ပုံပြင်လေး တပုဒ်ပါ

ပုံပြင် အမည်က ခေါင်းဆောင် တစ်ဦးနှင့် သူခိုး တစ်ယောက်ပါ။
ရှေးတုန်းက ငရဲပြည်က ယမမင်းကြီးရှေ့သို့ ခေါင်းဆောင် တစ်ဦးနှင့် သူခိုးတစ်ယောက် တစ်ပြိုင်နက် ရောက်လာကြတယ်။ ခေါင်းဆောင် ဆိုသူဟာ ငရဲပြည် မရောက်မီ လူ့ပြည်မှာတုန်းက အလွန် နာမည်ကြီး အများ မလေးစားတဲ့ ခေါင်းဆောင် ဖြစ်ခဲ့တယ်။ သူခိုး ဆိုသူကတော့ အလစ်သုတ် ဖောက်ထွင်း သူခိုး လမ်းဓားပြလုပ် ဆိုတဲ့ အဆိုးမှန်သမျှ အကုန် လုပ်လာတဲ့ လူပါ။

သူတို့ နှစ်ယောက် ယမ မင်းကြီး ထံမှောက်မှာ အစစ်အဆေး ခံပြီးတော့ ပြစ်ဒါဏ် အသီးသီး ချမှတ် ခံကြရပါတယ်။ ငရဲသားတွေက ငရဲအိုးကြီး နှစ်လုံးထဲမှာ တစ်ယောက်စီ ထည့်ပြီး ဒယ်အိုး အောက်မှာ ငရဲမီးတွေ ဖိုပေးလိုက်တယ်။ သူခိုးရဲ့ ဒယ်အိုး အောက်က ငရဲ မီးတွေဟာ ၊ မီးတောက် မီးလျှံတွေ ဟိန်းနေပြီး ငရဲခန်းမကြီးရဲ့ ကျောက်သား အမိုးကြီးတောင် တဖျစ်ဖျစ်မြည် လာတဲ့ အထိ ပူပြင်းတယ်လို့ ဆိုပါတယ်။

အဲ ... ခေါင်းဆောင် ရဲ့ ဒယ်အိုး အောက်ကျတော့ ငရဲသားတွေက ငရဲမီး သေးသေး ကလေး ဖိုပေးထား လိုက်ပါတယ်။ အဲဒီ ငရဲမီး သေးသေး ကလေးဟာ တဖြည်းဖြည်း ကြီးကြီးလာတာ ငရဲခန်းမကြီး တစ်ခန်းလုံး နီရဲ ထိန်လင်း နေပါသတဲ့ ။

နှစ်ပရိစ္ဆေဒ အတော်ကြာလာတဲ့ အခါမှာ သူခိုးရဲ့ ငရဲအိုး အောက်က မီးတောက်ကြီးဟာ တဖြည်းဖြည်း မီးရှိန်လျော့ပြီး မီးငြိမ်း သွားပါတယ်။ နာမည်ကျော် ခေါင်းဆောင် ရဲ့ ငရဲအိုး အောက်က မီးတောက်ကြီးကတော့ ကြာလေ အရှိန်ကောင်း လာလေ ဖြစ်ပြီး မီးတောက် မီးလျှံတွေ ပိုပြီး ကြီးမားလာပါတယ်။ ကြာလေပိုပြီး ပူလောင် လာလေ ဖြစ်နေပါတယ်။ သူခိုးရဲ့ ငရဲမီး ငြိမ်းသေသွားတာ မြင်ရပြီး သူ့ငရဲမီးက အရှိန်ကောင်းလာတာ တွေ့ ရတဲ့ ခေါင်းဆောင် နာမည်ကျော်က .....

ငါဟာ င့ါ နိုင်ငံတော်၏ ကျေးဇူး သစ္စာကို မစောင့်သိ လုပ်ခဲ့တဲ့ အပြစ် ရှိတာတော့ မှန်ပါတယ်။ ဒါပေမဲ့ သူတပါးပစ္စည်းကို မတရား လုယက် ခိုးယူနေတဲ့ သူခိုးနဲ့ နှိုင်းစာလျှင် ငါ့ အပြစ်က ဘာမှ မကြီးလှပါဘူး။ ဒီလို ငါ့မှာ အပြစ်ကြီးကြီး မရှိဘဲနှင့် သူခိုးထက်ပိုပြီး အပြစ်ဒါဏ် ခံရတာတော့ မမျှတပါဘူး၊.... လို့ တွေးမိပြီး .... ဘုရားသခင် မတရားဘူး.... လို့  အော်ဟစ် ပါတော့တယ်။

..........................................

အဲဒီ အခါ ငရဲသူမ တစ်ယောက် ဗြုန်းကနဲ ပေါ်လာပြီး ခေါင်းဆောင် ကို ကြိမ်းမောင်း တော့တာပါပဲ။

ဟဲ့ ...။ လူယုတ်မာ ... ။ နင် ဘုရားသခင်ကို ဘာကြောင့် အပြစ်ဆို နေရတာလဲ ။ နင့်က နင့်ကိုယ်ကို သူခိုးနဲ့ နှိုင်းနေရသလား ။ သူခိုးရဲ့ အပြစ်ဟာ နင်ကျူးလွန်တဲ့ အပြစ်နဲ့ နှိုင်းစာလျှင် ဘာမှ မပြော ပလောက်ဘူး။ သူခိုးဟာ လူ့ဘဝ တစ်လျောက်လုံး ဆိုးပေ ခိုးတိုက် လာတဲ့ အပြစ် ကလေးပဲ ရှိတယ်။

နင့် အပြစ်တွေကို ကြည့်စမ်း။ နင် အဖွဲ့အစည်း၏ အကျိုးစီးပွား အပေါ်တွင် အမြဲသစ္စာရှိပြီး၊ တိုင်းချစ် ပြည်ချစ် စိတ်ဓာတ်ရှိတဲ့ လူတွေရဲ့ စိတ်ဓာတ် စာရိတ္တကို ချိနဲ့ သတ္တိကြောင် စေရုံသာမက ၊ တိုင်းပြည် တစ်ခုလုံးကို နှစ်ပရိစ္ဆေဒ ကြာလေလေ၊ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်လာ လေလေ ဖြစ်နေတာပဲ။

......................................
ဟိုမှာကြည့်စမ်း။

နင့်ကြောင့် တစ်တိုင်းပြည်လုံးမှာ ဖြစ်နေတဲ့ ဒုစရိုက် ရာဇဝတ်မှုတွေ ၊ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်နေကြတဲ့ သူတွေ၊ မိဘ စကား နားမထောင်ပဲ မိဘကို အရှက်ကွဲ အကျိုးနည်းအောင် မိဘ စိတ်ဆင်းရဲအောင် ဆိုးပေ ပျက်ဆီးနေတဲ့ ကလေးတွေ ၊ အဲဒီ ကလေးတွေရဲ့ ဆင်ခြင်တုံ့ တရားတွေ ၊ အကျင့် စာရိတ္တတွေကို ပျက်ဆီးအောင် လုပ်ခဲ့တာ ဘယ်သူလဲ ၊ နင်လုပ်ခဲ့တာ ၊ ယဉ်ကျေးမှု ဓလေ့ ထုံးစံတွေကို တစစီ ကွဲပြဲသွားအောင် တရား ဥပဒေနဲ့ အိမ်ထောင်မှု စည်းကမ်းတွေ ဗရုတ်သုတ်ခ ဖြစ်သွားအောင် လုပ်ခဲ့တာ ဘယ်သူလဲ။
.....................
နင့်ကြောင့်

တစ်တိုင်း ပြည်လုံး လမ်းလွဲ လိုက်မိတယ်၊ ခိုးမှု ဝှက်မှု ရာဇဝတ်မှုတွေ ၊ သောင်းကျန်း ပုန်ကန်မှုတွေ ဖြစ်နေရ တာတွေဟာ တိုင်းပြည် ပျက်လု မတတ်ပဲ ။ အဲဒါ နင် လုပ်ခဲ့တာတွေ ၊ အဲဒီ လူတွေ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ဒုက္ခရောက်ခဲ့ ရပြီး ကျဆင်း ခဲ့ရတဲ့ ချွေးတွေ သွေးတွေ ၊ မျက်ရည် ပေါက်တွေ အတွက် နင့်ကို အပြစ်တင် ရမှာပဲ။
.................................
လူယုတ်မာ

နင်ကြောင့် လူသားတွေ ဘယ်လောက် ပျက်စီး ဒုက္ခရောက်ခဲ့ ၊ ခံစားခဲ့ရတာကို နင်မြင်ပြီလား၊ နင် ဘုရားသခင်ကို မထီမဲ့မြင် ပြုဝံ့သေး သလား ။ ကဲ .. ။ အဲဒီ အပြစ်တွေ ကျေအောင် နင်ဆက်ပြီး ငရဲ ခံပေအုံးတော့..... ဆိုပြီး ငရဲသူမ ကလေးဟာ ငရဲအိုးကြီးရဲ့ အဖုံးကို ဂျိမ်းကနဲ ပိတ်ချ လိုက်ပါသတဲ့ ။

..................................

ပုံပြင် ကတော့ ဒါပါပဲ။ ဒါပေမဲ့ ဆက်ပြောချင်တာတွေ ရှိပါသေးတယ်။ အခွင့် သာခဲ့ရင်ပေါ့။ အော်.. တခုတော့ မှာပါရစေ။ ဖတ်ပြီး သိပြီးသား ဆိုစေဦးတော့ လက်ဆင့်တော့ ကမ်းစေ ချင်တယ်ဗျာ။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form