ရဲချုပ် ခင်ရီရဲ့ထွက်ပေါက်ရှာ ဖန်တီး ဇတ်မှာ သားကောင် ဖြစ်ရရှာသူ ကိုဖြိုးဝေအောင်

မောင်ချင့်ချိန်
ရန်ကုန်တိုင်း အမှတ်(၄) စစ်ဒေသမှူး ဗိုလ်မှူးကြီး အုန်းချို အပါအ၀င်၊ မင်္ဂလာတောင်ညွန့် မြို့နယ် မယက ဥက္ကဌ ဦးကျော်ငြိမ်း၊ မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှုး ဗိုလ်ကြီးသန့်ဇင်သိန်း၊ ရဲမှုးများ၊ ဒုရဲအုပ်များ ၊ ရယကများ ၊ ကြံ့ဖွတ်များနဲ့ စစ်အစိုးရ ခိုင်းဖတ် လက်ပါးစေ အများအပြား သေဆုံး ဒါဏ်ရာ ပြင်းစွာရခဲ့ပြီး ပြည်သူ လူထုတွေပါ ထိခိုက်ခဲ့တဲ့ သင်္ကြန်အကြတ် နေ့ ကန်တော်ကြီး ဗုံးပေါက်ကွဲမှုကို ဘယ်သူ လုပ်တာလဲလို့ ကမ္ဘာ ကရော မြန်မာ ပြည်သူ တရပ်လုံးကပါ စိတ်ဝင်တစား ရှိခဲ့ပါတယ် ။

ရှစ်လေးလုံး အရေးတော်ပုံကြီးကို စစ်တပ်က အာဏာသိမ်းခဲ့ပြီး ကျောင်းသား လူငယ်လေး တွေကအစ သေနတ်ကိုင် ပြန်တိုက်တဲ့ ခေတ် (၂၂နှစ် ကာလ)မှာ ဗမာပြည်မှာ ဗုံးကွဲတာ အကြိမ် သုံးရာကျော်ပြီလို့ စစ်အစိုးရရဲ့ ထုတ်ပြန်ချက်တွေမှာ ဖေါ်ပြထားပါတယ် ၊ တနှစ် ကိုဆယ့်ငါးကြိမ် ပျမ်းမျှ တစ်လတစ်ကြိမ် နှုန်းလောက် ကွဲနေသလိုမို့ ဗမာ ပြည်သူတွေရော ၊ နိုင်ငံတကာကပါ ယဉ်ပါး နေပြီး ဗုံးကွဲတယ် ဆိုတာကို သိပ်စိတ်ဝင်တစား မရှိကြတော့တာ ကြာပါပြီ ၊ တိုင်းပြည်မတည်ငြိမ်ဘူးဆိုပြီး ဆက်အုပ်ချုပ်လို့ရအောင် သူတို့ဘာ သူတို့ခွဲတာ နေမှာပါ ဆိုတာမျိုးလဲ ပြည်သူ အများစုက သဘောထား ခဲ့ကြပါတယ် ၊ ခု ဧပြီလ (၁၅)ရက် ၊ သကြန် အကြတ်နေ့ ဗုံးပေါက်ကွဲမှုကိုတော့ သင်္ကြန်တွင်းဖြစ်တာကြောင့်ရော ၊ လူ အများအပြား ထိခိုက် တာကြောင့်ရော ၊ စစ်ဘက်အရပ်ဘက်အုပ်ချုပ်ရေးတာဝန်ရှိ ရာထူးကြီး ကြီးမားမားပုဂ္ဂိုလ် များနဲ့ အာဏာပိုင် အသိုင်းအ၀ိုင်းကြား ထိခိုက်မှု များတာ ကြောင့်ရော ၊ ဗိုလ်ချုပ်မှုးကြီးသန်းရွှေရဲ့မြေး နေရွှေသွေးအောင် လာလို့ စစ်အုပ်စု အချင်းချင်းလုပ်တာလို့ အမျိုးမျိုး ပြောနေကြတာတွေ ကြောင့်ပါ ကမ္ဘာ ကရော မြန်မာ ပြည်သူ တရပ်လုံးက ပါစိတ်ဝင် တစားရှိခဲ့တာပါ ။

စစ်အစိုးရ ကိုယ်တိုင်ကလဲ အရင့်အရင်က ဗုံးတွေနဲ့ မတူပဲ သေဆုံးဒါဏ်ရာ ရစာရင်းတွေကိုချက်ခြင်း ထုတ်ပြန် ကြေငြာခဲ့သလို ဂျာနယ်တွေ ကနေလဲ (အာဏာပိုင် အဖွဲ့စည်းဝင်တွေထိပုံတွေနဲ့ အကြောင်းရာ ကလွဲရင်) ဓါတ်ပုံတွေနဲ့ တကွ ဖေါ်ပြခွင့် ပေးခဲ့ပါတယ် ၊ နောက်ရက်ပိုင်းလေးမှာပဲ ဗုံးဖေါက်ခွဲသူ နှစ်ယောက်ကို သတင်းပေးရင် ဆုငွေဆယ် သိန်းပေး မယ်လို့ တယက ကြေငြာချက် ထုတ်ပြန်ပြီး ရန်ကုန်တိုင်း မြို့နယ် ပေါင်းစုံက ရယကရုံးတွေနဲ့ လူစည်ကားရာလမ်းဆုံလမ်းခွတွေ ၊ ဘတ်စ်ကားမှတ် တိုင်တွေမှာ ကပ်ထား ခဲ့ပါတယ် ၊ မင်္ဂလာတောင်ညွန့် မြို့နယ် သပြေကုန်းရပ်ကွက်ဥက္ကဌက ဗုံးပစ်လိုက် တာကို မြင်လိုက်ပြီး ၀ပ်လို့အော်လိုက်ကြောင်း ၊ ဗုံးပစ်သူ တယောက်ကို နေရာမှာ တင်ဖမ်းမိကြောင်း စစ်အစိုးရ စာပေ စီစစ်ရေးက ခွင့်ပြု ထုတ်ဝေတဲ့ ဂျာနယ်တွေထဲမှာလဲ ဖေါ်ပြထားခဲ့ပါတယ် ။

ဗုံးပေါက်ကွဲမှု ဖြစ်ပြီး သုံးပါတ် အကြာမှာတော့ အားလုံးသိပြီးတဲ့အတိုင်း ရဲချုပ်ခင်ရီက အလွဲလွဲ အချော်ချော် သတင်းစာ ရှင်းပွဲ လုပ်ပါတယ် ၊ ဗုံးဖေါက်ခွဲမှုမှာ ကိုယ်တိုင်ပါဝင် ကျူးလွန်သူတယောက်ကို ဖမ်းမိ ထားတယ် ပြောပြီး VBSW , ABSDF , DAB , NCUB , KNU စတဲ့ အဖွဲ့များစွာကိုလဲ စွပ်စွဲလိုက်ပါတယ် ။

ရဲချုပ်ခင်ရီရဲ့ ရှေ့နောက် မညီ အလွဲလွဲ အချော်ချော် သတင်းစာရှင်းပွဲကို သေချာလေ့လာပြီး ချိန်မှာတော့ ဗုံးဖေါက်ခွဲမှုမှာ ကိုယ်တိုင် ပါဝင် ကျူးလွန်သူလို့ စစ်အစိုးရ ဖေါ်ပြထားတဲ့ ကိုဖြိုးဝေအောင်ဟာ အမှန် တကယ် ကျူးလွန်သူ ဟုတ်မှ ဟုတ်ရဲ့လားလို့ သံသယ ဖြစ်စရာ ၊ စဉ်းစားစရာ ဖြစ်လာပါတယ် ။

နဂိုကတည်းက ယုံစရာမကောင်းလို့ စစ်အစိုးရ ပြောတာတွေ မို့လို့ လို့ ၊ စိတ်အခံကြောင့် လက်မခံ တာမျိုး မဟုတ်ပဲ လုပ်ကြံ ဖန်တီးထားတဲ့ ဇတ်လမ်း ဖြစ်နိုင်တယ်လို့ ရဲချုပ်ခင်ရီ ဆက်စပ် ပြနေတဲ့ အလွဲ တွေကနေကို တွေးမိခဲ့တာပါ ။ အဲဒီမှာ ဘာကြောင့် လုပ်ကြံဇတ်ထွင် ရသလဲဆိုတာနဲ့ ကိုဖြိုးဝေအောင် က ဘာကြောင့် တရားခံ အဖြစ် ပြခံရလဲဆိုတာ ပြောစရာ ရှိလာပါတယ် ။

အဓိက လုပ်ကြံ ဇတ်ထွင် ရတဲ့အကြောင်းက သူ့တပ်သူ ထိမ်းဘို့ပါ ၊ စစ်အစိုးရဟာ ဘယ်ပြည်သူ ဘာပြော ပြော ၊ ကမ္ဘာက ဘာပြောပြော ဘယ်တုံးကမှ ဂရု မစိုက်ပါဘူး ၊ ကမ္ဘာနဲ့ ပြည်သူတွေ ကိုလိမ်ဘို့ ဆိုတာ ထက် သူ့ တပ်ထဲမှာ ဖြစ်လာတဲ့ ပြဿနာ တွေကို ရှင်းဘို့ ၊ အာဏာရှင်သန်းရွှေနဲ့ စဉ်းစားဥာဏ်မရှိတဲ့ သူ့တပ် အသိုင်းအ၀ိုင်းကို ပြန်လိမ်တာပါ ။

X2O ရေကစားမဏ္ဍပ်ဟာ စစ်အုပ်စုရာထူးကြီးပုဂ္ဂိုလ်များရဲ့သားသမီးတွေစုဝေးရာဖြစ်ပြီး ဗိုလ်ချုပ် မှုးကြီးသန်းရွှေရဲ့ အချစ်တော်မြေးလေး ဖိုးလပြည့်ခေါ်နေရွှေသွေးအောင်ပါ လာ သွားနေခဲ့ပါတယ် ၊ အမှတ်(၄)စစ်ဒေသမှုးဗိုလ်မှုးကြီးအုန်းချိုက သူ့အပိုင်စစ်ဒေသမဟုတ်ပဲ ဖိုးလပြည့်နဲ့ VIP သားသမီး များလုံခြုံရေးအတွက် သီးသန့်လာစောင့်ပေးနေရတာပါ ၊ ရန်ကုန် တိုင်းစစ်ဌာနချုပ် ၀င်ထွက်ခွင့် တံဆိပ်ပါကားတွေရပ်ထားပြီး ဗိုလ်မှုးကြီး ကိုယ်တိုင်လုံခြုံရေးယူ ပေးနေတာမို့ သက်ဆိုင်ရာမြို့နယ် ရဲမှုးနဲ့မယကဥက္ကဌအပါအ၀င် လုံခြုံရေးများစွာ ရှိနေတဲ့ ကြားမှာကွဲခဲ့ထိခဲ့တာကြောင့် အချင်းချင်း ပြန်ယိုးစွပ်စရာတွေ ဖြစ်လာပါတော့တယ် ၊ ဖိုးလပြည့်ကိုမကြည်တဲ့ တပ်တွင်းအသိုင်းအ၀ိုင်း ၊ တခြား VIPသားသမီး တချို့ကိုမကြည်တဲ့ တပ်တွင်းအသိုင်းအ၀ိုင်း ၊ ဗိုလ်မှုးကြီးအုန်းချိုကိုမကြည်တဲ့ တပ်တွင်း အသိုင်းအ၀ိုင်း တခုခုက လုပ်တာလို့ သူတို့အချင်းချင်းကြားမှာကို ထင်ကြေးတွေယူဆချက်တွေ အမျိုးမျိုးဖြစ်လာ ခဲ့တာပါ ၊ ၂၀၁၀ ဇန္န၀ါရီလထဲမှာ တောင်ဥက္ကလာပမြို့နယ် ၊ ချယ်ရီဥယျာဉ်အိမ်ယာက နေပြည်တော်တိုင်းမှုး ဗိုလ်မှုးချုပ်ဝေလွင်နေအိမ်နဲ့ နယ်စပ်စည်ပင်ဒုဝန်ကြီး ဗိုလ်မှုးကြီးတင်ငွေ နေအိမ်တွေမှာ ချိန်ကိုက်ဗုံးတွေတွေ့ခဲ့ပြီး သတင်းထုတ်ပြန်ခြင်းမရှိပဲ ဖုံးကွယ်ထားခဲ့ပါတယ် ၊

(သုံးလကျော်ကြာပြီးမှ ခု သတင်းစာရှင်းပွဲမှထုတ်ပြောတာပါ ) ၊ ထောက်လှမ်းရေးအသိုင်း အ၀ိုင်းနဲ့ အရာရှိကြီးတွေသာသိခဲ့ပြီး ချယ်ရီဥယာဉ်အိမ်ယာကိုဆောက်နေတဲ့ ဆာကူရာ ဆောက်လုပ်ရေးက ၀န်ထမ်းတွေနဲ့အလုပ်သမားတွေကိုတောင် အဲဒီဝန်းထဲမှာပဲကျိတ်ပြီး စစ်ခဲ့ပါတယ် ၊ တယောက်နဲ့ တယောက်လေးစားမှုမရှိပဲ အကျိုးခံစားမှုတွေနဲ့ ၊ အမိန့်အာဏာ တွေကပေါ်နေ ပါတ်သက်နေ ကြတဲ့ အသိုင်းဝိုင်းဖြစ်တာကြောင့် ၊ သတင်းလုံခြုံမှုမရှိပဲ ပေါက်ထွက်လာပြီး ပြည်ပသတင်းဌာနတွေကနေ ပြောမှသိကြရတာကြောင့် တပ်တွင်းမှာပဲ အချင်းချင်း ပြန်လုပ် နေသလား ၊ တယောက်ကိုတယောက် မယုံသင်္ကာနဲ့ ကြည့်နေခဲ့ကြ တာမှာ ၊ သင်္ကြန် ဗုံးပေါက်မှုဟာ ပြဿနာပိုကြီးစေခဲ့ပါတယ် ။ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ အပါအ၀င် ဗိုလ်ချုပ်ကြီး တွေ ကြားမှာမလုံမခြုံဖြစ်လာပြီး ဗုံးပေါက်ကွဲပြီးမကြာမှီ အဆင့်မြင့် အရာရှိတွေ နေပြည်တော် သွားလာခွင့် ကန့်သတ်လိုက်တာ ၊ လူအင်အား လက်နက်အင်အား စာရင်း ကြိုသတင်းပို့ရမှာ တွေဖြစ်လာပါတယ်။

သို့လောသို့လောနဲ့ အချင်းချင်းမယုံမကြည်ဖြစ်လာတဲ့ တပ်တွင်းပဋိပက္ခကိုထိမ်းဘို့ ၊ မျက်မာန်ရှနေတဲ့ အာဏာရှင်ကြီးသန်းရွှေကိုနှစ်သိမ့်နိုင်ဘို့ ၊ စောက်သုံးမကျသလိုဖြစ်နေတဲ့ ရဲနဲ့ထောက် လှမ်းရေးတွေရဲ့ သိက္ခာကိုကာကွယ်ဘို့ ၊ ပြည်သူတွေကြားမှာပြောနေတဲ့ စစ်အစိုးရကိုယ်

တိုင်ခွဲ တာပါကွာဆိုတာကို ရှင်းပြီးသားဖြစ်အောင်လို့ ၊ အတိုက်အခံတွေကို နိုင်ငံရေးအရ ထိုးနှက်ရအောင်လို့ စသဖြင့်အကြောင်း ရာတွေကြောင့် လုပ်ကြံဇတ်ထွင်ရခြင်းဖြစ်ပါတယ် ။

ရဲချုပ်ခင်ရီရဲ့အကြံပေး ဇတ်လမ်းရေးဆရာတွေရဲ့ရွှေဥာဏ်တော်စူးရောက်မှုမှာ သားကောင် ဖြစ်ခဲ့ရ တာက ကိုဖြိုးဝေအောင်ပါ ၊
ဘာကြောင့် ကိုဖြိုးဝေအောင်က တရားခံ အဖြစ် ပြခံရလဲ ဆိုတာက ဇတ်လမ်း ဖန်တီး လွယ်မဲ့ ဆက်စပ်မှုမှာ ရှိနေလို့ပါ ၊ ကိုဖြိုးဝေအောင်ဟာ ၂၀၁၀ ဇန္န၀ါရီလက ဗုံးတွေ့ခဲ့တဲ့ နေပြည်တော် တိုင်းမှုး အိမ်ရှိရာ ချယ်ရီ ဥယျာဉ် အိမ်ယာမှာ လျှပ်စစ် တာဝန်ခံ အင်ဂျင်နီယာ အဖြစ် လုပ်ခဲ့ဘူးသူ တယောက် ဖြစ်ပြီး သံသယဖြစ်ဘို့ ကောင်းသူ တွေနဲ့ တချိန်က တရင်းတနှီး နေထိုင် ခဲ့တာကြောင့် အဲဒီ ဗုံးကိစ္စမှာ စစ်မေးခံဘူးသူ ၊ ထောက်လှမ်းရေး တွင် ခံဝန် လုပ်ထားရသူ ဖြစ်ပါတယ် ၊ သင်္ကြန်အပြီး ပြစ်ချက်ဟောင်း ရှိသူ သံသယဖြစ်စရာ အားလုံးကို ဖမ်းတာမှာ ပြန် အဖမ်းခံ ခဲ့ရတာ ဖြစ်ပါတယ် ။
ပထမအကြိမ် ချယ်ရီဥယျာဉ် အိမ်ယာ ၀န်းထဲမှာ အလုပ်သမားတွေရှေ့မှာစစ်ဆေးတာမျိုးမဟုတ်ပဲ စစ်ကြောရေးစခန်းမှာ ညှင်းပန်း နှိပ်စက်မှုမျိုးစုံနဲ့စစ်ဆေးမှာဖြစ်တဲ့အတွက် အရင်ကနိုင်ငံရေးလုပ်ခဲ့တာ တွေ ၊ နိုင်ငံရေး နယ်ပါယ်ကသူတွေနဲ့ ပါတ်သက်ခဲ့တာတွေကိုပြောပြဖြစ်ခဲ့မှာဖြစ်ပါတယ် ၊ ( ဥပမာ) ၁၉၉၉ ခုက တောင်ကြီးမြို့ ၊ အေးသာယာ ဂျီတီအိုင်မှာ ကိုးလေးလုံး အရေးအခင်းတွက် စာဖြန့်တယ် ဆိုပြီး ဌာနမှုးနဲ့ ကျောင်းအုပ်ကြီးရှေ့မှာ နိုင်ငံရေး ကင်းရှင်းပြီး ကောင်းမွန်စွာနေ ထိုင်ကျောင်းတက် ပါမည် ဟု ၀န်ခံ လက်မှတ် ထိုးဘူးကြောင်း ၊ ၂၀၀၇ သြဂုတ် လကုန်က ရှစ်လေးလုံး အရေး တော်ပုံ ၁၉နှစ်ပြည့် အခန်းအနားနှင့် လောင်စာဆီ ဈေးနှုန်း တက်မှုကြောင့် မင်းကိုနိုင်နှင့် ၈၈မျိုးဆက်ကျောင်းသားများ လမ်းလျှောက်ပွဲ VCD အခွေအား ကိုယ်တိုင်ကူး ကိုယ်တိုင်ဖြန့်ဝေ ခဲ့ကြောင်း ၊ သံဃာတော် များအား ထောက်ခံသင့်ကြောင်း စာကို အစ္စလာမ် ဘာသာဝင်များကြား ကိုယ်တိုင် ရေးသား ဖြန့်ဝေခဲ့ကြောင်း ၊ တောင်ဥက္ကလာ ငွေကြာယံ ဘုန်ကြီးကျောင်းကို ထရန်စ ဖေါ်မာ ဆင်ပေးနေချိန် ဖြစ်၍ ၄င်းသံဃာတော် များနှင့်အတူ လမ်းလျှောက်စဉ် လိုက်ပါခဲ့ကြောင်း ၊ အတူလုပ်ခဲ့သူများမှာ ၂၀၀၇ ပြီးနောက်တွင် ထိုင်း နိုင်ငံဘက်သို့ ထွက်သွားပြီ ဖြစ်ကြောင်းများ ပြောပြ ဖြစ်ခဲ့မှာဖြစ်ပါတယ် ။

မူလထဲက လက်တွေ့ ကျူးလွန်သူတွေကို မဖမ်းနိုင် မဖေါ်ထုတ်နိုင်လို့ တရားခံအစား ထိုးဘို့ကြံနေတဲ့ ရဲချုပ်ခင်ရီနဲ့ ထောက်လှမ်းရေး အုပ်စုဟာ ဖြိုးဝေအောင်နဲ့တခြားစွပ်ဆွဲသူတွေကို ဇွတ်ဆက်စပ်ရပါ တော့တယ် ၊ တခြား စွပ်ဆွဲခံရသူတွေကို ဒီကိစ္စမှာပါဝင်ပါတ်သက်တာ ဟုတ်မဟုတ် ဘယ်သူမှမပြော နိုင်ပေမဲ့ ကိုဖြိုးဝေအောင်ရဲ့ ဇနီးကတော့ ဆာကူရာမှာ တုံးကထဲက အတူ လုပ်ခဲ့တဲ့ ကိုမျိုးကြီး ခေါ် ကိုမျိုးမြင့်အောင် ( B.E Civil ) က ရန်ကင်း စင်တာက သံပန်းလုပ်ငန်းနဲ့ ဆေးသုတ် လုပ်ငန်းကို သင်္ကြန်တွင်း အပြီး လုပ်ပေးမယ် လက်ခံခဲ့တာကြောင့် နှစ်ယောက် အတူတွဲပြီး နေ့/ည လုပ်နေကြောင်း ၊ သင်္ကြန် အကြတ်နေ့ (ပေါက်ကွဲမှု ဖြစ်တဲ့နေ့) က တနေ့လုံး ရန်ကင်းစင်တာမှာပဲ ရှိနေတယ် ဆိုတာ ကိုမျိုးကြီး ၊ အလုပ်သမားများနှင့် ရန်ကင်း စင်တာမှ တာဝန်ကျ ၀န်ထမ်းများ ၊ လုံခြုံရေးများလဲသိကြောင်း ၊ လာဖမ်းသွားပြီးနောက် နေ့တွင် ကိုမျိုးကြီးက မေးသဖြင့် သင်္ကြန်ဗုံး ကိစ္စ စစ်မေးရန် ခေါ်သွားကြောင်း ပြောရာ ငါနဲ့ အတူ ရှိနေတာပဲ ၊ သူနဲ့မှ မဆိုင်တာ ၊ ဒါဆို ပြန်လွတ် လာမှာပါ ပူမနေနဲ့ ပြောကြောင်း ၊ ကျွန်မ အမျိုးသားက မတရား စွပ်ဆွဲ ခံရတာပါလို့ RFA ကို ပြောသွားတာ တွေ့ရပါတယ် ။

ခုဆိုရင် ကိုဖြိုးဝေအောင်ကို အင်းစိန်ထောင် စစ်ခွေးတိုက်မှာ ချုပ်နှောင်ထားပြီး ၊ ၁၁.၅.၂၀၁၀ အင်္ဂါနေ့ က မိခင် ဒေါ်မာမာဆွေနဲ့ ညီဖြစ်သူ ဒေါက်တာထက်ဝေအောင်တို့ ၁၅မိနစ်တွေ့ခွင့် ရခဲ့ပါတယ် ၊ ဒေါက်တာ ထက်ဝေအောင်က သူ့အကိုဟာ စိတ်ပိုင်း ဆိုင်ရာ ညှင်းပန်း နှိပ်စက်မှုမျိုး လုပ်ခံ ထားရပုံ ပေါ်နေပြီး တွေ့ခွင့် ရခဲ့တဲ့ ၁၅မိနစ်မှာ အကြောင်းရာ လေးမျိုးကိုပဲ ထပ်ကာထပ် ကာ ပြောနေခဲ့တယ် လို့ပြောပါတယ် ၊ အဓိကကတော့ သူ မတရားခံ ရတာဖြစ်ကြောင်း ၊ လုံးဝ မပါတ်သက်ကြောင်း ပြောတာ ဖြစ်တယ်လို့ သိရပါတယ် ၊ ဇနီးဖြစ်သူ မဌေးဌေးက ရှေ့နေ ဦးကျော်ဟိုးကို ငှားရမ်းထားပြီး ကိုယ်စား လှယ်လွှဲ ရှေ့နေ ပါဝါ ယူဘို့ အင်းစိန်ထောင် ကိုသွားခဲ့တာမှာ ကိုဖြိုးဝေအောင်နဲ့ တွေ့ခွင့် မရခဲ့ပဲ ထောင်အာဏာပိုင် တွေက သူတို့ ဘက်က လက်မှတ်ထိုး လုပ်ပေးရမဲ့ဟာ လုပ်ပေးထား ပြီးပြီ ၊ SB က ခွင့် မပြုသေးလို့ဟု ပြောကြောင်း ၊ သူ့အမှုလိုက် သက်တမ်းမှာ နိုင်ငံရေးမှုပဲ ဖြစ်ဖြစ် ဘာမှုပဲ ဖြစ်ဖြစ် ဒီလိုမျိုး တခါမှ မရှိဘူးကြောင်း VOA ကို ပြောသွား တာလဲ ကြားရပါတယ် ။

အဖြေက ရှင်းပါတယ် ၊ ရှေ့နေ ပါဝါလွှဲခွင့် ပေးလိုက်ရင် ပုဒ်မ တခုခု တပ်ထားတာ ပြောရတော့မယ် ၊ ထောင်ပို့ပြီ ဆိုကထဲက ပုဒ်မ တခုခု တပ်ပို့ရတာပါ ၊ ခုက မိသားစုတောင် ဘာပုဒ်မနဲ့ တရားစွဲ မယ်မှန်း မသိခဲ့ရဘူး ပြောပါတယ် ၊ ရှေ့နေက စွပ်ဆွဲထားရာ အမှု (ပုဒ်မ)နဲ့ ပါတ်သက်ပုံကို မေးလို့ ကိုဖြိုးဝေအောင် ဆီက အဖြစ်မှန် သိရတဲ့ အခါ ရှေ့နေက သက်သေပြလို့ ရတဲ့သူတွေကို လိုက် ဆွေးနွေး မယ် ၊ ကိုမျိုးကြီး ခေါ် ကိုမျိုးမြင့်အောင် (BE.Civil)နဲ့ ဆောက်လုပ်ရေး အလုပ်သမားတွေ ၊ ရန်ကင်းစင်တာ က ၀န်ထမ်းတွေနဲ့ လုံခြုံရေးတွေ သက်သေ ဖြစ်လာရင် လုပ်ကြံ ဇတ်လမ်း သတင်းစာရှင်းပွဲဆိုတာ ထင် ရှားသွားမယ် ၊ ဒါကြောင့် ရှေ့နေ လိုက်ခွင့်မပေး ၊ သက်သေ ပြခွင့် မပေး ၊ အများပြည်သူရှေ့မှာ စစ်ဆေးမှု မပြုပဲ ဥပဒေမဲ့ တဘက်သတ် မတရား ထောင်ချမယ် ဆိုတာ သေချာပါတယ် ။

အာဏာရှင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေကို ဖြေရှင်းချက် ပေးဘို့နဲ့ ထုံးစံအ တိုင်းပြည်သူတွေ ကိုလိမ်ညာ လှည့် ဖြားဘို့ ရဲချုပ် ခင်ရီရဲ့ ထွက်ပေါက်ရှာ ဖန်တီးဇတ်မှာ သားကောင် ဖြစ်ခဲ့ရသူ ကိုဖြိုးဝေအောင်လို စစ်အာဏာရှင် လက်အောက်မှာ လူတိုင်း အချိန်မရွေးသား ကောင်ဖြစ် သွားနိုင်တာမို့ အခြေခံအကြောင်း ရင်းဖြစ်တဲ့ စစ်အာဏာရှင် စနစ်ဆိုးကို ၀ိုင်းဝန်း တိုက်ဖျက် ကြပါစို့ ။ ။

HRmyanmar

http://kyeesaytaman.blogspot.com/ တွင် ဒေါ်အောင်ဆန်းစုကြည် နှင့်အဖွဲ့အား နှိပ်ကွပ်ရေးဖွဲ့ထားတာကြည့်ပြီး ဒေါသအရမ်းဖြစ်မိပါသည်။ ထိုကဲ့သို့ မမှန်မကန်တဲ့သတင်းကို နားမလည်သူတစ်ယောက်သာ ဖတ်မိလျှင် အထင်လွဲပြီး အမှားကို အမှန် ထင်နေမှာပဲဆိုတဲ့ အတွေးနဲ့ မှန်ကန်သော သတင်းအချက်အလက်များနှင့် လူ့အခွင့်အရေးအတွက် တဖက်တလမ်းမှ ကြိုးပမ်းချင်သဖြင့် Saturday, May 02, 2009 မှာ ဒီ blog စတင်ရေးသားပါသည်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form