ရင်နင့်ဖွယ်အမေ..

အမေ.. ကြွေလွင့်နေတဲ့ရွက်ဝါတွေ
ပင်အိုမှခွဲ လေနှင်ရာဝဲသလို
အမေ့ရင်ငွေ့ထဲက သားတွေသမီးတွေလည်း
ရေမြေခြားမှာ ဟိုကနေဒီလွှဲ
တ၀ဲတလည်လည်ပါပဲအမေ….

အမေ.. ခေတ်ရဲ့ပြောင်းလဲမှုတွေကြားမှာ
အမေ့ရဲ့သားသမီးတွေ တိုးဝှေ့တွန်းတက်
ဝဲဂယက်တစ်ခုလိုပါပဲ…
ခေတ်ထဲမှာ တိုးတက်ဖို့ အမေ့ယဉ်ကျေးမှုတွေဖျောက်ဖျက်
ဝတ်ရတာအနှောက်ယှက်ဖြစ်တယ်တဲ့အမေ..
ဒီလိုနဲ့ပဲ.. အမေ့ယဉ်ကျေးမှုတွေ တဖြေးဖြေးကွယ်ပျောက်
လမ်းဘေးတောင်ရောက်ရောပေါ့…

အော်… ဒါပေမယ့်.. အမေ့ယဉ်ကျေးမှုကိုကွယ်ဖျောက်
ခေတ်နောက်ကို တောက်လျှောက်လိုက်နေတဲ့ အမေ့သားသမီးတွေ
ခေတ်အောက်မှာ နောက်ကောက် သူတပါးအောက်မှာ
ပြားပြားမှောက်နေကြဆဲပေါ့

အမေ.. နာကျင်လှိုက်ကြွ ရင်ထဲမှာ ဒေါသတွေ ပေါ်လာတဲ့အခါ
အမေ့ရဲ့သမိုင်းတွေ ပြန်လှန်ပြ.. ပုဂံခေတ်နှောင်းပိုင်းကတည်းက
အမေက မုဆိုးမတပိုင်းပါပဲလား…
အမေ… သွေးရဲတဲ့ အမေ့သားတချို့ သွေးကွဲသူက ကွဲနေပြီ..

ဒီလိုပါပဲ အမေ့သမီးတွေလည်း ဆံထုံးပေါ်မှာ ပုဝါလွှား
ဘာသာခြားတွေကြားမှာ အခစားဝင်သူက၀င်
အမေ့သမီးမှန်းသိလို့ လမ်းပေါ်မှာ ရုတ်တရက်
နှုတ်ဆက်မိတဲ့ခဏတောင်..
ရှက်လို့တဲ့အမေရယ်.. အမေ့သမီးမဟုတ်ကြောင်း
ဟန်ဆောင်ကောင်းကြသေးတယ်….

အခုများဖြင့် အမေရယ်.. အမေရဲ့ ပညာတတ်သားသမီးတချို့
သူများအိမ်မှာကျွန်လုပ်ဖို့တဲ့အမေ.. အမေ့ရင်ခွင်ထဲက ရှိသမျှထောက်ခံချက်တွေဆွဲ
တဖွဲဖွဲ. တဖြောက်ဖြောက်.. ဟိုကနေဒီရောက်.
ပျောက်သူပျောက် သေသူသေ
အမေရေတောင် မခေါ်အား သူစိမ်းများကြားမှာ အခစားဝင်
နင်းသမျှခံ ပေးသမျှယူ ငြူဆူစရာပါပဲအမေ…

သူစိမ်းတို့အောက်မှာ ဘာရာထူးပဲရရ ဘယ်မှာပဲနေနေ
သူစိမ်းဆီမှာ သခင်မဖြစ်သမျှ.. အမေ့ရဲ့သားသမီးတွေ
ကျွန်ဘ၀ပါပဲဗျာ…

အမေ… သူတစ်ပါးအိမ်မှာ ကျွန်လုပ်နေဆဲ
မသဲကွဲလို့ဆိုပြီး အိမ်ရှင်က ဘယ်သူ့သားလည်းလို့မေးတော့
ဝမ်းသာအားရ အမေ့သားလို့ပြောယုံရှိသေး..
လွှဲသွားတဲ့မျက်နှာ ဂရုဏာအချို့နဲ့မျက်နှာ
နှိမ်ချင်တဲ့မျက်နှာ အလွှာစုံကိုမြင်တော့
ဆို့နင့်လှိုက်ဖို ရှိုက်လို့သာငိုချင်တယ်အမေ…

ခံစားမိတဲ့ ကဗျာလေးတစ်ပုဒ် ကို ပြန်လည် မျှဝေလိုက်တာပါ
ကဗျာ မူရင်းလင့်

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form