ခဏလေး စောင့်ပေးပါ......
  • Share this
  • Sumbit to Digg
  • Sumbit to StumbleUpon
  • Sumbit to Delicious
  • Sumbit to Technorati
  • Sumbit to Reddit
  • Sumbit to Mixx
  • Sumbit to Twitter
  • Sumbit to Furl
  • Sumbit to Design Float
  • Sumbit to Blinklist
  • Sumbit to Yahoo Buzz
  • Sumbit to Google Bookmarks

၇၄ ဒီဇင်ဘာရဲ့ .. ဂန္တဝင်သံမဏိ သူရဲကောင်း ကျောင်းသား တယောက် အကြောင်းနဲ့ …

မောင်မောင်တိတ်(ABSDF)


ဒီဇင်ဘာနဲ့ ပတ်သက်တဲ့ သူတွေကတော့ မေ့ကောင်းမည် မဟုတ်ကြ။ မေ့ကြမည်လည်း မထင်၊ မေ့နေကြပြီဟု ပြောရင်လည်း မယုံ။ ပုံပြင် မ ဟုတ်၊ ဒဏ္ဍါရီ မဟုတ်၊ ရှိခဲ့သည် ရှိနေသည် ရှိနေ ဦးမည်၊ ဒို့ ဒီ ဒီဇင်ဘာမှာ ဘာလုပ် ကြမလဲတဲ့၊ ပြောစရာမလို၊ ရင်ထဲက အလိုလိုသိ နေကြသည်၊ နှစ်ပေါင်း (၃၅) နှစ်၊ ဆုံကြတော့ အသစ် အသစ် တွေပဲ ဖြစ်နေသည်။ ဒီလိုပဲ ရောက်သည့် နေရာ ပြည်တွင်း ပြည်ပမှာ ရတဲ့ အချိန်လေး တွေနဲ့ အချိန်အခါမှာ လုပ်ကြစမြဲ။ ပြောကြ စမြဲ။

အသက်တွေလဲ (၆ဝ) ကျော် သူက ကျော်သွား ကြပြီ။ ရုပ်ပိုင်းက အိုပြီ။ စိတ်ပိုင်းက မအို။ ပြန်ပျို မျစ်ပြီး ဒီဇင်ဘာလက ထုဆစ် ခဲ့ကြတဲ့ အတွေ့အကြုံ တွေက ခွန်အားသစ်တွေ တက်တက်လာတယ်။

အဲ့ဒီ အထဲမှာ ကိုတင်မောင်ဦး။ ဆလိုင်း တင်မောင်ဦး အကြောင်းက ထိပ်ဆုံးက ပါနေကြ။ ထောင်ထဲမှာ ပုံစံတွေ ကိုင်လို့ တကွဲတပြား ဖြစ်ပြီး တိုက်ပိတ်ခံရလို့။ (၁) တိုက်။ (၂) တိုက်။ (၃) တိုက်။ (၄) တိုက်။ (၅) တိုက်။ (၆) တိုက်နဲ့ အဆောင် (၃) အခန်းလေးတွေထဲမှာ တသီး တခြားခွဲထားပြီး အတင်း နှိပ်စက် ပုံစံသွင်းခံနေရတဲ့ အဖြစ်လေးတွေ မျက်စိထဲက မထွက်။ ရက်စက် ယုတ်မာလွန်းလို့ ထပ်ပြီး မရေးတော့ ပြီ။ တွေ့ရင်တော့ ပြောဖြစ်ကြသည်။

သခင်မြသန်းရဲ့ “သာယာဝတီ ထောင်တွင်းက ငရဲခန်း” ကတမျိုး၊ (၇၄) အင်းစိန်ထောင်တွင်း ကျောင်းသား။ (၇၅) (၇၆) ကျောင်းသား လူငယ်လေးတွေရဲ့ “ယောရူဝ” ငရဲခန်းကတဖုံပါဘဲ။ ရေကြည်အိုင်၏ အကြောင်းတော့ မရေးကြသေးပါ။ မိမိတို့ မရောက်ခဲ့ပါ။ တချို့ လည်း သည်လူဘဝမှာ မရှိကြတော့ဘူးထင်ပါသည်။

“မလှမြိုင်” ဘလော့ ဖွင့်ထားတယ်တဲ့။ ကြားရတဲ့သတင်းလေး။ အားရစရာ။ မိမိတို့ထောင်ထဲကမထွက်ရသေးခင်။ ကိုတင်မောင်ဦး ညီမ လေး .. မလှမြိုင် GTI ဘက်မှာတရားတက်ဟောသတဲ့။ မိမိအစ်ကို ကိုတင်မောင်ဦး အကြောင်းနဲ့ ကြိုးပေး ခံခဲ့ရတဲ့ အကြောင်းများ အစ်ကို့ သွေးလို ညီမလေးသွေးကလဲ .. ရဲရဲနီသတဲ့။

ကိုတင်မောင်ဦးရဲ့ မိသားစုတွေ အားလုံး အဖမ်းခံရပြီး။ နို့စို့ အရွယ် ကလေးငယ်လေးတော့ ကျန်ခဲ့သတဲ့ ထားခဲ့ သတဲ့။ အဲဒီတုန်းကလည်း ဒီလိုပဲ ရက်စက်ရုပ်မာခဲ့ကြတာဘဲ။ နောက်တော့။

ကျနော်တို့ ကိုတင်မောင်ဦး၊ ကိုညွန်တင် (ဒလ)၊စောလှဝင်း၊ ဗဆွေလေးတို့နဲ့ ကြိုးတိုက်တွင်းမှာ ဆုံလိုက် ကြသေးတယ်။ သူတို့ (၄) ဦး က ကြိုးကျ ခံထားရသူတွေ အယူခံတော့ တင်ထားတဲ့ သူက တင်ထားတယ်။ လည်းပင်း ကိုတော့ ကြိုးနဲ့ တိုင်းထား ပြီးသားတဲ့၊ ကိုညွန့် တင် က (ဒလ) က။ ပြည်ချစ်အဖွဲ့ဝင်၊ ဆေးရုံမှာဗုံးခွဲလို့တဲ့။ စောလှဝင်းကလည်း အဲဒီတုန်းက အင်းစိန် (၈) လိုင်းကားတစီးကိုဗုံးခွဲလို့ တဲ့ ဗဆွေလေး ကတော့ စာရွက်စာတန်း၊ မိုင်းတချို့နဲ့တွေ့လိုဆိုလား စောလှဝင်းနဲ့ အမှုတွဲထားတယ်။

ပထမဆုံး နိုင်ငံရေး လှုပ်ရှားမှုတွေနဲ့ ကြိုးစတင် အပေးခံရတာက။ ပြည်ချစ်အဖွဲ့က ကိုညွန့်တင်ပါ။ ကျနော်တို့ ကျောင်းသား (၄ဝ) ကျော် ကို တွဲဘက်ထောင် ယခင်က နိုင်ငံရေး အကျဉ်းသားများ ထားတဲ့ သီးသန့်ထောင်က ပုံစံ ကိုင်ခိုင်းတာ မရလို့ ထောင်မကြီးထဲ ပို့ပြီး ပုံစံကိုင်မလို့ဆိုတော့ လက်မခံလို့ ကျောင်းသားတယောက်ကိုဝါဒါ (၃) ယောက်နဲ့ (၂) ယောက်ကလက်တဖက်စီချုပ်ပြီး၊ ခေါင်းငုံ၊ ခေါင်းပေါ်လက်တင်၊ နောက်တယောက်က နောက်ကရိုက်၊ ကန်၊ မအေနှမ၊ ငါနဲ့ ဆဲဆိုပြီး နောက်ဗူးဝက အင်းစိန်ထောင်မကြီးမှာရှိတဲ့ ထ.လ.ရ တပ်ကြပ်ကြီး နာမည်ကြီးဆာဂျင် သိန်းမြိုင် အုပ်ချုပ်တဲ့ ကြိုးတိုက် ခေါ် ရင်ခွဲတိုက်။ တဖက်အခန်း (၃ဝ) စီရှိတဲ့နေရာ ကိုပို့ လိုက်တာပါ။

ကြိုးတိုက်ရဲ့ အစွန်ဆုံး အခန်းတွေမှာ ကြိုးသမားတွေ ထားပြီး လူသတ်မှုနဲ့ သေဒဏ် ကြိုးဒဏ် အပေး ခံရတဲ့သူတွေထားပါတယ်။ အဲဒီ (၄) ဦးကတော့နိုင်ငံရေးပြစ်မှု ဖောက်ခွဲမှုတွေနဲ့ ကြိုးဒဏ် အချ ခံထားရတဲ့ သူတွေပါ။..ပုံစံကိုင်တာ မခံရင် ကြိုးတိုက်ထဲမှာ နေရမယ်။ လျော့ ရက်မရဘူး။ ထောင်ဝင်စာ မတွေ့ရဘူး။ တိုက်ခန်းထဲက ဂန်ဖလား (သေးခွက်၊ ချေးခွက်) ထွက်သွန်တာကလွဲပြီး ပိတ်ထားမယ်ပေါ့ ဘယ်လောက် ထားထား ပုံစံကိုင်တာတော့ မခံဘူး။ ဘာလျော့ရက်မှလဲ မလိုချင်ဘူး ဆိုပြီးနေကြတယ်။ အဝတ်တထည် ကိုယ်တခုနဲ့။ တခန်းကို (၈) ယောက် (၄) ယောက် (၆) ယောက်နဲ့ထားတယ်။ တွဲဘက်ထောင်ကလာခဲ့ရပြီး ဦးဆောင်ခဲ့တဲ့ ကိုကျော်စိုး (သကလ)၊ ဦးကျော်လင်း (ရှေ့နေကြီး အင်းစိန်) ကိုတော့ သီးခြားထားတယ်။ သူတို့ နှစ်ဦးက အသက် (၃ဝ) နီးနီးရှိနေပြီး ဦးဆောင် ခဲ့လို့တဲ့။ ကို ကျော်စိုးကြီး ကနားတဖက် ပင်းသွားတယ်။ ဦးကျော်လင်းက နံရိုးအက်သွားတယ်။

အဆောင် (၃) မှာလဲ ရာဇဝတ်မှု အကျဉ်းသားတွေနဲ့ ရောထားပြီး ပုံစံကိုင်လို့ ကျောင်းသားတွေက ပြန်ပြောလို့ ပြဿနာ တက်ပြီး ပြန်ရိုက် ကြတယ်။သူတို့က လူများတော့ ကျောင်းသားတွေ… မှောက်ကုန်တယ်။ ပြီးတော့တိုက် (၄) (၅) (၆) ထဲမှာ ထည့်ထား လိုက်ကြတယ်။..တ ပတ်နီးပါး ကြာတော့ ကြိုးတိုက်ကို ယဉ်ပါး လာကြတယ်။ ကျနော်တို့ နေ့လည် တခါ ညနေ တခါ ဂန်ဖလား ချရတယ်။ ကျောင်းသား (၄ဝ) လောက်ဆိုတော့ တခန်းဖွင့် တခန်းချနဲ့ ဝါဒါတွေ တော်တော်လေး စိတ်ညစ်သွားတယ်။ အခန်းတခန်း ချရင် တခြားခန်းတွေက.. ထောင်ထဲ ကပေးတဲ့ တိုက်ထဲမှာ ရှိတဲ့ နှီးကြော ဖျာလေးတွေ ကာခိုင်းတယ်။ ငြိမ်နေရတယ်။ ကျောင်းသား ဆိုတော့ သိတယ် မဟုတ်လား။ အကြီးဆုံး က (၂၄) နှစ်တောင် မပြည့်တတ် သေးဘူး။ ဇွန် (၆) နှစ်ပတ်လည် ရွှေတိဂုံ အရေးအခင်းက ကျောင်းသားလေးတွေ ဆိုရင် တချို့ (၁၆)နှစ် တောင် မပြည့်သေးဘူး။ သူတို့လည်း ထိန်းရ ခက်နေတယ်။

ဖျာမရှိတဲ့ အခန်းက များနေတော့ အပေါက်ဝကို ကျောလှည့်ပြီး ထိုင်နေရတယ်။ အကာလေးတွေပေးတယ် လစ်ရင်ခိုးပြီး လှည့်ကြည့်တယ် ဝါဒါက တယောက်တည်း။ တခါ (၂) ယောက်။ ကျန်တဲ့ သော့ဖွင့်တဲ့ အကူက အပြာတွေ (နှစ်ကြီးသမားတွေ) ဆိုတော့ ကျနော်တို့က သိပ်ဂရုမစိုက်ဘူး ဝါဒါတွေကို မိုက်ကြည့်ကြည့်နေတဲ့ သူတွေလည်း ရှိနေတော့ စိတ်ပေါက်ရင် အနာခံပြီး ပြဿနာ ရှာမယ့်သူတွေ ဖြစ်နေတယ် ဒီလိုနဲ့ (၂) ပတ်ကုန်သွားတယ်။ ကြိုးတိုက်ထဲမှာ နဲနဲနေသား ထိုင်သား ကျလာပြီး ကျနော်တို့ နံနက်ပိုင်းတခါ ညနေပိုင်း တခါ အဲဒီ ဂန်ဖလား သွားချပြီးတော့ ခပ်တည်တည် ငြိမ်ငြိမ်လေးနဲ့ သူတို့စည်းကမ်းကို လိုက်နာဟန်ပြပြီး ရသမျှ သတင်းတွေ စုတယ်။

ဂန်ဖလားကို အလှည့်ကျ ထွက်ချတယ်။ ကိုထွန်းထွန်း (ကိုဗကြည် တရုတ် နယ်စပ် သေဆုံး၊ တောင်တွင်း ဦးကိုကိုကြီး ဒုတိယသား) နဲ့ ကျနော် ကိုမြင့်ဟန်၊ စောလှငွေ၊ ကိုသောင်းအေး၊ ကိုသက်လှိုင်၊ ဂိုရှယ်(ကိုလှအောင်) တို့လောက်ပဲ အသက် (၂၃) (၂၄) အရွယ်တွေ ရှိတယ် ထွန်းထွန်းကြီးကလဲ လျှင်ပါပေ့၊ မျက်လုံး ပြူးပြူးကြီးနဲ့ လူရိုးကြီး စတိုင်နဲ့ ဂန်ဖလားချပြီး ဝါဒါ အလစ်မှာကြိုးတိုက်ထဲက ကြိုး ဒဏ် ပေးခံရသူတွေရဲ့ အခန်းနား ကပ်ပြီး နာမည်မေးတယ် လူရှာတယ်။ ကိုညွန်တင်၊ ကိုတင်မောင်ဦး၊ ဗဆွေလေး၊ စောလှဝင်း တို့ရှိနေတာ သိခဲ့ရတယ်။

အဝတ်တထည် ကိုယ်တခုနဲ့ တခန်း (၈) ယောက်လောက် နေရတယ်။ အခန်းထဲမှာ အိပ်တော့ (၄) ယောက် ခေါင်းချင်းဆိုင်ပြီး အိပ်ရ တယ်။ ရေမချိုးရ၊ မျက်နှာမသစ်ရဆိုတော့ အနံ့တွေနံလာတယ်။ နောက်ဖေး နံ့တွေလည်း နံနံလာတော့ အပေါက်ဝမှာ လုပြီးထိုင်ကြ တယ်၊ တလှည့်စီပေါ့။ သည်လိုနဲ့ ရွှေတိဂုံ အရေးအခင်းက ကျောင်းသားလေး တယောက် ဖျားပါရော၊ ပုံစံ ထမင်း လုံးတီးနဲ့ နံနက်ပိုင်းက ပဲနိုင်လွန် ဟင်းချို၊ ညနေပိုင်း ကြတော့လည်း ဟင်းနုနွယ် နိုင်လွန်ဟင်းချို၊ တခါတခါ တီကောင်ကြီးတွေတောင် ပါလာ တတ်သေးတယ်။ ပေးတဲ့ ထောင်ငါးပိ မဲမဲ၊ မန်ကျီးသီး အညံ့စားတွေနဲ့ ရောကြော်ထားတာ ဆိုဘဲ စားလို့ ကောင်းနေသေး။ နေမကောင်းတဲ့ သူက အစာမ ဝင်ဘူး။

အလှည့်ကျ ဝါဒါလေး တယောက်ကို အကူညီ တောင်းပြီးတော့ ကိုတင်မောင်ဦး ဆီကို.. ကိုထွန်းထွန်းက ဆေးတောင်းတယ်။….ရှိရင်ပေါ့ ကို တင်မောင်ဦး က ဆေးတော့ မရှိဘူးဆိုပြီး သူရတဲ့ ဆန်ဖြူ ထမင်း ပုံစံကို ပေးလိုက်တယ်။ အဲဒီတုန်းက ကြိုးသမားတွေက ပုံစံကို ဆန်ဖြူ နဲ့ ကြက်သားဟင်း အသားကျော် တခုခု ရတယ်။ အဲဒါတွေကို ညီငယ် ကျောင်းသားလေး နေကောင်းတဲ့ အထိပေးတယ်။ သူကတော့ ကျနော်တို့ စားတဲ့ ပုံစံကိုပဲ အပြာတွေ ဆီက တောင်းစားတယ်။ အပြာ နှစ်ကြီး သမားတွေကို စည်းရုံးထားနိုင်ခဲ့တယ်။

“အဆောင် ပုံစံတိုက်ပွဲက…ပိုပြီး ပြင်းထန်လာတယ်။ ကိုတင်မောင်ဦး ဆီက သတင်းဘဲ သူက အပြင် ရေထွက်ချိုး ရလို့ ရေဘုတ်ကိုင် တွေနဲ့လဲ နဲနဲရင်းနီးလို့ သတင်း စုံရတယ်။ ရိုက်လို့ မှောက်သွားတဲ့ သူတချို့ တချို့ကို တိုက်တွေထဲမှာ ထားတယ်တဲ့… တချို့ကိုတော့ ပုံစံခန်းထဲမှာ ထားပြီး ဘာယာ ဘုတ်ကိုင် တွေနဲ့ ပုံစံသွင်းနေ သတဲ့”

တခန်းခြင်း ဂန်ဖလား ချရတာကြာတော့ နှစ်ခန်း တတွဲ လွှတ်ပေးတယ်။ ခပ်မြန်မြန် ခပ်သုတ်သုတ်လေးနဲ့ပေါ့ အဲဒါ အခွင့်အရေးဘဲ ရအောင် ယူသွားကြတယ်။ (၄) ယောက်ခန်းနဲ့ (၈) ယောက်ခန်း တခန်းပြီးတခန်းဖွင့်တော့ ထွက်တဲ့လူက (၄) ယောက်လောက်ဖြစ်သွားတယ်။ တခန်း (၄) ထွက်တော့ အပြင်မှာ အလစ် စကားပြောလို့ ရတယ်။ ရှုပ်သွားအောင် လုပ်ပြီး အခန်းချင်းလဲ လိုက်ကြတယ်။ သူတို့ မသိကြဘူး အဲဒီတော့ သတင်းအစုံရတယ်။

ကြိုးးဒဏ် ပေးထားတဲ့သူတွေကို အဲဒီတုန်းက အခွင့်အရေးနဲနဲ ပေးတယ်။ တနေ့ တနာရီ အချိန်ပိုင်းလေးပေးပြီး ကျန်းမာရေး လေ့ကျင့်ခွင့် ပေးတယ် လမ်းလျှောက်ချင်လျှောက်၊ ပြေးချင်လျှင်ပြေးပေါ့။ ဒါပေမယ့် ကျနော်တို့ ဘက်ကတော့ မလာရဘူး။ စောင့်တဲ့ ဝါဒါလေးက တခါတလေ တယောက်ထဲ။ သူတို့လဲ ကြိုးသမားတွေနဲ့ တိုက်ထဲက ကျနော်တို့အုပ်စုကို ကြောက်တယ်။ စိတ်ထဲမှာ ကျဉ်းကြပ်ပြီးစိတ်ညစ် နေတဲ့သူတွေ ပုံစံအကိုင်မခံဘဲ ကြိုးတိုက်ထဲ ရောက်လာကြတဲ့ ကျနော်တို့ တတွေ အဆောင် (၃) မှာ ဝါဒါတွေကို ပြန်ရိုက်ရင်း မှောက် သွားတဲ့ သူတွေ ပြန်ဆော်လို့ ခံသွားရတဲ့ ဝါဒါတွေလည်း ရှိနေတော့။ သူတို့ကို အမှုပတ်မှာကြောက်လို့ ခပ်အေးအေးပဲ နေကြတယ်။

ကိုတင်မောင်ဦးက အောက်ခံ ဘောင်းဘီလေးနဲ့ အပြေးလေ့ကျင့်တယ်။ သူက အပြေး ဝါသနာ ပါပုံရတယ်။ ဝါဒါ အလစ်မှာ ကျနော်တို့ ဆီပြေး ပြေးလာတတ်ပြီး ပြေးရင်းနဲ့ဆက်တိုက်မယ် ဒီလိုမနေကြနဲ့ မင်းတို့ကိုလည်း အဆောင်ပို့ပြီး ကိုင်မယ် အခုထဲက အစာအငတ်ခံ ဆန္ဒပြပြီး တိုက်ကြပေတော့။ တခါတပတ် ပြေးရင် တခွန်း နှစ်ခွန်း ပြောသွားတယ်၊ လေသံနဲ့ ခပ်တိုးတိုး ခြေထောက်ကို ခပ်ပြင်းပြင်း ချရင်း ပြောပြော သွားတယ်။

တခန်းကို အရှိန် လွန်ချင်ရောင် ဆောင်လိုက် အလစ်မှာ အခန်းနားကပ်လိုက် ခပ်တိုးတိုးလေးပြောလိုက် ပြန်ပြေး သွားလိုက်နဲ့ တနေ့တာ ရသမျှ အချိန်လေးတွေကို ကောင်းကောင်း အသုံးချနိုင်ခဲ့တယ်။

ကြိုးဒဏ် ကျတာတောင် မျက်နှာ တချက် မပျက်ဘူး ခပ်တင်းတင်းဘဲ သူ့အသက်လဲ (၂၃) ထက်ပိုကြီးပုံမပေါ် အားကစားသမားမို့ လူ ရည်သန့်တယ်အသားဖြူတယ်၊ တောင့်တယ်အချိုးအဆစ်ပြေတယ် ကျနော်တို့ပင် သူ့ဘော်ဒီကို အားကြမိတယ်။ အို သူက လူချောဘဲ အင်္ဂလိပ်တော့ ဟဲန်းဆန်းဘဲပေါ့ မျက်လုံး မျက်ဖန် ကလည်း ညှို့အားသန်တဲ့ ပုံဘဲ။ ထောင်ထဲက ပုံပြင်ထဲက မင်းသားလေး တပါးလိုပါဘဲ။ အချက်အလက်တွေ စုံရင်တော့ ကျနော်တို့ စကြမယ်။ အစာအငတ်ခံ ဆန္ဒပြဖို့ သေချင်သေ မသေလျှင် ပုံစံပျက်ဖို့ဘဲ။ ကိုကျော်စိုးသင်္ချာ သကလရွာ.. အစ်ကို ကျွန်းပြန်.. ကိုဗဖူးညွန့်ရဲ့ ကိုကိုးကျွန်း အစာငတ်ခံ တိုက်ပွဲ (၆ဝ) ရက် အတွေ့အကြုံတွေ ရှိတယ်လို့ သိထားရတော့ သူ့ ဆီ တိုက်ပွဲဝင်တဲ့ နည်းစနစ်တွေ လှမ်းအကူအညီ တောင်းရတယ်။

သူနဲ့ ဦးကျော်လင်း (ရှေ့နေကြီး အင်းစိန်) ကတော့ တခန်းစီမို့ ဆက်သွယ်ရတာ ခက်တယ် ညနေဘက် ဝါဒါခြင်း တာဝန် အချိန်းမှာစကား ခိုးခိုးပြောရတယ်။ ကိုကျော်စိုးကြီး တရားထိုင်နေတယ်တဲ့ဒီတိုက်ပွဲကိုအပြတ်တိုက်ဖို့ သေချင်သေ၊ သေလျှင်အရင်းတဲ့၊ နိုင်လျှင်အမြတ် တဲ့။ ဆက်တိုက်ဖို့ဘဲ စဉ်းစားတဲ့ ငယ်တဲ့ ကျောင်းသားလေး တွေကတော့ (၇) ရက် (၈) ရက်လောက် စတိတိုက်ပြီးရင် သပိတ်ရပ်လိုက် တဲ့။ သူတို့ အတွက် ငယ်လွန်းတော့ အတွေ့အကြုံ ယူပြီး အပြင်ထွက်မှ ဆက်တိုက် ကြပါစေတဲ့။

ကျနော်တို့ (၂ဝ) ကျော်ပိုင်းက လက်ခံတယ်။ တွဲဘက်ထောင်က ထောင်မကြီးထဲ ပို့ပြီး ခေါင်းကွဲသွားပြီး ဆေးမထည့် ပေးဘဲ အစိမ်းချုပ် အပ်ချည်နဲ့ ချုပ်ပေး ခံခဲ့ရတဲ့ ကိုသက်လှိုင် (RIT) ကတော့ စကားလေး ထစ်ထစ်နဲ့ ဆက်ချမယ်တဲ့။ သူ့လိုပဲ အသက်ငယ်ငယ် ခပ်ထွား ထွားတောင်သာရွာသား အထက်တန်း ကျောင်းသား အောင်ကိုကြီးကလည်း ကျနော်တို့လည်း ပါမယ်တဲ့ သူ့ခေါင်းလဲ အစိမ်းချုပ် ချုပ် ထားတယ်။

ဇီးရိုးအာဝါလို့ ကျနော်တို့ခေါ်တဲ့ သတ်မှတ်ရက်ကို ကိုတင်မောင်ဦးရဲ့သတင်းအဆက်အသွယ်တွေနဲ့ စဖို့ ပြင်ဆင် ထားကြတယ်။ ကို တင်မောင်ဦး၊ စောလှဝင်း၊ ဗဆွေလေး၊ တို့ကတော့ ရတဲ့အချိန်လေးမှာ စကား လှမ်းလှမ်း ပြောသွားတယ်။ နောက်က ဝါဒါတွေဟောက် တာ ကိုမကြားချင်ယောင် ဆောင်နေတယ် ဝါဒါတွေက သတိ ပေးတယ် ကျနော်တို့ဘက်ကို မပြေးရတော့ဘူးတဲ့ ပြောမရရင် ရေချိုးခွင့် ကျန်းမာရေး လေ့ကျင့်ခွင့် ပိတ်မယ်တဲ့။ မရပါဘူး သူတို့လစ်တဲ့အချိန်လေးမှာ ခပ်သွက်သွက်လေးပြေးရင်းနဲ့ သတင်းဖလှယ်ပေးကြ တယ်။

အဲဒီ ကြိုးတိုက်တွင်းက ဂန္တဝင် သံမဏိ ကျောင်းသား တယောက်လို့ ပြောရင် မိမိတို့ အဲဒီတုန်းက ဖတ်ခဲ့ရတဲ့ ကြိုးစင် ပေါ်က မှတ်တမ်းများထဲ ကဂျူလီယက် ဖူးချစ်၊ ငုရင်ဗန်ထွိုင်း၊ မျိုးချစ်ရီဇော်၊ တော်လှန်သော တိုးတက် တက်ကြွသည့် စိတ်နှလုံးသား ပိုင်ရှင်များ၏ စွန့်လွှတ်အနစ် နာခံမှုများ ရင်ထဲကိန်းအောင်းပြီး သူတို့ရဲ့ ထက်မြက်စူးရှတဲ့ တိုက်ပွဲဝင် ရင်ဆိုင်တဲ့ စိတ်ဓာတ်နဲ့ စွန့်လွှတ် မြင့်မြတ်တဲ့ ဖြတ်သန်းခဲ့တဲ့ တော်လှန် ဂန္တဝင် သမိုင်း မှတ်တိုင် မှတ်တမ်းများက ပူနွေး ရှတ ပေါက်ကွဲလုဆဲမှာ။

“တို့စ”တော့မယ်။ ဇီးရိုးအာဝါ ဒိတ်က (၂) ရက် (၃) ရက်တွင်းမှာဘဲ။ ထွန်းထွန်းကြီးက ကျနော်တို့ကိုပြောသည်။ ကျနော်တို့ အခန်းက (၈) ယောက်ရှိသည်။ (၂) ယောက်ပြန်လာမှ (၂) ယောက်တလှည့်ဂန်ဖလားချမည်။ ထွန်းထွန်းနဲ့ မိမိတို့အတွက် သတင်းယူမည်။ အပြင်ကိုသတင်းလွှင့်ဘို့ အချိတ်အဆက်ယူမည်၊ စသည့်ဖြင့် အကြမ်း ဆွေးနွေးနေကြတုန်း။ မောင်အုန်းမြင့် (မ/ဥက္ကလာ အလယ်တန်း ကျောင်းသား (၁၅) နှစ်က ဂန်ဖလားကို လက်တဖက်နဲ့ မြှောက်လာရင်း မိမိနဲ့ ထွန်းထွန်းတို့ ဆီကို ကြည့်ပြီး လက်တဖက်က ဂန်ဖလား အောက်ထဲက စာကိုလှမ်းပေးလိုက်သည်။

ဟေ့… တင်မောင်ဦးဆီက ဒိတ်ရလာပြီ ဒို့ စတော့မယ် ထွန်းထွန်းက အားရဝမ်းသာစာရွက်ကလေးကို သံတိုင်ကြားထဲက လှမ်းယူလိုက် သည် အုန်းမြင့်လေးက မြန်မြန်ဖတ်ပြီးရင်ဖျက်စီးလိုက်တဲ့။ ထွန်းထွန်းက ခပ်မြန်မြန် လှမ်းယူလိုက်သည်။ စာဖတ်ဖို့စာခေါက်ကလေး ကိုဖြေတုန်း ဗြန်းကနဲဝါဒါလက်တဖက်က စာရွက်ကို ဆွဲလိုက်သည်။ အုန်းမြင့်လေးကိုလည်း ကြည့်ပြီး ဘယ်သူပေးတာတုန်းဟု ပြောပြီး ပါးတချက် လှမ်းရိုက် လိုက်သည်။ အုန်းမြင့်လေးခေါင်း လည်ထွက်သွားသည်။ ဂန်ဖလားကိုတော့ မလွှတ် ကိုင်ထားသည်။ အခန်းထဲဝင် လာသည်။ ဝါဒါက စာဖတ်နေသည်ပြော ပြောစမ်း ဒါ မင်းကို ဘယ်သူ ပေးတာလည်းလို့ အသံက ဟိန်းသွားသည်။ ကြိုးတိုက် တခုလုံး ငြိမ်သွားသည်။

ဝါဒါ စာဖတ်နေတုန်း ဗြန်းကနဲ လက်တဖက်က စာရွက်ကို ဆွဲလုလိုက်သည်။ ပြီးတော့ ပါးစပ်ထဲ ဝါးစားလိုက်သည် ဝါဒါလည်း အံ့အားသင့် သွားသည်။ ဝါးစားပြီး ချက်ချင်းမျိုချလိုက်ပြီးမှ ကီးဆွဲထားပြီး အသင့်အနေအထားနဲ့ ကဲ မင်းဘာလုပ် မတုန်း ငါနဲ့ ချမလား ငါ့ကိုသတ်ပစ် မလား ကြိုက်သလို လုပ်စမ်းတဲ့ သူ့မျက်နှာက စိမ်းစိမ်း ဝါးဝါး ဝါဒါ တချက်လှုပ်တာနဲ့ အပြတ် ချေမှုန်းမယ့် ပုံစံမျိုး ဝါဒါက သူထက်အရပ် မြင့်ပေမယ့် စလင်းဘော်ဒီ၊ သူက ကရာတေး သမား ပုံမျိုး ဝါဒါ တချက်လှုပ်တာနဲ့ ဖြုတ်တော့မယ့် ပုံမျိုး။

ကျနော်တို့လည်း သံတိုင်ကြားက ထရပ်လိုက်သည်။ ဝါဒါက ချာကနဲလှည့်ထွက်ပြီး ပြေးသွားသည်။ သိလိုက်ပြီ ထောင်မှုးနဲ့ တပ်ကြပ် ကြီး သိန်းမြိုင်ကို သွားတိုင်တော့မည်။ နာရီဝက်လောက်အကြာမှာတော့ ကိုတင်မောင်ဦး အခန်းက တံခါးဖွင့်သံ ကြားရသည်။ စစ်ဖိနပ် သံက ခပ်များများ “ရဲဘော်တို့ ငါသွားပြီ ဆက်တိုက်ကြ ငါ့ကို ခေါ်သွားပြီ ဆက်တိုက်ကြ” ကြိုးတိုက်သံက ဟိန်းထွက်လာသည်။

နောက်တနေ့ ကျနော်တို့ အားလုံးကို ကြိုးတိုက် ရှေ့ခန်း (၁ဝ) ခန်းခြင်း မျက်နှာခြင်း အကျယ်လို့ ခေါ်တဲ့ တံခါး ခြားထားတဲ့ နေရာကို ပို့လိုက်ကြသည်။

နောက်တနေ့ နံနက်စောစောမှာ အင်းစိန်ထောင် အပြင်ဘက်ကရော ထောင်ဗူးဝ အပေါ်ကပါ လော်စပီကာ (အသံချဲ့စက် ၄ လုံး လောက်နဲ့) တွံတေး သိန်းတန် သီချင်းတွေ အကျယ်ကြီး ဖွင့်သည်။ ထူးခြားသည်ဟု ထင်၍ နားစွင့် ကြသည်။ ကျနော်တို့ အခန်းရဲ့ နောက်ဖက်မှာ တိုက် (၁) အခန်း (၁) အခြားနဲ့ ကန့်ထားတဲ့အခန်းက သော့ခလောက် ဖွင့်သံ ကြားရသည်။ ဝါဒါ တအုပ်ကြီး အသံက ဟေး ဟေး ဝေးဝေး ဟေး ဟေးနဲ့ ပြိုင်တူ ထွက်လာကြသည်။

အသံချဲ့စက် သံနဲ့ လုံးနေသည်။ ရဲဘော်တို့ ဝေး ဟေး ငါနှုတ်ဆက် ဝေး ဟေး ဟေးခဲ့တယ်။ ဝါး ဝါးဟား ဟား ဆက်တိုက် ငါသွား ဝါး ဝေး ဟူး ဟေး အသံ ပျောက်သွား ပါပြီ ကိုတင်မောင်ဦးရဲ့ နှုတ်ဆက် သံလည်း ဝေး ဝေးသွားပါပြီ ဒီကောင် ဝါဒါတွေ ကဝေး ဝေး ဟေး ဟေးနဲ့ အော်တုန်း ရှိပါသေးသည်။ ညစ်ပတ်မည်၊ ယုတ်မာသည်၊ ကောက်ကျစ်သည်၊ နောက်ဆုံး ဆိုက်ဂါးဆုံးပြီး အသံကို ဖုန်းအောင် လုပ်သွားပါသည်။ ကိုတင်မောင်ဦးရဲ့ အသံက စူးရှပေမယ့် ပျောက်သွားသည်။

နောက် “ဂျိုင်း” ဟူသော အသံကြီး ကြားလိုက်ရသည်။ ထောင်ထဲ ရောက်ပြီး (၂) နှစ်ကျော် (၃) နှစ်နီးပါးမှာ သည်အသံကို ပထမဆုံး အကြိမ် ကြားရခြင်းပင်။ ဒီအသံကြီးသည် ကျနော်တို့ နှလုံးသားကို စူးရှ ဖေါက်ထွက် သွားသလို ခံစား နာကျည်း သွားသည်။ တချို့ မျက် ရည်ကျသည်။ တချို့ အံကြိတ်သည်။ တချို့ တောက်ခေါက် ကြသည်။ တချို့ ငိုနေကြသည်။ ကျနော် ဘေးနားတွင် ရှိသော စောလှငွေ၊ ကိုလှအောင်၊ ကိုမြင့်ဟန်နဲ့ ကိုဇော်ဝင်းလေး တို့က တောက်လည်း ခေါက်သည် အံလည်းကြိတ်သည်။ အံကြိတ်ရင်း နဖူးကြောတင်း တင်းနှင့် စဉ်းစားမိသည်။ “ငါတို့ အကြွေး ဆပ်ရဦးတော့မည်ဟု ..”

သူအရင်က တယောက် .. ပြီးတော့ .. နှစ်ယောက်။

“ကျောင်းသားတွေကို ပြောလိုက် ပါတဲ့ သူဘာကြောင့် ဆေးရုံကြီးမှာ ဗုံးခွဲ ရသလဲ ဆိုတာ တဲ့ ” (၇၄) အဲဒီတုန်းက ဒီဇင်ဘာ မတိုင်ခင် နိုဝင်ဘာလ လောက်မှာ ထင်ပါရဲ့ ရန်ကုန်ဝိဇ္ဇာ သိပ္ပံ တက္ကသိုလ်ဝင်း ဒဂုံဆောင် ရှေ့မြက်ခင်းပြင် မှာ ည ၁ နာရီကျော် လောက်မှာ ဗုံးတလုံး ပေါက်တယ်။ ပေါက်ပြီးတာနဲ့မကြာခင်ဘဲ မိမိအပါအဝင် ဒဂုံဆောင် ပေါ်က ကျောင်းသားတွေ ပြေးထွက်လာကြတယ်။ အသံကလည်းဝေး ဟေးလို့ ဆူညံနေတယ်။ ယမ်းငွေ့နဲ့ ရောနေတဲ့ နှင်းနံ့လေး တချို့ သတိရမိတယ်။ ပေါက်တဲ့ နေရာလေးသွားပြီး ပြေးကြည့် ကြတယ်၊ ဒါ ဒါပြည်ပြေးတွေ ဖေါက်တာပဲ နောက်က အသံတသံ ကြားရတယ်။ မိမိကတော့ မကြည့်မိပါ။ ဗုံးပေါက်တဲ့နေရာက စက်ဝိုင်းကလေးလို ဖြစ်နေတယ်။ တပေပတ်လည်လောက်ရှိမည်ဟု ခန့်မှန်းရသည်။ ကျနော်တို့ တွေးမိကြသည်။ ဒီနေရာမှာ လာဖေါက် တာထက် ဟိုဘက်နားက ကမာရွတ် ဂါတ်တဲကိုပဲ သွားဖေါက် လိုက်ပါ လားလို့ ၇၃ က မာရွတ်ဂါတ် တဲမီးရှို့မှုနဲ့ ကျောင်းထုပ် ခံရတဲ့ သူငယ်ချင်းတွေကို တွေးမိပြီး စိတ်ထဲက ပြောခြင်း ဖြစ်ပါသည်။ ကျနော်တို့ တက္ကသိုလ်ထဲ ကို ဗုံးလာဖေါက်တာ စော်ကားတာပဲလို့။

သံတိုင် ကြားထဲက ကိုညွန့်တင် (ဒလ ပြည်ချစ် အဖွဲ့ဝင်က) ကင်း တကောင်ကျပေးပြီး အလှည့်ကျ ဝါဒါလေးနဲ့ ကျားထိုး နေသတဲ့ ည (10) နာရီလောက်ရှိနေပါပြီ။ နံနက် (၄) နာရီဆို သူ့ကို လာထုပ်ပြီးကြိုးပေးတော့မယ်။ တည်တည် ငြိမ်ငြိမ်နဲ့ အပြုံးမပျက်သူက ရန်ကုန်ဆေးရုံ ကြီးမှာ လူနာ သွားကြည့်တုန်း သူ့နောက်ကရဲတွေ လိုက်လာလို့ နောက်ဆုံး မလွတ်တော့လို့ ဆေးရုံကြီး အောက်ထပ် လှေကားရင်းမှာဘဲ ဗုံးခွဲလိုက်သတဲ့ တယောက် သေတယ်လို့ ကြားရသတဲ့ သူကို ဖမ်းပြီးတော့ကြိုးပေးလိုက်တာဘဲ။

ဗုံးခွဲတယ် ဆိုတာ နိုင်ငံရေးအရ ခြိမ်းခြောက်မှုတဲ့ သူကပြောသွားတယ် ကျောင်းသားတွေ မကြိုက်ဘူးဆိုတာ သိပါတယ်တဲ့။ နောက် ကျောင်းသားတွေ နိုင်ငံရေးတွေ တော်လှန်ရေးတွေလုပ်တဲ့အခါ သိလာကြလိမ့်မယ်တဲ့။ ပြည်သူကို ဘယ်တော့မှ ထိခိုက်အောင်မလုပ် ဘူး၊ မဆလ အစိုးရက သိပ်ညစ်ပတ်ပြီး သူတို့စစ်အာဏာနဲ့အုပ်ချုပ်လို့ရအောင် ပြည်ချစ်တွေ အယောင်ဆောင်ပြီး ဗုံးခွဲတတ်ကြတယ် တဲ့ လူထုတွေထိန်လန့်အောင် သူတို့ပဲလူထုကြားထဲဗုံးခွဲပြီး သူတို့ပြည်ချစ်တွေဆီပဲ လွှဲချတတ်သတဲ့ ပြောဖြစ်အောင်ပြောပေးပါတဲ့ အဲဒီ ဝါဒါလေးကို သူက ကျားထိုးရင်းနဲ့ တည်တည် ငြိမ်ငြိမ်လေးနဲ့ပြောခဲ့တယ်။

ကိုညွန့်တင် (ဒလ) က အဲဒီ အမှုနဲ့ဘဲ ကြိုးပေး ခံရတယ်။ ပြည်ပြေး ထွေးမြင့် (ဦးထွေးမြင့်) ကလဲ အဆောင် (၃) အခန်း (၂) မှာသူ လည်း သေဒါဏ် ကျခံရတယ်။ သူကတော့ ကံကောင်းပြီး ၂/၈ဝ မှာ လွတ်ငြိမ်း ချမ်းသာခွင့် ရခဲ့တာပါ။ သူတို့ (၂) ယောက်ကတော့ စော လှဝင်းနဲ့ ဗဆွေလေး ပါပဲ။ စောလှဝင်းကလည်း အခွင့်ရတုန်း အပြေးလေ့ကျင့်ရင်း ကျနော်တို့ အခန်းဘက်ရောက်လာတယ်။ ဝါဒါလေး တွေနဲ့ခင်တော့ သူကျန်းမာရေးလေ့ကျင့်တုန်း အပြေးအလွှားအချိန်ယူပြီး ပြောခဲ့တာ။ မြေနီကုန်းနဲ့ အင်းစိန်ဘတ်စ်ကားလိုင်း အမှတ် (၈) ကို စီးပြီး မှတ်တိုင်တခုမှာ ဆင်းတယ်။ သူနောက်ဆုံးဆင်းပြီးတော့ ဘတ်စ်ကားထဲမှာ လူမရှိတော့မှ ဗုံးကို နောက်ပြန် ပစ်ခဲ့တာတဲ့ ကံအားလျော်စွာ ဗုံးက ကားပြတင်းပေါက်က အပြင်ထွက်သွားပြီး လမ်းကူးနေတဲ့ လူတယောက်ကို အစလေး သွားမှန်သတဲ့။

အဲဒီလူရဲ့ ခြေသလုံးကသွေးထွက်လွန်နေလို့ သူကိုယ်တိုင်ဆေးရုံကြီးကို လိုက်ပို့တယ်တဲ့ သူခြေသလုံးလဲ အစလေးတွေမှန်သွားလို့ ဆေးရုံကြီးရောက်မှ သိရသတဲ့။ ဆေးထည့်နေတုန်း သူအသိတယောက်ကတွေ့ပြီး ရဲကိုဖုန်းဆက်တာနဲ့ သူလည်းကြိုးတိုက်ထဲရောက် တာတဲ့။ သူ့အမှုတွဲက ဗဆွေလေး ဖြစ်သွားတယ်။ ပြည်ပြေးတဖြစ်လဲ ဗကပ ဗဆွေလေးကို စာရွက်စာတန်းဖေါက်ခွဲရေး ပစ္စည်းတွေနဲ့ မိဆိုတဲ့ သတင်းက မြန်မာအလင်းသတင်းစာမှာ ပါလာတယ်။

ခင်ဗျားတို့ ဒီအထဲမှာ ငြိမ်ငြိမ်လေး နေကြပြီးတော့မှ အပြင်ရောက်မှ လုပ်ချင်ရာလုပ်ဗျာ။ ခင်များတို့ မြန်မြန်ထွက်မှ ကျနော်တို့ လွတ်မယ် တဲ့။ ပြုံးပြုံးလေးနဲ့ ပြောသွားတဲ့ စကားကို ထွန်းထွန်း (ဗကြည် တရုတ် နယ်စပ် တနေရာဆုံး) က ထုံးစံ အတိုင်းပြုံးပြဲပြဲရီ ကျဲကျဲနဲ့ကြည့်နေ တာ မှတ်မိသေးတယ်။ သူတို့ နှစ်ယောက် ကိုတော့ တပြိုင်နက်ထဲ ကြိုးပေးတယ်လို့ သိရတယ်။ ကိုတင်မောင်ဦး ကို ကြိုးပေးပြီးနောက်။ ကျနော်တို့ကို ပုံစံကိုင်ဖို့ စစ်ခွေးတိုက် ထံမှာထည့်ပြီး ညှင်းပန်း နေတုန်းကပေါ့။

မဆလ စစ်အစိုးရ လက်ထက်မှာ နိုင်ငံရေးမှုနဲ့ ပတ်သက်ပြီး ကြိုးပေး သတ်ခံခဲ့ရသူ (၄) ဦးအကြောင်းပါဘဲ။ နောက်သိရင်လည်းထပ် ပြီးဖြည့် ရေးပေးကြပေါ့ဗျာ။ ညီမလေး မလှမြိုင်ရေ အစ်ကိုကမှတ်မိသလောက်အာရုံထဲ စွဲနေတဲ့ အဖြစ်ပျက်လေးတွေ ပြန်ရေးပြတာပါ။ ကိုတင်မောင်ဦး သာ ကြိုးပေးမခံရဘဲ။ ၂/၈ဝ နဲ့ လွတ်ခဲ့ရင် ရှစ်လေးလုံး အရေးတော်ပုံမှာလည်း မီခဲ့ရင် ခြေမှုန်းမခံရလို့ လွတ်မြောက်ခဲ့ ရင်လည်း သူက တိုက်ရဲသူတွေကို အနိုင်ယူဖို့ ဗျူဟာတွေကို ဘဝတူ သွေးချင်းတွေနဲ့ ပေါင်းပြီး စစ်ကြောင်းကြီး တခုဖြစ်အောင် လုပ်နိုင်မှာ သေချာပါတယ်။

ညီမလေး မလှမြိုင်နဲ့မိသားစုများ ကိုယ်စိတ်နှစ်ဖြာ အေးချမ်းကြပါစေ။

လူ့အခွင့်အရေး၊ ကျောင်းသားအရေး၊
မျိုးဆက်သစ်ဟောင်း/ ခေတ်အဆက်ဆက် ဒီမိုကရေစီနှင့် (၇၄) တိုက်ပွဲဝင် ရဲဘော်များနဲ့ ပြည်သူများကို ဦးညွှတ်လျှက် ...

မောင်မောင်တိတ်
ABSDF

Photo: http://hsk-chip.livejournal.com/

source by : နေ့သစ်

1 comments:

Nge Naing said...

ကိုဒီရေ
ဒီပို့စ်ကို အစ်မ အခုမှတွေ့တယ်။ ဦးမောင်မောင်တိတ်ရဲ့ ကိုယ်တိုင်ကြုံခဲ့တဲ့ အတွေ့အကြုံတွေနဲ့ ကိုတင်မောင်ဦးရဲ့ အကြောင်း၊ ၇၄ က တိုက်ပွဲဝင် ကျောင်းသားတွေရဲ့ ထောင်တွင်းနဲ့ ကြိုးတိုက်အတွင်း ဘ၀တေါအကြောင်းကို သိရတာ ကျေးဇူးတင်ပါတယ်။