ခဏလေး စောင့်ပေးပါ......
  • Share this
  • Sumbit to Digg
  • Sumbit to StumbleUpon
  • Sumbit to Delicious
  • Sumbit to Technorati
  • Sumbit to Reddit
  • Sumbit to Mixx
  • Sumbit to Twitter
  • Sumbit to Furl
  • Sumbit to Design Float
  • Sumbit to Blinklist
  • Sumbit to Yahoo Buzz
  • Sumbit to Google Bookmarks

ခင်မမမျိုး
Monday, February 15, 2010
အချိန်ကား ၂ဝဝ၅ ခု၊ ဖေဖော်ဝါရီလ (၁၃) ရက်။
နေရာကား ရန်ကုန်တိုင်း၊ တွံ့တေးမြို့

အင်္ဂလိပ်စာ ကျူရှင်ဆရာ ဦးအောင်ဖေက ကျူရှင်မှ တပည့်တွေကို ဗိုလ်ချုပ် အောင်ဆန်း၏ ဂုဏ်ကျေးဇူးအကြောင်း ပြောပြပြီး၊ ဓာတ်ပုံကို အလေးပြုခဲ့သည်။ တမျိုး သားလုံးကို သူ့ကျွန်ဘဝမှ လွတ်မြောက်အောင် ကယ်တင်ခဲ့သည့် လွတ်လပ်ရေး ဗိသုကာများကို တိုင်းသူ ပြည်သားများက လေးစားတာ၊ အရိုအသေ ပေးတာ နိုင်ငံတိုင်း မှာ ဖြစ်နေကျ၊ ရှိနေကျ။ သို့ပေမယ့် စစ်အာဏာရှင်ဆိုး ဖိနပ်အောက်က မြန်မာ ပြည်မှာတော့ ဤသည်ကပင် ပြစ်မှုတခုဖြစ်သွားခဲ့ကာ ဆရာဦးအောင်ဖေ ခမျာ မတ ရားအစိုးရ၏ အမျက်တော်ရှ၊ ထောင်တွင်းအကျဉ်းချခြင်းကို ခံလိုက်ရပါတော့သည်။ ထောင်ဒဏ်ကား သုံးနှစ်။ ဓာတ်ပုံလေး တပုံနှင့်ပင် စစ်အာဏာရှင်တို့ အဘယ်ကြောင့် ဤမျှ သဝန်တို မရှုစိမ့် ဖြစ်နေ ရပါသနည်း။ အဖြေက ရှင်းပါသည်။ ဗိုလ်ချုပ် ဆိုသော ရာထူးဂုဏ်ပုဒ်ချင်းတူပေမယ့် စိတ်ဓာတ်၊ အကျင့် စာရိတ္တ၊ မျိုးချစ်စိတ်၊ ဇာတိသွေး၊ ဇာတိမာန်များက ဆီနှင့် ရေပမာ၊ ကောင်းကင်နှင့် မြေကြီးပမာ ကွာခြားလှသည်ကိုး။

ယနေ့ခေတ် စစ်အာဏာရှင်များ သူတို့ ပခုံးနှင့် ရင်ဘတ်ပေါ်တွင် မည်၍မည်မျှ များပြားသော တံဆိပ်ကြီးများ၊ ရာထူး ဂုဏ်ဆောင်များ တပ် ဆင်ကာ ဗိုလ်ချုပ်မှူးကြီး၊ ဗိုလ်ချုပ်ကြီး၊ ဗိုလ်ချုပ်စသည်သော အမည်နာမတို့ကို ခံယူ ထားစေကာမူ “တို့ဗိုလ်ချုပ်”ဟု လူထုက ကြည် ညိုလေးစားစွာ အခေါ်ခံ ခဲ့ရသူကတော့ မြန်မာပြည်တွင် တဦးတည်းသာ ရှိခဲ့ပါသည်။ ထိုသူကား သခင်အောင်ဆန်း (ဝါ) ဗိုလ်ချုပ် အောင်ဆန်း။ မြန်မာတမျိုးသားလုံးကို ကျွန်ဘဝမှ ကယ်တင်ခဲ့သူ၊ ကိုယ်ကျိုးမဖက်ပဲ လူထုအကျိုးကိုသာ သယ်ပိုးခဲ့သူ၊ နယ်ချဲ့ အစိုးရ တို့ နည်းမျိုးစုံဖြင့် သွေးခွဲနေသည့်ကြားမှ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ဆောင်ကျဉ်းနိုင်ခဲ့သူ၊ မြန်မာပြည်သူတို့အတွက် အ သက်နှင့် ဘဝကို စွန့်လွှတ်ခဲ့သည့် တကယ့်ခေါင်းဆောင်ကောင်း၊ သူရဲကောင်းတယောက်။

မြန်မာပြည်ကြီး ထီးသုဉ်း၊ နန်းသုဉ်း၊ ကြငှန်းသုဉ်း၍ သူ့ကျွန်ဘဝသို့ အလုံးစုံ ကျရောက်ပြီးနောက်ပိုင်း အနှစ်နှစ်ဆယ်ကာလတခုတွင် မြန်မာပြည်အလယ်ပိုင်း၊ မကွေးခရိုင်၊ နတ်မောက်မြို့၌ သူရဲကောင်း တဦး ဖွားမြင်လာခဲ့သည်။ အချိန် အတိအကျဆိုလျှင်တော့ (၁၉ ၁၅) ခု၊ ဖေဖော်ဝါရီလ (၁၃) ရက်။ “ခေါင်းဆောင်ဟူသည် မွေးရာပါဖြစ်သည်” ဟု အချို့သော ခေါင်းဆောင်မှုပညာ လေ့လာသူ သု တေသနပညာရှင်များက ဆိုကြပါသည်။ အချို့ကလဲ “ခေါင်းဆောင်မှုဟူသည် လေ့ကျင့်ယူ၍ ရသည်”ဟု ဆိုကြသည်။ အဆိုပါ ပညာ ရှင်တို့သည် ဗိုလ်ချုပ်ကိုကား မွေးရာပါခေါင်းဆောင်ဟု သတ်မှတ်ကြမည်လား။ လေ့လာလေ့ကျင့်မှုမှ တိုးတက်လာသော ခေါင်း ဆောင်ဟု သတ်မှတ်ကြမည်လား မသိ။ ဗိုလ်ချုပ်၏ ခေါင်းဆောင်မှုကို ခေါင်းဆောင်မှုပညာရပ်ရှုထောင့်မှ ဆန်းစစ်ထားသော စာ တမ်းများကား ပေါ်ထွက်လာခြင်း မရှိသေး။ မည်သို့ဆိုစေ ခေါင်းဆောင်ကောင်း အရည်အချင်းရှိ၍ လူထုက ခေါင်းဆောင်အဖြစ် အသိ အမှတ်ပြု တင်မြှောက်ခြင်း ခံခဲ့ရကဲ့သို့၊ လူထု၏ အသိအမှတ်ပြုမှုနဲ့ ထိုက်တန်စွာ ခေါင်းဆောင်ကောင်း ပီသခဲ့သူ ဖြစ်သည်မှာကား သိ သာထင်ရှားလှပါသည်။

ခေါင်းဆောင် တယောက်၏ တာဝန်ယူမှု၊ တာဝန်သိမှုနှင့် မိမိ ခေါင်းဆောင် နေသည့် လုပ်ငန်းဆောင်တာ အပေါ်တွင် ထားရှိသော သစ္စာ တရားတို့ကို ဗိုလ်ချုပ်ထံတွင် ရှင်းရှင်းလင်းလင်း တွေ့မြင်ကြရပါသည်။ အထင်ရှားဆုံး ဥပမာ သာဓကတခုကား “ငရဲခွေးကြီး လွတ်နေ ပြီ” ဆောင်းပါး ဂယက်တွင် ကျောင်းသား ခေါင်းဆောင် ကိုအောင်ဆန်း ဘ၀၏ တာဝန်ယူမှုနှင့် သစ္စာရှိမှု။ ကျောင်းသား ဘ၀တွင် ရန်ကုန် တက္ကသိုလ် ကျောင်းသား သမဂ္ဂ၏ အလုပ်မှုဆောင် ကော်မတီဝင် ဖြစ်လာခဲ့ပြီး၊ သမဂ္ဂမှ ထုတ်ဝေသော မဂ္ဂဇင်း၏ အယ်ဒီတာဖြစ် လာခဲ့သော အချိန်ကာလတွင် တာဝန်ယူထားသော အလုပ်နှင့် ရဲဘော်ရဲဘက်အပေါ်တွင် ထားရှိသော သစ္စာတရား၊ စွန့်လွှတ် အနစ် နာခံသည့် ခေါင်းဆောင် ပီသသော စိတ်ထားကား ထင်ထင်ရှားရှား ပေါ်ထွက် လာခဲ့ပါသည်။

(၁၉၃၆) ခု၊ ဖေဖော်ဝါရီလတွင် အိုးဝေမဂ္ဂဇင်းပါ “ငရဲခွေးကြီးလွတ်နေပြီ” ဆောင်းပါးနှင့် ပတ်သက်သည့် အာဏာ ဖီဆန်ရေး ဂယက် ကြီး ပေါ်ထွက် လာခဲ့ပါသည်။ ဆောင်းပါးရေးသူ၏အမည်ရင်းကို တက္ကသိုလ် အာဏာပိုင်တို့က မေးမြန်း စစ်ဆေးသော်လည်း ကျောင်း သားခေါင်းဆောင် ကိုအောင်ဆန်းသည် တာဝန်ခံ အယ်ဒီတာ ပီသစွာ ဆောင်းပါးရေးသူ၏ အမည်ရင်းကို ထုတ်ဖော် မပြောခဲ့။ ရဲဘော် ရဲဘက် အချင်းချင်း အပေါ်တွင် သစ္စာ စောင့်သိခဲ့သည်။ ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့သည်။ အာဏာပိုင်တို့၏ ကျောင်းမှထုတ်ပယ် အရေး ယူမှုကို ကျေနပ်စွာ ခံယူခဲ့သည်။ မခံရပ်နိုင်သူများက အချင်းချင်း သစ္စာ စောင့်သိတတ်သည့် တက္ကသိုလ် ကျောင်းသားများ။ ကျောင်းသား ခေါင်းဆောင် ကိုနုနှင့် ကိုအောင်ဆန်းတို့ ကျောင်းထုတ်ခံရမှုကို “ငါနှင့်မဆိုင်၊ ငါဘီအေ၊ ဘီအယ်လ်၊ အိုင်စီအက်စ်ရပြီး အရေးပိုင် ဖြစ်ရင်ပြီးရော” ဟူသည့် စိတ်ထားမျိုး မထားခဲ့ကြ။ ကိုယ်ကျိုးရှာ ရုန်းထွက် လိုစိတ်တွေ မမွေးခဲ့ကြ။ လက်သည်း ဆိတ်လျှင် လက်ထိတ် နာ ဆိုသကဲ့သို့ ဝန်းရံပေးခဲ့ကြပြီး၊ ကျောင်းသားသပိတ် အရေးတော်ပုံကြီးပင် ဖြစ်လာခဲ့ရသည်။ “စုစည်းမှု တရပ်ဆီမှ ထွက်ပေါ်လာ သော အင်အားတရပ်ကို အဘယ်သို့သော အာဏာပိုင်သည် မာန်တင်း ခံနိုင်ပါအံ့နည်း”။ နောက်ဆုံးတော့ အာဏာပိုင်များ အလျှော့ ပေးကာ တောင်းဆိုချက်များကို လိုက်လျောခဲ့ရသည်။

အရေးကြုံလာသော အခြေအနေနှင့် အချိန်အခါတွင် ကိုယ်လွတ် မရုန်းတတ်သော သူများကိုသာ လူအများက ခေါင်းဆောင်ကောင်း အဖြစ် အထင်ကြီး လေးစား တတ်ကြသည်မှာ ကလဲ လူ့သဘာဝ။ ခါတော်မီခေါင်းဆောင်နှင့် လူအများ ရင်ထဲကို စွဲစွဲမြဲမြဲ စူးစိုက်ဝင် ရောက်နိုင်သည့် ခေါင်းဆောင် တို့၏ တန်ဖိုးက တခြားစီ ဖြစ်သည်။ ခေါင်းဆောင်ဟူသည် ဆုတ်ခွာချိန်တွင်ပင် နောက်လိုက်များကို စွန့် ခွာမထားခဲ့ရ။ ပြေးဖို့ လိုအပ်လျှင်လဲ ကိုယ်လွတ်ရုန်း မပြေးရ။ ထမ်းပိုးပြေးသင့်လျှင်ပင် ထမ်းပိုးပြေးရမည်။ တာဝန်ခံရမည်။ တာဝန်ယူ ရမည်။ အနစ်နာခံရမည်။ “နောက်ကျခြေထောက်၊ သစ္စာဖောက်” ဆိုပြီး အရေးကြုံသည့်အချိန်တွင် စွန့်ခွာ ပြေးတတ် သူများကို ခါ တော်မီ ခေါင်းဆောင် ဖြစ်နေစေကာမူ ခေါင်းဆောင်ကောင်း အဖြစ် လူအများက သတ်မှတ်လေ့ မရှိကြ။ ကျောင်းသားခေါင်းဆောင် ကို အောင်ဆန်းကား ခေါင်းဆောင် ကောင်းတို့၏ အရည်အချင်းနှင့် သတ္တိသွေးတို့ ပြည့်စုံလှသည် ဖြစ်ရာ ကျောင်းသားခေါင်းဆောင် ဘ၀မှ အမျိုးသား ခေါင်းဆောင် အဖြစ်သို့ တမုဟုတ်ချင်း ရောက်ရှိ လာခဲ့ပါသည်။ ရန်ကုန် တက္ကသိုလ် ကျောင်းသားသမဂ္ဂ၏ ဥက္ကဋ္ဌ၊ မြန်မာနိုင် ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂ၏ ဥက္ကဋ္ဌ၊ တို့ဗမာအစည်းအရုံး၏ အထွေထွေအတွင်းရေးမှူး၊ ဗမာ့ ထွက်ရပ်ဂိုဏ်း၏ အထွေထွေအ တွင်းရေးမှူး တာဝန်များကို ထမ်းဆောင်ရန် လူအများက ရွေးချယ် တင်မြှောက်ခြင်း ခံခဲ့ရသည်။ ထိုမှတဆင့် တို့ဗမာ အစည်းအရုံးဝင် ဖြစ်ကာ သခင် အမည်ခံယူ၍ သခင် အောင်ဆန်း ဟူ၍ မြန်မာပြည် တဝှမ်းဝှမ်း ဟိုးဟိုး ကျော်လာသော အခါတွင်ကား နယ်ချဲ့တို့ လျစ်လျူ မရှုရဲကြတော့။ ဆုငွေထုတ်၊ ဖမ်းဝရမ်းထုတ်ကာ အပူတပြင်း လိုက်လံဖမ်းဆီးကြတော့သည်။

သခင် အောင်ဆန်းကား ကမ္ဘာ့အရေး၊ မြန်မာ့အရေးကို ဆက်စပ် စဉ်းစားနိုင်သော အမြော်အမြင်ရှိသည့် ခေါင်းဆောင်ကောင်း တဦး လည်းဖြစ်သည်။ မည်သို့သောအခြေအနေတွင် မည်သည့်တိုက်ပွဲဝင်ပုံစံကို အကောင်အထည် ဖော်ရမည်ကို စဉ်းစားဆုံးဖြတ်နိုင်စွမ်းရှိ သည်။ သက်ဆိုင်ရာ အဖွဲ့အစည်း ခေါင်းဆောင်များနှင့် ချပြဆွေးနွေးပြီး၊ သဘောတူ ဆုံးဖြတ်ချက်များကို အကောင်အထည် ဖော်နိုင် စွမ်းလည်း ရှိသည်။ လူအများနှင့် ချပြဆွေးနွေးရာတွင် လှေကားချ စည်းရုံးနိုင်စွမ်း ရှိရမည်။ “ငါသိ၊ ငါတတ်” သဘောမျိုးနှင့် အပေါ်စီးက ဆွေးနွေး တတ်သူကို မည်သူမှ ခေါင်းဆောင်ကောင်း မသတ်မှတ်။ “ငါ့စကားနွားရ” ပြောတတ်သူ ဟုသာ သတ်မှတ်ပြီး ရှောင်ဖယ် သွားလေ့ ရှိကြသည်။

သခင် အောင်ဆန်းကား အားတက်သရော ငြင်းခုန် ဆွေးနွေး တတ်သော်လည်း အချက်အလက်နှင့် ဆွေးနွေး တတ်သူဖြစ်သည်။ တောင် စဉ်ရေမရ ပြောချင်ရာ၊ ပြောနေတတ်သူ မဟုတ်။ မြန်မာလူ့ဘောင်၏ အခက်အခဲနှင့် အခြေအနေကို နားလည်သကဲ့သို့၊ ကမ္ဘာ့အခင်း အကျင်းကိုလဲ နားလည်ခဲ့သူ ဖြစ်သည်။ ကမ္ဘာစစ် ဖြစ်ပွားနေသော ခေတ်အခါ သမယတွင် လက်နက်ဆို၍ အပ်တိုတချောင်းပင် ကိုင် ဆောင်ခွင့်မရသော မြန်မာတို့ အဖြစ်၊ တနေ့တခြား လုံးပါးပါးတော့မည်ကို သူနားလည်ခဲ့သည်။ လက်နက်ကိုင် တော်လှန်ရေး မလုပ်ပဲ နယ်ချဲ့စနစ်ကို သုတ်သင်နိုင်မည် မဟုတ်ကြောင်း သိမြင်သည်။ ဤသို့သော အကြောင်းများဖြင့် ရဲဘော် သုံးကျိပ် ပေါ်လာခဲ့ကာ မြန်မာ့ လွတ်လပ်ရေး တပ်မတော် (ဘီအိုင်အေ) မွေးဖွားလာခဲ့ရသည်။ သခင် အောင်ဆန်းသည် မြန်မာ့ တပ်မတော်၏ ဖခင်ရင်းအစစ်။

နယ်ချဲ့ ထွက်ပြီး၊ ဖက်ဆစ်ဝင်လာ၍ မင်းသားရုပ်ကိုခွာကာ ဘီလူးရုပ်ကို လှစ်ပြပြန်တော့လဲ ဖက်ဆစ် ပေးထားသော ရာထူး စည်းစိမ်တို့ တွင် မွေ့လျော်ခြင်းမရှိ။ ပြည်သူ့မျက်နှာ တမျက်နှာတည်းကိုသာ ကြည့်ခဲ့သည်။ ပြည်သူ့ သစ္စာကိုသာ ခံယူခဲ့သည်။ နိုင်ငံတကာ အခြေ အနေကို စောင့်စားခဲ့သည်။ အချိန်အခါ ကောင်းကို စောင့်၍ ဂျပန်တို့ ကမ္ဘာစစ်တွင် အရေးနိမ့်စ ပြုလာသော အချိန်တွင်မှ လှည်းနေလှေ အောင်း၊ မြင်းဇောင်းမကျန် လူထု တရပ်လုံးပါဝင်သည့် ဖက်ဆစ် တော်လှန်ရေးကြီးကို ဦးဆောင် ဆင်နွှဲခဲ့သည်။ အခွင့်အခါကောင်းကို စနစ်တကျ အသုံးချတတ်ခဲ့သူ ဖြစ်သည်။

ဖက်ဆစ် တော်လှန်ရေး အပြီး၊ ဖတပလမှ အမည်ပြောင်းလာသော ဖဆပလ အဖွဲ့ချုပ်ကြီး၏ ဥက္ကဋ္ဌအဖြစ် အရွေးချယ် ခံရပြီး မြန်မာ့ လွတ်လပ်ရေးအတွက် တစိုက်မတ်မတ် ကြိုးပမ်းလုပ်ဆောင်ခဲ့သည်။ မြန်မာ့ လွတ်လပ်ရေး အတွက် သမိုင်းဝင် အောင်ဆန်း၊ အက်တ လီစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး ပြည်မနှင့် တောင်တန်းသားများ သွေးစည်းညီညွတ်ရေးအတွက် ပင်လုံစာချုပ်ကို လက်မှတ်ရေး ထိုးကာ ပြည်ထောင်စုကြီး မပြိုကွဲအောင် ထိန်းသိမ်းနိုင်ခဲ့သည်။

တောင်တန်း ဒေသများတို့ စည်းရုံးရေး ခရီးစဉ် သွားရောက်ခဲ့ကာ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို တည်ဆောက် ခဲ့သည်။ ဗိုလ် ချုပ်ကျဆုံးပြီး နောက်တနေ့၌ ဒူးဝါးကြီးဆမားဆင်ဝါနောင်သည် တာဝါလိမ်းအိမ်ရှိ ဗိုလ်ချုပ်ရုပ်ကလာဘ်ကိုကြည့်ပြီး မျက်ရည်ပေါက် ကြီးငယ်ပင် ကျခဲ့သည်။ ဤမျှအထိ တောင်တန်းသား ခေါင်းဆောင်ကြီးများ၏ ခင်မင်ရင်းနှီးမှုကို ရရှိခဲ့သူဖြစ်သည်။ ဖက်ဆစ် တော် လှန်ရေးတွင် ဂျင်းဖော၊ ကရင်၊မွန်၊ချင်း၊ သျှမ်းစသော တိုင်းရင်းသားများ အားလုံး ဗမာများနှင့်အတူ လက်တွဲပါဝင်ခဲ့ပုံနှင့် ပတ်သက်၍ ဦးပုကလေး ရေးသားသော “ငါတို့ဗိုလ်ချုပ် ဘာတွေလုပ်ခဲ့သလဲ” စာအုပ်တွင် “ဗိုလ်ချုပ်အောင်ဆန်းသည် ဗမာပြည်ဘွား တိုင်းရင်းသား အားလုံးအပေါ် ညီရင်းအစ်ကို ဆွေမျိုးဥာတိအစစ်ကဲ့သို့ ယူဆထားလျက် တိုင်းရင်းသားများ၏ အခွင့်အရေးကို မည်သည့်ဘက်ကမှ မငဲ့ညှာပဲ အဂတိတရားကင်းရှင်းစွာ ထာဝစဉ် ကာကွယ် စောင့်ရှောက် ပေးလိမ့်မည် ဟူသော အသိဥာဏ်သည် တိုင်းရင်းသား လူနည်းစု တိုင်း၏ ဦးနှောက်တွင် စွဲမြဲလျက်ရှိလေပြီ” ဟူ၍ ဗိုလ်ထွန်းလှက နိဒါန်း ရေးထား ခဲ့လေသည်။

ထိုသို့ တိုင်းရင်းသား ပြည်သူလူထု အားလုံး၏ ချစ်ခင်လေးစား၊ အားကိုးအားထားခြင်းကို ခံခဲ့ရသော ဗိုလ်ချုပ် အောင်ဆန်းကား ၁၉၄၇ ခု၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် မသမာသူများ လက်ချက်ကြောင့်၊ အခြား အစိုးရ အဖွဲ့ဝင် ခေါင်းဆောင်ကြီးများ၊ သက်တော်စောင့် ကို ထွေးတို့နှင့် အတူ ကျဆုံးခဲ့ရလေသည်။ ဗိုလ်ချုပ်ကား သူချစ်သော မြန်မာ ပြည်သူပြည်သားတို့ အတွက် သူ၏ အသက်ခန္ဓာကို ပေးလှူ သွားခဲ့သည်။ မြန်မာ့ လွတ်လပ်ရေး၏ ဗိသုကာ ဗိုလ်ချုပ်ကျေးဇူးကြီးမားပေစွတကား။

သို့ပေမယ့် ကျေးဇူးဟူသည် ကျေးဇူး သိနေရုံနှင့် မပြီးသေး။ “ဗိုလ်ချုပ်ပုံကို အိမ်မှာချိတ်ကာ နေ့စဉ် ထိုင်ကန်တော့ ပါသည်၊ ဗိုလ်ချုပ်မွေး နေ့တိုင်း အခမ်းအနားတွေ ကျင်းပပါသည်” ဆိုသည်က ကျေးဇူး သိတတ်မှုမျှသာ ဖြစ်သည်။ ကျေးဇူးဆပ်ခြင်းကား မဟုတ်။ ကျေးဇူးသိ လျှင် ကျေးဇူးဆပ် နိုင်အောင် ကြိုးစားကြဖို့လိုသည်။

ဗိုလ်ချုပ်၏ ကျေးဇူးအား ဆပ်ရန်နှင့် ပတ်သက်၍ ဆရာကြီးရန်အောင်က ...

“မြန်မာပြည်ဖွား၊ ပြည်ထောင်သားတို့
ကွဲပြားမရှိ၊ မြင်လိုဘိ၏။
နတ္ထိဝမ်းစာ၊ စုတ်ချာအိုးအိမ်
ရောင်မှိန်အဝတ်၊ မွဲငတ်အလုပ်သမား
လယ်သမားတို့၊ ဖွံ့ထွားချမ်းသာ
ဆန္ဒာတောင့်တ၊ တွေ့လိုလှ၏။
မွေးဖဗိုလ်ချုပ်
အားထုတ်တောင့်တ၊အဝဝကို
စေ့ငပြီးပြေ၊ ဆောင်ရွက်လေလျှင်
မည်ပေကျေးဇူးဆပ်ခြင်းတည်း”
ဟု စပ်ဆိုခဲ့လေသည်။

ယခုကား အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း ကျဆုံးခဲ့သည်မှာ အနှစ် ခြောက်ဆယ်ကျော် ခဲ့လေပြီ။ သူအသက်ပေးပြီး ရယူပေးခဲ့သည့် လွတ်လပ်ရေး အရသာကို သူချစ်သော တိုင်းရင်းသား ပြည်သူများကား ယခု အချိန်ထိ မခံစားကြရသေး။ ဤအဖြစ်ကို သာ တမလွန်မှ တွေ့မြင်နေပါက မည်မျှ ဝမ်းနည်း နေရှာမည် မသိ။ သူတည်ထောင်ခဲ့သော ပြည်သူ့ တပ်မတော်ကြီး၊ စစ်အာဏာရှင် လက်ကိုင်ဒုတ် လူသတ် စစ်တပ်ကြီး အဖြစ်သို့ အသွင် ကူးပြောင်းနေသည်ကို ကြည့်ရင်းဖြင့်လည်း မည်မျှ နှမြောတသ ဖြစ်နေမည် မသိ။ သူမြင်တွေ့လိုသော ပြည့်စုံကုံလုံသည့် မြန်မာပြည်သူပြည်သားတို့ဘဝမှာ အာဏာရှင် လက်ပါးစေများကြောင့် မသေချာမရေရာ၊ ပုံပြင်ပမာ ဖြစ်နေရသည်ကို တွေ့မြင်ရင်း မည်မျှ ယူကြုံးမရ ဖြစ်နေရှာမည် မသိ။ (၁၉၈၉) ခုနှစ်က သူကျဆုံးခဲ့သော အာဇာနည်နေ့ အထိမ်း အမှတ် နှစ်ပတ်လည် ချီတက်ပွဲအား ရေခဲဆိုင်မှတ်တိုင်၊ မြေနီကုန်း လမ်းဆုံ အထွက်၊ ဗီယက်နမ် သံရုံးရှေ့တွင် အာဏာရှင်များက ပိတ် ဆို့တားဆီး၊ ဝိုင်းဝန်း ရိုက်နှက် သဖြင့် သွေးချောင်းစီး ဖြစ်ခဲ့ရသည်ကို ကြည့်ရင်းဖြင့် လူထုကြီးကိုယ်စား မည်မျှ ဒေါသ ထွက်နေရှာမည် မသိ။

မည်သို့ဆိုစေ သူသာ သက်ရှိထင်ရှား ရှိနေသည်ဆိုပါက ဒီမိုကရေစီတိုက်ပွဲဝင်နေကြသော မြန်မာ ပြည်သူ လူထုကြီးအား စကားတ ခွန်းတော့ သေချာပေါက်မှာလိမ့်မည် မလွဲပါ။ ဤအရာသည် ...
“ရရင်ရ၊ မရရင်ချ”
မှလွဲ၍ မည်သည်များ ဖြစ်နိုင်ပါဦး မည်နည်း။

ခင်မမမျိုး (၂၀၀၇)
(၂၀၀၇) ခုနှစ်က ရေးသားဖြန့်ဝေထားသော ဆောင်းပါးဟောင်း တပုဒ်ဖြစ်ပါသည်။

ပန်းချီ မင်းကျော်ခိုင်

source by : နေ့သစ်

0 comments: