နိုင်ငံလုံးကျွတ် လွတ်မြောက်ရေး လှုပ်ရှားမှု

အားလုံးသော မြန်မာ နိုင်ငံသူ နိုင်ငံသား ပေါင်းတို့ ခင်ဗျာ လက်ရှိ စစ်အစိုး၏ တရား မျှတမှု မရှိသော အုပ်ချုပ်ရေး စနစ်များကြောင့် ကျွန်ူပ်တို့ တိုင်းပြည် ၏ အခြေအနေသည် လွန်စွာ ဆိုးဝါးလျှက်ရှိပါသည်။ ထိုသို့သော အုပ်ချုပ်ရေး စနစ်ကို ပိုမို အထောက်အပံ့ ပေးမည့် တရား မျှတမှု မရှိသည့် ရွေးကောက်ပွဲကို ကျင်းပကာ တစ်နိုင်ငံလုံးအား ကျွန်အဖြစ် သွတ်သွင်းရန် ကြိုးစား နေသည်ကို တွေ့ရှိရပါသည်။ ယနေ့ ကျွန်ုပ်တို့ ထိုရွေးကောက်ပွဲကို လက်ခံ လိုက်လျှင် နောင် တဘ၀လုံး ယူကြုံးမရ ဖြစ်ကာ နောင်တ ကြီးစွာရပေ လိမ့်မည်။ ထိုကြောင့် အားလုံးသော မြန်မာ နိုင်ငံသားများ အနေဖြင့် ကျရာ အခန်း ကဏ္ဍကနေ ရွေးကောက်ပွဲကို ဆန့်ကျင် သင့်ပေသည်။ ကျွန်ူပ် ယနေ့ ရေးသား ထားသော စာများကို ဟောပြောပွဲများတွင် ပြောကြားချင် ပါသော်လည်း လူအခွင့်အရေး ဟူသမျှ အားလုံး ပျောက်ဆုံး နေသော နိုင်ငံတွင် ဘာမှ လုပ်ပိုင်ခွင့် မရှိသောကြောင့် စာ အနေဖြင့်သာ ရေးသား တင်ပြ လိုက်ရပါသည်။

ပြည်သူ့ ၀န်ထမ်းများ၏ အခန်း ကဏ္ဍ

မြန်မာ နိုင်ငံ ပြည်သူ ၀န်ထမ်းများ ခင်ဗျာ ကျွန်ူပ်တို့ တိုင်းသူ ပြည်သားများ အထူးသဖြင့် ၀န်ထမ်းများ စိတ်ထဲတွင် စွဲနေအောင် လက်ရှိ စစ်အစိုးက ရိုက်ထည့် ထားသော အကျင့် ဆိုးလေး တစ်ခု ရှိပါသည်။ ထိုအကျင့်မှာ နေရာတိုင်း ၊ ဌာနတိုင်း လဘ်စား တတ်အောင် သင်ပေးထားခြင်းပင်ဖြစ်သည်။ ထိုအကျင့်ကို အကောင်အထည် ဖော်ရန် ၀န်ကြီးမှ စ၍ သန့်ရှင်းရေး သမား အဆုံး မလိုက်နာ မနေရ ဥပဒေ ပြဌာန်းထား သကဲ့သို့ ဖြစ်အောင် ပြည်သူ့ ၀န်ထမ်း အားလုံးကို ပုံသွင်း ပေးခဲ့လေသည်။ ထိုကဲ့သို့ ဖြစ်လာအောင်လည်း မလောက်ငသော လစာ ရိက္ခာများကိုသာ ၀န်ထမ်းများကိုသာ ပေးလေ့ ရှိသည်။ ယနေ့ ကျွန်ူပ်တို့၏ နိုင်ငံတွင် ၀န်ထမ်း မှန်သမျှ လာဘ်စားရမည် ။ လာဘ်မစားလျှင် အလုပ် ပြုတ်မည်။ ထိုသို့သော မမှန်ကန်သော ပုံသွင်းမှု များကြောင့် ၀န်ထမ်းတိုင်း၏ အကျင့် စာရိတ္တမှာ လွန်စွာ ဆိုးဝါး ပျက်စီးလာသည် ကို တွေ့ရှိ ရပါသည်။

ဥပဒေ ဘောင်အတွင် မတရား လာဘ်စားမှုများ၏ ဆိုးကျိုးကို ပြန်လည် ခံရသည်မှာလည်း ထိုသို့ အခြေခံ ပြည်သူ ၀န်ထမ်း များသာ ဖြစ်သည်။ ယနေ့ ကမ္ဘာနှင့် အ၀ှမ်း ဖွံ့ဖြိုး တိုးတက် နေသော နိုင်ငံများတွင် မည်သူမျှ အဂတိ လိုက်စားရန် မလိုဘဲ ဘ၀ကို ကောင်းစွာ ရပ်တည် နိုင်သည်ကိုလည်း ၀န်ထမ်း အားလုံး သိစေချင် ပါတယ်။ လိုအပ်သော လစာကို ပြည်သူ့ ၀န်ထမ်းများ အားပေးကာ အကျင့်ပျက် ခြစားမှုကို ပြင်းထန်သော ဥပဒေများ ထုတ်၍ အားလုံး လိုက်နာကျင့် သုံးနိုင်ရန် ဖန်တီး ပေးထား ကြသည်။ မည်သူမျှ လာဘ်စားရန် မလိုဘဲ လူတိုင်းစေ့ နေနိုင်အောင် အားလုံး ပြည့်စုံအောင် ထောက်ပံ့ပေး ကြသည်ကို ၀န်ထမ်းတိုင်း သိစေချင် လှပါသည်။ မြတ်ဗုဒ္ဓ၏ တရားတော်များကြောင့် ထိုသို့ မတရား လာဘ်စားမှု များသည် ပစ္စပ္ပန်တွင်လည်း မကောင်း နောင်သံသရာ ဘ၀များစွာ ခံရမည်ကို သိနေကြပါသော်လည်း လက်ရှိ ဘ၀၏ ငတ်မွတ် ခေါင်းပါးမှုကို မခံနိုင်သောကြောင့် ရေစုန်မြောလိုက် ကြရသည့် ၀န်ထမ်း များစွာ ရှိပါသည်။ ယနေ့ ဖြစ်ပွား နေရသော နေရာတိုင်း၌ အကျင့်ပျက် ခြစားမှုသည် လက်ရှိ စစ်အစိုး၏ အုပ်ချုပ်ရေး စနစ်ကြောင့်သာ ဖြစ်ပါသည်။

ကျွန်ူပ် အကြံပေး လိုသည်မှာ ထိုကဲ့သို့ ဘ၀မျိုးမှ လွတ်မြောက်ရန် လက်ရှိ စစ်အစိုးရကို ဆန့်ကျင်၍ တရားမျှကာ လွတ်လပ်သော ဒီမိုကရေစီ နိုင်ငံတော်ကြီးကို ချီတက်ရန် ကြိုးပန်းစေ လိုပါသည်။ တိုးတက်ပြီး နိုင်ငံများ နှင့် ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် ၀န်ထမ်းများ၏ အခန်း ကဏ္ဍမှာ လွန်စွာ အရေးပါလှသည့် အပြင် ပြည်သူ လူထုမှ လည်း များစွာ ချီးမွမ်းခြင်းကို ခံရ၏ ။ ယနေ့ကား ယူနီဖောင်း မြင်လျှင် ရွံရှာ စက်စုပ်ဖွယ် အကြည့်များဖြင့် အကြည့်ခံ နေရခြင်းမှာ ၀န်ထမ်းများသည် စစ်အစိုး၏ မတရားသော အုပ်ချုပ်ရေး စနစ်ကို အဓိက မောင်းနှင် ပေးသော သူများ ဖြစ်ခြင်းကြောင့် ဖြစ်သည်။ အားလုံးသော ပြည်သူ့ ၀န်ထမ်းများ ခင်ဗျာ မိမိတို့ မိသားစု ဘ၀ သာမက တိုင်းပြည် ဘက်စုံ ဖွံ့ဖြိုး တိုးတက်ရေး အတွက် လက်ရှိ စစ်အစိုးရ၏ တရားမျှတမှု မရှိသော စနစ်ဆိုးကြီး ကို ရဟန်းရှင်လူ ကျောင်းသား ပြည်သူများနှင့် လက်တွဲ ကာ ၀ိုင်းဝန်း ဖြိုဖျက် ကြပါစို့လို့ တိုက်တွန်း နိုးဆော်လိုက် ရပါတယ်။

တပ်မတော်သားများ ၏ အခန်းကဏ္ဍ

ကျွန်ူပ်တို့ တိုင်းပြည်၏ ကျေးဇူးရှင် ဗိုလ်ချုပ် အောင်ဆန်း ဦးစီးကာ တည်ထောင် မျိုးစေ့ ချခဲ့သော တပ်မတော်သည် တိုင်းသူ ပြည်သားများတွင် ကျရောက် လာသော အန္တရယ်များ အား ကာကွယ် ပေးရန်ပင် ဖြစ်သည်ကို တပ်မတော်သားများ အားလုံး သိရှိပြီး ဖြစ်ပါသည်။ သို့သော် လက်ရှိ စစ်အစိုး၏ ရည်ရွယ်ချက်မှာ ထိုသို့ မဟုတ် လက်တစ်ဆုပ်စာ လူတစ်စု ကောင်းစားရေး အတွက် တပ်မတော်သားများကို အသုံးချကာ အာဏာတည်မြဲရေး အတွက် လုပ်ဆောင် နေခြင်း ဖြစ်ပေသည်။ အမိန့် ဆိုသော စကားကို အလွဲသုံးစားလုပ်ကာ တိုင်းသူ ပြည်သားများ အား ရက်စက်စွာ အုပ်ချုပ်ရန် သင်တို့၏ စိတ်များထဲသို့ မကောင်းသော ဗီဇများကို ရိုက်ထည့် ပေးလျှက် ရှိသည်။ ကျွန်ူပ်တို့ ယနေ့ မြတ်ဗုဒ္ဓ၏ စစ်မှန်သော တရားတော်များကို နားကြား သိရှိရသည်မှာ သံဃာတော်များ၏

ကျေးဇူးကြောင့်ပင် ဖြစ်သည်။ ထိုသို့သော ရတနာ သုံးပါးတွင် တပါး အပါအ၀င် ဖြစ်သော သံဃာတော် များကိုပင် ရက်စက်စွာ နှိမ်နှင်း သတ်ဖြတ်ရန် အမိန့် ဆိုသော စကားကို အသုံးချလျှက် တပ်မတော်သား အချို့အား အသုံးချခဲ့ပြီး ဖြစ်သည်ကို တပ်မတော်သား အားလုံး သိရှိပြီး ဖြစ်သည်။ ထိုသို့သော မဟုတ်မမှန် တရားမျှတမှုမရှိသော အမိန့်ကို ဆန့်ကျင် လိုပါသော်လည်း ဆန့်ကျင်နိုင်သည့် စွမ်းအား မရှိခြင်းကြောင့် ဒေါသများကို ထိန်းချုပ် ထားရသည့် မျိုးချစ် တပ်မတော်သား များစွာ ရှိသည်ကိုလည်း အားလုံး သိပြီး ဖြစ်ကြသည်။ နိုင်ငံတကာတွင် စစ်သား ဆိုသည်မှာ တိုင်းသူ ပြည်သားတို့၏ အချစ်တော်ပင် ဖြစ်သည်။ ဗိုလ်ချုပ် အောင်ဆန်း လက်ထက်မှ တပ်မတော် သားများသည်လည်း ထိုကဲ့သို့ ပြည်သူ လူထု၏ မေတ္တာကို ခံယူကာ တိုင်းတပါး နယ်ချဲ့များကို မောင်းထုတ် နိုင်ခဲ့သည်ကို အားလုံး အသိပင် ဖြစ်သည်။

ယနေ့တွင်မူ စစ်သား ဆိုသော စကားကို မကြားလိုသော သူများ တဖြည်းဖြည်း များပြား လာကာ အမုန်းတရား ပွားနေရခြင်းမှာ လက်ရှိ အစိုးရ၏ အာဏာ တည်မြဲရေးကို အဓိက ထောက်ပံ့ထားသူ များမှာ တပ်မတော်သားများ ကြောင့် ဖြစ်ပေသည်။ ထိုကဲ့သို့ အဓိက ထောက်ပံ့ ပေးထားသော တပ်မတော်များမှာ စားဝတ် နေရေး အတွက်ပင် ရုန်းကန် လှုပ်ရှားနေ၍ ၊ အထက်မှ အာဏာရှင်များမှာမူ တိုင်းပြည်၏ အဆီအနှစ် များကို ကိုယ်ကျိုး အတွက် အသုံးချကာ စည်းစိမ်ခံ နေကြပါသည်။ ထိုကဲ့သို့ လူတစ်စု ကောင်းစားရေး အတွက် အသုံးချခံ တပ်မတော်သားများ အဖြစ်မှ တိုင်းကျိုး ပြည်ပြု တပ်မတော် သားများ ဖြစ်အောင် ပြည်သူများနှင့် လက်တွဲ ပူးပေါင်း ဆောက်ရွက် ကြပါရန် နှင့် လေးစားစွာ တိုက်တွန်း ပြောကြား လိုပါတယ်။

ကျွန်ူပ် အထူး မေတ္တာရပ်ခံ လိုသည်မှာ ယနေ့ စစ်အစိုးရ၏ တရား မျှတမှု မရှိသော လက်ရှိ ကျင်းပနေသည့် ရွေးကောက်ပွဲကို ကျွန်ူပ်တို့ နှင့်အတူ လက်တွဲကာ ပါဝင် ဆန့်ကျင် ပေးကြခြင်းဖြင့် ပြည်သူ အများ၏ လေးစား ကြည်ညိုမှုကို ခံရသော တပ်မတော်သား အဖြစ်သို့ ရောက်ရှိရန် ၀ိုင်းဝန်း လက်တွဲ စေလိုပါသည်။ ထိုသို့ သာမက တိုင်းသူ ပြည်သား များ၏ အေးချမ်းစွာ ဆန္ဒပြမှုကို အကြမ်းဖက် နှိမ်နှင်းမည့် အဖွဲ့များ၏ ရန်မှလည်း ကာကွယ်ပေးရန် လေးစားစွာ တိုက်တွန်း နိုးဆော် လိုက်ပါသည် တပ်မတော်သား အပေါင်းတို့ ခင်ဗျာ။

ကျောင်းသားများ၏ အခန်းကဏ္ဍ

ယနေ့ စစ်အစိုး၏ မြန်မာနိုင်ငံ ပညာရေး အပေါ် သဘောထားချက်များသည် ပညာ တတ်မြောက်ရေးထက် ၎င်းတို့ အုပ်ချုပ်မှု အာဏာ တည်မြဲရေး ယန္တာရား လည်ပတ် စေရန်သာ သင်ကြား ပေးနေခြင်း ဖြစ်သည်။ သက်ဆိုင်ရာ ကျောင်း အသီးသီးတွင်လည်း ပညာတတ် ပါမောက္ခများ အစား စစ်တပ် အုပ်ချုပ်ရေးပိုင်းမှ လူများကိုသာ ကျောင်းအုပ်များ အဖြစ် ခန့်အပ်၍ ကျောင်းသားများ၏ အခွင့်အရေး များကို ထိန်းချုပ်နိုင်ရန် ကြိုးစားနေသည်ကို အားလုံး သိရှိပြီး ဖြစ်ပါသည်။ ထို့အပြင် ကျောင်းသားများ စည်းလုံး ညီညွတ်မှု မရှိစေရန် အမြို့မြို့ အနယ်နယ်တွင် မပြည့်စုံသည့် ကျောင်းခွဲများ ဖွင့်လှစ်ကာ ကျောင်းသားထု ညီညွတ်ရေးကို ဖြိုခွင်းလျှက် ရှိပါသည် ။ ကျောင်းများကို ကျောင်းသားများ သွားလာရ ခက်ခဲသော မြို့နှင့် အလှမ်းဝေး ကွာသော နေရာများတွင် ဖွင့်လှစ် ထားခြင်းကြောင့် အချိန်များစွာကို အကျိုး မရှိ ကုန်စေရန်လည်း ဖန်တီး ထားပါသည်။ သက်ဆိုင်ရာ သင်ကြားပေးသည့် ဆရာ ဆရာမများသည်လည်း ၎င်းတို့ သင်ကြားရမည့် ဘာသာရပ်များကို ကျွမ်းကျင်စွာ တတ်မြောက် ထားခြင်း မရှိသည့် အတွက်ကြောင့် ပြင်ပ ကျူရှင်များတွင် ထက်မံ အချိန်ကုန် ရသည်ကိုလည်း လက်တွေ့ ကျကျ သိရှိ ပြီးပါသည် ။

ကျောင်း အသီးသီး၌ ထို့သို့ ခက်ခဲစွာ ပညာသင်ကြားခဲ့ရသော်လည်း သက်ဆိုင်ရာ ဌာနအသီးသီးမှ ထိုဘာသာရပ်များတွင် ကျွမ်းကျင်စွာ သင်ကြား တတ်မြောက်ပြီးသည်ဟု ယူဆ၍ ဘွဲ့များ ချီးမြှင့်ခြင်း ဖြစ်သော်လည်း ပြင်ပ ကမ္ဘာ၌ စာတွေ့ကော လက်တွေ့ပါ တတ်မြောက်ခြင်း မရှိဟု ယူဆကာ မည်သည့် အလုပ်မှ လွယ်လွယ် ကူကူ ရရှိသည် ဟူ၍ မရှိပါ။ ထိုသို့ ပညာရပ် ဆိုင်ရာတွင် အားနည်းကာ စဉ်းစား တွေးခေါ်မှုဉာဏ် ကျဆင်းစေရန် အစိုးရမှ ရည်ရွယ်ချက်များ ချကာ အကောင်အထည်ဖော်လျှက်ရှိပါသည်။ မြန်မာ့ သမိုင်းကို ပြန်ကြည့်လျှင် လက်ရှိ ပညာ စနစ်သည် အဆိုးဝါးဆုံး ဖြစ်သည်ကို တွေ့ရှိ နိုင်ပါသည်။

သမိုင်း ဆို၍ ယနေ့ ကျောင်းသား လူငယ်များကိုလည်း သမိုင်း အမှန်ကို မသိအောင် အစိုးရက အထူး ကြိုးစားကာ ဖုံးကွယ် ထားပေသည် ။ မြန်မာ နိုင်ငံရေး သမိုင်းတွင် ကျောင်းသားများ ၏ အခန်း ကဏ္ဍသည် လွန်စွာ အရေးပါသည်ကို ဖြစ်ရပ်မှန် သမိုင်း စာအုပ်များကို ဖတ်ရှု လေ့လာခြင်းဖြင့် သိရှိ နိုင်ပါသည်။ ယနေ့ ကျောင်းသား လူငယ် များသည် နောင်တချိန်တွင် နိုင်ငံတော်၏ ခေါင်းဆောင်များ ဖြစ်လာမည် ဖြစ်သောကြောင့် သမိုင်းကို အထူးပင် သိ နားလည် ထားသင့်သည်။ ထိုကြောင့် မိမိတို့ သိနားလည် ထားသော ဗဟုသုတများကို ကျောင်းများတွင် စာစု၍ ဖတ်ခြင်း ၊ သဘော တရားများ ဖလှယ်ခြင်း ၊ စာပေ ဟောပြောပွဲများ ကျင်းပခြင်း၊ ကျောင်းသား အခွင့်အရေးများ တောင်းဆိုခြင်း တို့ကို ပြန်လည် လေ့ကျင့် ပျိုးထောင်ကာ စည်းလုံး ညီညွတ်မှု ရှိသော ကျောင်းသား သမဂ္ဂကို ပြည်လည် ဖွဲ့စည်း သင့်သည်။

အနှစ်ချုပ် ဆိုရပါလျှင် လက်ရှိ ပညာရေး စနစ်သည် လုံးဝ ကောင်းမွန်ခြင်း မရှိသည့် အပြင် ကျောင်းသား လူငယ်များ၏ လွတ်လပ်ခွင့် များကို များစွာ ချုပ်ခြယ်ထား ကာ ကျွန်ပညာရေး စနစ်အဖြစ် ဖန်တီးထားသော ကြောင့် ကျောင်းသား သမဂ္ဂကို အမြန် ပြန်လည် ဖွဲ့စည်းပြီး လက်ရှိ အစိုးရ၏ အဖျက် လုပ်ရပ် များအား ဆန့်ကျင် ကြပါရန် လေးစားစွာ တိုက်တွန်း နိုးဆော် လိုက်ပါသည်။ ကျောင်းသား လူငယ် မောင်မယ် အပေါင်းတို့ ခင်ဗျာ။

ဆရာတော် သံဃာ အပေါင်းတို့ ဘုရား

တပည့်တော်တို့ ရိုသေစွာ လျှောက်ထား လိုသည်မှာ ၊ ယနေ့ သံဃာတော်များသည် ဘုရားရှင်၏ သာသနာတော် တည်မြဲရေး အတွက် အပင်ပန်း ခံကာ ဆောင်ရွက် ပေးသည်ကို တပည့်တော်တို့ များစွာ အားရမိပါသည်။ သို့သော် လက်ရှိ စစ်အစိုးသည် သာသနာတော် အစဉ် တည်တံ့ စေမည့် သံဃာတော်များ ၏ တရားပွဲများအား လိုက်လံ အနှောက်အယှက် ပေးနေသည်ကို ၀မ်းနည်း ဖွယ်ရာ တွေ့ရှိ ရပါသည်။ ဒကာ ဒကာမ များ၏ စားဝတ် နေရေး ကျပ်တည်းမှုကို ဂရုဏာကြီးစွာ ဖြစ်မိ၍ နိုင်ငံလုံးကျွတ် ပရိတ် တရားပွဲများ လှည့်လည် ရွတ်ဆိုသည်ကို အစိုးရမှ အကြမ်းဖက် နှိမ်နှင်းကာ အချို့သော သံဃာ အာဇာနည်များကို မတရား ဖမ်းဆီး ချုပ်နှောင်ကာ အကျဉ်းထောင်ထဲ ထည့်၍ မတရား နှိပ်စက် ခဲ့သည်ကို ဆရာတော် သံဃာတော်များ သိရှိပြီး ဖြစ်ပါသည်။

ထိုသို့ အကြမ်းဖက်မှု မလှုပ်ရှားမှီ ည၈နာရီ တွင် မြန်မာ့ အသံမှ သာသနာရေး ၀န်ကြီး နှင့် သံဃာ နာယက အဖွဲ့ချုပ်တို့ တွေ့ဆုံ မေးမြန်းခန်းကို ပြသခဲ့သည်ကို အထောက်အထား အဖြစ် တွေ့ရှိ ရပါသည်။ လက်ရှိ အစိုး၏ ရည်ရွယ်ချက်မှာ ထိုသို့ ရဟန်းတော်များ လှည့်လည် ပရိတ် ရွတ်ဆိုခြင်းသည် ဘုရားရှင်၏ တရားတော်နှင့် ကိုက်ညီမှု ရှိမရှိ သံဃာ နာယက ဆရာတော်အား လျှောက်ထားရာတွင် ရဟန်းတော် များသည် ၀တ်နည်းနှင့် မညီညွတ်ကြောင်း တရားတော်ဘက် မလိုက်ဘဲ အစိုးဘက်ကို လိုက်ကာ ဖြေကြား ခဲ့သည်ကို ၀မ်းနည်း ဖွယ်ရာ တွေ့ရှိခဲ့ရ ပါသည် ဘုရား။

ယနေ့တွင် သာသနာတော် ရည်ရှည် တည်တံ့ရေး နှင့် သာသနာတော် ပြန့်ပွား စေရေး အတွက် နိုင်ငံတော် သံဃာ့ နာယက အကျိုးတော်ဆောင် ဆရာတော်များ တွင် တာဝန် ရှိပါသော်လည်း ဖြစ်ပွား ခဲ့သည့် ကိစ္စများတွင် သံဃာတော်များ အတွက် မည်သို့သော ဆောင်ရွက်ချက် တစုံတရာမျှ မတွေ့ရှိခဲ့၍ တပည့်တော် များစွာ စိတ်မကောင်း ဖြစ်ခဲ့ ရသည် ။ ထိုကြောင့် ဘုရားရှင်၏ တရားတော်နှင့် အညီ သာသနာတော် အစဉ် တည်တံ့ စေရေး အတွက် နိုင်ငံ တ၀ှမ်းလုံး မှ ဆရာတော် သံဃာတော် များကို ကိုယ်စားပြုကာ ဘုရားရှင်၏ သာသနာတော်ကို စော်ကားမှုများမှ ကာကွယ် နိုင်ရန်နှင့် သာသနာတော် စည်ပင် ပြန့်ပွား စေရေး အတွက် မြန်မာ သံဃာ့ နာယက အဖွဲ့အား ပြန်လည် ရွေးချယ် တင်မြှောက် သင့်သည်ဟု တပည့်တော် ယူဆ မိပါသည် ဘုရား။ တပည့်တော်တို့ ဘုရားရှင်၏ သာသနာတော်နှင့် တွေ့ဆုံ ရသည်မှာ ရဟန်း သံဃာများ၏ ကျေးဇူးကြောင့်သာ ဖြစ်ပါသည်။

ထိုသို့ ရဟန်း သံဃာတော်များ ကို သံဃာ မဟုတ်ဟု စွပ်စွဲကာ မတရား ဖိနှိပ် ရက်စက်ခြင်းသည် သာသနာ တော်ကို ဖျက်စီးခြင်းဟု တပည့်တော်တို့ ခံစားမိပါသည် ဘုရား။ ထို့ကြောင့် တပည့်တော်တို့သည် လက်ရှိ အစိုးရ၏ အမျိုး ဖျက်ဆီးခြင်း ၊ သာသနာ ကွယ်အောင် လုပ်ဆောင်ခြင်း၊ တိုင်းပြည်၏ ဖွံ့ဖြိုး တိုးတက်စေရေး အစား ၎င်းတို့ အာဏာ တည်မြဲရေး နှင့် ကိုယ်ကျိုးရှာ လူတစ်စု ကောင်းစားရေး ဆန့်ကျင်လျှက် ရှိပါသည်။ အမျိုး ဘာသာ သာသနာ အရှည် တည်တံ့ စေရေးနှင့် သာသနာတော် သန့်ရှင်း ပြန့်ပွားရေးကို ကြိုးစား လုပ်ကိုင်နေ ကြသော ဆရာတော် သံဃာတော်များ အနေဖြင့်လည်း တပည့်တော် တို့အား လမ်းညွှန် ဆုံးမ ပေးပါရန် နှင့် တိုင်းပြည် တိုးတက်ရေးကို တပည့်တော် တို့နှင့် ပူးပေါင်း ကူညီပေးပါရန် တပည့်တော်တို့မှ နဖူး မြေစိုက် ဦးခိုက်လျှက် ရိုသေစွာ လျှောက်ထား အပ်ပါသည် ဆရာတော် သံဃာ အပေါင်းတို့ ဘုရား။

ပြည်သူ လူထု၏ အခန်းကဏ္ဍ

ကျွန်ူပ်တို့ တိုင်းပြည်၏ ကောင်းကျိုး ဆိုးကျိုးများကို အဓိက စံစား ခံစား ရသည်မှာ ပြည်သူ လူထု အပေါင်းတို့ပင် ဖြစ်ပါသည်။ ယနေ့ လက်ရှိ အစိုးရ ၏ ကိုယ်ကျိုးရှာ လုပ်ရပ် များကြောင့် သန်းပေါင်း များစွာသော ပြည်သူ လူထုကြီး ဒုက္ခကြီးစွာ ရောက်နေရသည်ကို အထူးပင် သိရှိနားလည်ခဲ့ပြီး ဖြစ်ပါသည်။ အထူးသဖြင့် နာဂစ် မုန်တိုင်းကြောင်း ပြည်သူ များစွာ ဆင်းရဲ ဒုက္ခ ရောက်ခဲ့သော်လည်း လက်ရှိ အစိုးရသည် ကူညီခြင်း မပြုသည့် အပြင် ဟန့်တား နှောက်ယှက်ခြင်းများ ရှိခဲ့သည်ကို အားလုံး သိရှိပြီး ဖြစ်ပါသည်။ မြန်မာ နိုင်ငံ အခြေအနေ ဆိုးဝါးမှုကို သိရှိ၍ နိုင်ငံခြား တိုင်းပြည်များမှ အလှူငွေ များစွာ လှူဒါန်းခဲ့ကြ ပါသည်။ သို့သော်လည်း လက်ရှိ အစိုးရသည် တိုင်းပြည် အတွက် အကျိုး မရှိသော နျူးကလီးယား စီမံကိန်း နှင့် ၎င်းတို့ နေထိုင်မည့် စစ်တပ် မြို့တော်ကြီးများ တည်ဆောက်ကာ တိုင်းပြည် ဘဏ္ဍာများကို ပြည်သူတို့ လိုအပ်သည့် နေရာတွင် အသုံးမချကြဘဲ ၎င်းတို့ စိတ်တိုင်းကျ ဖြုန်းတီးခဲ့ကြသည်ကို တွေ့ရှိ ရပါသည်။ ပြည်သူ့ ဘဏ္ဍာများအား ပြည်သူ အတွက် အသုံးချရမည် ဖြစ်သော်လည်း ၎င်းတို့ အာဏာ တည်မြဲရေး အတွက်သာ အစဉ်တစိုက် အသုံးချခဲ့ကြ၍ ၉၅% သော ပြည်သူ လူထုကြီး ကြီးစွာ ဒုက္ခရောက် နေကြရပြီ ဖြစ်သည်။

လက်ရှိ အစိုးရသည် တိုင်းပြည် ဘဏ္ဍာ ရရှိအောင် ပြည်တွင်းမှ သယံဇာတ အမျိုးမျိုးကို နိုင်ငံခြား တိုင်းပြည်များသို့ ရောင်းချနေပါ သော်လည်း ရရှိလာသည့် တိုင်းပြည် ဘဏ္ဍာငွေ များမှာ ကိုယ်ကျိုးရှာ လူတစု၏ စည်းစိမ် ခံစားနိုင်ရေး အတွက်ပင် အသုံးချ နေကြပါသည်။ ပြည်သူ လူထု ရရှိမည့် လူအခွင့်အရေးများ ကို ပိတ်ပင် တားဆီးကာ နေရာ တကာတွင် လက်နက်ပြ အနိုင်ကျင့် စိုးမိုး နေကြသည် ကိုလည်း ပြည်သူ လူထု အားလုံး နားလည် သဘောပေါက်ပြီး ဖြစ်ပါသည်။ ယနေ့တွင်လည်း နိုင်ငံတကာမှာ ဖိအား ဒဏ်များ လွတ်မြောက်၍ ၎င်းတို့ စိတ်တိုင်းကျ တိုင်းပြည်အား ထပ်မံ ဒုက္ခပေးရန်တရား မျှတသော ရွေးကောက်ပွဲဟု အမည်တပ်ကာ အာဏာရှင် စနစ်ကို အသွင်ပြောင်း အုပ်ချုပ်ရန် ကြိုးစား နေသည်ကိုလည်း မျက်မြင် ကိုယ်တွေ့ပင် ဖြစ်သည်။

ဒါတွေကို သိပါလျှက်နဲ့တော့ မထောက်ခံ ကြပါနဲ့ ။ ပြည်သူ့ ဂုတ်သွေး စုတ်အဖွဲ့ တွေကို ဆန့်ကျင်ဖို့ ကြိုးစားကြပါ။ မတရားတာကို မတရားဘူးလို့ ရဲဝံ့စွာ ပြောဆို ကြပါ။ အာဏာရှင်တွေရဲ့ လက်ဝေခံ အကြမ်းဖက် ပါတီများ၏ မတရားမှုများ ကိုလည်း ဆန့်ကျင်ကြပါ။ ဥပမာ ပြောပြရလျှင် မိမိတို့ ရပ်ကွက် တွင်းတွင် ထို့သို့ မတရားမှု တွေ့ပါက တစ်ရပ်ကွက်လုံး ပါဝင် ကူညီ ဖြေရှင်း ပေးပါက နောက်နောင်တွင် ထိုသို့ မတရားမှုမျိုး ထပ်မံ ပေါ်ပေါက် လာစရာ အကြောင်း မရှိချေ။

ထိုကဲ့သို့ပင် မိမိတို့ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ် ခရိုင် တိုင်း နောက်ဆုံး နိုင်ငံ တ၀ှမ်းလုံး တက်ညီ လက်ညီ စည်စည်း လုံးလုံးဖြင့် မတရားမှုများကို ဆန့်ကျင် ပါက မည်သည့် အဖွဲ့အစည်းမှ ဗိုလ်ကျ စိုးမိုး၍ မရနိုင်ပါ။ ယနေ့တွင် ၀မ်းနည်းဖွယ် တွေ့ရှိရသည်မှာ နေရာ အနှံ့အပြားတွင် ထိုသို့ ဗိုလ်ကျ စိုးမိုးမှုများ လက်ခံ၍ မိမိ အရေး မဟုတ် ထင်ကာ လက်ပိုက် ကြည့်နေ ကြခြင်းပင် ဖြစ်သည်။ လက်ရှိ ပစ္စုပ္ပန်တွင် မိမိနှင့် တိုက်ရိုက် မသက်ဆိုင် သော်လည်း နောင်တွင် ထို့သို့သော ဒုက္ခမျိုးသည် မိမိထံသို့ ရောက်ရှိ လာနိုင်သည်ကို တွေးရုံဖြင့်ပင် သိသာထင်းရှားလွန်းလှပါသည်။ ပြည်သူ လူထုမှ ထိုသို့ မတရားသည်ကို ငုံ့မခံလျှင် မည်သည့် အဖွဲ့အစည်း ကမှ အနိုင်ကျင့် စိုးမိုးနိုင်မည် မဟုတ်၍ တိုင်းပြည်၏ အုပ်ချုပ်ရေး အခန်း ကဏ္ဍ သည်လည်း ပြည်သူ့ စိတ်တိုင်းကျ အကောင်အထည် ဖော်နိုင်မည် ဖြစ်သည်။ နောက်ဆုံး အနေဖြင့် ပြောကြား လိုသည်မှာ မိမိတို့ နိုင်ငံ အမှန်တကယ် ဖွံ့ဖြိုး တိုးတက် စေလိုပါလျှင် မိမိတို့ ကျရာ အခန်းကဏ္ဍမှ အာဏာရှင် စနစ်ဆိုးကို ၀ိုင်းဝန်း တိုက်ထုတ် ကြပါစို့လို့ လေစားစွာ တိုက်တွန်း ပြောဆို လိုက်ပါသည် ပြည်သူလူထု အပေါင်းတို့ ခင်ဗျာ။

ပြည်ပရောက် မြန်မာ နိုင်ငံသား အပေါင်းတို့ ခင်ဗျာ

ယနေ့တွင် တိုင်းပြည်၏ ဆိုးဝါးလှသော အခြေအနေများကြောင့် တိုင်းတပါး နိုင်ငံများသို့ မထွက်ခွာ လိုသော်လည်း ပြည်တွင်းတွင် အလုပ်အကိုင် ရှားပါးခြင်းနှင့် မတရားသဖြင့် ဖိနှိပ် ချုပ်ချယ်မှုများကြောင့် သွားရောက် ဒုက္ခခံကာ လုပ်ကိုင် နေကြရသည်ကို အားလုံး သိရှိပြီး ဖြစ်ပါသည်။ သို့သော်လည်း တိုင်းပြည် ဖွံ့ ဖြိုး တိုးတက် စေရေး အတွက်ကိုမူ ပြည်ပရောက် မြန်မာ လူမျိုးများ အားလုံး သည်လည်း ပြည်တွင်းမှ လူများကဲ့သို့ပင် ထပ်တူ ထပ်မျှ လိုလားတောင့်တလျှက် ရှိပါသည်။ ပို၍ အသိအမြင် ကျယ်လာ သည်နှင့် အမျှ လက်ရှိ မြန်မာ နိုင်ငံ၏ အခြေအနေသည် လူအခွင့်အရေး ဟူသမျှ အားလုံး ပျောက်ဆုံးလျှက် ရှိသည်ကို မိမိတို့ ရောက်ရှိနေသော တိုင်းပြည်များနှင့် ယှဉ်လျှင် ပိုမို သိသာ ထင်းရှား လာပါသည်။

ထို့အပြင် မိမိတို့၏ ၀င်ငွေခွန်များ ကို ပေးဆောင်ရသည့် အရာ၌ လည်း ကမ္ဘာ ၀င်ငွေခွန် အများဆုံး ပေးဆောင် ရသည့် နိုင်ငံများတွင် ကျွနူ်ပ်တို့ နိုင်ငံသည်လည်း အပါအ၀င် ဖြစ်သည်ကို အားလုံး သိရှိခဲ့ပြီး ဖြစ်ပါသည်။ ထိုသို့ အစိုးရအား တရားဝင် အခွန်များ ပေးနေ ရသော်လည်း ပြည်ပရောက် အလုပ်သမားများ အရေး ကိစ္စနှင့် ပက်သက်၍ မြန်မာ နိုင်ငံရုံးများမှာ မည်သည့် အကူအညီမှ မပေးသည့် အပြင် အခွန်ပေးဆောင်သည့် အခါတွင်လည်း ရိုင်းပြစွာ ပြောဆိုခြင်း များကို ကိုယ်တွေ့ ကြုံကြပြီး ဖြစ်ပါသည်။

တိုင်းပြည်၏ ဒုက္ခအခက်အခဲများကို လိုအပ်သည့် နေရာတွင် ထောက်ပံ့ကာ ပြည်ပရောက် အင်အားစုများ၏ စည်းလုံး ညီညွတ်မှု နှင့် ကိုယ်ချင်းစာ စိတ်များကို အားလုံး သိအောင် ပြသခဲ့သည်ကို နာဂစ် မုန်တိုင်း ဒုက္ခသည်များအား ထိရောက်သော အကူအညီ များပေးခြင်းနှင့် လတ်တလော ဖြစ်ပွားခဲ့သော ပြည်သူများ ရေငတ်မွတ် ခေါင်းပါးမှု တို့တွင် မိမိတို့ တတ်နိုင်သည့်ဘက်မှ ပါဝင် ကူညီခဲ့သည် ၀မ်းမြောက် ဂုဏ်ယူဖွယ် တွေ့ရှိ ရပါသည်။ ယနေ့တွင် လက်ရှိ စစ်အစိုးရ၏ တရားမျှတမှု မရှိသော ရွေးကာက်ပွဲ ကျင်းပခြင်းကို ဆန့်ကျင်ရန် ပြည်တွင်း ဆန့်ကျင်ရေး အဖွဲ့များမှ နိုင်ငံ တ၀ှမ်းလုံး ဆန့်ကျင်ရေးကို ထောက်ခံ အားပေးသည့် အနေဖြင့် မိမိတို့ ရောက်ရှိရာ နိုင်ငံတိုင်း၏ သံရုံးများ ရှေ့တွင် စည်လုံးစွာဖြင့် ဆန္ဒပြပေးကြပါရန် နှင့် ပြည်တွင်း အဖွဲ့အစည်း များသို့ မိမိတို့ တတ်နိုင် သလောက် ပေးပို့ လှူဒါန်း ကြပါရန် လေးစားစွာ တိုက်တွန်း နိုးဆော် အပ်ပါသည်။

တောင်သူ လယ်သမားများ၏ အခန်းကဏ္ဍ

တောင်သူ လယ်သမား များ ခင်ဗျာ
ယနေ့ လက်ရှိ အစိုးရသည် တပြည်လုံး ငတ်မွတ် ခေါင်းပါးကို ဦးတည်လျှက် တိုင်းပြည်၏ ကောင်းမွန်သော ထွက်ကုန် မှန်သမျှကို လက်ဝါးကြီး အုပ်ကာ မတရားသဖြင့် စိုးမိုး ဗိုလ်ကျလျှက် ရှိသည်ကို အားလုံး သိပြီး ဖြစ်ပါသည်။ မိမိတို့ အရပ်ဒေသတွင် မည်သည့် သီးနှံမျိုး စိုက်ပျိုး ဖြစ်ထွန်းနိုင်သည်ကို သိရှိ ပါသော်လည်း အစိုးရ စီမံကိန်းဟု ဆိုကာ ရေမြေ သဘာဝနှင့် မကိုက်ညီသော သီးနှံများကို အတင်းအဓမ္မ စိုက်ပျိုးခိုင်း နေသည် မြန်မာ နိုင်ငံ တ၀ှမ်းလုံးမှ တောင်သူ လယ်သမားများအား အထူးပင် ရှင်းပြစရာ မလိုတော့ပေ။ ဒါ့အပြင် အစိုးရ၏ စီမံကိန်းများဟု ဆိုကာ တောင်သူ လယ်သမား များ၏ မြေယာ များကို မတန်တဆ ဈေးဖြင့် တန်ဖိုးဖြတ်ကာ သိမ်းယူလျှက် ရှိသည်ကိုလည်း ကိုယ်တွေ့ ကြုံခဲ့ ကြပြီး ဖြစ်သည်။ စိတ်ကူး ပေါက်တိုင်း ထအကြံ ပေးတတ်ကြသည့် လူအစု၏ ဒုက္ခ ပေးမှုကြောင့် ယနေ့ တောင်သူ လယ်သမား၏ စားဝတ် နေရေးမှာ လွန်စွာ ကြပ်တည်း ကျဉ်းမြောင်း လာသည်ကို တွေ့ရှိ ရသည်။ အသံကောင်း မျိုးစုံ ဟစ်လျှက် ဆည်ရေသောက် စီမံကိန်းများ အကောင်အထည် ဖော်နေ သော်လည်း လက်တွေ့ ဘ၀ တောင်သူ လယ်သမားများမှာ သောက်စရာ ရေပင် မရှိ ခဲ့သည်ကို ယနေ့ မြန်မာ နိုင်ငံ အနှံ့အပြားတွင် ၀မ်းနည်းဖွယ်ရာ တွေ့ရှိ ခဲ့ရသည်။

လက်ရှိ အစိုးရ၏ ရွေးကောက်ပွဲ ကိုသာ လက်ခံလိုက်လျှင် တောင်သူ လယ်သမားများ သာမက တနိုင်ငံလုံး အငတ်ဘေးဆိုက်မည့် ကိန်းကို ဦးတည်လျှက် ရှိသောကြောင့် ကျွန်ူပ်တို့၏ ကျေးဇူးရှင် တောင်သူ လယ်သမား များအား တင်ပြ အပ်ပါသည်။ ပြည်သူ့ဘ၀ ကောင်းစားရေးထက် ကိုယ်ကျိုးရှာ လူတစု ကောင်းစားရေးကို ဦးတည် နေသည့် လက်ရှိ အစိုးရ၏ ရွေးကောက်ပွဲကို ကျရာ အခန်းကဏ္ဍမှ ပါဝင် ကူညီပေး ကြပါရန် လေးစားစွာ တိုက်တွန်း နိုးဆော် လိုက်ပါသည် တောင်သူလယ်သမား အပေါင်းတို့ ခင်ဗျာ။

* လက်ရှိ အစိုးရမှ တာဝန်ရှိသူများ ခင်ဗျာ *

သင်တို့သည် အနှစ် ၂၀ လုံးလုံး လက်နက်ဖြင့် ခြိမ်းခြေက်ကာ အမိန့် ဆိုသော စကားကို ရေလဲ သုံးလျှက် အမျိုး ဘာသာသာသနာနှင့် တိုင်းပြည်ကို အမျိုးမျိုး အဖုံဖုံ ညှင်းပန်း နှိပ်စက် ဒုက္ခ ပေးလျှက် ရှိသည်။ တိုင်းပြည်၏ သယံဇာတ သဘာဝ အရင်းအမြစ် များကိုလည်း သင်တို့ ကိုယ်ကျိုး အတွက်ပင် အသုံးချခဲ့ ကြသည် ။ သင်တို့ ယခု ကျင်းပမည့် ရွေးကောက်ပွဲသည်လည်း နိုင်ငံတကာမှ ဖိအား ဒဏ်များ လွတ်မြောက်ရန် ရည်ရွယ်၍ စစ်အုပ်ချုပ်ရေးကို အသွင်ပြောင်းသည့် အနေဖြင့် သာဟန် ပြုလုပ် ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ပြည်သူများ အားလုံး သိရှိ နားလည်ပြီး ဖြစ်သည်။

သင်တို့သည် ဆောင်ပုဒ်များ ရည်ရွယ်ချက်များနှင့် စီမံကိန်းများကို တရားဝင်ကြော်ငြာ ခဲ့သော်လည်း မည်သည့် စီမံကိန်းကို မှ ထိရောက်စွာ မဆောင်ရွက်နိုင်သည့် အပြင် တိုင်းသူ ပြည်သားများ ဒုက္ခများစွာ ရရှိအောင် ကြိုးပမ်းလျှက် ရှိနေသည်ကို ရပ်တန့်ရန် တောင်းဆို လိုက်ပါတယ်။ အထူး ထပ်မံ ပြောကြား လိုသည်မှာ စနစ်ဆိုးကြောင့် ရေလိုက် ငါးလိုက် နေရသည်ဟု ကျွန်ူပ်ထံသို့ ဆက်သွယ် ရင်ဖွင့် ထားသော နိုင်ငံတော်၏ အုပ်ချုပ်ရေးပိုင်းမှ ခေါင်ဆောင်များကို လိုက်လှဲ ကြိုဆိုကြောင်းနှင့် မည်သူမဆို တိုင်းပြည် ကောင်းစားရေး အတွက်ဆို ပြည်သူ လူထုမှ ၀မ်းမြောက်စွာ ကြိုဆိုကြောင်း အသိပေးပြောကြား လိုက်ပါတယ်။

  • တရား မျှတ၍ လွတ်လပ်သော ရွေးကောက်ပွဲ ကျင်းပမည့် ပြည်သူ လူထုအား အာဏာ လွှဲပေးကြောင်း ကြော်ငြာချက် ထုတ်ပြန်ရန်။
  • မတရား ဖမ်းဆီး ချုပ်နှောင် ထားသော နိုင်ငံရေး အကျဉ်းသားများနှင့် သံဃာတော် များအား ချက်ချင်း ပြန်လွှတ် ပေးရန်။
  • အထက်ပါ အချက်များ ကို မလိုက်နာပါက နိုင်ငံလုံးကျွတ် ဆန္ဒပြပွဲကြီး မကြာမှီတွင် စတင်တော့မည် ဖြစ်ကြောင်း အသိပေး ကြေငြာ လိုက်သည်။
" ကျွန်ူပ်တို့ ပြည်သူလူထု ၏ တောက်ခေါက်သံသည် သင်တို့ နားထဲတွင် ဗုံးပေါက်သလို ခံစားစေရမည်။ ပြည်သူ လူထု၏ ကြွေးကြော်သံသည် သင်တို့အား မုန်တိုင်း တိုက်သကဲ့သို့ ခံစား စေရမည်။ ပြည်သူ လူထု ၏ ချီတက်ဆန္ဒ ပြမှု သည် သင်တို့အား ငလျင်လှုပ်သကဲ့သို့ ခံစားစေရမည်။ ကျွန်ူပ်တို့၏ ယခု ဒီမိုကရေစီ တိုက်ပွဲသည် သမိုင်းတွင် ပြီးပြည့်စုံမှု အရှိဆုံး လူထု တိုက်ပွဲ ဖြစ်သောကြောင့် သင်တို့ မည်သည့် နည်းနှင့်မျှ ဟန့်တားနိုင်မည် မဟုတ်ကြောင်း အသိပေး လိုက်ပါသည်။ "

*ကျွန်ူပ်သည် နိုင်ငံရေး ပညာရှင် မဟုတ်ပါ။ မည့်သည့် နိုင်ငံရေး ပါတီမှလည်း မဟုတ်ပါ။ အမျိုးပျက်ကာ သာသနာ ကွယ်ကာ တိုင်ပြည်ပျက်မည့် အရေးကို ရင်လေးမိ သောကြောင့် မိမိ တတ်နိုင်သည့် ဘက်မှ အများ ပြည်သူ သိရှိရန် တင်ပြ ရေးသားခြင်းသာ ဖြစ်ပါသည်။ ကျွန်ူပ်တို့ လုပ်စရာ ရှိသည်များကို အားလုံး ၀ိုင်းဝန်း ဆွေးနွေး အကြံပြု တင်ပြ ပေးပါရန် အားလုံးကို လေးစားစွာ ဖိတ်ခေါ် အပ်ပါသည်။ ဤစာစု ထဲတွင် မဟုတ် မမှန်သော စကားတခွန်းမှ မပါဟု ကျွန်ူပ် ရဲရဲကြီး အာမခံရဲ ပါသည်။*
တိုင်းပြည်ကို အင်မတန် ချစ်မြတ်နိုးသည့်

ဗမာ့သွေး
Previous Post Next Post

Contact Form