စုပ်ချက်ကြမ်းကြမ်း မဲဆောက်

(က)

ကျနော်သူနှင့်လူချင်းမတွေ့ဖြစ်ကြသည်မှာ…. ဆယ်နှစ်ခန့်ပင်ရှိပြီ။ သူက …မွန်ပြည်နယ် ကျိုက်ကော် သိမ်ဆိပ့်ဘက်က ဖြစ်သည်။ သူ့အသားအရည်က ဖြူဖြူ…. အလုံးအထည်က သေးသေးညှပ်ညှပ်ပင်…။ ပအို့၊ မြန်မာကပြားဟု ထင်ရသည်။ ဆံပင်အားတိုတိုညှပ်ထားသဖြင့် သူ၏ လေးထောင့် ကျကျ မျက်နှာက ပို၍ပေါ်နေသည်။ ထိုင်းလယ်သမား အင်္ကျီ ညိုညိုပြာပြာ အရောင်အဆင်းအား အမြဲလိုလို ၀တ်ဆင် ထားတတ်သည့် သူ့အား ကျနော်က ‘အာဋာဝကချန်မလောင်း’ ဟူ၍ ထိုင်းလူထုခေါင်းဆောင် ချန်မလောင်းနှင့် ရေနံမြေမှ အာဋာဝက သခင်ဖိုးလှကြီးအမည်နှစ်ခုအား တွဲ၍ခေါ်၏။ သူကမူ ကျေနပ်နှစ်သက်စွာနှင့် ပြုံး၍သာ နေသည်။
ကျနော်တို့မြို့လေးအတွင်း ကြည့်မိတော့ ဘွဲ့ဒီဂရီရရှိခဲ့ကြသည့် သူများပင်လျှင်…. မူလတန်းပြ ဆရာလုပ်လား လုပ်ရဲ့...။ စာရေး စာချီ လုပ်လားလုပ်ရဲ့...။ အချို့ကျတော့လည်း... ချဲ ရောင်းနေကြပြန်၏။ ဤတွင် ကျနော် ဘာလုပ်မလဲ။ နောက်ဆုံးတော့... ထိုင်းသို့ ထွက်ခဲ့မိသည်ပင်။
သူက... ထိုင်းသို့ ၁၉၉၃-၉၄ ခုနှစ်ဝန်းကျင်ကတည်းက ရောက်ခဲ့ပြီး မဲဆောက်၊ သာဆောင်ရန်း၊ ဖုတ်ဖ၊ မဲဟန်ဆောင်၊ အတာ စသည့် ထိုင်းမြို့များ၌ အလုပ်စုံ လုပ်ခဲ့ဖူးသည့်အတွက် ထိုင်းဘာသာစကားအား ထိုင်းတစ်ယောက်ကဲ့သို့ပင် ပြောနိုင်၏။

မြန်မာပြည်၌ အတန်းပညာ ဆယ်တန်းအောင်မြင်သည့်အထိ သင်ကြားခဲ့ပြီး…. အဝေးသင်ပညာအား ဆက်၍ သင်ယူရင်း…. ထိုင်းနိုင်ငံသို့ တက်၍ အလုပ်လုပ်ကိုင်နေခြင်း ဖြစ်သည်။

ကျနော်သူနှင့် စတွေ့၍ သိရှိခဲ့သည်က လွန်ခဲ့သည့် ဆယ်နှစ်ကျော်ခန့်က ဖြစ်သည်။ ၁၉၉၇ခုနှစ်..။ ကျနော် ထိုင်းသို့ ထွက်ခဲ့ပြီး ကယ်ရီကပင် ကျနော့်အား မဲဆောက်ရှိ ‘ယူနီအိုးရှင်း’ အထည်ချုပ်စက်ရုံတွင် အလုပ်သွင်းပေး၏။ မော်တာအထည်ချုပ်အလုပ်က ကျနော့်အတွက် ခက်လွန်းလှသည့်လုပ်ငန်း။ ကျနော်က ကြံတောင်သူ…။ ကျနော်မိဘများကလည်း ကြံတောင်သူများပင်…။ ငယ်စဉ်ကတည်းက ကျနော် ထိတွေ့သိရှိ ကြီးပြင်းခဲ့ရသည်က.. ကြံစိုက်မည်။ ကြံခုတ်မည်။ ကြံစည်းမည်။ ပြီးလျှင် သကြားစက်သို့ လှည်းနှင့်တိုက်၍ ကြံသွင်းမည်။ ဤသည်ပင်... ကျနော်သိရှိ ကျွမ်းဝင်ခဲ့သည့် အလုပ်….။ တခါတရံတွင်မူ သကြားစက်သို့ တာဝန်ကျေ ကြံသွင်းပြီး ပိုလျှံသည်တို့အား ကြံသကာချက်သည်တို့လည်းရှိ၏။ ဤအခါများတွင် ကျနော်က မီးထိုးပေးရ၏။ မိုးဗြဲဒယ်အိုး... လေးလုံး... ငါးလုံး ဆက်၍ မီးထိုးရခြင်းဖြစ်သည်။ အစွန်ဆုံးတွင်ရှိသည့် ဒယ်အိုးအား ဆူပွက်သည်အထိ မီးထိုးရသည်မှာ မလွယ်….။ ချွေးပြိုက်ပြိုက် ကျရသည်။

ထားတော့...။ နောက်ဆုံး ကျနော် ကြံတောင်သူ တစ်ယောက်ဘ၀နှင့်ပင် ကြံခင်းအလယ်၌ ဘ၀အား အဆုံးသတ်မည်လား။ ဒါမှမဟုတ်…. ဘယ်လုပ်မလဲ….။ ကျနော့်၏ အတန်းပညာကလည်း မယ်မယ်ရရ မရှိ။ ရှိသည်ပဲထားဦး... ကျနော်တို့မြို့လေးအတွင်း ကြည့်မိတော့ ဘွဲ့ဒီဂရီရရှိခဲ့ကြသည့် သူများပင်လျှင်…. မူလတန်းပြ ဆရာလုပ်လား လုပ်ရဲ့...။ စာရေး စာချီ လုပ်လားလုပ်ရဲ့...။ အချို့ကျတော့လည်း... ချဲ ရောင်းနေကြပြန်၏။ ဤတွင် ကျနော် ဘာလုပ်မလဲ။ နောက်ဆုံးတော့... ထိုင်းသို့ ထွက်ခဲ့မိသည်ပင်။

‘ယူနီအိုးရှင်း’ စက်ရုံတွင် အလုပ်စ၀င်ရန် ပထမ အင်တာဗျူး၏။ ပြီးလျှင်... မော်တာစက်အား ချုပ်ပြရသည်။ ဤတွင် ကျနော်သူနှင့် စတင် တွေ့ဆုံမိခြင်းဖြစ်သည်။ ထိုင်းတစ်ယောက်က ကျနော့်အား ထိုင်းလိုမေး၏။ သူက မြန်မာလို ဘာသာပြန်ပေး၏။ အစမ်း မော်တာ ချုပ်ပြတော့လည်း သူကပင် အဆင်ပြေအောင် ဆောင်ရွက်ပေးခဲ့၏။ ဤမှစ၍ သူ့အား ကျနော်စ၍ သိကျွမ်းခဲ့၏။

(ခ)

ယူနီအိုးရှင်း အထည်ချုပ်စက်ရုံတွင် ကျနော်က အထည်ချုပ်သမား... သူက ကျနော်တို့ လိုင်း၏ လိုင်းဝဏ္ဏ….။ လိုင်းဝဏ္ဏ ဆိုသော်လည်း သူက အခြား ထိုင်းဝဏ္ဏများကဲ့သို့ မဟုတ်။ ကျနော်တို့နှင့် အတူပင် ရင်းရင်းနှီးနှီး နွေးနွေးထွေးထွေး လုပ်ဖော်ကိုင်ဖက်များ ကဲ့သို့ပင် အလုပ်အားလုပ်၏။ မှားလျှင် စိတ်ရှည် လက်ရှည်နှင့်ပင် ရှင်းပြ၏။ သူတင်မက... ကျနော်တို့ စက်ရုံ၏ မန်နေဂျာအမျိုးသမီးကလည်း အလုပ်သမားများအပေါ် နားလည်မှုရှိ၏။ နားလည်မှုဟူသည်က အလုပ်သမားများ၏ ခံစားခွင့်၊ လုပ်ခနှင့် သက်သာ ချောင်ချိရေးအား နားလည်း သဘောပေါက်၍ စာနာခြင်းဖြစ်သည်။ မန်နေဂျာကြီးကလည်း ထိုင်းမဟုတ်။ အလုပ်ရုံပိုင်ခွင့်နှင့်အတူ ထိုင်ဝမ်က ပါလာသည့် တရုတ်အမျိုးသမီးကြီးဖြစ်၏။ ထိုစဉ်က ညစဉ် (၁၁)နာရီအထိ O.T (အချိန်ပို)ဆင်းရ၏။ လုပ်ခကလည်း တစ်လလျှင်... နှစ်ထောင့်ငါးရာ၊ သုံးထောင်လောက်ရသည်။ လွန်ခဲ့သည့် ဆယ်နှစ်က နှစ်ထောင့်ငါးရာ သုံးထောင်သည် မက်လောက်သည့် မြန်မာအလုပ်သမား တစ်ယောက်၏ ၀င်ငွေဟု ဆိုရမည်။ ယူနီအိုးရှင်းတွင် တစ်နှစ်လောက် လုပ်ပြီး မဟာချိုင်သို့တက်ရန် အဆက်အသွယ်ရ၏။ အဆက်အသွယ်ကလည်း ကျနော်တို့မြို့ကပင် ဖြစ်သည်။ ဤတွင် ကျနော် ယူနီအိုးရှင်းမှထွက်ပြီး မဟာချိုင်သို့ တက်ခဲ့သည်။ ၁၉၉၈ခုနှစ်...။ ဤမှစ၍ သူနှင့်ကျနော် ကွဲသွားခဲ့ကြ၏။

(ဂ)

မဟာချိုင်ခရီးက... ကျနော့်အတွက် အဆင်မပြေခဲ့...။ ချုပ်ရပါမူ နောက်ဆုံး... အဖမ်းခံရပြီး မြ၀တီသို့သာ ရောက်ခဲ့ရ၏။ မြ၀တီတွင် တစ်ပါတ်ခန့် သောင်တင်နေပြီး မဲဆောက်သို့ ပြန်ကူးခဲ့၏။ မဲဆောက်သို့ ပြန်ရောက်ပြီး မဲကုရှိ ‘ဘွန်ချိုင်း’ ရုံတွင် အလုပ်ပြန်ဝင်၏။ နှစ်တွေကြာခဲ့၏။ သူနှင့်က လူချင်းပြန်မတွေ့တော့...။ ယခုပြန်တွေ့တော့... မဲဆောက် အချုပ်ထောင်အတွင်း၌...။ သူလည်း တရားမ၀င်၊ ၀င်ရောက်မှုနှင့် ထိုင်းအချုပ်ထောင်သို့ ရောက်နေ၏။ ကျနော်သည်လည်း... ဤသို့ပင်။

သပိတ်ကာလအတွင်း သပိတ်သမား (၁၅၂)ယောက်၏ စားဝတ်နေရေးက အရေးတကြီး ဖြေရှင်းနေကြရသည့် ပြဿနာတရပ်ပင်...။ တနေ့လျှင်... ဆန်တစ်အိတ်ကုန်၏။ ဟင်းရံဖိုးက ဘတ် (၅၀၀)သည် အနည်းဆုံး...။
ထိုင်းထောင် အတွင်း သူနှင့်ကျနော် စကားများ ပြောဖြစ်ကြသည်။ ရှေ့ဟောင်း နှောင်းဖြစ်များ...။ သူတို့၏ ‘ယူနီအိုးရှင်း’ တိုက်ပွဲအကြောင်းက ကျနော်တို့ စကားဝိုင်းတွင် အချိန်များများ နေရာယူ၏။ ကျနော်ကလည်း ‘ယူနီအိုးရှင်း’ အလုပ်သမားဟောင်း တစ်ယောက်ဖြစ်၍ စိတ်ဝင်စား၏။ သူတို့ဦးဆောင်ခဲ့သည့် ‘ယူနီအိုးရှင်း - ၂၀၀၅’ တိုက်ပွဲက စိတ်ဝင်စားစရာလည်း ကောင်း၏။ ပြီးလျှင်... သူတို့၏ ဦးဆောင်မှု။ အားလုံး၏ ညီညွှတ်မှု…..။ စသည့်တို့က တိုက်ပွဲအား အောင်ပွဲသို့ ချီစေခဲ့၏။ ကျနော်က...။

“ဟို ထိုင်ဝမ် မန်နေဂျာကြီးက ကောင်းတယ်မဟုတ်လား...။ ဘာလို့ အခုလိုဖြစ်ရတာလဲ”

“အရင်အမျိုးသမီး မန်နေဂျာက ကောင်းတယ်။ အလုပ်သမားတွေနဲ့လည်း အဆင်ပြေတယ်။ နောက်ပိုင်း အခု မန်နေဂျာအသစ်ကို ထပ်ခန့်လိုက်တယ်။ မန်နေဂျာနှစ်ယောက် ဖြစ်သွားပြီး သူတို့အချင်းချင်း အာဏာလုတာလည်း ပါတာပေါ့။ နောက်ဆုံးမှာ ကောင်းတယ်ဆိုတဲ့ မန်နေဂျာအမျိုးသမီးကို ချောက်တွန်းပြီး အလုပ်ပြုတ်အောင် လုပ်လိုက်တယ်။ ကျန်ခဲ့တဲ့ ထိုင်း မန်နေဂျာအမျိုးသမီးက တဖြည်းဖြည်းနဲ့ အလုပ်သမားတွေကို နှိပ်ကွပ်လာတယ်။ အလုပ်သမားတွေကို သူကိုယ်တိုင် ဖြုတ်ပစ်တာလည်း ရှိတယ်။ အရင်ကလစာ လေးထောင်လောက်ရတဲ့ သူက သူ့လက်ထက်မှာ နှစ်ထောင်လောက်ပဲ ရတော့တယ်။ စည်းကမ်းတွေကလည်း ပိုပြီးတင်းကျပ်လာတယ်။ ကြာတော့ အလုပ်သမားတွေက မခံနိုင်တော့ဘူး။ အထည်ကောက် ဈေးနှုန်းတွေလည်း လျော့လာတယ်။ ဒါပေမယ့် သည်းခံပြီး ဆက်လုပ်နေကြတာပဲ။ ပြောရင်လည်း ပြောတဲ့သူကို အလုပ်ဖြုတ်ပစ်တယ်။ ဟိုတုန်းက အလုပ်သမားတွေထဲမှာလဲ မညီကြ သေးဘူးလေ...။ လက်သည်းဆိတ်မှ လက်ထိပ်နာဆိုသလိုပဲ ရှိကြတာကိုး...”

သူ့စကားက ပြတ်သွား၏။ ခရာထွက်သံကြောင့် ကျနော်နှင့် သူစကားပြောနေရာမှ ထလိုက်ကြသည်။ ညနေ ထမင်းစားချိန်ရောက်ပြီ။ မဲဆောက်ထောင်ထဲတွင်က... ညနေ -၃နာရီ ထိုးလျှင် ထမင်းကျွေးပြီ။ ထမင်းစားဆောင်သို့ တန်းပြီး သွားကြရသည်။ မဲဆောက် ထောင်အတွင်း ထမင်းဟင်းက... အသားငါး ရေလုံပြုတ်နှင့် ဆန်လုံးညိုထမင်း...။ ကျနော်နှင့်သူ လူတန်းကြီးအတွင်းဝင်၍ တန်းစီပြီး ထမင်းစားဆောင်သို့ သွားကြ၏။ ထမင်းစားပြီးသည့်နောက် ကျနော်တို့အားလုံး လွတ်လွတ်လပ်လပ်ပင် နေ၍ရသည်။ အလုပ်မရှိ၊ ဘုတ်မရှိ။ ဟိုစုစု သည်စုစုနှင့် စကားပြောကြ၊ ဆေးလိပ်သောက်ကြနှင့်...။ ကျနော်က ယူနီအိုးရှင်းအကြောင်း ဆက်၍မေးသည်။

“ပြဿနာ စဖြစ်ဖို့ အကြောင်းဖန်လာတာကတော့ သင်္ကြန်မတိုင်မီ သုံးလပိုင်းလောက်မှာ အလုပ်ကပါးတော့ ကျနော်တို့ ခွင့်ယူကြတယ်။ ခွင့်ယူတဲ့အချိန်မှာ ဒုမန်နေဂျာက အမှိုက်ကောက်ခိုင်းတယ်။ စက်ရုံနဲ့ မဆိုင်တဲ့ လမ်းပေါ်က အမှိုက်တွေပါ လိုက်ကောက်ခိုင်းတယ်။ အဲဒီတော့ လူတွေက မခံနိုင်...။ ပြန်ပြောတော့ မလုပ်နိုင်ရင် ထွက်သွားလို့ ပြောတယ်။ သူ့အထက်က မန်နေဂျာကို အကြောင်းကြားတယ်။ စည်းကမ်းဖောက်တယ်ပေါ့။ မန်နေဂျာက ကျနော်တို့ကို ခေါ်ဆူပြီး နောက်တစ်ခါ အဲဒီလိုမလုပ်ပါဘူးလို့ လက်မှတ်ထိုးခိုင်းတယ်။ အစာတော့ မကြေဘူးပေါ့။ မခံနိုင်ကြဘဲအထဲမှာ တကြိတ်ကြိတ်နဲ့ ဖြစ်နေကြတာပေါ့။ နောက်ပြဿနာဖြစ်တာက သင်္ကြန်ကို နှစ်ရက်ပဲ ပိတ်မယ်လို့ ပြောတယ်။ လစာကိုလည်း (၁၃)ရက်နေ့မှ ထုတ်ပေးမယ်လို့ ပြောတယ်။ ကျနော်တို့က အလုပ်သမား အခွင့်အရေး အပြည့်အ၀ပေးဖို့ တောင်းဆိုတယ်။ အထည်ကောက် ဈေးနှုန်းတွေ တိုးပေးဖို့ တိုးမပေးနိုင်ရင် လစာအဖြစ် ပြောင်းပေးဖို့ သင်္ကြန်ဟာ ကျနော်တို့ရဲ့ ဘာာသာရေးနဲ့ ဆိုင်တဲ့ပိတ်ရက်ဖြစ်လို့ ပိတ်ပေးဖို့ တင်ပြတယ်။ သင်္ကြန်မတိုင်ခင် လစာလည်း ထုတ်ပေးတယ်။ သင်္ကြန်ကိုလည်း ပိတ်ပေးလိုက်တယ်။ လစာကိစ္စ၊ ဈေးနှုန်းကိစ္စနဲ့ စည်းကမ်းပိုင်းဆိုင်ရာတွေကို သင်္ကြန်ပြီး (၁၈) ရက်နေ့မှ ဆက်ပြီး ဆွေးနွေးမယ်လို့ ပြောတယ်။

(၁၈)ရက်နေ့ ကျတော့ ကျနော်တို့ (၃)ယောက် ရုံးခန်းကို သွားပြီးမေးတယ်။ လစာထဲက ဘာတွေ ဖြတ်တောက်ထားလည်း ဆိုတာလည်း သိချင်တယ်။ တိုးပေးဖို့ ပြောတယ်။ သူက ကျနော်တို့ စက်ခန်းထဲ လိုက်လာပြီး အစည်းအဝေး လုပ်တယ်။ သူ ဒီစက်ရုံမှာ လုပ်လာတာ (၆)နှစ်ရှိပြီး ဒီလိုတစ်ခါမှ မဖြစ်ခဲ့ဘူးလို့ ပြောတယ်။ ဒါကြောင့် သူမလိုက်လျောနိုင်ဘူးလို့ ပြောတယ်”

သူကပြောရင်းနှင့် စိတ်အား ထက်သန်လာဟန်ရှိ၏။ သူတို့၏ တိုက်ပွဲက မဲဆောက်အလုပ်သမားသမိုင်းတွင် ကဗ္ဗည်းတွင် လောက်သည့် တိုက်ပွဲသမိုင်း...။ သူက... စကားအားရပ်ရင်း... ပွတ်ချွန်အား လိပ်၍ဖွာ၏။ ကျနော်က သူတို့ သပိတ်သမားတို့ နေထိုင်ရေးနှင့် ပါတ်သက်၍ မေးသည်။ ပြီးလျှင်... ထိုင်းရဲ၊ ထိုင်းလူဝင်မှု ကြီးကြပ်ရေးတို့နှင့် ပတ်သက်၍ မေးမိ၏။

“အလုပ်ခန်းက ထွက်လာပြီး အဆောင်မှာ သွားနေကြတယ်။ ထမင်းကားလာတော့ ထမင်းတွေကို ရုံးခန်းထဲ ယူသွားပြီး မင်းတို့ကို တစ်ယောက်မှ မကျွေးဘူးလို့ ပြောတယ်။ အချိန်က (၁၂)နာရီ ထိုးနေပြီ။ စက်ရုံ တစ်ရုံလုံးနီးပါး အ၀တ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်လာကြတာ။ လူ (၁၆၀)လောက်ရှိတယ်။ စက်ရုံရှေ့ လမ်းမပေါ် ရောက်လာတယ်။ စက်ရုံထဲမှာ ၀ဏ္ဏလောက်ပဲ ကျန်တော့တယ်။ သူတို့က ကြားလူဆိုတော့ လိုက်ထွက်လို့ မရဘူး။ လမ်းပေါ်မှာ (၂)နာရီနီးပါးလောက် ရပ်နေရတယ်။ နောက်တော့ ကျောင်းသစ်မှာ ကျနော်တို့လူတွေ နေရာချပြီး ညနေ (၄)နာရီလောက်မှာ အလုပ်သမား ကာကွယ်ရေးရုံးကို ကျနော်နဲ့ ကိုမောင်မြင့်တို့ သွားတိုင်ချက် ဖွင့်တယ်။ ကျနော်က ပြဿနာကို ပြောပြပြီး အလုပ်သမား (၁၅၂)ယောက် ဘုန်းကြီးကျောင်းကို ရောက်နေကြောင်းပြောတော့ အလုပ်သမား ကာကွယ်ရေးရုံးက သူတို့သိပြီးပြီလို့ ပြောတယ်။ ဘယ်လိုသိလဲ မေးတော့အခုပဲ စက်ရုံမန်နေဂျာ ရောက်လာပြီး သူမောင်းထုတ်တာမဟုတ်ဘူး ကိုယ့်သဘောနဲ့ကိုယ် ထွက်သွားကြတာလို့ ပြောသွားတယ်။ ဆန္ဒပြတာလို့လည်း ပြောသွားတယ်။ ရုံးကို ကျနော်တို့က အမှုဖွင့်ဖို့လာတာလို့ ပြောတော့ သူတို့အမှုဖွင့်ပေး လိုက်တယ်။ ရုံးကနေပြန်ရင် စက်ရုံပြန်သွားလိုက်ပါ မန်နေဂျာက သူနဲ့ဆွေးနွေးဖို့ မှာသွားတယ်လို့ ပြောတယ်။ မန်နေဂျာနဲ့ ဆွေးနွေးဖို့ ကိုယ်စားလှယ် (၁၀)ယောက်ပဲ သွားကြတာ။ စက်ရုံကို ရောက်တော့ (၃)ယောက်ပဲ ၀င်ခွင့်ပေးလို့ ကိုမောင်မြင့်ရယ်၊ ကိုလှကြည်ရယ်၊ ကိုနန်းရယ် သုံးယောက်ပဲ မန်နေဂျာနဲ့ တွေ့ရတယ်။ စက်ရုံထဲရောက်ရော မန်နေဂျာက သူတို့သုံးယောက်ကို ဓါတ်ပုံရိုက်တယ်။ ပြီးလည်းပြီးရော သူမခေါ်ဘူး။ ဘာဖြစ်လို့ လာတာလည်းဆိုပြီး မောင်းထုတ်တယ်။ သူတို့ ဓါတ်ပုံရိုက်ချင်လို့ ညာခေါ်တာမှန်း အဲ့ဒီတော့မှ သိတယ်။

ဘုန်းကြီးကျောင်းကို လူဝင်မှုကြီးကြပ်ရေးနဲ့ ရဲတွေ ထောက်လှမ်းရေးတွေ ရောက်လာတယ်။ မဲဆောက် သတင်းဌာနက ဖြစ်ရပ်ကို မေးသွားတယ်။ ရဲကလည်း အလုပ်သမားလက်မှတ်တွေ ထုတ်ပြတော့ မဖမ်းဘဲ ပြန်သွားတယ်”

သပိတ်ကာလအတွင်း သပိတ်သမား (၁၅၂)ယောက်၏ စားဝတ်နေရေးက အရေးတကြီး ဖြေရှင်းနေကြရသည့် ပြဿနာတရပ်ပင်...။ တနေ့လျှင်... ဆန်တစ်အိတ်ကုန်၏။ ဟင်းရံဖိုးက ဘတ် (၅၀၀)သည် အနည်းဆုံး...။ သူသည် ဤအကြောင်းများအား ပြောရင်း... အောင်မြင်ခဲ့သည့် သပိတ်အတွက် ကျေနပ်နေသည့်ဟန်က သူ၏မျက်ဝန်းအစုံ၌ အထင်းသား...။ သူ့မျက်ဝန်းများက လင်းလင်းလက်လက်...။ ပြီးလျှင်....။

“အမှုကို ရုံးတင်လိုက်တော့ မန်နေဂျာက လာပြီးညှိတယ်။ ဥပဒေသတ်မှတ်ထားတဲ့အတိုင်း လစာကိုပေးမယ်။ ဒါပေမယ့် အဆောင်နေခ ဖြတ်မယ်။ ထမင်းဖိုး ဖြတ်မယ်။ တခြားခေါင်းစဉ်မရှိဘဲ ဖြတ်တောက်မှာနဲ့ ဘာနဲ့ဆိုရင် ဘာမှမထူးဘူးတစ်လ ဘတ် (၁၀၀၀)လောက်ပဲ ကျန်မယ်။ ကျနော်တို့ လက်မခံကြဘူး။ အမှုကို ဆက်ရင်ဆိုင်မယ်ဆိုပြီး ရင်ဆိုင်ကြတယ်”

“(၁၃၊ ၆၊ ၀၅) ရက်နေ့မှာ အလုပ်သမားရုံးကို သွားရတယ်။ ဒီကြားထဲ သူဌေးနဲ့ တခါတွေ့ပြီး ဆွေးနွေးတော့ ကိုယ်စားလှယ် (၁၀)ယောက်ကိုပဲ တောင်းဆိုတာတွေပေးမယ်။ ကျန်တဲ့လူတွေကို မပေးဘူး ပြောတယ်။ ကျနော်တို့က ဒါကိုလက်မခံဘူး။ (၂၀၊၇၊၀၅)ရက်နေ့က အမိန့်ချလိုက်တာ။ စာရွက်ကို ကျနော်လက်မှတ်ထိုးပြီး ယူခဲ့တယ်။ သိန်း (၂၀)နီးပါးရမယ်လို့ ပါတယ်။ ဒါကို (၁၅)ရက်အတွင်း အကြောင်းပြန်ရမယ်လို့ ပြောတယ်။ (၈၊၈၊၀၅)ရက်နေ့မှာ ပြန်လာဖို့ ချိန်းတယ်။ မကျေနပ်လို့ရှိရင် သူဌေးဘက်ကရော အလုပ်သမားတွေဘက်ကပါ အမှုဆက်တက်လို့ရတယ်လို့ ပြောတယ်”

“ကျနော်တို့တိုက်ပွဲက... ‘သပိတ်နဲ့ တရားရုံး’ တပြိုင်တည်း တိုက်ရတဲ့ တိုက်ပွဲပါ။ နောက်ဆုံးတော့ ကျနော်တို့ အလုပ်သမားတွေရဲ့ မှန်ကန်တဲ့တိုက်ပွဲဟာ အောင်မြင်ခဲ့ရတယ်လို့ ဆိုရမှာပဲ” သူသည် စကားအားနာ၍ အဝေးသို့ ငေး၍နေ၏။ သူမြင်နေရသည်က မဲဆောက်ထောင်၏ နံရံအုပ်ရိုးကြီးများ...၊ ပြီးလျှင်....။

“ကျနော်တို့ အလုပ်သမားတွေအနေနဲ့ ကိုယ့်အခွင့်အရေးကို ကိုယ်တိုက်ယူမှရမယ်။ ကိုယ်ဗိုက်နာရင် ကိုယ်ဆေးသောက်မှ ကိုယ်ပျောက်မှာလေ။ ကျနော်တို့ အလုပ်သမား အခွင့်အရေးတွေက အများကြီး ချိုးဖောက်ခံနေရတာဆိုတော့ ကိုယ်တိုင်တိုက်ယူမှပဲရမယ်လို့ ပြောချင်တယ်။ ဆုံးဖြတ်ချက်တစ်ခု ကျတဲ့အထိ တိုက်စေချင်တယ်”

သူ့စကားက... အားမာန်အပြည့်... ကျနော်သူ့အား ကြည့်မိ၏။ လေးထောင့်စပ်စပ်မျက်နှာတွင် ကတုံးစထောက် ဆံပင်နှင့်သူသည် ‘အာဋာာဝက ချန်မလောင်း’ ပင်...။ ခရာတွက်သံအား ကြားရ၏။ ထောင်ပိတ်ချိန်ခရာ...။ သူနှင့်ကျနော် ထိုင်ရာမှ ထလိုက်ကြ၏။ သူလည်း... သံတိုင်ကြားအခန်းတွင်သို့ သွားရတော့မည်...။ ကျနော်လည်း... သံတိုင်ကြားသို့...။ မဲဆောက်သည် ဤသို့နှင့်ပင် စုပ်ချပ်ကြမ်းကြမ်းအား ချယ်နေ၏။

မင်းဆွေသစ်

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form