ရဲချုပ် ခင်ရီ၏ သတင်းစာ ရှင်းလင်းပွဲ

သင်္ကြန် အကြတ်နေ့ X2O မဏ္ဍပ်တွင် ဗုံးဖြင့် ပစ်ပေါက် တိုက်ခိုက်မှု အကြောင်း
ရဲချုပ် ခင်ရီ၏ (နေပြည်တော် ပြည်ထဲရေး ၀န်ကြီးရုံး ) သတင်းစာ ရှင်းလင်းပွဲမှ
ထုတ်နှုတ် ရရှိသော လွဲချော် နေမှုများ ။

၁ ။ ၄င်းတို့ စစ်အစိုးရကို အံတု ယှဉ်ပြိုင်မည့် လက်နက်ကိုင် အဖွဲ့ အသီးသီးနှင့် အတိုက်အခံ အဖွဲ့အစည်း အသီးသီး ညီညီ ညွတ်ညွတ်ဖြင့် တပ်ပေါင်းစုကြီး တခု ဖွဲ့ပြီးသည့် သဖွယ် အဖွဲ့အစည်း အားလုံးအား တစု တစည်းထဲ စွပ်ဆွဲထားသည် ။ နအဖ စစ်အစိုးရ ပြောသလောက်များ ၄င်း အဖွဲ့အစည်းများ ညီညွတ်ပြီး အမှန်တကယ် တိုက်ပွဲဝင် နေပြီ ဆိုပါက ဗမာပြည် တော်လှန်ရေး ယခုလို ကြာနေ စရာ မရှိပါ ၊ ရဲချုပ်ဆိုသူ ခင်ရီ ယခုလို မဟုတ်တန်း တရားများ ပြောနေ နိုင်မည် မဟုတ်ပါ ။

၂ ။ ထိုင်းနိုင်ငံ မြန်မာသံရုံးကို ၁၉၉၀ ခုနှစ်မှာ ၀င်စီးခဲ့တယ် ပြောတယ် ။ တကယ်တမ်းက ၁၉၉၉ ခု ၊ အောက်တိုဘာလ (၁)ရက်နေ့ပါ ။ အဲဒီတုံးက ဗမာပြည် တော်လှန်ရေး အတွက် သံရုံး အလံဖြုတ်ချ ၊ ခွပ်ဒေါင်း အလံ လွှင့်တင်ခဲ့တဲ့ ကျောင်းသား ငယ်လေးတွေကို ထိုင်း စစ်တပ်ကတောင် တလေးတစား ဆက်ဆံခဲ့တာပါ ၊ ဘယ်သူကမှ အကြမ်းဖက် သမားလို့ မပြောခဲ့ပါဘူး ။ စစ်တပ် ယူနီဖေါင်း ၀တ်ပြီး ရဲချုပ် တာဝန် ထမ်းဆောင် နေသော ၊ နိုင်ငံတော် အာဏာပိုင် အဖွဲ့စည်း တရပ်ကို ကိုယ်စားပြု ရှင်းပြနေသော ၊ နိုင်ငံသား ပြည်သူများ သာမက တစ်ကမ္ဘာလုံးအား ဇတ်လမ်းထွင် ရှင်းပြနေသော ပုဂ္ဂိုလ်ကြီးသည် ၊ ခုနှစ် သက္ကရာဇ်များပင် မှန်အောင် မလေ့လာ မပြင်ဆင်နိုင်ပါကလား။

၃ ။ ရှေ့ပိုင်းမှာ VBSW အဖွဲ့ဟာ နာမည်ဆိုးနဲ့ ကျော်ကြား လာလို့ ဆက်လက် ရပ်တည်ဘို့ ခက်ခဲ လာတာ ကြောင့် ထိုင်းမြန်မာ နယ်စပ် ABSDF ဒေါင်းခွင် စခန်းမှာ ဌာနချုပ် ထားပြီး ထိုင်းနိုင်ငံ ၊ မယ်ဟောင်ဆောင် ခရိုင် ၊ မဲစရီးယန်း မြို့နယ်က ABSDF ရုံးမှာ ရုံးခွဲ ဖွင့်လှစ် ခေါင်းလျှို နေခဲ့တယ် ပြောထားပြီး VBSW ရဲ့ ခေါင်းဆောင် ရဲသီဟက ပြည်သူ့ ပြောက်ကြား တပ်ဦး (People Guerrilla Front – PGF ) ကို မွေးထုတ် ပြီး အကြမ်းဖက် လုပ်ငန်းတွေ ဆက်လုပ် နေတယ် ပြောပြန်ပါတယ် ၊(ရပ်တည်ဘို့ ခက်ခဲတဲ့ လူတယောက် က နောက်တဖွဲ့တောင် ထပ်ထောင် နိုင်တယ်) ဆိုတာမျိုး ၊ ရှေ့နောက် မညီ ယုတ္တိ မတန်တာ တွေ့ရ ပါတယ် ၊ ပြီးတော့ VBSW အဖွဲ့ဝင်တွေနဲ့ ရဲသီဟ ဟာ မဲဆောက်မှာ တွေ့ခဲ့တယ် ပြောပြန်ပါတယ် ၊ ဒေါင်းခွင် ၊ မဲစရီးယန်း စတဲ့ မြို့တွေနဲ့ မဲဆောက် တခြားဆီ ဆိုတာ ရဲချုပ်ကြီး မလေ့လာဖူးဘူး ထင်ပါရဲ့ ။

၎ ။ သူရဇော်နဲ့ အောင်ကြီးဟာ စမ်းချောင်းက ငှားထားတဲ့ အိမ်မှာ ၁၆.၁.၂၀၁၀ နေ့အထိ နေပြီး သံလျှင် ၊ သမ ကောလိပ်လမ်း ၊ ညောင်သုံးပင် ဘူတာရုံ အလံချိုး ၀န်ထမ်း ဦးမြသောင်း နေအိမ်ကို အောင်ကြီး အတွက် ငှားရမ်း ပြောင်းရွှေ့ နေပြီး ၆.၂.၂၀၁၀ နေ့မှာ အောင်ကြီးနဲ့ ဦးမြသောင်း တူမ ရီရီမြင့်(၃၂ နှစ်) ၊ မင်္ဂလာ ဆောင်တယ် ပြောထားပါတယ် ၊ အောင်ကြိး ခေါ် အုန်းကျော်ဌေးဟာ ကန်ထရိုက် လုပ်တယ် ၊ တောင်တွင်းကြီးသား ၊ ခြေဆေးအိုင်ရွာကလို့ပဲ မရီရီမြင့်ကို ပြောထားပြီး ဓါတ်ပုံက အစ ဘာ အချက်အလက်မှ မရှိအောင် နေခဲ့တယ်ဆိုတော့ ရက်၂၀ အတွင်းမှာ နောက်ကြောင်းတောင် ဘာမှမသိတဲ့ ယောက်ကျား တယောက်ကို ကောက်ယူတာ ဘယ်လို မိန်းမမျိုး ပါလဲ ၊ ရဲချုပ်ကြီး ကတော့ ဦးမြတ်စိုးလှိုင် (လယ်ယာ စီးပွား သတင်းဂျာနယ်) က မေးတဲ့ အခါ မရီရီမြင့်ဟာ ရိုးသားသူ ဖြစ်တယ် ပြောပြန် ပါတယ် ၊ အဓိက အကျဆုံး အလွဲကတော့ အုန်းကျော်ဌေးဟာ ဇန္န၀ါရီလ ကုန်ပိုင်းမှာ ရက်၂၀လောက် ခရီးသွား တယ်ပြောပြီး ၆.၂.၂၀၁၀ နေ့မှာ ဦးမြသောင်း တူမ မရီရီမြင့်နဲ့ မင်္ဂလာဆောင်တယ်ပြောတာပါပဲ ၊ ဘယ်ဟာက အမှန်လဲ ဘယ်ဟာက အမှားလဲ ၊ အားလုံးကိုမှားနေတာလား ၊ ပြိးတော့ အောင်ကြီးက မရီရီမြင့်နဲ့ ဘယ်လောက် ဘယ်လို ပေါင်းသင်းနေတယ် မပြောပဲ မရီရီမြင့်ဟာ ရိုးသားသူမို့ လေးငါးရက် အတွင်း cover story လုပ်သွားတာ မသိလိုက်ဘူးလဲ ပြောထားပါတယ် ၊ ဦးကိုကို ( ရန်ကုန် မီဒီယာဂရု) က မေးတာကို ဖြေတာ မှာတော့ ဖြိုးဝေအောင်နဲ့ မရီရီမြင့်တို့ နှစ်ဦးကို ခြေရာခံမိရာက သူတို့ နှစ်ဦးကို တိုက်ဆိုင် စစ်ဆေးချက် အရ ကွင်းဆက်ကြီး တခုလုံးကို ပီပီပြင်ပြင် ဖေါ်ထုတ်နိုင်တာ ပြောပြန် ပါတယ် ၊ ဘာမှ မသိလိုက်ပါဘူး ဆိုတဲ့ မရီရီမြင့် ဆီက ဘယ်လို ကွင်းဆက်တွေ ရတာပါလဲ ။

၅ ။ သတင်းစာ ရှင်းလင်းပွဲတွင် မြေပုံဖြင့် ဖေါ်ပြထားသော လက်ပစ်ဗုံးများ ပေါက်ကွဲရာ နေရာနှင့် ပြည်တွင်းထုတ် ဂျာနယ်များတွင် ဓါတ်ပုံဖြင့် တရားဝင် ဖေါ်ပြခဲ့သော နေရာ လွဲနေပါတယ် ၊ မြေပုံ အရ ပေါက်ကွဲသော နေရာမှာ မဏ္ဍပ်ရှေ့ လူအများ ကခုန်ရာဖြစ်ပြီး ၊ ဓါတ်ပုံများ အရ ပေါက်ကွဲသော နေရာမှာ လုံခြုံရေးများ ရပ်နေရာ လမ်းဆုံ(လမ်းလယ်ခေါင်)မှာ ဖြစ်ပါတယ် ။ လူအုပ်ကို ကျော်ပြီး ညာဘက် လက်နဲ့ ပစ်လိုက်တယ်လဲ ပြောထား ပါသေးတယ် ။

၆ ။ သူရဇော်က ဖြိုးဝေအောင်ကို ၁၀.၄.၂၀၁၀ နေ့မှာ online ပေါ်မှာ ၄င်းတို့ ရောက်နေကြောင်း ပြောပြီး X2O မဏ္ဍပ်ကို တိုက်ခိုက်မည် ဖြစ်ကြောင်း ၁၅.၄.၂၀၁၀ နေ့ ၁၂နာရီတွင် ဆုံရပ် မဏ္ဍပ်ရှေ့ဟု သတ်မှတ်ကြောင်း ပြောခဲ့တယ် ဆိုထားပြီး ဖေါက်ခွဲမှုပြုလုပ်မဲ့ ဧပြီလ ၁၅ ရက်နေ့ နေ့လည် ၁နာရီ ၂၀မိနစ်မှာ ဖြိုးဝေအောင်က မဏ္ဍပ်ရှေ့ကစောင့်နေခဲ့တယ် ၁နာရီ ၁၅ မိနစ်မှာ သူရဇော်တို့ ရောက် လာခဲ့တယ် ပြောပြန်ပါတယ် ၊ ၁၅မိနစ်နဲ့ ၂၀မိနစ် ဘယ်ဟာက အရင်ဖြစ်ပြီး အမှန်ဆို စောင့်သူက ဘယ်သူတွေ ဖြစ်ရမလဲ မတွက်တတ် လောက်အောင် ရဲချုပ်ကြီး ဇတ်လမ်း ဆင်ကွက် တွေက လွတ်နေ ပြန်ပါတယ် ။ ပြီးတော့ လက်နက်ကိုင် တိုက်ခိုက်ဘို့ ၁၂ နာရီချိန်းပြီး ၁နာရီ၁၅မှရောက်ကြတဲ့ လွဲချော်မှုမျိုး ၊ ရဲချုပ်ကြီး တို့ရဲ့ ကြွက်ခေါ်တဲ့ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ မျိုးမှာကလွဲရင် ဘယ်လို လက်နက်ကိုင် အဖွဲ့မှာမှ မရှိလောက် ပါဘူး ၊ နောက်တခုက ပေါက်ကွဲမှု ဖြစ်ခဲ့ တာက ၃ နာရီ ခွဲနီးပါးမှပါ ၊ အချိန် ၂နာရီ ကျော်လောက် (ရဲချုပ်ကြီး အပြောတိုင်း ဆိုရင်) သင်္ကြန် လည်သူ တွေထက် ပုံသဏ္ဍာန် ထူးနေတဲ့ ဘေးလွယ်အိတ်တွေ ကိုယ်စီပါတဲ့ လူလေးယောက်က လက်ပစ် ဗုံးတွေ ၊ ချိန်ကိုက် ဖေါက်ခွဲရေး ဗုံးတွေနဲ့ လျှောက်သွား နေမှာကို ခုဗုံး စံထိခဲ့တဲ့ စစ်မြေပြင်အတွေ့အကြုံရှိ ဗိုလ်ကြီး သန့်စင်သိမ်း အပါအ၀င် ၊ ရဲတွေ ၊ ကြံ့ဖွတ်တွေ ၊ များစွာသော လုံခြုံရေး ယူထားသူတွေ ဘာဖြစ်လို့များသတိ မထားမိကြ ပါလိမ့် ၊ ဒါမှမဟုတ် မြန်မာနိုင်ငံက စစ်တပ် အပါအ၀င် ရဲနဲ့ လုံခြုံရေး ဆိုသူ တွေရဲ့ အရည်အချင်းတွေက သုံးမရ အောင်နိမ့် ကျနေပြီး ဖေါက်ခွဲရေး သမား ဆိုသူတွေကပဲ တော်လွန်းနေလို့ များလား ။

၇ ။ သတင်းစာ ရှင်းလင်းပွဲ ဆိုပြီး သေဆုံးသူ ဘယ်သူ ၊ ဘာလုပ်ကိုင်တယ် ၊ ဘယ်သူတွေ ဒါဏ်ရာရ တယ်လို့ လုံးဝ မဖေါ်ပြတာ ဘာကြောင့်ပါလဲ ၊ ခုချိန်ထိ စင်္ကာပူမှာ ဆေးကု ခံနေရတဲ့ အမှတ် ၄ စစ်ဒေသမှူး ဗိုလ်မှုးကြီး အုန်းချို အကြောင်း ဘာကြောင့် တရားဝင် မပြောတာလဲ ၊ သူကဘာကြောင့် အဲဒီမဏ္ဍပ် ရောက်နေရတယ် ဆိုတာ ဖုန်းကွယ် ထားရတာလဲ ၊ ၂၂.၄.၂၀၁၀ ထုတ် ကြေးမုံနဲ့ မြန်မာ့အလင်း သတင်းစာတွေမှာ ပြည်ထဲရေး ၀န်ကြီး ဗိုလ်ချုပ် မောင်ဦး ရန်ကုန် ဆေးရုံကြီးတွင် ဗုံးကွဲမှုကြောင့် ဒါဏ်ရာ ရရှိထားသော ပြည်ထဲရေး ၀န်ကြီးဌာန လက်အောက်မှ အထွေထွေ အုပ်ချုပ်ရေး ဌာန၀န်ထမ်းများ ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအား အားပေး စကားပြောဟု ပါရှိသော်လဲ သတင်းစာ ရှင်းလင်းပွဲတွင် ဘာကြောင့် မပြောပြ ရတာလဲ ၊ ဦးကိုကို ( ရန်ကုန် မီဒီယာ ဂရု)က ကျဆုံး ၊ ဒါဏ်ရာရ သူတွေကိုယ်စား တရားခံတွေ ဖေါ်ထုတ်ပေးတဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို ကျေးဇူးတင်ပါတယ် ဆိုတာ အပေါ် ရဲချုပ်ကြီး မငြင်း ခဲ့ပါဘူး ၊ ကျဆုံးဆိုတာ လက်နက်ကိုင် အဖွဲ့အစည်းမှာပဲ သုံးတာပါ ။

၈ ။ ဗုံးကွဲပြီး ရက်ပိုင်းမှာ တယက ညွှန်ကြားချက်နဲ့ မသင်္ကာဘွယ်ရာ ဖေါက်ခွဲရေးသမား ၂ ဦးကိုတွေ့ရှိ သတင်းပေးပါက ဆုငွေ ၁၀ သိန်း ပေးမည်လို့ ရယက ရုံးတိုင်း ၊ ရဲစခန်းတိုင်း ၊ လူစည်ကားရာတိုင်းမှာ တရားဝင် ကြေငြာခဲ့တာပါ ၊ ခုသတင်းစာရှင်းပွဲကြမှ ၄ ယောက် ဖြစ်သွား တာကိုနဲ့ ဗုံးပစ်လိုက်တဲ့သူကို သပြေကုန်း ၇ယက ဥက္ကဌမြင်လိုက်တာ ၊ တယောက်ကို နေရာမှာ တင်ချက်ခြင်း ဖမ်းမိတယ်လို့ နိုင်ငံတော် ဆင်ဆာ ခွင့်ပြုချက်နဲ့မှ ထုတ်ရတဲ့ ၊ ဂျာနယ်တွေထဲမှာ ဖေါ်ပြထားတာတွေနဲ့ ပါတ်သက်ပြီး ဦးမြတ်စိုးလှိုင် (လယ်ယာ စီးပွား သတင်း ဂျာနယ်) က မေးတာကိုလဲ ဖြေကြားခြင်း မရှိပဲ ကောလဟာလ ပါလို့ ဝေ့လည် ဝေ့လည် လုပ်သွားခဲ့ပါတယ် ။

၉ ။ ၈.၅.၂၀၁၀ ထုတ် Burma Today မှာ ကိုဖြိုးဝေအောင်ရဲ့ဇနီးကလဲ ကျွန်မတို့မှာ သမီးလေး တယောက် ၊ သားလေး တယောက်ပဲ ရှိတာပါ ၊ သတင်းစာ ထဲမှာ ၃ ယောက်လို့ ပြောထားတယ် ၊ အလွဲတွေ ချည်းပါပဲလို့ ပြောပါတယ် ၊ ဒါလဲ ရဲလုပ်ငန်းမို့ပါ လို့ပြောဦးမှာလား ရဲချုပ်ကြီးရယ် ။

(မောင်ချင့်ချိန်)

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form