နအဖ စစ်အုပ်စု ကျင်းပမည့် ရွေးကောက်ပွဲနှင့် ဗလာနတ္ထိ လူ့အခွင့်အရေး

မြန်မာ နိုင်ငံသူ နိုင်ငံသားများ အသက်သွေး ချွေးဘ၀တွေ စတေးကာ ထောင်ကျခံ နှိပ်စက်ခံပြီး တိုက်ပွဲဝင်နေ ကြတာဟာ လူသားတွေမှာသာပိုင်ဆိုင်တဲ့ အခွင့်အရေးကြီး လေးရပ်ပြည့်ပြည့်၀၀ ရရှိဖို့ ဖြစ်ပါတယ်။ အခြေခံ ဒီအခွင့်အရေး လေးရပ်ဟာ တိရစ္ဆာန်တွေမှာ မရှိပါဘူး။ လူသားနှင့် တိရိစ္ဆာန်ကို ပိုင်းခြား ပေးလိုက်တာဟာလဲ ဒီအခွင့်ရေးကြီး လေးရပ်ပါပဲ။ ဒါကြောင့် ယနေ့ နအဖ ကျင်းပမဲ့ ရွေးကောက်ပွဲဟာ ဒီအခွင့်ရေး လေးရပ် ပေတံနှင့် ညီမညီ ဆန်းစစ် သင့်ပါတယ်။ ကဲ ဆန်းစစ် ကြည့်ကြရအောင်………

၁။လွတ်လပ်စွာ ပြောဆိုခွင့်….. နအဖ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲက လွတ်လပ်စွာ ပြောဆိုခွင့် တကယ် ပေးသလား။ လုံးဝ မပေးပါ။ သူတို့ မွေးထားတဲ့ အေးလွင် အုပ်စု စည်းရုံးရေး သွားစဉ် စစ်အုပ်စုရဲ့ လက်ကိုင်ဒုတ် ကြံဖွတ်တွေ စွမ်းအားရှင်တွေ ၀ိုင်းရိုက်လို့ အခု စည်းရုံးရေးတောင် မလုပ်ရဲတော့ဘူး။ အခု နအဖ ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲဥပဒေတွေဟာ တရားမျှတမှုမရှိပါဘူး၊ တစ်ဖက်သက် အနိုင်ကျင့် ရေးထားတယ် ဆိုတာကို ကလေးက အစသိပါတယ်။ ဒါပေမဲ့ ဘယ်သူတွေ ပြောဆို ဝေဖန်ရဲလဲ။ ပြောဆို ဝေဖန်လို့ ရပါ သလား။ လုံးဝမရပါ။

ဒါဆိုရင် မိမိတို့ရဲ့ ဘ၀ဟာ တိရိစ္ဆာန်နဲ့ ဘာမှ မခြားနားပါဘူး။ တိရိစ္ဆာန်မှာက ဘာသာစကားမရှိလို့ သူတို့ တိရိစ္ဆာန် လောကသား အချင်ချင်း ဘယ်ဟာ မှားတယ် ဘယ်ဟာမှန်တယ် ဆိုတာကို မပြောနိုင်ပါဘူး။ သူတို့ကပြောဆို နိုင်တဲ့စွမ်းရည်မရှိလို့ မပြောဆိုနိုင်တာ ဘာမှ မဆန်းပေမဲ့ ပြောဆို နိုင်စွမ်း ရှိပါလျက် ဘာမှ မပြောနိုင်ဘူး ပြောခွင့်မရှိဘူးဆိုရင် ကျနော်တို့မြန်မာနိုင်ငံသူ နိုင်ငံသားတွေ အားလုံး ကိုယ့်နောက်ကိုယ် စမ်းကြည့်ဖို့လိုပြီ၊ အမြီးပေါက်မပေါက်ကိုပါ။ ကဲအမြီးမပေါက်ချင်ရင် လူသားစင်စစ်လူပီသချင်တယ်ဆိုရင် လွတ်လပ်စွာ ပြောဆိုခွင့်ကို အသက်ပေး တိုက်ကြပါ။

၂။လွတ်လပ်စွာရေးသားခွင့်…. နအဖ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်စွာ ရေးသားခွင့်ပေးပါသလား။ လုံးဝ မပေးပါ။ မည်သည့် စာစောင် မည်သည့် စာအုပ် မည်သည့် သတင်းစာမှာမှ လွတ်လပ်စွာ ရေးသားခွင့် မပေးပါ။ သူတို့အုပ်စုသာ ထင်သလို ကြိုက်သလို လွတ်လပ်စွာ ရေးနေသော်လည်း ပြည်သူ့ဖက်ကိုကား လုံးဝ ရေးခွင့်မပေးပါ။ ဒါဟာ တစ်ဖက်သတ် အနိုင်ကျင့်ခြင်း ပါပဲ။ ကျနော်တို့ ပြည်သူ တွေဟာ တိရစ္ဆာန်တွေ မဟုတ်ပါဘူး။ တိရိစ္ဆာန်တွေမှာ စာရေးသားခြင်း အတက်ပညာ မရှိလို့ မရေးနိုင်တာ မရေးရတာ မဆန်းပေမဲ့ စာရေး သားနိုင်တဲ့ အတက်ပညာတွေ တက်ထားပါလျက် ကိုယ့်လူမျိုး ကိုယ့်နိုင်ငံ အတွက် ဘာမှ ရေးသားခွင့် မရှိဘူး မရေးရဘူး ဆိုတာဟာ မိမိတို့ ပြည်သူတွေကို လူရာ မသွင်းတာပဲ ။ ပြည်သူတွေကို တိရစ္ဆာန်တွေလို သဘောထား တာပဲ။ မိမိတို့ လူသားတွေသာ ပိုင်ဆိုင်တဲ့ လွတ်လပ်စွာ ရေးသားခွင့်ကို နအဖ စစ်အုပ်စု ရဲ့ ရွေးကောက်ပွဲ တွေမှာ လုံးဝကိုမတွေ့ဘူးဆိုတာ ကလေးကအစသိပါတယ်။ လူသားတွေသာ ပိုင်ဆိုင်တဲ့ လွတ်လပ်စွာ ရေးသားခွင့် ကိုရအောင် တိုက်ယူကြပါ။ လူသားစင်စစ် လူပီသ ချင်ကြပါတယ် ဆိုရင်ပေါ့….

၃။လွတ်လပ်စွာ ကိုးကွယ် ယုံကြည်ခွင့်...... ပြည်သူ အားလုံး ဒီအခွင့်ရေး ရကြပြီလား။ လုံးဝမရပါ။ အားလုံးသိကြတဲ့ အတိုင်း ကိုယ်ကြည်ညို ကိုးကွယ်တဲ့ သံဃာတော်တွေ နအဖ စစ်အကျဉ်းထောင်ထဲမှာ မြတ်စွာဘုရား ရှင်ရဲ့ မေတ္တာသုတ် ဓမ္မတရားတော်ကို ရွတ်ဆို မိရုံနဲ့ ထောင်ထဲမှာ နှစ်ရှည် အကျဉ်းကျခံ နှိပ်စက် ခံနေရတဲ့ သံဃာတော်တွေကို လွတ်ပေးပါ။ အပြစ်မရှိပဲ ဖမ်းထားကြတယ်လို့ ဘယ်သူတွေပြောရဲပါသလဲ။ သံဃာ့မဟာနာယက ကြီးတွေ ကိုယ်တိုင်တောင် မပြောရဲဘူး။ သံဃာမဟာနာယကကြီးတွေ ကိုယ်တိုင် မြတ်စွာ ဘုရားရှင်ဟော ခဲ့တဲ့ မင်းကျင့်တရား ဆယ်ပါးကို ဟောခွင့်မရှိလို့ မဟောရဲကြဘူး။ တရားပွဲတွေ နအဖ ပါမစ် မပေးလို့ မဟောရဘူး.. မတရား ချိတ်ပိတ် ခံထားရတဲ့ ဘုန်းကြီးကျောင်းတွေ၊ အခုထိ ပြန်မဖွင့်ပေးသေးဘူး။ သံဃာတော်တွေကို ဆွမ်းကပ်လို့ ထောင်ထဲချတာ အားလုံးသိကြတဲ့ အတိုင်း ဘယ်မှာလဲ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်။

တိရိစ္ဆာန်တွေမှာ ဘာသာတရားမရှိလို့ မရတာမဆန်းပေမဲ့ ဘာသာတရားရှိတဲ့ လူသားတွေမှာ ဒီအခွင့် အရေးမရရှိတာ မိမိရနေတဲ့ဘ၀ဟာ တိရစ္ဆာန် ဖြစ်နေရတာနဲ့ အတူတူပါပဲ။ အမြီး မပေါက်တာ တစ်ခုပဲ ကျန်ပါတော့တယ်။ ဒါကြောင့် မိမိတို့ လူသားတွေသာ ပိုင်ဆိုင်တဲ့ လွတ်လပ်စွာ ယုံကြည် ကိုးကွယ်ခွင့် ပြန်လည် ရရှိဖို့ အသက်ပေး တိုက်ယူကြပါ။

၎။ လွတ်လပ်စွာတွေးခေါ်ခွင့်…… ဒီအခွင့်အရေးကော ရကြပြီလား။ လွတ်လပ်စွာ တွေးခေါ်ခွင့်က ကိုယ်စိတ်ထဲ ကိုယ်တွေးတာ ဘယ်သူ သိတာမှတ်လို့လဲ နအဖ အုပ်စုတွေက မင်းကိုလွတ်လပ်စွာ မတွေးခေါ်ရဘူးလို့ ချုပ်ချယ် နေလို့လားလို့ မေးစရာရှိပါတယ်။ ဟုတ်ကဲ့ ဖြေပါမယ်... ချုပ်ချယ် နေပါတယ်။ ဘာကြောင့်လဲ.. ကျနော်တို့ ပြည်သူတွေ အားလုံး သိကြတဲ့ အတိုင်း မိမိက တွေးခေါ် ယူဆတယ် ဆိုတာ လွတ်လပ်စွာ ပြောချင်လို့ လွတ်လပ်စွာ ရေးချင် လို့ပါ။ မိမိတွေးခေါ်တာ မှန်သမျှ မရေးရဘူး မပြောရဘူး ဆိုတာ သိနေတဲ့အတွက် မိမိတွေးခေါ် နေလဲ အလကားပါပဲဆိုပြီး အတွေးအခေါ် တွေကိုပါ သတ်ပစ် လိုက်ရာ ရောက်ပါတယ်။ ဒါကြောင့် မြန်မာလူမျိုး တော်တော် များများဟာ တွေးခေါ်စဉ်းစားရမှာကို သေမှာထက်ကို ကြောက်နေကြပါတယ်။ မတွေးခေါ် ရဲကြတော့ပါဘူး။ ဒီလုပ်ရပ်ဟာ မှန်လားမှားလား ဆိုတာကို တွေးခေါ်စဉ်းစားမ မရှိကြတော့ပါဘူး။ အထက်က အမိန့်ဆိုပြီး ခိုင်းတာမှန်သမျှ မှားမှားမှန်မှန် မစဉ်းစားပဲ အကုန်လုပ်ကြတာပါပဲ။ နအဖ စစ်အုပ်စုထဲမှာလဲ တော်တော်များများဟာ လူမပီသ ကြတော့ပါဘူး။ လူသားတွေသာ ပိုင်ဆိုင်တဲ့ လွတ်လပ်စွာ တွေးခေါ်ခွင့် ဆိုတာကို သူတို့ တော်တော် များများ မေ့ကုန်ကြပါပြီ။ တိရစ္ဆာန် တွေလိုပဲ ထူးမခြားနားဘ၀တွေနဲ့ နိဂုံးချုပ် နေကြပါတယ်။

တချို့ ပါမောက္ခတွေ၊ ဆရာဝန်တွေ၊ စစ်ဗိုလ်တွေ ၊ဘွဲ့ရတွေ တော်တော်များများဟာ ဘာမှ ပညာမတတ်တဲ့ ဘာမှ အတွေးအခေါ် မရှိတဲ့ ကိုယ့်လူမျိုး ကိုယ်ပြန်သတ်နေတဲ့ လူယုတ်မာကြီး ဦးသန်းရွှေ ခိုင်းတာမှန်သမျှ လိုက်လုပ်နေကြတာဟာ လွတ်လပ်စွာ တွေးခေါ်ခွင့် မြန်မာနိုင်ငံမှာ ပျောက်နေခဲ့တာ ကြာခဲ့လို့ ဖြစ်ပါတယ်။ သူတို့လုပ်ရပ်တွေ မှန်သလား မှားသလား မတွေးခေါ် နိုင်ကြတော့ပါဘူး။ တိရိစ္ဆာန် တွေလိုပါပဲ။ ဘာမှ မတွေးခေါ် ကြတော့ပါဘူး။ ဒါကြောင့် သူတို့တွေ သေကြတဲ့ အခါမှာလဲ ဘာမှသမိုင်းမှတ်တမ်း မကျန်ပဲ တိရိစ္ဆာန်တွေ လိုပဲ ခွေးသေ ၀က်သေ သေကြရတာဖြစ်ပါတယ်။ ဒါကိုယ် သူတို့ရဲ့ အာဏာရှင် ဖခင်ကြီး ဗိုလ်နေ၀င်းက လမ်းပြခဲ့ပြီး ဖြစ်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ လွတ်လပ်စွာ တွေးခေါ်ခွင့်မရှိခြင်းရဲ့ အကျိုးဆက် တွေဖြစ်ပါတယ်။

နအဖ စစ်အုပ်စု ကျင်းပမဲ့ ရွေးကောက်ပွဲဟာ ဒီအခွင့်အရေး လေးရပ် လုံးဝ ပေးမထားပါဘူး။ ဒါကို သိပါလျက် လုံးဝ အညံ့ ခံကြမည် ဆိုလျှင် မိမိတို့ ရလာတဲ့ လူဘ၀ဟာ တိရိစ္ဆာန် ဘ၀နဲ့ ဘာမှ မခြားနားပါဘူး။ လူသားတွေ မှာသာ ပိုင်ဆိုင်တဲ့ လူအခွင့်အရေးကို လူသားတွေ ဖြစ်တဲ့ ပြည်သူတွေ ကိုယ်တိုင် တိုက်ပွဲဝင် ဆန္ဒပြ ကြိုးစားကြ မှသာလျှင် ဧကန်မုချ ရရှိမှာ ဖြစ်ပါတယ်။ အချောင် ရေသာခို စိတ်ဓါတ်ဖြင့် မရရှိနိုင်ပါ။ မိမိတို့ လူသားတွေသာ ပိုင်ဆိုင်တဲ့ လူ့အခွင့်အရေး လေးရပ်ကို မိမိတို့ မြင့်မြတ်တဲ့ လူသားတွေ ကိုယ်တိုင် ဆန္ဒပြတိုက်ပွဲဝင် ကြိုးစား ကာ ရအောင် နိုင်အောင် ယူနိုင်ကြပါစေဟု ဆန္ဒပြုရင်း…………………..

မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

ပေးပို့သူ : ဖြိုးဝေ - MMP အား ကျေးဇူးတင်ရှိပါသည်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form