မြ၀တီတွင် ရွှေဆိုင်ဓားပြတိုက်ခံရ



ရဲရင့် | ယနေ့ညနေ (၅) ခန့်အချိန်တွင် မြ၀တီမြို့ရှိ မြမြင့်မိုရ်ရွှေဆိုင်ကို လူ (၄) ဦးက ဓားပြ၀င်တိုက်ရာ ရွှေသား ကျပ်သိန်း (၆၀) ဖိုးခန့်ပါသွားသည်ဟု မြ၀တီခရိုင် ရဲမှူးတဦးက ပြောသည်။

မြ၀တီအမှတ် (၅) ရပ်ကွက်ရှိ ဦးထွန်းအောင် ဒေါ်ရွှေသန့်၏ ရွှေဆိုင်ကို ရုပ်ဖျက်ထားသည့် အမျိုးသမီး (၂) ဦးနှင့် အမျိုးသား (၂) ဦးက ခြောက်လုံးပြူး (၂) လက်ဖြင့် လာရောက်ကာ တိုက်ယူခြင်းဖြစ်သည်ဟု ဆိုင်ပိုင်ရှင်က ရဲကိုတိုင်ကြားကြောင်း သိရသည်။

ရွှေဆိုင်သို့ မြ၀တီခရိုင်အာဏာပိုင်များ ရောက်ရှိလာပြီး စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကာ လုံခြုံရေးများ တိုးမြှင့်ချထားကြောင်း၊ မြို့တွင်းမြို့ပြင်တွင် ပိုက်စိတ်တိုက်ရှာဖွေမှုများ ပြုလုပ်နေကြောင်း မြို့ခံတဦးက ပြောသည်။

ယခုကဲ့သို့ လုံခြုံရေးအပြည့်ချထားသည့် နယ်စပ်မြ၀တီမြို့၌ လူသူအများ သွားလာနေသည့်အချိန်တွင် ဓားပြတိုက်မှု ဖြစ်ပွားသည်ကို မြို့ခံများက မယုံနိုင်အောင်ဖြစ်ရသည်ဟု ပြောဆိုနေကြသည်။

အဆိုပါရွှေဆိုင်အနီးတွင် အလုပ်လုပ်ကိုင်နေသူများကို အာဏာပိုင်များက စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေပြီး ဓားပြများကို ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း အမှတ် (၅) ရပ်ကွက်မှ ဆိုက္ကားသမားတဦးက ပြောသည်။

source by :NEJ

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form