ဇွန် ၂၁


ခင်ငြိမ်းသစ်
Wednesday, June 23, 2010

၁၉၈၈ ခု မတ်လ ၁၃ ရက်နေ့တွင် ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ သေဆုံးရာမှ စတင်ခဲ့သော ကျောင်းသား လှုပ်ရှားမှုသည် ၁၆.၃.၈၈ နေ့ တွင် တံတားနီဟု ကမ္ဗည်း တင်နိုင်ခဲ့သော အင်းလျားကန် ကျောင်းသား သတ်ပွဲကြီး ဖြစ်ပေါ်ခဲ့ပြီးနောက် ၁၇.၃.၈၈ နေ့တွင် ကျောင်းသား ၁၄၁ ဦးဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ သို့သော်လည်း ကျောင်းသား လှုပ်ရှားမှုက စဉ်ဆက်မပြတ် အသက်ဝင်ခဲ့ပါတယ်။ ကျောင်းသားတို့ ရင်ထဲ အာဏာရှင်အား အပြီးတိုင်ချေမှုန်းမည်ဟု သံဓိဋ္ဌာန်ချခဲ့ကြ၏။

မတ်လက ပိတ်ခဲ့တဲ့ကျောင်းတွေ ဇွန်လဆန်းမှာ ပြန်ဖွင့်ပါတယ်။ ကျောင်းဖွင့်ချိန်မှာ သူငယ်ချင်းတွေ ပျောက်နေကြတယ်။ မြင်ဖူးနေကြ မျက်နှာတွေကို မတွေ့ကြရတော့ဘူး။ ကျောင်းကြီးရဲ့ လည်ပတ်မှုက ပုံမှန် မဟုတ်သလို ခံစားကြရပါတယ်။ ဒါကြောင့် ကျောင်းသားတွေ သူအုပ်စုနဲ့ သူ လှုပ်လှုပ်ရှားရှားဖြစ်နေခဲ့ကြပါတယ်။ ဇွန် ၁၅ ရက်နေ့ ညနေပိုင်းမှာ သိပ္ပံကင်တင်းရှေ့မှာ ကျောင်းသား တယောက်က ခွေးခြေပုတလုံးပေါ်တက်ပြီး တရားဟောခဲ့ပါတယ်။ အရှိန်ရလာတော့ ၁၆ ရက်နေ့မှာ ကျောင်းသားများ နားနေဆောင် (R.C) အတွင်းမှာ စာတွေကပ်ကြပါတယ်။ ခဏနေ ဆရာတွေလာခွါလိုက်၊ ကျောင်းသားတွေ ပြန်ကပ်လိုက်နဲ့ အတော်ကို ရှုတ်ထွေး နေပါတယ်။ ကပ်ထား တဲ့စာအများစုကတော့ မတ် ၁၃၊ ၁၆၊ ၁၇ ရက်နေ့တွေမှာ ဖြစ်ပျက်ခဲ့ ကိစ္စတွေအတွက် တာဝန်ရှိသူတွေကို အရေးယူပေးဖို့၊ ကျောင်း ထုတ်ခံရတဲ့ ကျောင်းသားတွေ ကျောင်းပြန်တက်ခွင့် ရဖို့၊ ကျောင်းသား သမဂ္ဂ ဖွဲ့စည်းဖို့ ဖြစ်ပြီး တချို့ စာတွေ ထဲမှာတော့ တပါတီ အာဏာ ရှင်စနစ်ကို ဖျက်သိမ်းပြီး ပါလီမန်ဒီမိုကရေစီစနစ်ကို ထူထောင်ပေးဖို့တွေ တောင်းဆိုကြပါတယ်။

ညနေပိုင်း ရောက်တော့ ကျောင်းသားတချို့ စားပွဲခုံတွေ ယူလာပြီး R.C ရှေ့မှာ စင်တခု ပုံစံခင်းကျင်း လိုက်ပါတယ်။ အဲဒီအချိန်မှာ မျက် လုံးနဲ့ ပါးစပ်ကိုပဲ ဖေါ်ထားပြီး မျက်နှာ တခုလုံး ခေါင်းစွပ်စွပ်ထားတဲ့ ကျောင်းသားတယောက်က တက်လာပါတယ်။ သူ့နာမည်ကို သူက ပဲ စတင်မိတ်ဆက်ပါတယ်။ သူ့နာမည် ကိုမောင်မောင်ကျော်လို့ ပြောပါတယ်။ နောက်ထပ် တက်တဲ့တယေက်ကတော့ သူ့နာမည်က သူရိန်တဲ့။ ကျောင်းသားလေးငါးယောက်လောက် တရားဟောပြီးတော့ ကျမတို့ ရာမညဆောင်ဘက်ချီတက်ကြပါတယ်။ ရာမည ဆောင် ကိုရောက်တော့ ဆရာမတွေက ရာမညဆောင်ရဲ့တံခါးကိုပိတ်ထားပါတယ်။ ရာမညဆောင်ရဲ့ဝရန်တာမှာတော့ ကျောင်းသူ ကျောင်းသားတွေဟာ အောက်ကလူအုပ်ကို စိတ်ဝင်တစား ကြည့်နေကြပါတယ်။

အဲဒီအချိန်မှာပဲ တရုတ်မလေး တယောက် ဝရန်တာ လက်ရမ်းပေါ် တက်လိုက်ပြီး သူ့နာမည်က ခင်နှင်းနွယ် ဖြစ်တဲ့ အကြောင်းနဲ့ ရာမည ဆောင်ကလူတွေက ကျောင်းသား လှုပ်ရှားမှုကို အပြည့်အ၀ ထောက်ခံကြောင်း ပြောလိုက်တဲ့ အချိန်မှာပဲ တံခါးဝကို ကျောင်းသားတွေ အတင်း တွန်းဖွင့် လိုက်ကြပါတယ်။ သူဆက်ပြောတာက သယံဇာတ ပေါများတဲ့ မြန်မာပြည်ဟာ အခုချိန်မှာ အရမ်း ဆင်းရဲသွားရတာ တ ပါတီ အာဏာရှင် စနစ်ရဲ့ မှားယွင်းတဲ့ စီမံကိန်းတွေကြောင့် ဖြစ်တာမို့လို့ တပါတီ အာဏာရှင် စနစ်ကို မလိုချင်တော့ဘူးလို့ ပြောလိုက်တော့ ကျောင်းသားတွေက “ဟေး….ဟုတ်တယ် .. ထောက်ခံတယ်” လို့ ပြိုင်တူ အော်လိုက်ကြပါတယ်။

၁၇ ရက်နေ့ ကတော့ မနက်ထဲက တရားပွဲတွေ လုပ်ကြပါတယ်။ ကျောင်းထဲက ကျောင်းသား အုပ်စုတွေ အတွက် ပြည်သူတွေက ထမင်း ထုပ်တွေ လာပို့ပေးပါတယ်။ ကိုသားကြီး၊ ကိုစိုးခ တို့က မိုက်ကရိုဖုန်းတွေ၊ ဆောင်းဘောက်တွေငှားလာပါတယ်။ ပြီးတော့ ကိုစိုးခ က အကောင်သေးတဲ့ ကျမ အတွက် သူ့ညီမရဲ့ အဖြူအစိမ်း ၀တ်စုံကိုယူလာပြီး လဲဝတ်ခိုင်း ပါတယ်။ ပြီးတော့ အထက်တန်း ကျောင်းသူ ပုံစံနဲ့ တရား ဟောခိုင်းပါတယ်။ အဲဒီရဲ့ နောက်ဆက်တွဲ နောက်နေ့တွေမှာ အထက်တန်း ကျောင်းသားတွေ ကျောင်းထဲ ရောက်လာပြီး၊ အ.က. သ အထက်တန်း ကျောင်းသားများ သမဂ္ဂ ဖွဲ့စည်းနိုင်ခဲ့ပါတယ်။

ဇွန် ၂၀ ရက်နေ့မှာ ရန်ကုန် တက္ကသိုလ်နဲ့ ရန်ကုန် တက္ကသိုလ် လက်အောက်ခံ R.C-1, R.C-2, R.C-3 တွေကို ပိတ်လိုက် ပါတယ်။ ဒါကြောင့် ကျောင်းသား အုပ်စု ၂ အုပ်စုကွဲသွားပြီး တချို့ကမြို့ထဲသွားပေမဲ့ ကျမတို့က ဆေးတက္ကသိုလ်ဘက် ချီတက်တဲ့ အုပ်စုနဲ့ လိုက် သွားပါတယ်။

ဆေးတက္ကသိုလ်ဘက် ဦးတည် ချီတက်သွားတဲ့ အုပ်စုတွေကို လိုင်းပေါက်ရှေ့ အရောက်တွင် အာဏာပိုင်များက ဆေးတက္ကသိုလ်နှင့် က မာရွတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံး အရှေ့တွင် သွပ်ဆူးကြိုး ဂိတ်များ ကာရံထားပြီး လုံထိန်းတွေက စောင့်နေပါတယ်။

ကျောင်းသားတွေက ရှေ့ဆက်ပြီး ချီတက်လို့မရတော့ပါဘူး၊ ကျောင်းသားတွေက နောက်ပြန်လည်း မလှည့်ကြပါဘူး၊ လုံထိန်းတွေနဲ့ ကျောင်းသားတွေ ထိပ်တိုက်ရင်ဆိုင်မိပါတယ်။ အဲဒီလိုဖြစ်နေတာကို ရပ်ကွက်တွေကလူတွေကလဲ ၀ိုင်းကြည့်နေကြပါတယ်။ နေ့လည် (၁၂) နာရီ လောက်အထိပါပဲ။ တဖြည်းဖြည်းနဲ့ ကျောင်းသားအုပ်စုအတွင်းကို ပြည်သူတွေပါ ၀င်ရောက်လာတဲ့အချိန်မှာ လုံထိန်းတွေ က သွပ်ဆူးကြိုးဂိတ်တွေကို သိမ်းကြပါတယ်။ ပြီးတော့မှ က.ပ.ရ (ကုန်းလမ်းပို့ဆောင်ရေး) ပိုင် T.E 11 ကားကြီးတွေနဲ့ ဦးဝိဇာရလမ်း ထဲ ချိုးကွေ့ဝင်သွားပါတယ်။

ဒါကြောင့် ကျောင်းသားတွေရှေ့ကိုဆက်ပြီး ချီတက်ပါတယ်။ ဆေးတက္ကသိုလ်က ကျောင်းသားတွေပါ ပါဝင်လာတာကြောင့် အုပ်စုက လဲပိုကြီးလာပါတယ်။ ကျောင်းသားတွေကတမင်ပဲ ရှပ်အင်္ကျီအဖြူတွေ ဝတ်လာကြတာများတဲ့အတွက် စစ်ကြောင်းကြီးက သပ်သပ်ရပ် ရပ်နဲ့ လှပနေပါတယ်။

တကယ်တော့ လုံထိန်းတွေက ပြန်သိမ်းတာမဟုတ်ပဲ ဦးဝိဇာရလမ်းကနေချိုးကွေ့ပြီး ဗားကရာလမ်းဆီကိုသွားတာဖြစ်ပါတယ်။ ဗားက ရာလမ်းကနေ ထွက်လာပြီး စမ်းချောင်း ရဲစခန်းရှေ့ ပြည်လမ်းမပေါ်မှာ သွပ်ဆူးကြိုးဂိတ်တွေချပြီး ကျောင်းသားစစ်ကြောင်းကို ကာရံ လိုက်ပါတယ်။ လုံထိန်းတွေက ဒိုင်းတွေ၊ ဒုတ်တွေနဲ့ ဟန်ရေးပြနေပါတယ်။

စမ်းချောင်း၊ မြေနီကုန်းက ပြည်သူတွေက အဲဒီလို လုပ်လိုက်တာကို ဒေါသထွက်ကြပါတယ်။ ဒါကြောင့် ကျောင်းသားတွေကို အားပေး တဲ့အနေနဲ့ ပြည်သူတွေက ထွက်လာကြပါတယ်။ မြေနီကုန်း မီးပွိုင့်က လမ်းလေးခွစုံ ဆိုတော့ ဘက် ၃ ဘက်မှာ ပြည်သူတွေ ရှိနေပြီး ပြည် လမ်း လှည်းတန်းဘက်ခြမ်းမှာ ကျောင်းသားတွေရှိနေပါတယ်။ ဘယ်လိုမှ ထင်မှတ် မထားပါပဲ ပြည်လမ်းမပေါ် စမ်းချောင်းလမ်းဘက် အခြမ်းမှ လူငယ်တွေ လုံထိန်းတွေကို ခဲနဲ့စပေါက်ပါတယ်။ အဲဒီလို ခဲနဲ့ပေါက်လိုက်ရင်ပဲ တခြားလူတွေကလဲ တိုင်ပင်စရာမလိုပဲ ပေါက် ကြပါတယ်။

ကျောင်းသားတွေရှိတဲ့ ဘက်မှာက မစိုးရိမ်တိုက်သစ်ကဆောက်လက်စမို့လို့ အုတ်ခဲတွေ အများကြီး ရှိနေပါတယ်။ ဒါကြောင့် ကျောင်း သားတွေကလဲ ခဲနဲ့ဝင်ပစ်ကြပါတယ်။ လုံထိန်းက လေးဘက် လေးတန်က လာတဲ့ ခဲတွေ၊ ဒုတ်တွေ သဲတွေ ဒဏ်ကိုမခံနိုင်တော့လို့ ရပ် ထားတဲ့ T.E တွေဆီကို ဒုန်းစိုင်းပြေးကြတယ်။ တချို့လဲ လေယာဉ်ပစ် အမြောက်တပ် အပိုင်ဝင်းထဲ ပြေးဝင်ကြပါတယ်။ လုံထိန်း ၇ ယောက်လောက်လဲ သေဆုံး ကြပါတယ်။ ဒဏ်ရာ ရသူတွေကိုတော့ ပြေးရင်းနဲ့ ဆွဲသွားတော့ ကားပေါ်မှာ ပါသွားကြပါတယ်။ ကားဘေး က တွယ်လိုက်သွားတဲ့ လုံထိန်းကို ခဲနဲ့ ၀ိုင်းပစ်လိုက်တာ ထိသွားပေမဲ့ ပြုတ်ကျမလာပါဘူး။

၃ နာရီ မိနစ် ၃၀ ၀န်းကျင်လောက် ရောက်တော့ အင်းစိန်ဘက်ကနေ စစ်သား အပြည့်ပါတဲ့ စစ်ကား သုံးလေးစီးနဲ့ ဘရင်းကယ်ရီယာ တွေနဲ့ ရောက် လာပါတယ်။ ပြည်လမ်းမပေါ်ကနေ ဗားကရာ လမ်းထဲဝင်၊ ပဒုမ္မာလမ်း၊ စမ်းချောင်းလမ်း ပတ်ချာလည်လှည့်ပြီး သေနတ် နဲ့ပစ်ပါတယ်။ လူတွေနဲနဲရှဲသွားတော့မှ သေသွားတဲ့ လုံထိန်းအလောင်းတွေကို တာလပတ်နဲ့အုပ်ပြီး စစ်ကားတွေပေါ်တင်သွားပါ တယ်။

စမ်းချောင်းလမ်းနဲ့ မြင့်မိုရ် လမ်းထောင့်မှာ အ.ထ.က (၃) စမ်းချောင်း ရှိပါတယ်။ ကျောင်းက ၂ ချိန်ကျောင်းပါ။ ညနေပိုင်း ၁၂ နာရီက ၅ နာရီအချိန်မှာ ၅ တန်းကနေ ၁၀ တန်းအထိတက်ရပါတယ်။ အဲဒီနေ့က စစ်ကားတွေ ပတ်ချာလည်လှည့်ပြီး ပစ်နေတာပါ။ လူတွေကလဲ စစ်ကားဝင်ပစ်ရင် ပုန်းနေကြ၊ စစ်ကားတွေထွက်သွားတာနဲ့ လမ်းပေါ်ပြန်ထွက်ကြပါတယ်။ လုံထိန်း ၇ ယောက်တောင်သေထားတာဆို တော့ အားလုံးကလည်း အားတက်နေကြပါတယ်။

စစ်ကားတွေ ပြန်ထွက် သွားချိန်မှာ ဆရာမတွေက ကျောင်းသားတွေကို ကျောင်းပြန် လွှတ်လိုက် ပါတယ်။ ကလေးတွေ ပြန်သွားပြီး သိပ်မ ကြာခင်မှာပဲ စစ်ကားတွေပြန်ဝင်လာပြီး လူတွေကိုသေနတ်နဲ့ ထပ်ပစ်ပါတယ်။ ရွှေမန်းရုံရှေ့ အနားလောက်မှာ အဖြူနဲ့အစိမ်း ကျောင်း လွယ်အိတ်လွယ်ထားတဲ့ ၅ တန်းကျောင်းသူလေးကို ထိသွားပါတယ်။ ကလေးက ပွဲချင်းပြီးသေသွားပါတယ်။

ဗားကရာလမ်း စမ်းချောင်းဘက်ကပစ်ပြီးတော့ မြေနီကုန်းထဲဝင်သွားပါတယ်။ ဒေါသဖြစ်နေတဲ့ပြည်သူတွေက စစ်တပ်ကို အော်ဟစ်ဆဲ ဆိုပါတယ်။ ဒီတော့ စစ်တပ်က လူတွေပုန်းအောင်းပြီး ဆဲနေတဲ့လမ်းကြားလေးထဲကို လှမ်းပစ်လိုက်ပါတယ်။ ကြွေးကြော်အော်ဟစ်နေ တဲ့ လူအုပ်ထဲက ကုလားလေးတယောက်ကို သေနတ်မှန်သွားပါတယ်။ ရပ်ကွက်ထဲက လူတွေက အဲဒီကုလားလေးကို အိမ်ထဲဆွဲသွင်း ထားလိုက်ပါတယ်။ စစ်တပ်ကတော့ အဒီလမ်းထဲဝင်မလာရဲပါဘူး လက်နက်ပုန်းတွေကိုကြောက်တယ်လေ။

နောက်တကြိမ် စမ်းချောင်းလမ်းထဲဝင်ပြီးပစ်တော့ ကိုပု (မင်းလမ်းမှာ နေထိုင်သူ) ၊ ကိုလှမျိုး (မြင့်မိုရ်လမ်းမှာ နေထိုင်သူ) တို့သေနတ် ထိမှန်သွားကြပါသည်။ ပြီးတော့ ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။

ညနေ ၅ နာရီ လောက်မှာ T.E11 ပေါ်မှာ လော်စပီကာ တပ်ပြီးစစ်အုပ်ချုပ်ရေး ထုတ်ပြန်လိုက်ကြောင်းကို ရပ်ကွက်ထဲလှည့်ပြီး ကြေ ညာပါတယ်။ စစ်အုပ်ချုပ်ရေး ထုပ်ပြန်ကြောင်း ကြေညာတဲ့ကားပေါ်မှာ စစ်လက်နက် အပြည့်အစုံတပ်ဆင်ထားတဲ့ စစ်သားတွေအ ပြည့်ပါလာလို့ ဗိုလ်ချုပ်အောင်ကြီးက သူနေထိုင်ရာ အနောက်မြေနီကုန်းလမ်းက အိမ်ရဲ့ ၀ရန်တာကနေထွက်ပြီး အသံကျယ်ကျယ်နဲ့
“ဟေ့ လုပ်ကြပါ…လုပ်ကြပါ…ဘာလက်နက်မှမရှိတဲ့ ပြည်သူတွေကို ပစ်ကြမလို့လားကွ၊ တော်တော်…တော်တဲ့ကောင်တွေပဲကွ၊ တ ကယ် မင်းတို့နေရမှက ဘားတိုက်ကွ…ဘားတိုက်၊ လို့ပြောပါတယ်။ ဒါပေမဲ့ စစ်သား စစ်သားတွေ ဘာမှပြန်မပြောရဲပါဘူး။ ကားကိုပဲ မောင်းထွက် သွားပါတယ်”

ညနေ ၆ နာရီ အပြင်မထွက်ရအမိန့် ထုတ်လိုက်ပေမဲ့ ၅း၃၀ ခန့် လောက်မှာ စစ်တပ်ကထပ်ရောက်လာပြီး စမ်းချောင်းလမ်းထိပ်ကနေ တန်းစီပြီးကျားထိုးပစ်ပါတယ်။ ဦးတည်ရာမရှိပဲ အားလုံးကို ရမ်းသမ်းပစ်တာပါ။ ပဒုမ္မာလမ်းအထိရောက်သွားပြီးတော့မှ ပြန်ထွက်သွား ပါတယ်။

စမ်းချောင်းမှာ ဖြစ်ပျက်နေတာကို မြို့ထဲ၊ ဆင်ခြေဖုံး အားလုံးက ကြားကြပါတယ်။ ဒါကြောင့် တချို့လူတွေက ကျောင်းသားတွေထိခိုက် ဒဏ်ရာရပြီး ရောက်လာရင်ကူညီရအောင် အရေးပေါ် ရှေ့မှာ စောင့်နေကြပါတယ်။ တာလပတ်အုပ်ထားတဲ့ T.E 11 ကြီးဝင်လာတော့ ကားပေါ်မှာ ကျောင်းသားတွေ ပါတယ် မှတ်လို့ အတင်းကို ဆင်းတားကြပါတယ်။ လူတွေအတင်းတားတော့ ကားမောင်းလာတဲ့ လုံထိန်း က ထွက်ပြေးသွားပါတယ်။

လုံထိန်းထွက်ပြေးသွားတော့မှ စောင့်နေတဲ့လူတွေက တာလပတ်တွေကို ဆွဲဖယ်လိုက်တဲ့အချိန်မှာ ယူနီဖောင်းတွေ ၀တ်ထားတဲ့ လုံ ထိန်းတွေဒဏ်ရာရလာတာပါ။ တချို့က ဒဏ်ရာ ပြင်းထန်လွန်းလို့ သေလုသေခင်၊ တချို့ကတော့ ခြေကျိုး လက်ကျိုး ခေါင်းကွဲ ယုံလောက် ပါ။ ဒါကြောင့် ဒေါသထွက်နေတဲ့ လူအုပ် ကတော့ အဲဒီ T.E11 ကြီးကို မီးရှို့လိုက်ပါတယ်။ မီးတွေ တဟုန်းဟုန်း တောက်လောင် နေတဲ့ T.E11 ပေါ်မှာတော့ လုံထိန်းတွေ အရှင်လတ်လတ် မီးသင်္ဂြိုလ်ခံခဲ့ရပါတယ်။

အဲဒီ အဖြစ်အပျက်တွေက ဖြစ်ပွားခဲ့တာ နှစ်ပေါင်း ၂၂ နှစ် ကြာခဲ့ပေမဲ့ ကျမတို့ မမေ့နိုင်ပါဘူး။ အဓိက အကြောင်းတရား ကတော့ နိုင်ငံ ရေးကို နိုင်ငံရေး နည်းအရ ဖြေရှင်းပေးခဲ့မယ် ဆိုရင် ဒီလောက် အထိ ဖြစ်ပျက် သွားမယ်လို့ ကျမ မထင်ပါဘူး။ ဒါကြောင့် ကျမတို့ရခဲ့တဲ့ သင်ခန်းစာက နိုင်ငံရေးကို နိုင်ငံရေးနည်း အရ ဖြေရှင်း တာဟာ အကောင်းဆုံး ဆိုတာပါပဲ။

ခင်ငြိမ်းသစ်

source by : နေ့သစ်
Previous Post Next Post

Contact Form