် လိုတဲ့ အခါမှာ သုံးဆိုပြီးတော့ ကျွန်တော်မသိဘဲနဲ့ တပ်မတော်ကိုမသုံးပါနဲ့၊ ကျွန်တော်ပြောထားတယ်၊ အဲဒါကြောင့်မို့လို့ ပြည် မြို့ကိစ္စဟာ အေးမသွားဘဲနဲ့ ရောင့်တက်လာကြတယ်။ ဒါကြောင့်မို့လို့ မနေ့ကတော့ ကိုင်း … စစ်တပ်ဝင်ပေ တော့ဆိုပြီးတော့ ကျွန်တော် ခွင့်ပြု လိုက်တယ်။ အဲဒီတော့ စောစောက ကျွန်တော် ပြောထားတာ ရှိတယ်။ ကျွန်တော် နိုင်ငံရေးက အနား ယူတော့မယ်။ အနား ယူတော့မယ် ဆိုပေမယ့်လို့ နောင်အဖွဲ့အစည်းတွေ တာဝန်အ ပြည့် ကွပ်ကဲနိုင်တဲ့ အထိတော့ ကျွန်တော်တို့ နိုင်ငံကို မပျက်စီးရအောင်၊ ကသောင်း ကနင်း မဖြစ်ရအောင် ဆက် ထိန်းရပါလိမ့်မယ်။ အဲဒီ ထိန်းတဲ့ အထဲမှာ တိုင်းပြည် တပြည်လုံး လူထုကို ကျွန်တော် သိစေချင်တယ်။ နောင်ကို လူစုလူဝေးနဲ့ ဆူဆူပူပူလုပ်လို့ရှိရင်တော့ စစ်တပ်ဆိုတာ ပစ်ရင်မှန်အောင်ပစ်တယ်၊ မိုးပေါ်ထောင်ပြီး ခြောက် တာ မပါဘူး။ အဲဒီတော့ နောင်ကို ဆူဆူပူပူ လုပ်မယ် ဆိုရင်တော့ စစ်တပ်ကို သုံးလို့ ရှိရင်တော့ အဲဒါ ဆူတဲ့ လူတွေ မသက်သာဘူးသာ မှတ်ပေတော့လို့ ကျွန်တော် ဒီကနေ ပြောပါတယ်”

လူစု လူဝေးရှေ့မှာ ကျွန်တော် စကားပြောတာ ယခု အကြိမ်ဟာ နောက်ဆုံး အကြိမ် ဖြစ်နိုင်တာမို့ ညီလာခံနှင့် ပတ်သက်သည့် အချက် အလက်တွေ တင်ပြပြီးတဲ့ နောက် ကျောင်းသားများ ကျွန်တော်နှင့် တော်လှန်ရေး ကောင်စီ တဖွဲ့လုံး အပေါ် အထင်လွဲနေသည့် အဖြစ်အပျက် တခုကို တင်ပြပါရစေ။

တက္ကသိုလ် သမဂ္ဂ အဆောက်အဦကို ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ (၈) ရက်နေ့ နံနက်တွင် ဖောက်ခွဲ ဖျက်ဆီး ခဲ့သည်ကို အများ သိပြီး ဖြစ်ပါတယ်။ ပထမ ဇူလိုင်လ (၇) ရက်နေ့ညနေ ကျွန်တော်ဆောင်ရွက်သည့်အပိုင်းကို ဖေါ်ပြမှ ထိုနေ့က အဖြစ်အပျက်များအကြောင်း ပြည့်စုံမည် ဖြစ်၍ ဖော်ပြပါမည်။ ထိုနေ့ညနေ (၅) နာရီခန့်တွင် သေနတ် ပစ်သံကြား၍ ကျွန်တော်က တယ်လီဖုန်းဖြင့် ဗိုလ်ကျော်စိုးကို အခြေအနေမေးရာ ဆရာကြီး ဦးကာတို့ မိသားစု အား ဘေးကင်းသည့် နေရာသို့ ပို့ထားပြီး ဖြစ်ကြောင်း၊ ကျောင်းသားအချို့နဲ့ ရဲ (၈) ဦး၊ (၉) ဦးခန့် ဒဏ်ရာရ ကြောင်း ပြန်ပြောပါတယ်။

ဆူပူသူ ကျောင်းသား ခေါင်းဆောင် များကို မမိသေးကြောင်း၊ သမဂ္ဂ အဆောက်အဦ အတွင်းတွင် အချို့ ရှိကြောင်း ပြောသဖြင့် ကျွန်တော်က ရဲများ၊ တပ်မတော်သားများ နောက်ထပ် အနာတရ မရှိရအောင် အောက်ပါ အတိုင်း ဆောင်ရွက်ရန် အကြံပေး ညွှန်ကြားပါသည်။

(က) သမဂ္ဂ အဆောက်အဦ အတွင်းရှိ သူများကို အဆောက်အဦမှ ထွက်ကာ အဖမ်းခံရန် အသံချဲ့စက်ဖြင့် ပြောရန်၊ ထွက်မလာ ပါက လက်နက်ကြီးများ သုံးမည်ဆိုသည့် အချက် ထည့်ပြောရန်။

(ခ) အသာတကြည် ထွက်၍ အဖမ်းမခံပါက (ရီကွိုင်း လက်ဂန်း) ဖြင့် ပစ်ဖမ်းရန်၊ လိုအပ်ပါက (ရီကွိုင်းလက် ဂန်း) သုံးရန်။ အထက်ပါ အချက်တို့ကို မမှောင်ခင်ပြီးအောင် ဆောင်ရွက်ရန်လို့ ဖြစ်ပါတယ်။

ဒီနေရာမှာ အရေးကြီးတာကို ကျွန်တော် ပြောပါ့မယ်။ ထိုဖောက်ခွဲ ဖျက်ဆီးရန် အတွက် ဆွေးနွေးခြင်း၊ ဆုံးဖြတ် ခြင်းတို့တွင် ကျွန်တော်နဲ့ တော်လှန်ရေး ကောင်စီဝင် အချို့တို့ မပါခဲ့ပါ။ ဇူလိုင်လ (၈) ရက်နေ့ နံနက်တွင် ဗုံးကြီး ကြီးတလုံး ပေါက်ကွဲသကဲ့သို့ အလွန် ပြင်းထန်သော မြည်ဟည်း သံကြီး ကြားသဖြင့် စုံစမ်းတော့မှ သမဂ္ဂအ ဆောက်အဦကို ဒိုင်းနမိုက်တို့နဲ့ ဖျက်ဆီးလိုက်ကြောင်း ကျွန်တော် သိရပါတယ်။ အခြား တော်လှန်ရေး ကောင်စီ ၀င် အတော်များများလည်း ထိုပေါက်ကွဲသံကြားပြီးမှ သိကြရပါတယ်။ သို့သော် အသံလွှင့် ရုံတွင် တော်လှန်ရေး ကောင်စီဝင်အချို့တို့ဖြင့် ဖွဲ့စည်းထားသော လုံခြုံရေးကောင်စီဝင်အားလုံးနှင့် လုံခြုံရေးတာဝန်ယူရသော လုံခြုံ ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်မှူးကြီးကျော်စိုး ကောင်စီဝင်အားလုံးနှင့် လုံခြုံရေးတာဝန်ယူရသော အရာထမ်းများ ရောက်နေကြပါတယ်။

ထိုသူများမှာ လုံခြုံရေး ကောင်စီ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ကျော်စိုး၊ ဗိုလ်မှူးကြီး လှဟန်၊ ဗိုလ်မှူးကြီးစောမြင့် (မှူးသ မိန်)၊ ဗိုလ်မှူးကြီး ဘနီ၊ အရာရှိ များထဲမှ ထောက်လှမ်းရေး ဗိုလ်မှူးကြီး မောင်လွင်၊ ရဲမင်းကြီး ဦးဘအေး တို့ဖြစ် ပါတယ်။ ထိုသူတို့အပြင် အခြား လူ တော်တော် များများလည်း ရှိကြပါတယ်။ ထိုဇူလိုင်လ (၈) ရက်နေ့ သမဂ္ဂအ ဆောက်အဦကို ဖြိုလိုက်ကြောင်းသိပြီးနောက် ဗိုလ်ကျော်စိုးကို ခေါ်၍မေးရာ (၇) ရက်နေ့ ညနေက ကျွန်တော် က သမဂ္ဂအတွင်းဝင်ရောက်နေသည့် ဆူပူသူခေါင်းဆောင်များကို ဖမ်းဆီးရာတွင် လိုအပ်လျှင် (ရီကွိုင်း လက်ဂန်း) ကို သုံးနိုင်သည် ဆိုသည့် အချက်ကို သမဂ္ဂ အဆောက်အဦ အဖျက်ခိုင်းသည်ဟု ယူဆသဖြင့် ဖျက်လိုက် သည်ဟုဖြေပါတယ်။ ဒီလို ဆိုရင်လည်း စုပေါင်း ခေါင်းဆောင်မှု ကျင့်သုံးတယ်လို့ လက်ခံထားခြင်းကြောင့် တော်လှန်ရေး ခေါင်းဆောင် အနေဖြင့် ဓားဓားချင်း လှံလှံချင်းဆိုတဲ့ စကားလုံးများပါတဲ့ ကြေညာချက်ကို အသံလွှင့် လိုက်ပါတယ်။

နောက်သုံး လေးလ ကြာပြီးသော် ကျွန်တော်က အရက်မူးမူးနဲ့ သမဂ္ဂ အဆောက်အဦကို ဖျက်ဖို့ အမိန့် ပေးတယ် ဟု နိုင်ငံခြား သတင်းစာ ဆရာတို့ အသိုင်းအ၀ိုင်းတွင် ပြောဆိုနေတာကြားရလို့ ဗိုလ်ကျော်စိုးကို ကျွန်တော်အ ရက်မူးပြီး ဖျက်ဖို့ အမိန့် ပေးတယ်လို့ ကျွန်တော် တယောက်တည်းကို တရားခံ လုပ်ထားတယ်။ အဲဒါကြောင့် ဇူ လိုင်လ (၇) ရက်က အဖြစ်အပျက်ကို ပြောပြခိုင်းပါတယ်။

အဲဒီတော့မှ ဗိုလ်ကျော်စိုးက အဖြစ်အပျက်အမှန်ကို ပြောပြပါတော့မယ်။ အရင်က တော်လှန်ရေး ကောင်စီ တက်ခါစတွင် စိတ်ဝမ်းကွဲ နေကြတာ မပေါ်အောင်လို့ ဖုံးဖုံးဖိဖိ ဖြေခဲ့ခြင်း ဖြစ်ပါတယ်။ အဖြစ်အပျက် အမှန်မှာ ထို (၇) ရက်နေ့က အသံလွှင့်ရုံရှိလူစုထဲမှ တဦး တယောက်က ဒီသမဂ္ဂ အဆောက်အဦကြီးဟာ သူပုန်ဌာနချုပ်ဖြစ် နေတယ်။ ဖျက်ပစ်လျှင် ကောင်းမယ်လို့ စပြောရာမှ ဖျက်သင့်၊ မဖျက်သင့် ဆွေးနွေးကြပါတယ်။ နောက်ဆုံး ဗိုလ်ချုပ် (နေ၀င်း) ကို အသိပေးပြီး၊ ဗိုလ်ချုပ် သဘောတူလျှင် ဖျက်မယ်လို့ ဆုံးဖြတ် ကြပါတယ်။ ထိုစဉ် ဗိုလ် အောင်ကြီးက ဗိုလ်ချုပ်ထံ သူသွားပြီးတင်ပြမယ်။ သဘော တူမတူ အဖြေယူခဲ့မယ် ပြောပြီး၊ ကိုလှဟန်ကိုခေါ်၍ ကားဖြင့် ထွက်သွား ပါတယ်။ ထို့နောက် ဗိုလ်အောင်ကြီး အသံလွှင့်ရုံသို့ ပြန်လာပြီး၊ ဗိုလ်ချုပ်က သဘောတူ လိုက်ပြီဟုပြောသဖြင့် အသံလွှင့်ရုံရှိ လူသိုက်တို့ သမဂ္ဂ အဆောက်အဦကို ဖျက်ဖို့ ပစ္စည်းများစုပြီး ဖျက်လိုက်ပါ တယ်။ ထိုအဖြေကို ရပြီး နောက် ဗိုလ်အောင်ကြီး မပါဘဲ ကျန် တော်လှန်ရေး ကောင်စီဝင်များကို ခေါ်၍ ဗိုလ်အောင် ကြီး ကျွန်တော့်ကို မတင်ပြဘဲ အသံလွှင်ရုံရှိ လူသိုက်ကို ကျွန်တော် သဘောတူ လိုက်ပြီလို့ ပြောတဲ့ အကြောင်းကို တင်ပြခဲ့ပါတယ်။

ထိုအကြောင်းမှန်ကို သိပြီးနောက် ဗိုလ်အောင်ကြီးကို ကျွန်တော့်ရဲ့ရုံးခန်းသို့ခေါ်၍ သမဂ္ဂအဆောက်အဦဖျက် ရန် ကျွန်တော် သဘော တူတယ်လို့ ပြောတာကို ကိုယ်သိပြီးပြီ၊ အဲဒီတော့ ကိုယ့်လူ ခေါင်းဆောင်လုပ်ချင်ရင်၊ ခေါင်းဆောင် နိုင်မယ် ထင်ရင် ကိုယ်ထွက် ပေးမယ်။ ကိုယ်ထွက် ရမလား၊ ကိုယ်လူထွက်ရမလား၊ ဆုံးဖြတ်ပေ တော့ဟု ကျွန်တော်ကပြောရာ သူထွက်ပါမယ်ဆိုပြီး သူ့အခန်း ပြန်သွားကာ ထွက်စာ တင်ခဲ့ပါတယ်။

ကျွန်တော် တင်ပြတာကို မှန်ကြောင်း သက်သေ အထောက်အထားများ တင်ပြပါမယ်။ ပထမ အထောက်အထား ဗိုလ်ချုပ် အောင်ကြီး ၁၉၈၈ ခု၊ မေလ (၉) ရက် နေ့စွဲဖြင့် ရေးသည့် စာတမ်း စာမျက်နှာ (၂၄) ဒုတိယ စာကြောင်း မှစ၍ပါသော တရားခံဖြစ်ရတဲ့ ဗိုလ်အောင်ကြီး ဆိုသူဟာ ဗိုလ်မှူးကြီးလှဟန်နဲ့ ဗိုလ်ချုပ်အိမ်လိုက်အသွား ပါ မောက္ခချုပ် ဆရာကြီးဦးကာ ခေတ္တရွှေ့နေတဲ့ အင်းလျားကန် ဟိုတယ်နားက တထပ်တိုက် ကလေးမှာ ဆရာကြီး ဦးကာကို ဦးလှဟန်က သမဂ္ဂကိုလည်း ဖြိုဖို့ အမိန့်ရတယ်လို့ ပြောတာ ထပ်ကြားရတော့ အရဲစွန့်ပြီး ဗိုလ်ကျော် စိုးရှိရာ အသံလွင့်ရုံကို တယ်လီဖုန်းဆက်ပြီး အဲဒီကိစ္စကို ရပ်ထားပေးပါ။ ဗိုလ်ချုပ်ကို ကျွန်တော် ပြောပါ့မယ် ဆိုပြီး၊ ဟိုရောက်တော့လည်း ဗိုလ်ချုပ်ကို ဘာမှ မပြောဘဲ မလိမ့်တပတ် နည်းနဲ့ ထားခဲ့သူ ဖြစ်ပါတယ် ဆိုတဲ့ အချက်၊ ဒါ သူ ရေးထားတဲ့ အထဲက ဒါ ပထမ အချက်။ သက်သေခံ ဒုတိယ သက်သေ အထောက်အထားက ဒီကိစ္စနဲ့ ပတ် သက်ပြီးတော့ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေကို ခေါ်ပြီး၊ သူတို့ သိတာတွေကို အမှန်အတိုင်း ရေးကြပါလို့ ပြောတဲ့အခါ ကျတော့ ဗိုလ်မှူးကြီးလှဟန် တင်ပြတဲ့ စာတမ်းထဲမှာ အဲဒီသူ့စာလေး ကျွန်တော့် ဆီမှာရှိပါတယ်။ အဲ သူတင်တဲ့ စာတမ်း၊ စာမျက်နှာ (၅) စာကြောင်းရေ (၄) မှာ ထိုအချိန် ဗိုလ်ချုပ် အောင်ကြီးလည်း ရောက်လာ ပါတယ်။ သ မဂ္ဂကိစ္စပြောတဲ့အခါ နေကြဦး၊ ကျွန်တော် ဗိုလ်ချုပ်ကြီးဆီ သွားပြီး တင်ပြ အမိန့် တောင်းမယ်လို့ ပြောပြီး၊ ကျွန် တော့်အားခေါ်ပြီး ထွက်လာခဲ့ပါတယ်။ လမ်းတွင် ဗိုလ်မှူးကြီးတင်စိုး အိမ်တွင်ရှိသော ဆရာကြီး ဦးကာ ထံဝင်၍ သတင်း မေးပါတယ်။ သေဆုံးသူ၊ ဒဏ်ရာရသူ ကျောင်းသားများ အရေအတွက်လည်း ပြောခဲ့ပါတယ်။

အဲဒီအချိန်မှာ ကျွန်တော်က ဆရာကြီးကို သမဂ္ဂ အဆောက်အဦကို ဖျက်မယ်ဆိုတဲ့ အကြောင်း ပြောခဲ့ပါသေး တယ်။ ထို့နောက် ကျွန်တော်တို့ နှစ်ဦး ဗိုလ်ချုပ်ကြီးထံ ဆက်လက် သွားပါတယ်။ ဗိုလ်ချုပ်နဲ့ တွေ့တဲ့ အခါ ဗိုလ်ချုပ် အောင်ကြီး က အခြေအနေများ တင်ပြပါတယ်။ တင်ပြရာတွင် သမဂ္ဂအဆောက်အဦကိစ္စ မပါပါ။ ပြန်ရန်ကား ပေါ်တက် ပါတယ်။ ကားပေါ် ရောက်တော့ ကျွန်တော်က ဗိုလ်ချုပ် ဟိုကိစ္စ မပြောရသေးဘူးလို့ သတိပေး ပါတယ်။ ဗိုလ်ချုပ် အောင်ကြီးက နေပါစေလို့ ပြောသဖြင့် ကျွန်တော်လည်း ဘာမှ မပြောဘဲ ဆိတ်ဆိတ် နေလိုက်ပါတယ်။ အသံလွှင့်ရုံသို့ ပြန်ရောက်သော အခါ ဗိုလ်ချုပ် အောင်ကြီးက ဗိုလ်မှူးကြီး ကျော်စိုးအား (အိုကေ) ဟု ပြောလိုက် သည်ကို ကြားရပါတယ် ဆိုတဲ့အချက်တို့ဖြစ်ပါတယ်။ အဲဒီတော့ ဒီအချက်အလက်တွေဟာ ကျွန်တော် စောစော ကပြောခဲ့တဲ့ ကျွန်တော် မသိဘဲနဲ့ ကျွန်တော် သိလေဟန်၊ ကျွန်တော် ခိုင်းလေဟန်၊ တခြား လူတွေကို ပြောလို့ ကျွန်တော် သဘောတူပြီ ဆိုပြီး၊ တခြား လူတွေက ဖျက်လိုက်တာ အဲဒီတော့ အထက်က အချက်တွေကို လေ့လာ ပြီးတော့ သမဂ္ဂ အဆောက်အဦကို ဖျက်တဲ့ ကိစ္စမှာ မည်သူ တရာခံ အစစ် ဖြစ်တယ် ဆိုတာကို လူထုတရပ်လုံးက မိမိတို့ဘာသာ ဆုံးဖြတ် ကြပါတော့လို့ တင်ပြရင်း စကားပြောခြင်းကို အဆုံးသတ်လိုက် ပါတယ်ဟု ဗိုလ်နေ၀င်း က တိုင်းပြည်သို့ ရှင်းပြ ခဲ့လေသည်။

ဗိုလ်နေ၀င်း၏ နောက်ဆုံးနေ့ မျက်ဖြေလင်္ကာစာတမ်းကြီးမှာ ကာရန်မညီ၊ စာသားမချော မုသာဝါဒလိမ်လုံးများ သာဖြစ်လေသည်။

ဇူလိုင်လ (၇) ရက်နေ့ သွေးချောင်းစီး လူသတ်ပွဲကြီးနှင့်ပတ်သက်၍ …

(က) ဗိုလ်နေ၀င်းက စောစောကမသိ သေနတ်သံကြားမှသိရသည်ဟု ဖြေရှင်းခြင်းသည် လိမ်ညာသော မုသား သာဖြစ်သည်။ ကျောင်းသားတို့ ဟောပြောချက်ကို သူ့ထံသို့ ကြိုးမဲ့အသံဖမ်းစက်ဖြင့် လွှင့်ပေးနေသောကြောင့် ကျောင်းသားများ၏ အသံကို စိတ်ဆိုးကာ သတ်ဖြတ်ခွင့် အမိန့်ထုတ်ခဲ့သည်မှာ ဗိုလ်နေ၀င်းကိုယ်တိုင်ပင်ဖြစ် သည်။

(ခ) ထိုစဉ်က တပ်ဦးမှ ပစ်မိန့်ပေးရသူ ဗိုလ်စိန်လွင် (နောင်သမ္မတပြုတ်) က မိမိသည် ဗိုလ်နေ၀င်း၏ အမိန့်အ ရ ပစ်မိန့်ပေးခဲ့ပါသည်ဟု မဆလပါတီပျက်သောအခါတွင် ဖြေရှင်းထုတ်ဖေါ်ခဲ့သည်။

(ဂ) ကျောင်းသားများလက်ချက်နှင့် ရဲ (၇) ဦး၊ (၈) ဦးဒဏ်ရာရရှိသည်ဟု ဗိုလ်နေ၀င်းက ပြောသည်မှာလည်း လိမ်ညာသော မုသားသာ ဖြစ်သည်။ အဆောင်ဝင်းတံခါးမှန်သမျှကို ကျောင်းသားများက ပိတ်ထားခိုက် ပြင်ပရှိ စစ်တပ်က ပစ်ခတ် သတ်ဖြတ်ချိန်တွင် တက္ကသိုလ် ပတ်ဝန်းကျင်တွင် ရဲတယောက်မှ မရှိ။ ကျောင်းသား တို့က ရဲ တို့အား ရန်ပြုရန်မဖြစ်နိုင်ချေ။

(ဃ) တကသ ဆောက်အဦ မျက်နှာကြက်တွင် ကျောင်းသား ခေါင်းဆောင်များကို သတ်ဖြတ်ရန် ဦးတည်ချက်ဖြင့် အဆောက်အဦး ကြီးကို ဖျက်စေ အမိန့်ပေးသူမှာ ဗိုလ်နေ၀င်း ဖြစ်သည်။ မဖျက်ရန် ဟန့်တားလေဟန်ပြောသော ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်မှူးချုပ် အောင်ကြီးလည်း တာဝန်ရှိပေသည်။

(င) တသကကို ဖျက်ဆီးပြီး နောက်တနေ့ နံနက်တွင် ဘာကြောင့် ဖျက်ရသည်ဟု တော်လှန်ရေး ကောင်စီ၏ ကြေညာချက်တွင် တော်လှန်ရေး ကောင်စီသည် စည်းမဲ့ကမ်းမဲ့ ဘ၀ကို ပြင်ရမည့် တာဝန်သည် မိမိတို့အပေါ် တွင် ကျရောက် နေသဖြင့် တပ်မတော်၏ အားတစ်စိတ် တဒေသကိုသုံး၍ ဖြေရှင်း လိုက်ရခြင်းသည်ဟု သတင်း စာတို့မှ ရေးသား ထုတ်ပြန်ချက် တို့ကို လေ့လာကြည့်ပါက တော်လှန်ရေး ကောင်စီ ဥက္ကဋ္ဌ ဗိုလ်နေ၀င်းက မိမိမသိ ပါ။ မိမိပါဝင်ခြင်းမရှိပါဟု ပြောသည်မှာ လယ်ပြင်တွင် ဆင်သွား သကဲ့သို့ ထင်ရှားနေသော မုသားသာ ဖြစ်ပါ သည်။

(စ) ယခု ဖြစ်ပျက်သည့်ကိစ္စသည် ကျောင်းသား ကိစ္စ တခုတည်း မဟုတ်ဘဲ၊ နိုင်ငံရေး အမှောင့် ပယောဂများ ဖမ်းစားတယ် ဆိုတာ ကျွန်တော်တို့ ရိပ်စား မိပါတယ်ဟု ဗိုလ်နေ၀င်း၏ သမဂ္ဂဖျက်ရကြောင်း ကိုယ်တိုင်အသံလွှင့် ချက်၌ ကျောင်းသားများနောက်ကွယ်မှ ဗကပတို့ ပါလေဟန် ပြောသည်မှာလည်း လိမ်ညာ လီဆယ်ချက်ပင် ဖြစ်သည်။ ထိုအချိန်က ဗိုလ်နေ၀င်းက မြို့ပေါ်ရှိ လက်နက်ချ ဗကပများကို သိမ်းသွင်းကာ တောတွင်းရှိ ဗကပများ အလင်းဝင်ရန် စကားကမ်းလှမ်းနေချိန်ဖြစ်သည်။ ကျောင်းသားတို့လှုပ်ရှားမှုသည် ပြင်ပ ပယောဂမပါသည်ကို သိပါလျက် သတ်ဖြတ်မှုကြီးနှင့် ဖျက်ဆီးမှုကြီးကို လူထုကလက်ခံအောင် လီဆယ်ပြောဆိုချက်သာဖြစ်သည်။

(ဆ) ကျောင်းသား များအား သတ်ဖြတ်ပြီးနောက်၊ ကျွန်တော် တို့ကို အပြော ဘ၀မှာ နစ်မွန်းစေခြင်း အားဖြင့် အလုပ် ပျက်ကွက်အောင် ရည်စူးပြီး တမင် လုပ်နေကြတယ် ဆိုလျှင်တော့ ကျွန်တော် နောက်ထပ် ဘာမှ မပြာလို တော့ပါဘူး။ အနည်းဆုံး ဓားကို ဓားချင်း၊ လှံကို လှံချင်း ရင်ဆိုင်ဖို့သာ ရှိပါတော့တယ်ဟု ပြောသည်မှာ ဒေသ သံနှင့် တုန်ရီနေသည်ကို ကြားရသူလူထုက သိရှိနားလည်ကြသည်။ ဗိုလ်နေ၀င်း ရာထူးမှ ဆင်းပေးရသော ၈၈ ခုနစ်က “စစ်တပ်ဆိုတာ ပစ်ရင် မှန်အောင် ပစ်တယ်၊ မိုးပေါ်ထောင်ပြီး ခြောက်တာ မပါဘူး၊ နောင်ကို ဆူဆူပူပူ လုပ်တဲ့ သူတွေတော့ မသက်သာဘူးလို့သာ မှတ်ပေတော့” ဟု ပြောသော မိန့်ခွန်းနှင့် တသံတည်း ဖြစ်သည်ကို လူထုက နောကြေ နေပြီ ဖြစ်သည်။

(ည) ထိုစဉ်က လက်တွေ့ သတ်ဖြတ်ရုံမျှ သာမက နှုတ်မှလည်း စစ်ကြေညာ ခဲ့ပါလျက် နောက်ပိုင်းမှ သူသတ် သည် ငါသတ်သည်၊ သူဖျက်သည် ငါဖျက်သည်ဟု တဦးအပေါ် တဦးလက်ညှိုးထိုး၍ ဖေါ်ကောင် လုပ်ကြစေ ကာမူ၊ ခေါင်းရှောင် စေကာမူ၊ ဗိုလ်နေ၀င်းသည် အဓိက တရားခံသာ ဖြစ်သည်ကို လူထုက မေ့မရ နိုင်ပေ။

မည်သို့ ဆိုစေ ယခု အခါ ‘ဆဲဗင်းဂျူလိုင်’ ခေါ် ဇူလိုင်လ (၇) ရက်နေ့ သွေးမြေ ကျခဲ့ရသော ကျောင်းသား အရေး တော်ပုံကြီးသည် ယခုအခါ ၄၇ နှစ်သို့ တိုင်ခဲ့ပြီး ဖြစ်သော်လည်း လူထု တရပ်လုံးသည် ထိုသွေးစွန်း ခဲ့ရသော ဇူ လိုင်လ (၇) ရက်နေ့ကို ဦးနှောက်က မေ့ပျောက် သွားသည့်တိုင် နှလုံးသားက ဥဒါန်း မကျေ အစဉ် သတိရလျက် ရှိနေမည်မှာ မလွဲဧကန်ပင်တည်း။ ယခုအခါ၌လည်း ဗိုလ်နေ၀င်း၏ မျိုးဆက်သစ် လက်ပါးစေ စစ်အာဏာရှင်တို့ သည် ဒီမိုကရေစီအရေးတော်ပုံကြီး အောင်မြင်ရေးအတွက် ရုန်းကန် တိုက်ပွဲ နေသော ရဟန်းရှင်လူ၊ ကျောင်း သားများပါဝင်သည့် ပြည်သူလူထုတရပ်လုံးအား နည်းမျိုးစုံဖြင့် ဖြိုခွင်းရန် ဆင်ကြံ ကြံလျက်ရှိရာ တော်လှန်ရေး သတိ အစဉ်ရှိစေရန် တပ်လှန့် နှိုးဆော် လိုက်ရပါသည်။

ဒီမိုကရေစီ အရေးတော်ပုံးကြီး လုံးဝ (လုံးဝ) အောင်ရမည်။