ဆင်ဖြူတော်နဲ့ ခွေးတိုးပေါက်

မင်းမှာ သစ္စာ လူမှာကတိတဲ့။ လူတိုင်းကြားဖူးတဲ့ စကားပါ။ ခက်တာက အနှစ် လေးငါးဆယ်ကျော် မင်းစိုးရာဇာဆိုတဲ့ ဗမာ လူ့အဖွဲ့အစည်းရဲ့ ဖောက်ပြန်တဲ့ အစိုးရ အဆက် ဆက်က သစ္စာလည်း မတည် ကတိလည်း ဘယ်တုန်းကမှ မမြဲလေတော့ ဒီနေ့ခေတ်လူ အများက ဒီစကားဟာ ဘုရားဟော ဘုတ်အုပ်ကြီး တွေထဲက ဟာတွေ လို့ပဲ ပေါ့ပေါ့ သဘောထားကြတော့တယ်။ အဲဒီလို အဆက်ဆက်သော အုပ်စိုးသူ ဖောက်ပြန်ရေး သမားတွေရဲ့ ဖောက်ပြန် သစ္စာဖောက် သမျှတွေထဲမှာ အောက်တန်း အကျတကာ့ အကျဆုံး၊ အယုတ်တကာ့ အယုတ်ဆုံး စံချိန်သစ်ကို ပြိတ္တာသန်းရွှေ့နဲ့ စစ်မိစ္ဆာတွေက မတ်လ (၈) ရက် နေ့က ချိုးလိုက်ပါပြီ။ စိတ်ကြိုက်ကုလားဖန်ထိုး စိတ်ကြိုက်ချိုးပြီး ကိုယ့်ဖဲကိုယ်ဝေခဲ့တဲ့ (၉၀) ခု ရွေးကောက်ပွဲဆိုတာကို ပယ်ဖျက်လိုက်ပြီဆိုပါလား။ သူတို့ကိုယ်တိုင် လုပ်ခဲ့ပြီး ရလာဒ်ကို လေးစားပါမယ်၊ အနိုင်ရပါတီကို အာဏာလွဲပေးပါမယ်ဆိုတဲ့ ကတိကို ဖောက်ဖျက်တာပါ။ တကယ်ဆို ဒီလို ကြီးကျယ်တဲ့ ကိစ္စရပ်ကို သီးခြား အမိန့်စာနဲ့ ကြေငြာရမှာ ဖြစ်ပေမဲ့ အခုတော့ ခိုးကြောင်ခိုးဝှက်နဲ့ ရွေးကောက်ပွဲ ဥပဒေတွေထဲမှာ လုံးချထည့်လိုက်တယ်။ ယောက်ျား ရင့်မကြီး စစ်ဗိုလ်စစ်သားလုပ်ပြီး သူရဲဘောနည်းတာ၊ သစ္စာဖောက် တာပါ။

လွယ်လိုက်တာ။ နိုင်ငံ့အရေး ကိစ္စကို လုပ်ချလိုက်ပုံက ဘုရားကြို ဘုရားကြားကနေ ကလေးကုလား ခွေးစကား ပြော ဆိုသလိုပါပဲ။ ကြောင်လိုက်တဲ့ သူရဲဘော၊ သတ္တိဆိုတာ ဒီ ဗိုလ်ချုပ်တွေ ဆီမှာ မုန်ညင်းစေ့ တစေ့စာတောင် မရှိဘူးဆိုတဲ့သဘောပဲ။ ကျလိုက်တဲ့ ဗမာ့သိက္ခာ ကုန်းကောက်ချင် ငရဲပြည်ထိ လိုက်ရမည့်ကိန်း။ ပြီးခဲ့တဲ့ ၂၀၀၇ သံဃာ့အရေးအခင်းတုန်း ကလည်း ကိုယ်ကိုးကွယ်တဲ့ ဘုရား ကျောင်းကန်တွေ ဖျက် သံဃာတွေသတ်ပြီး အမျိုးဘာသာ သာသနာ့ဂုဏ်ကို သူမတူအောင် စော်ကား နှိမ့်ချနိုင်ခဲ့သလို ၂၀၀၈ နာဂစ် မုန်တိုင်းဘေးမှာ လည်း ဒုက္ခသည်တွေကိုဒုက္ခထပ်ပေး၊ နှိပ်စက်၊ အလှူပစ္စည်းတွေကို ခိုးဝှက်ပြီး ကမ္ဘာ့ အလယ်မှာ ဗမာ့ဂုဏ် သိက္ခာကို အစွမ်းကုန် ချပြနိုင်ခဲ့ကြတဲ့ မဟာဗာလနံ လူမိုက်ဗိုလ်ချုပ်တွေပါ။ ထောင်သောင်းချီတဲ့ ကျဆုံးရဲဘော် သူရဲကောင်းတွေ၊ ဒေါ်စုတို့၊ ဦးဝင်းတင်တို့၊ မင်းကိုနိုင်တို့နဲ့ တခြား အကျဉ်းစံ သူရဲကောင်း နှစ်ထောင်ကျော်တို့ ရှိနေလို့သာ တော် တော်တော့ သေးတယ်။ သူတို့ရဲ့ ဇွဲ သတ္တိ၊ အာဇာနည် လုပ်ရပ်တွေနဲ့ ကမ္ဘာ့အလယ်မှာ ဗမာ့ဂုဏ် သိက္ခာကို ဖာထေးနေရတယ်။ နိုင်ငံ့ ခေါင်းဆောင် ဆိုတဲ့ ဒီဗာလနံ ဗိုလ်ချုပ်တွေလိုသာဆို ဗမာ့ဂုဏ်သိက္ခာဟာ ကမ္ဘာ့အလယ်မှာ ခေါင်းဖော်ရဲ စရာတောင်မရှိဘူး။

သူရဲဘောကြောင်သော၊ သစ္စာမဲ့သော၊ ယုတ်မာသော၊ ကောက်ကျစ်သော၊ စဉ်းလဲ သော၊ တိုင်းပြည်နှင့် လူမျိုးအပေါ် ကျေးဇူးမဲ့သော၊ အရှက်သိက္ခာ ကင်းမဲ့သော၊ မိုက်မဲသော၊ ကြမ်းကြုတ်သော၊ အတ္တကြီးသော၊ တရားမဲ့သော၊ သောတထောင်ပြည့်အောင်ရေ အဲဒီ့ မကောင်းမှု ဂုဏ်ပုဒ် အားလုံးနဲ့ ပြည်စုံနေတဲ့ ပြိတ္တာသန်းရွှေနဲ့ မိစ္ဆာစစ်အုပ်စုရဲ့ အောက်တန်း ကျတဲ့ ဘ၀နဲ့ ဗီဇကို ဒီမတရားဥပဒေတွေက ထုတ်ဖော် ပြလိုက်တာပဲ။ အစိုးရမင်း အမည်ခံပြီး ကိုယ်လုပ်ခဲ့တဲ့ အလုပ်၊ ကိုယ်ပြုခဲ့တဲ့ ကတိကို ခိုးကြောင်ခိုးဝှက်နဲ့ ဖျက်တယ်ဆိုတာ ကိုယ်ဂွေးကို ကိုယ်ပြန်မျိုသလိုပါပဲ၊ ဒီဗိုလ်ချုပ်တွေ သူရဲဘောကြောင်ပုံကတော့ လိုအပ်ရင် အဲဒီ ပျော့စိစိကြီး မာလာရင်လည်း မျိုအုံးမယ် ဆိုတဲ့ ပုံစံတွေပဲ။

အပုပ်နံ့ တထောင်းထောင်း ထနေတဲ့ သူတို့ရဲ့ ဥပဒေဆိုတဲ့ မိလ္လာကျင်းအဖုံးကို ဖွင့်ပြပါ ဦးမယ်။ သီးခံကြပါတော့။ ဥပဒေတွေက ဒေါ်စုနဲ့ NLD အတွက် တိုင်းချုပ်ထားတဲ့ အတိုင်းပဲ။ ကွက်တိ။ အကျဉ်းကျခံနေသူတွေ ပါတီဝင်မဖြစ်ရဘူး ( နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ- ၁၀/ င) ပါတီခေါင်းဆောင်မဖြစ်ရဘူး ( နပမ ဥ- ၄/င) ရွေးကောက် ခံခွင့်မရှိဘူး ( ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ- ၁၀/ က ) ပြီးတော့ ပါတီတွေရဲ့ လွတ်လပ်ခွင့်နဲ့ ရပ်တည်ခွင့်ဆိုတာကို သူတို့ လက်ခုတ်ထဲက ရေဖြစ်အောင်လုပ်ထားတယ်။ (နပမ ဥ- ၂၀၊ ၂၄)။ ဒါတောင် စစ်ကျွန်ဖွဲ့စည်းပုံထဲမှာ ဒေါ်စု မပါနိုင်အောင်၊ အတိုက်အခံ လုပ်မယ့်သူတွေ မလှုပ်နိုင်အောင် ပြဋ္ဌာန်းထားတဲ့ ကန့်သတ်ချက်တွေ အများကြီးရှိပြီးသား။ တခါ သူတို့ ဖွဲ့လိုက်တဲ့ ကြက်တူရွေး ကော်မရှင်က ဘယ်လို ချုပ်ချယ်ရေးနည်းဥပဒေတွေ လုပ်လာဦးမယ်မသိသေးဘူး။ ယုတ်မာမှုတွေ သူရဲဘောကြောင်မှုတွေ ဆက်ရန်ရှိသေးတယ်။

အိန္ဒိယပြည်ဆိုတာ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံ၊ လူဦးရေ သန်း (၁၁၀၀) ရှိတယ်။ မှတ်ပုံတင်စာရင်းအရ လူမျိုးပေါင်း (၁၆၀၀) ကျော်နဲ့ ပြည်နယ်/ နယ်မြေ (၄၀) ကျော်ရှိတယ်။ ဒီတော့ နိုင်ငံရေးပါတီတွေကလည်း အများကြီး၊ ရွေးကောက်ပွဲ ကော်မရှင်မှာ မှတ်ပုံတင်ထား တဲ့ နိုင်ငံရေး ပါတီက (၆၇၀) ကျော်တောင်ရှိတယ်။ မှတ်ပုံမတင်ဘဲ နိုင်ငံရေး စည်းရုံးရေး လုပ်နေတဲ့ ပါတီတွေကလည်း ရာကျော်ရှိတယ်။ မှတ်ပုံမတင်လည်း သက်ဆိုင်ရာ မဲဆန္ဒနယ်က ရွေးကောက်ပွဲ အရာရှိဆီမှာ စာရင်းသွင်းပြီး ရွေးကောက်ပွဲ ၀င်နိုင်တယ်။ ရွေးကောက်နည်း ဥပဒေတွေကို လေးစားလိုက်နာရင် ပြီးတာပဲ။ မှတ်ပုံတင်ထားတဲ့ ပါတီတွေကလည်း ရွေး ကောက်ပွဲကို ၀င်ချင်ဝင်တယ်၊ မ၀င်ချင်မ၀င်ဘူး။ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိတယ်။ ရွေးကောက်ပွဲကို ၀င်ကိုဝင်ရမယ်လို့ စစ်အုပ်စုရဲ့ ဥပဒေလို အကြပ် ကိုင်ထားတာ မရှိဘူး၊ အဓမ္မပုဒ်မတွေ မရှိဘူး။

ဗဟိုအဆင့် ပါတီ ( National) ဒေသပါတီ (State/ Regional) ဆိုတာကို ကော်မရှင်က ဆုံးဖြတ်တာမဟုတ်ဘူး။ နည်းဥပဒေအရ ကော်မရှင်က အတည်ပြု သတ်မှတ် ပေးရတာသာ ဖြစ်တယ်။ ဗဟိုအဆင့် ပါတီဖြစ်ဖို့ အတွက် ပြည်နယ် အနည်းဆုံး (၁၅)ခုကနေ တပြည်လုံး ဆန္ဒမဲရဲ့ ( ၅) ရာခိုင်နှုန်း ရဖို့လိုတယ်။ ဒါမှမဟုတ် လွှတ်တော်မှာ ပြည်နယ် ငါးခုကို ကိုယ်စား ပြုတဲ့ လွှတ်တော်ရှိ အမတ် ဦးရေရဲ့ (၃) ရာခိုင်နှုန်း ရှိဖို့လိုတယ်။ အဲဒီ အချက်တွေနဲ့ ပြည့်စုံရင် အလိုလို ဗဟိုအဆင့် ပါတီဖြစ်တယ်။ ကော်မရှင်က လက်ခံ အသိအမှတ် ပြုပေးယုံပဲ။ လူထုသဘော ဆန္ဒကိုပဲ အခြေခံတယ်။ ပြီးတော့ ဟိုလူကို မစည်းရုံးရ၊ ပါတီဝင် မဖြစ်စေရ၊ ခေါင်းဆောင် မလုပ်စေရ ဆိုတာမျိုး ဖောက်ပြန်တဲ့ ကန့်သတ်ချက်တွေမရှိဘူး။

ဒီနေ့ အိန္ဒိယမှာ အာဏာ ရနေတဲ့ အိန္ဒိယ အမျိုးသား ကွန်ဂရက် ပါတီရဲ့ ခေါင်းဆောင် ဟာ ကွယ်လွန်သူ ၀န်ကြီးချုပ်ဟောင်း မစ္စတာ ရာဂျစ်ဂန္ဒီရဲ့ ဇနီး အီတလီ နွယ်ဖွား ဆိုနီယာ ဂန္ဒီဖြစ်တယ်။ သူ ၀န်ကြီးချုပ် လုပ်ချင်ရင် အချိန်မရွေးလုပ်နိုင်တယ်။ နိုင်ငံခြားသား သို့မဟုတ် တိုင်းခြားနွယ်ဖွား ဆိုပြီး ခွဲခြား ကန့်သတ်ထားတာမရှိဘူး။ ဘာစည်းကမ်းကမှ ပိတ်ပင်ထားတာ မရှိဘူး။ ဒါပေမဲ့ အခြေအနေ အရ သူမလုပ်ဘူး။ လောဘနည်းပြီး စိတ်ဓာတ်ရင့်ကျက် သဘောထားကြီးသူတွေရဲ့ ပြယုဂ်ပါပဲ။

နောက်ပိုပြီး စိတ်ဝင်စားစရာ ကောင်းတာက ပြစ်ဒဏ်ကျ အကျဉ်းသားတွေလည်း ရွေးကောက်ခံ ပိုင်ခွင့်ရှိတယ်။ သာဓက က ၁၉၇၅ ခုနှစ်မှာ အင်ဒီရာဂန္ဒီက တိုင်းပြည်အ၀ှန်း အရေးပေါ်အခြေအနေ ကျေညာတယ်။ လူထု လွတ်လပ်ခွင့် တချို့ကို ယာယီရုတ်သိမ်းတယ်။ အတိုက်အခံ နိုင်ငံရေးသမား အမြောက်အများကို ဖမ်းဆီး ထောင်ချထားတယ်။ အင်ဒီရာဂန္ဒီရဲ့ အရေးပေါ် အုပ်ချုပ်ရေးကို ပြည်သူ တွေက အပြင်းအထန် ဆန့်ကျင် ကန့်ကွက်ကြတယ်။ အဲဒီအချိန်က အလုပ်သများခေါင်းဆောင် အိန္ဒိယ မီးရထား အလုပ်သမား သမဂ္ဂ ဥက္ကဋ္ဌ မစ္စတာ ဂျော့ဖာနန်ဒက် (Mr George Fernandes) လည်း တဦးအပါအ၀င်ဖြစ်တယ်။ မစ္စတာ ဖာနန်ဒက်ဆိုတာ ဗမာပြည်သူ တွေရဲ့ ဒီမိုကရေစီ တိုက်ပွဲကို အပြည့်အ၀ အားတက်သရော ထောက်ခံအားပေးနေသူဖြစ်တယ်။ အိန္ဒိယ မီးရထား ဋ္ဌာနဟာ ကမ္ဘာမှာ အကြီးဆုံး ကော်ပို ရေးရှင်းကြီးဖြစ်ပြီး အလုပ်သမား သန်း (၂၀) ကျော်ရှိတယ်။ အိန္ဒိယရဲ့ သယ်ယူပို့ဆောင်ရေး ကဏ္ဍရဲ့ အဓိက မဏ္ဍိုင် ဖြစ်တယ်၊ အသက်သွေးကြောဖြစ်တယ်။ မစ္စတာ ဖာနန်ဒက်က မီးရထား သပိတ်မှောက်ပြီး အရေးပေါ် အုပ်ချုပ်ရေးကို ကန့်ကွက် တိုက်ပွဲ ဆင်တယ်။ အိန္ဒိယတပြည်လုံး ကမောက်ကမ ဖြစ်ကုန်တယ်။ သူဟာ တခြားတဖက်မှာလည်း လျှို့ဝှက် သံလွှင့်ဋ္ဌာနတခု ထူထောင်ပြီး လူထုကို စည်းရုံးတယ်။ မီးရထား သံလမ်းများနဲ့ အစိုးရ အဆောက်အဦတွေကို ဖောက်ခွဲတိုက်ခိုက်ဖို့ ကြိုးစားခဲ့တယ်လို့ဆိုတယ်။

ဒီအခြေအနေ တွေကြောင့် ၁၉၇၆ ခုနှစ်မှာ အင်ဒီရာဂန္ဒီရဲ့ ဖိတ်ခေါ်ချက်နဲ့ မစ္စတာ ဖာနန်ဒက်က ပုန်းအောင်းရာကနေ ဆွေးနွေးဖို့ ထွက်လာတယ်။ ဒီတော့မှ အင်ဒီရာဂန္ဒီက ဖမ်းဆီးပြီး နိုင်ငံတော် ပုန်ကန်မှုနဲ့ တရားစွဲတယ်။ အစိုးရရုံးများကို ဖောက်ခွဲတိုက်ခိုက်ရန် အားထုတ်မှုနဲ့ ရုံးတင်တယ်။ ဘာရိုးဒါး ဒိုင်းနမိုက် အမှုအခင်း ( Baroda Dynamite Case) လို့ နိုင်ငံရေးအရ လူသိများတယ်။ နောက်ဆုံး တပြည်လုံး အုံကြွ ဆန့်ကျင်ကြလို့ အင်ဒီရာဂန္ဒီက အရေးပေါ်အုပ်ချုပ်ရေးကို ရုတ်သိမ်းပေးလိုက်ရတယ်။ ရွေးကောက်ပွဲသစ် လုပ်ပေးဖို့ ကတိပြုခဲ့ ရတယ်။ ဒီလိုနဲ့ ၁၉၇၇ မှာ ရွေးကောက်ပွဲတွေ လုပ်တော့ မစ္စတာ ဖာနန်ဒက်က ထောင်ထဲ ကနေ ၀င်ပြိုင်တယ်။ အနိုင်ရတယ်။ သူ့ပါတီ ( Janata Party) လည်း အပြတ်အသတ် အနိုင်ရပြီး အစိုးရဖွဲ့နိုင်ခဲ့တယ်။ မစ္စတာ ဖာနန်ဒက်လည်း ထောင်ထဲကထွက်တာနဲ့ တခါတည်း အစိုးရအဖွဲ့ဝင် ၀န်ကြီး ဖြစ်ခဲ့တယ်။ အဲဒီအချိန်ကစလို့ မစ္စတာ ဖာနန်ဒက်ဟာ အကျမရှိ တော့ဘဲ အမတ်နိုင်ငံရေးသမား၊ အိန္ဒိယရဲ့ နိုင်ငံရေး ခေါင်းဆောင် ဖြစ်လာခဲ့တယ်။

အိန္ဒိယလို လူမျိုးစုံ၊ ဘာသာစုံနဲ့ ၀ါဒသောင်းခြောက်ထောင်ရှိတဲ့ နိုင်ငံမှာတောင် ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဥပဒေထုံးနည်းတွေဟာ တင်းကြပ်မထားဘဲ လူထုရဲ့ သဘောဆန္ဒကို အလေးပေး အခြေခံထားတယ်။ ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တဲ့ လူထုဆန္ဒကို အထူး အရေးပေး စဉ်းစားဆောင်ရွက်တယ်။ စစ်အုပ်စုရဲ့ အဓမ္မဥပဒေတွေ ကတော့ မနှိုင်းယှဉ်သာအောင် အောက်တန်းကျလှတယ်။ နှိုင်းယှဉ်စရာ တကွက်တောင် မမြင်မိပါဘူး။ နံ့သာဆီနဲ့ အီး၊ သမုဒ္ဒရာနဲ့ ကျင်ငယ်ရေလို ကွာခြားတယ်။ သူတို့ အဓမ္မဥပဒေတွေက ပေးယောင်ပဲ ပြထားပြီး၊ လူထုအခွင့်အရေးကမရှိ၊ မရ။ ဗိုလ်ချုပ်တွေရဲ့ ဆန္ဒက ပဓာန ဖြစ်နေတယ်။ အဲဒီထဲမှာ အဆိုးဆုံး အယုတ်ဆုံးနဲ့ တမျိုးသားလုံးရဲ့ အချုပ်အခြာ ဂုဏ်သိက္ခာကို စော်ကား ထားတာ ကတော့ ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ အပိုဒ် (၃၃) ဖြစ်တယ်။ အဲဒီ အပိုဒ်မှာ လွှတ်တော်ကို ခွေးတိုးပေါက်က၀င်လာတဲ့ စစ်ဓားပြ အမတ်တွေကို စစ်ဦးစီး ချုပ်က ဖြုတ်နိုင်တယ်၊

အစားထိုးခန့်နိုင်တယ်လို့ ဆိုထားတယ်။ ဒီနေ့ခေတ် ကမ္ဘာ့နိုင်ငံရေးမှာ တိုင်းပြည်/လူမျိုးတခုရဲ့ အချုပ်အခြာဟာ ပြည့်သူလွှတ်တော် ပါလီမန်ပဲ။ လူထုက ရွေးကောက် ခံထားရတဲ့ နိုင်ငံသား တဦးဟာ လွှတ်တော် ဥက္ကဋ္ဌဆီမှာ ကျမ်းကျိန်ပြီးတာနဲ့ အချုပ်အခြာအာဏာပိုင် လွှတ်တော်ရဲ့အစိတ်အပိုင်း အဖွဲ့ဝင် သို့မဟုတ် လွှတ်တော် အမတ် ဖြစ်တယ်။ ဒီတော့ ဒီအမတ်ဟာ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာ ပြယုဂ်သင်္ကေတပဲ။ ဒီအမတ်ကို တရားရုံး တခုခုက တရားမမှုနဲ့ ပြစ်ဒဏ် စီရင်ချက် ချပြီးမှသာ လွှတ်တော် ဥက္ကဋ္ဌက နည်းဥပဒေများနဲ့ အညီ လွှတ်တော် အမတ်အဖြစ်က ရပ်စဲနိုင်တယ်။

နောက်တနည်းက သူ့ကို ရွေးကောက် တင်မြောက် လိုက်တဲ့ မဲဆန္ဒနယ်က သတ်မှတ်ထားတဲ့ မဲဆန္ဒရှင် အရေ အတွက်က လက်မှတ် ထိုးထားတဲ့ ရုတ်သိမ်းစာ ( Re-Call ) ကို လွှတ်တော်ဥက္ကဋ္ဌဆီ ပို့ရတယ်။ လွှတ်တော်ဥက္ကဋ္ဌက နည်းလမ်းတကျ အရေးယူတယ်။ ဒါပဲ။ လွှတ်တော် အမတ်ကို ဘယ်သူ တဦးတယောက် ကမှ ဖြုတ်ချတာ ရုပ်သိမ်းတာ မလုပ်နိုင်ဘူး။ ရာဇ၀တ်မှုနဲ့ စွဲဆိုခံထားရတဲ့ အမတ်ကိုတောင် လွှတ်တော် ဥက္ကဋ္ဌရဲ့ သဘောတူညီမှု မပါဘဲ စစ်ဆေးခွင့်၊ အရေးယူ အပြစ်ပေးခွင့်၊ ဖမ်းဆီးခွင့် မရှိဘူး။ ဒါကြောင့် ဒီအပိုဒ်ပါ ပြဋ္ဌာန်းချက်ဟာ နိုင်ငံ့ဝန်ထမ်းတဦးသာဖြစ်တဲ့၊ ပြည်သူ့ရိက္ခာကို စားနေတဲ့ စစ်ဦးစီးချုပ်က နိုင်ငံ/ ပြည်သူရဲ့ အချုပ်အခြာ အာဏာပိုင် လွှတ်တော်ကို ခွထိုင် စော်ကားထားတာဖြစ်တယ်။ ဘာတွေ ဘယ်လိုဖြစ်ဖြစ် အနှစ်သာရကတော့ စစ်အာဏာရှင် စနစ်လို့ ပြောထားတာဖြစ်တယ်။

ဥပဒေဆိုတာ တရား (ဓမ္မ) ဆိုတဲ့ စကားလုံးနဲ့ အစဉ်ဒွန်တွဲနေတယ်။ တရားဥပဒေ လို့ပဲရှိတယ်။ တရားမျှတမှု ရှိရတယ်။ သဘာဝ ဓမ္မကျရတယ်။ ဒါမှသာ လူအများလေးစား ကြည်ညိုလိုက်နာတယ်။ ကာကွယ်စောင့်ရှောက်တယ်။ မတရားတဲ့ဥပဒေကို လေးစား လိုက်နာသူမရှိဘူး။ ကိုယ်ကျိုးအတွက် အသုံးချသူသာ ရှိတယ်။ အခု စစ်အုပ်စုရဲ့ ဥပဒေဆိုတာတွေက တောတွင်း ဥပဒေလို အဓမ္မ လိုက်နာခိုင်းတဲ့ အမိန့် ( Diktat ) တွေပဲ ဖြစ်တယ်။ ဆန်းတော့မဆန်းပါဘူး။ အာဏာကို ဓားပြတိုက်ယူထားတဲ့ အဓမ္မ၀ါဒီတွေ ထုတ်ထားတာ ဆိုတော့ တရားဥပဒေ ဘယ်ဖြစ်နိုင်ပါတော့မလဲ။

အဲဒီအထဲကဘဲ ဒီမိုကရေစီ ရလိမ့်နိုး၊ ရအောင်လုပ်လို့ ရလေနိုးနဲ့ ဆင့်ဟိုဒင်း ခွေးမျှော် ဆိုသလို နိုး ဆရာကြီးတွေက ရှိသေးတယ်။ စစ်အုပ်စု ဖွင့်ပေးတဲ့ ပုံစံထဲကနေ ရသလောက် လုပ်နေပြီး တဖြည်းဖြည်းချင်း ပြောင်းယူမယ် ဆိုကြတယ်။ ဒီပုံစံ ဒီဥပဒေ ဒီဘောင်တွေ ထဲကနေ ဒီမတရားဖွဲ့စည်းပုံနဲ့ ဥပဒေကို ပြင်ဘို့ဆိုတာ နွားသိုးချိုကို နို့ညစ်ဖို့ အားထုတ်သလိုပါပဲ။ မှတ်ထား သင်းကွပ်နဲ့ အမြုံညားလို့ ဘာမှ ပေါက်ဖွား မလာဘူး။ ဒီမိုကရေစီတရားဆိုတဲ့ လူ့ယဉ်ကျေးမှု သင်းကွပ် ထားတဲ့ စစ်အာဏာရှင်တွေနဲ့ သူတို့ရဲ့ အမြုံစစ်ကျွန် ဖွဲ့စည်းပုံ ဥပဒေတွေ ကနေ ဒီမိုကရေစီ ရလိမ့်နိုး ထင်စားနေသူတွေဟာ လမင်းကို ဒိန်ခဲထင် စာရနိုးနဲ့ အူနေတဲ့ မြေခွေးထက် မိုက်မဲတယ် ဆိုရင်တောင် မလုံလောက်သေးဘူး။

ဒီမတရား ဥပဒေတွေကို ဖျက်ဖို့ဆိုတာ နည်းလမ်း တခုပဲရှိတယ်။ အဲဒါကတော့ လူထု အားပဲ ဖြစ်တယ်။ ဆရာကြီး ဦးဝင်းတင် ပြောနေတဲ့ လူထုကို မျက်နှာမူဖို့ဆိုတာ ဒါကို ရည်ရွယ်ရင်း ဖြစ်ပါတယ်။ နိုင်ငံရေးမှာ တခါခါ နည်းနာ ပရိယာယ်တွေဟာ အရေးပါတာ မှန်ပေမဲ့ အခါခပ်သိမ်း နည်းနာတွေ နောက်ကိုပဲ လိုက်နေရင်း ကျောရိုးပျောက်ပြီး လမ်းမှား ရောက် လူထုနဲ့ ကင်းကွာ ချောက်ကျတတ်ပါတယ်။ ဒီနေ့ ရင်ဆိုင် နေရတာက စစ်အုပ်စုရဲ့ စစ်ကျွန်ဖွဲ့စည်းပုံကို လက်ခံမလား လက်မခံဘူးလားဆိုတဲ့ ကျောရိုးကျတဲ့ အခြေခံမူ ပြဿနာ ဖြစ်ပါတယ်။ အခြေခံမူ ကိစ္စရပ်တွေကို ပရိယာယ်နည်းနာနဲ့ ဖြေရှင်းဖို့ ကြိုးစားရင် ဖောက်ပြန်ရေး လမ်းကြောင်းပေါ် ရောက်သွား တတ်ပါတယ်။ ရှစ်လေးလုံး ကာလက မဆလ အစေခံ လွှတ်တော် ညွှန်ချုပ် ဦးအောင်ခင်တင့်က သူ့ညီ ဒီမိုကရေစီ ဘက်သား အောင်ခင်ဆင့် ကို ပြောတဲ့စကားအတိုင်း ပြောရရင် " နှမပေးချင် ပေးလို့ရတယ်၊ အမေတော့ ပေးလို့ မရဘူး"။ အခြေခံမူနဲ့ နည်းပရိယာယ် ခြားနားချက်ကိုပြောတာပါ။

ဒီနေ့ စစ်အာဏာရှင် တွေရဲ့ ဖွဲ့စည်းပုံတို့ ရွေးကောက်ပွဲတို့ ဆိုတာ ဘက်ပေါင်းစုံက ဖိအား အကြပ်အတည်း တွေကြောင့် ပေါ်လာတာပါ။ ဗိုလ်ချုပ်တွေရဲ့ စိတ်ကောင်း စေတနာ ကောင်းရှိလို့ ပေါ်လာတာမဟုတ်ပါဘူး။ ရာစုတ၀က်ကျော် သူတို့ ဓားပြတိုက် အပိုင်စီးထားတဲ့ နိုင်ငံတော် အာဏာ၊ နိုင်ငံရေးအ၀န်းအ၀ိုင်း တံခါးကို အရပ်သား နိုင်ငံသားတွေအတွက် ဖွင့်ပေးတာတောင် မရိုးမသား ကလိမ်ကကျစ်နဲ့ အချုပ်အနှောင်တွေနဲ့ ဖွင့်ပေးတာပါ။ မွန်ပညာရှိ အမတ် အမတ်ဒိန် မဏိရွတ်လို တခါးတဖက် ပိတ်ပြီး တဖက်ပဲ ဖွင့်ပေးထား တာတောင် မဟုတ်ဘူး။ မတရားဥပဒေတွေနဲ့ ချည်တုပ်ပြင်ဆင်ပြီး ခွေးတိုးပေါက် လောက်ပဲ ဖွင့်ပေး ထားတာပါ။ ဒီလို ခွေးတိုးပေါက်က ၀င်ဘို့ဆိုတာ " ခေါ်ရင်သွား၊ ခိုင်းတာလုပ်၊ ခံမပြောနဲ့၊ ခိုးစား" ဆိုတဲ့ "ခ" လေးလုံးသမားတွေလောက်သာ လုပ်နိုင်ပါတယ်။

တကယ်တော့ စစ်ကျွန်ဖွဲ့စည်းပုံနဲ့ မတရား ဥပဒေတွေဟာ အမျိုးသားဇာတိမာန်နဲ့ အချုပ်အခြာ အာဏာကို သားကြောဖြတ်တဲ့ ဓားတွေ ယန္တယားတွေပဲ။ ရွေးကောက်ပွဲ ဆိုတာက လည်း ဒီသားကြောဖြတ်ဓားကို အသက်သွေးတဲ့ ပွဲပါပဲ။ ဒါကြောင့်လည်း ဆရာကြီး ဦးဝင်းတင်က ဘာလဲဟဲ့ လူ့ငရဲဆိုတဲ့ သူ့စာအုပ်မှာ "စစ်အစိုးရဟာ ဘီလူးရုပ်ကို ဖုံးဖို့ ကြိုးစားနေပါပြီး၊ လူယောင် ဆောင်ဘို့ စိုင်းပြင်း နေပါပြီ။ ရွေးကောက်ပွဲ ဆိုတာ အဲဒီ လူယောင် ဆောင်ရာမှာ လိမ်းချယ်မဲ့ သနပ်ခါး ဖြစ်ပါတယ်။ သနပ်ခါး ဘယ်လိုလိမ်းလိမ်း ဘီလူးကတော့ ဘီလူး အစွယ်နဲ့ ပြူးပြူးပဲနေမှာပါ။……. နိုင်ငံရေးအင်အားစု အားလုံး၊ တိုင်းရင်းသားလူမျိုးစုအားလုံး၊ နိုင်ငံရေး လှုပ်ရှားသူ အားလုံးရဲ့ အဓိကတာဝန်က ဘီလူးကို အစွယ်ချိုးဖို့၊ အစွယ်နုတ်ဖို့ပဲ ဖြစ်ပါတယ်။ စစ်ဘီလူးရဲ့ လူယောင်ဆောင် ပွဲကြီးမှာ နိုင်ငံရေးနားမယောင်ကြဖို့ပဲ ဖြစ်ပါတယ်" လို့ ရေးထားပါတယ်။

ဒါက အနှစ် (၂၀) လောက် စစ်ဘီလူးတွေရဲ့ ငရဲခန်းမှာ နေခဲ့ရပြီး အခုထိလည်း အချိန်မရွေးအဲဒီငရဲခန်းကို ပြန်ရောက်နိုင်တဲ့ အန္တရယ်ကြားက မူအပေါ်မှာ ကြံ့ခိုင်သူ တယောက်ရဲ့ အမှာစကားပါ။ နိုင်ငံရေးမှာ လုပ်ဟန် ပျော့ပြောင်းဖို့ လိုတာမှန်ပါတယ်။ လုပ်ဟန် ပျော့ပြောင်းခြင်း ဆိုတာ မူကို ဈေးဆစ်ခံဖို့ မဟုတ်ပါဘူး။ ကိုယ့်ကိုကိုယ် လေးစားတန်ဘိုးထားတဲ့ လူတယောက် အတွက်တော့ မူဟာ အသက် ဖြစ်ပါတယ်။

အဓိပ္ပါယ်က " ဆင်ဖြူတော် ဆိုတာ ခွေးတိုး ပေါက်က မ၀င်ဘူး" ။

ရဲဘော်ကျော်သန်း
Kyaw_than2004@yahoo.com

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form