ထိုင်းရှိ တရားမ၀င် အလုပ်သမားများအား စတင်ဖမ်းဆီး



မြတ်ခိုင်ဦး | ထိုင်းနိုင်ငံ ပထုံဌာနေ ခရိုင်အတွင်းတွင် ဇွန် (၁၇) ရက်မှ (၂၁) ရက်အထိ တရားမ၀င် နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားပေါင်း (၁,၀၀၀) ခန့်ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

တိုင်းဒေသ (၁) ရဲစစ်ဌာနချုပ် ရဲဒု-ဗိုလ်ချုပ်ကြီး ကရီဆာခပန်ကိုဟောင်ချန်နှင့် ပထုံဌာနီခရိုင်ရဲမှူး ဗိုလ်မှူးချုပ် မီသီ သွတ်လာဆန်တို့၏ ပူးပေါင်းအဖွဲ့က ခရိုင်အတွင်းရှိ ကလောင်လန်းမြို့နယ်နှင့် လမ်လုကာမြို့နယ်တို့မှ ဈေးများ၊ စက်ရုံများတွင် တရားမ၀င်အလုပ်လုပ်ကိုင်နေသူများအား ရှာဖွေဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ယမန်နေ့ထုတ် ဒေလီးနယူးသတင်းတွင် ဖော်ပြသည်။

ဖမ်းမိသူများအနက် အချို့သည် နိုင်ငံခြားသား အလုပ်သမားဖြစ်ကြောင်း သက်သေခံလက်မှတ်များ ကိုင်ဆောင်ထားကြသော်လည်း ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်ခွင့် လက်မှတ်မရှိသူများဖြစ်ကြောင်း၊ အချို့အလုပ်သမားများမှာမူ လုပ်ငန်းရှင်များက ၎င်းတို့၏ သက်သေခံလက်မှတ်များကို သိမ်းဆည်းခြင်း ခံထားရသူများ ဖြစ်ကြောင်း၊ ဖမ်းဆီးခံရသူအားလုံးသည် တရားစွဲဆိုခြင်းခံရမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ဖမ်းဆီးမှုနှင့်ပတ်သက်၍ ရဲဒု-ဗိုလ်ချုပ်ကြီးက “ခရိုင်အသီးသီးရှိ ဒေသပေါင်းစုံမှာ တရားမဝင် နိုင်ငံခြားသား အလုပ်သမားတွေကို ဆက်လက်ဖမ်းဆီးမှာဖြစ်ပြီး လုပ်ငန်းရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တရားမဝင်နိုင်ငံခြားသား အလုပ်သမားတွေဟာ နိုင်ငံသားစိစစ်ရေးပြုမှု လုပ်ငန်းစဉ်အတွင်း ပူးပေါင်းဆောင်ရွက်လာပြီး တရားဥပဒေအရ အလုပ်လုပ်ကိုင်ခွင့်ပါမစ်ကို တောင်းခံဖို့ လိုတယ်ဆိုတာ အသိပေးချင်တယ်” ဟု ပြောသည်။

ယင်းသို့ ပါဝင်ပူးပေါင်းခြင်းမရှိသည့် တရားမ၀င်နိုင်ငံခြားသား အလုပ်သမားများအား ဖမ်းဆီးတရားစွဲဆိုသွားမည်ဟု သိရသည်။

ရဲစခန်း (၁၄) ခုမှ ပူးပေါင်းဖမ်းဆီးမှုတွင် မြန်မာ (၃၉၀)၊ လာအို (၇၁)၊ ကမ္ဘောဒီးယား (၁၆၅) နှင့် ဗီယက်နမ် (၃) ဦးတို့ပါဝင်ပြီး ၎င်းတို့အား သခိုနောင်ဒေသ ရဲစခန်းသို့ ပြန်လည်ပို့ဆောင်ကာ ရုံးတင်တရားစွဲဆို၍ ဌာနေသို့ ပြန်လည်ပို့ဆောင်မည်ဖြစ်သည်။

အဖမ်းဆီးခံရသည့် တရားမဝင်အလုပ်သမားများအား ဘတ်စ်ကားငယ်များ၊ အချုပ်ကားများနှင့် ခြောက်ဘီးကားကြီးများပေါ်တွင် တကြိမ်လျှင် အယောက် (၁၀၀) ခန့် အမျိုးသမီး၊ အမျိုးသား ရောနှောတင်ဆောင်ကာ ပြွတ်သိပ်ကြပ်၍ သခိုနောင်ဒေသ ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းကြောင်း သိရသည်။

ဘန်ကောက်မြို့တွင်လည်း တရားမ၀င် နိုင်ငံခြားသားအလုပ်သမား (၈၀၀) ကျော်ကို ဖမ်းဆီးခဲ့ကြောင်း ဘန်ကောက်မြို့တော် ရဲဌာနချုပ် တပ်မှူး ဒု-ဗိုလ်ချုပ်ကြီး ဆန်သန်ချိုင်းယာနွန်က တနင်္ဂနွေနေ့တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အဆိုပါအလုပ်သမားများသည် မြို့တော်ရဲဌာနချုပ် အမှတ် (၁) မှ (၉) အတွင်း ထိန်းချုပ်သည့်ဒေသများမှ ဖမ်းဆီးမိခြင်းဖြစ်ပြီး ဇွန် (၁၆) ရက်မှ (၁၉) ရက်အတွင်း ဖမ်းဆီးမှုဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးခံရသူ နိုင်ငံခြားသားအလုပ်သမား (၈၃၀) ကျော်တွင် မြန်မာ (၃၄၆) ဦး၊ ကမ္ဘောဒီးယား (၃၀၇) ဦးနှင့် ကျန်ရှိသောသူများမှာ လာအို၊ ဗီယက်နမ်၊ နိုင်ဂျီးရီးယားနှင့် အစ္စရေးနိုင်ငံတို့မှဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ထိုင်းနိုင်ငံအတွင်း တရားမ၀င် ၀င်ရောက်ခြင်းသည် ထိုင်းလူ့အဖွဲ့အစည်း၏ တည်ငြိမ်အေးချမ်းမှုကို ခြိမ်းခြောက်လျက်ရှိပြီး ဥပဒေချိုးဖောက်မှုများလည်း ဖြစ်ပေါ်စေသဖြင့် ယခုကဲ့သို့ ဖမ်းဆီးရခြင်းဖြစ်ကြောင်း၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်များ၊ စားသောက်ဆိုင်နှင့် အခြား စီးပွားရေးအချက်အချာဒေသများ စသည့် ဒုစရိုက်ထူပြောသောဒေသ (သို့မဟုတ်) ဆုံရပ်များကို ပစ်မှတ်ထား၍ ရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းချုပ်သွားမည်ဟု ဘန်ကောက်မြို့တော် ရဲဌာနချုပ်တပ်မှူးက ပြောကြားသည်။

ဖမ်းဆီးမှုများမှာ ယခုလအတွင်း ဆက်တိုက်ဆိုသလိုဖြစ်နေပြီး မဟာချိုင်ဒေသ၌ ဇွန် (၁၇) ရက်တွင် တရားမ၀င်အလုပ်သမား (၁၅၃) ဦး၊ (၁၉) ရက်တွင် (၈၀) ဦးနှင့် (၂၀) ရက်တွင် ဟတ်ရိုင်၌ (၆၀) ဦး အသီးသီးဖမ်းဆီးခံထားရသည်။

ဘန်ကောက်မြို့ ဓာတ်ဆီဆိုင်တခုရှိ အလုပ်သမားများကို ဝင်ရောက်ဖမ်းဆီးရာတွင် အသက် (၁၄) နှစ်အရွယ် မြန်မာကလေးငယ် (၂) ဦးလည်း ပါသွားသည့်အတွက် မိဘများမှာ စိုးရိမ်နေကြသည်။

source by :NEJ

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form