WHO၏ A/H1N1 အမေးအဖြေနှင့် မျက်နှာဖုံး(Mask) တပ်ဆင်အသုံးပြုပုံအဆင့်ဆင့်

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့(WHO)၏ ဇူလိုင်(၂)ရက်နေ့ ထုတ်ပြန်ချက် အရ ကမ္ဘာ တဝှမ်းတွင် A/H1N1 တုပ်ကွေး ရောဂါ ဖြစ်ပွားနေသူ (၇၇၂၀၁)ဦးရှိပြီး (၃၃၂)ဦး သေဆုံးခဲ့ပြီး ဖြစ်သည်။ ကူးစက်မှု မြန်ဆန် လာသည့် A/H1N1 တုပ်ကွေး ရောဂါကို ကမ္ဘာ့ကပ်ရောဂါအဖြစ် WHOမှ ဇွန်(၁၁)ရက်နေ့တွင် သတ်မှတ်ခဲ့ပြီး ထိုနေ့မှာပင် A/H1N1 ဗိုင်းရပ်စ်နှင့်ပတ်သက်သည့် အမေးအဖြေ ကဏ္ဍတစ်ခုကို WHO၏ တရားဝင်ဝက်ဘ်ဆိုက်မှာ ထုတ်ပြန်ခဲ့ပါသည်။ ယခုလက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌လည်း A/H1N1 တုပ်ကွေးကူးစက်ဖြစ်ပွားနေသူ (၁)ဦးရှိကြောင်း ဓာတ်ခွဲခန်းစမ်းသပ်ချက်အရ အတည်ပြုခဲ့ပြီးဖြစ်သည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများ အပါအဝင် အာဆီယံ(၁၀)နိုင်ငံလုံးတွင်လည်း A/H1N1 တုပ်ကွေးဖြစ်ပွားနေကြောင်း သိရပါသည်။ ထိုအခြေအနေတွင် ကျန်းမာရေးသတိဖြင့် ဂရုစိုက်နေထိုင်သင့်ပါသည်။ WHOမှ ဇွန်(၁၁)ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် A/H1N1နှင့် ပတ်သက်သော အမေးအဖြေများနှင့် A/H1N1 တုပ်ကွေး ကူးစက်ပြန့်နှံ့မှုမှ ကာကွယ်ရန် မျက်နှာဖုံး(Mask) တပ်ဆင် အသုံးပြုပုံ အဆင့်ဆင့်တို့ကို PLANET Myanmar ပရိသတ်များအတွက် ဖော်ပြအပ်ပါသည်။

WHOမှ ဇွန်(၁၁)ရက်နေ့တွင် ထုတ်ပြန်ထားသည့် မေးခွန်းနှင့် အဖြေများ

A/H1N1 ကူးစက်မခံရအောင် ဘယ်လိုကာကွယ်နိုင်မလဲ ?

A/H1N1 ဗိုင်းရပ်စ်တုပ်ကွေးရောဂါ အဓိကကူးစက်ပြန့်နှံ့ပုံမှာ သာမန် ရာသီတုပ်ကွေးများကဲ့သို့ပင် ဖြစ်သည်။ စကားပြောခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးခြင်းတို့မှ အလွယ်တကူ ကူးစက်နိုင်သည်။ ယေဘူယျအားဖြင့် တုပ်ကွေးဖြစ်နေသည်ဟု ထင်ရသူများနှင့် နီးနီးကပ်ကပ်နေခြင်းမှ ရှောင်ကြဉ်၍ ကူးစက်မခံရအောင် ကာကွယ်နိုင်သည်။ ဖြစ်နိုင်မည်ဆိုပါက တုပ်ကွေးဖြစ်နေသည်ဟု သံသယရှိသူများနှင့် ၁မီတာ(၃.၂၈ပေ)အကွာတွင် နေနိုင်ရန်ကြိုးစားပြီး အောက်ပါတို့ကို ဆောင်ရွက်သင့်ပါသည်။
  • - ပါးစပ်နှင့် နှာခေါင်းကို လက်ဖြင့်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ခြင်း။
  • - လက်ကို ဆပ်ပြာသုံး၍ ရေဖြင့် စင်ကြယ်စွာဆေးကြောခြင်း (သို့မဟုတ်) အရက်ပျံပါသည့် လက်ဆေးရည်အသုံးပြုခြင်း။
  • - ဖျားနာနေသည်ဟု ယူဆရသူများနှင့် နီးကပ်စွာနေထိုင်မှု မပြုခြင်း။
  • - ဖြစ်နိုင်လျင် လူစုလူဝေးနေရာများအတွင်း နေထိုင်ချိန်ကိုလျှော့ချခြင်း။
  • - မိမိနေထိုင်ရာပတ်ဝန်းကျင်တွင် လေဝင်လေထွက် ကောင်းမွန်စေရန် ပြူတင်းပေါက်များ ဖွင့်ထားခြင်း။
  • - ကျန်းမာရေး အလေ့အထကောင်းများဖြစ်သည့် အိပ်ရေးဝဝ အိပ်စက်ခြင်း၊ အဟာရပြည့်ဝသည့် အစားအစာများ စားသောက်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်း။
မျက်နှာဖုံး(Mask)သုံးခြင်းက…? WHOရဲ့ အကြံပြုချက်က…?
  • - နေကောင်းလျင် မျက်နှာဖုံး(Mask) တပ်ဆင်ထားစရာ မလိုပါ။
  • - နေမကောင်းဖြစ်နေသူကို ပြုစုရသူဆိုပါက ထိုသူနှင့်အနီးကပ် နေထိုင်ရသည့်အခါတွင် မျက်နှာဖုံး(Mask) တပ်ဆင်ထားသင့်ပြီး ပြုစုစောင့်ရှောက်မှုပြီးပါက မျက်နှာဖုံး(Mask)ကို ချက်ချင်းချွတ်ပစ်ကာ လက်နှစ်ဖက်ကို စင်ကြယ်စွာ ဆေးကြောရမည်။
  • - နေမကောင်းဖြစ်နေစဉ် ခရီးသွားရသည့်အခါဖြစ်စေ၊ အနီးအနားတွင် အခြားသူများ ရှိနေသည့်အခါဖြစ်စေ မျက်နှာဖုံး(Mask)တပ်ဆင်၍ ပါးစပ်နှင့် နှာခေါင်းကို ဖုံးအုပ်ထားပါ။ မျက်နှာဖုံး(Mask)ကို မှန်ကန်စွာ တပ်ဆင်ရန်လိုအပ်သည်။
A/H1N1 ဗိုင်းရပ်စ်ကူးစက်ခံနေသည်ကို မည်သို့သိနိုင်မလဲ ?
  • - ရာသီတုပ်ကွေးနှင့် A/H1N1 ဗိုင်းရပ်စ်တုပ်ကွေးတို့ကို ဆေးပညာ အကူအညီမပါပဲ မခွဲခြားနိုင်ပါ။
  • - ကိုယ်ပူခြင်း၊ ချောင်းဆိုးခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ လည်ချောင်းနာခြင်းနှင့် နှာရည်ကျခြင်း လက္ခဏာများမှာ တုပ်ကွေးနှစ်မျိုးစလုံးတွင် အတူတူပင်ဖြစ်သည်။
  • - သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများသာလျှင် A/H1N1 ဗိုင်းရပ်စ်တုပ်ကွေး ဟုတ် မဟုတ် အတည်ပြုနိုင်မည်။
ဖျားနာနေပြီဟုယူဆလျင် ဘာလုပ်သင့်သလဲ ?

နေထိုင်မကောင်းဖြစ်ကာ ကိုယ်ပူ၊ ချောင်းဆိုး၊ လည်ချောင်းနာနေပါက
  • - ကျောင်း၊ အလုပ်မသွားပဲ လူစုလူဝေးမှ ရှောင်ကြဉ်ကာ အိမ်မှာနေပါ။
  • - အရည်များများသောက်ပြီး အနားယူပါ။
  • - ချောင်းဆိုး၊ နှာချေပါက ပါးစပ်နှင့် နှာခေါင်းကို ဖုံးအုပ်ပါ၊ တစ်ရှုးစက္ကူသုံးပါက သေချာစွာစွန့်ပစ်ပါ၊ ပြီးလျင် လက်ကို ဆပ်ပြာသုံး၍ ရေဖြင့် စင်ကြယ်စွာဆေးကြောပါ (သို့မဟုတ်) အရက်ပျံပါသည့် လက်ဆေးရည်ဖြင့် ဆေးကြောပါ။
  • - ချောင်းဆိုး၊ နှာချေသည့်အခါ ပါးစပ်နှင့် နှာခေါင်းကို ဖုံးအုပ်စရာ အနီးအနားတွင် မရှိပါက ပါးစပ်နှင့် နှာခေါင်းကို လက်မောင်းဖြင့်အပ်ပြီး တတ်နိုင်သမျှ ဖုံးအုပ်ပါ။
  • - လူအများရှိရာသို့သွားလျင် မျက်နှာဖုံး(Mask) မှန်ကန်စွာ တပ်ဆင်အသုံးပြုပါ။
  • - မိသားစုနှင့် မိတ်ဆွေသူငယ်ချင်းများကို မိမိဖျားနာနေကြောင်း အသိပေးပြီး အခြားသူများနှင့် တွေ့ဆုံခြင်းမှ ရှောင်ကြဉ်ပါ။
  • - နားလည်တတ်ကျွမ်းသည့် ဆရာဝန်နှင့် ဆက်သွယ်တိုင်ပင်ကာ ဆေးစစ်ကုသမှု ခံယူပါ။
အကယ်၍ တုပ်ကွေးဖြစ်ခဲ့လျင် ပဋိဇီဝဆေးသောက်သင့်ပါသလား ?
  • - ဆရာဝန်ညွှန်ကြားသည့် ဆေးများကိုသာ သောက်သင့်သည်။ မိမိဘာသာ ဆေးဝယ်သောက်ခြင်းကို ရှောင်ကြဉ်ပါ။
  • တုပ်ကွေးဖြစ်သည့် မိခင်များ ကလေးနို့တိုက်နိုင်ပါသလား ?
  • - ဆရာဝန် ညွှန်ကြားမှသာ ကလေးနို့တိုက်ခြင်းကို ရပ်ပါ။ ထိုသို့မဟုတ်ပါက ကလေးကို နို့တိုက်နိုင်ပါသည်။ မိခင်နို့တိုက်ခြင်းဖြင့် ကလေး၏ ကိုယ်ခံစွမ်းအား တိုးတက်စေပါမည်။
မည်သည့်အချိန်တွင် ဆေးကုသမှု ခံယူသင့်ပြီလဲ ?
  • - သုံးရက်ဆက်တိုက် ကိုယ်ပူချိန်တက်နေပြီး အသက်ရူရ ခက်ခဲလာခြင်း၊ ကလေးငယ်များအနေဖြင့် ကိုယ်ပူမကျပဲ အသက်ရူနှုန်းမြန်ခြင်းတို့ ဖြစ်လာပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ သွားသင့်သည်။
  • - အိမ်မှာဆိုလျင်လည်း အရည်များများသောက်၍ အနားယူကာ အကိုက်အခဲပျောက်ဆေး သောက်ပါ။ အိပ်ရေးဝဝ အိပ်ခြင်းဖြင့်လည်း အများစုမှာ ပြန်လည်သက်သာလာနိုင်သည်။ ကလေးငယ်များအတွက် Aspirin မပါဝင်သော အကိုက်အခဲ ပျောက်ဆေးများ တိုက်နိုင်ပါသည်။
တုပ်ကွေးဖြစ်သော်လည်း သက်သောင့်သက်သာ ရှိနေပါက လုပ်ငန်းခွင်သို့ သွားသင့်ပါသလား ?
  • - မသွားသင့်ပါ။ တုပ်ကွေးဖြစ်ပြီဆိုပါက ရောဂါလက္ခဏာ မပျောက်မချင်း လုပ်ငန်းခွင်သို့ မသွားပဲ အိမ်မှာသာ နားနေသင့်သည်။
ခရီးသွားနိုင်မလား ?

နေထိုင်မကောင်းဖြစ်နေပြီး တုပ်ကွေးလက္ခဏာများ ခံစားနေရပါက ခရီးမသွားသင့်ပါ။ မိမိဘာသာ တုပ်ကွေးဖြစ်နေပြီဟု သံသယရှိလျင် နားလည်တတ်ကျွမ်းသည့် ဆရာဝန်နှင့် တွေ့ဆုံပြီး ကျန်းမာရေးစစ်ဆေးသင့်သည်။

မျက်နှာဖုံး(Mask)တပ်ဆင်အသုံးပြုပုံအဆင့်ဆင့်
(၁) လက်နှစ်ဖက်ကို ဆပ်ပြာနှင့် စင်ကြယ်စွာ ဆေးကြောပြီးမှသာ မျက်နှာဖုံး(Mask)ကို ကိုင်တွယ်ပါ။

(၂) မျက်နှာဖုံး(Mask)များတွင် တံဆိပ်အသီးသီးရှိတတ်ပါတယ်။ တံဆိပ်အမျိုးအစားအလိုက် ညွှန်ကြားချက်များကို လိုက်နာပါ။ ဝတ်ဆင်ပြီးသား (သို့မဟုတ်) ပါကင်အိတ်ထဲမှ ထုတ်ထားပြီးသား မျက်နှာဖုံး(Mask)ကို မဝတ်ဆင်သင့်ပါ။ တစ်ကြိမ်စီအတွက် မျက်နှာဖုံး(Mask)အသစ်တစ်ခုစီ သုံးသင့်ပါတယ်။

(၃) မျက်နှာဖုံး(Mask)ကို သန့်စင်ပြီးသား လက်ဖြင့် ကိုင်တွယ်၍ မျက်နှာတွင် တပ်ဆင်ပါ။ မျက်နှာဖုံး(Mask)မှာရှိတဲ့ သတ္တုချောင်းလေး ပါဝင်တဲ့အပိုင်းကို နှာခေါင်းပေါ်မှာ ထားရပါမယ်။ ထို့သတ္တုချောင်းလေးကို နှာခေါင်းနှင့် အလိုက်သင့်ဖြစ်သွားအောင် အနည်းငယ်ဖိကွေးပေးလိုက်ပါ။ သတ္တုချောင်းပါတဲ့ အပိုင်းကို နှာခေါင်းပေါ်မှာထားပြီး တပ်ဆင်ဖို့ အရေးကြီးပါတယ်။ ထိုသို့မဟုတ်ပါက နှာခေါင်းအပေါ်ဘက်ပိုင်းမှာ လေဝင်ပေါက်ထားသလို ဖြစ်နေပြီး ကာကွယ်မှု မထိရောက်နိုင်ပါဘူး။

(၄) မျက်နှာဖုံး(Mask)မှာပါတဲ့ သရေကွင်းကြိုးကိုသုံးပြီး မျက်နှာဖုံး(Mask)ကို မျက်နှာပေါ်မှာ မြဲအောင်ပြုလုပ်ပါ။ သရေးကွင်းကြိုးကို မတင်းမလျော့ အနေအထားဖြင့် တပ်ဆင်ပါ။ သရေးကွင်းကြိုး တပ်ဆင်ပြီးချိန်တွင် သင့်ရဲ့ ပါးစပ်၊ နှာခေါင်း အပါအဝင် မေးစေ့ကိုပါ မျက်နှာဖုံး(Mask)ဖြင့် ဖုံးအုပ်ထားပြီး ဖြစ်ရပါမယ်။

(၅) တကယ်လို့ မျက်နှာဖုံး(Mask)ကို အနေအထား ပြင်ချင်မယ်ဆိုရင် လက်ကို စင်ကြယ်အောင် အရင်ဆေးကြောပါ။ မျက်နှာဖုံး(Mask)ကို တပ်ဆင်ထားပြီသည်နှင့် မချွတ်မချင်း လက်ဖြင့် ထိတွေ့ကိုင်တွယ်မှု မပြုပါနဲ့။ အကြောင်းတစ်ခုခုကြောင့် မျက်နှာဖုံး(Mask)ကို ချွတ်ရမယ်၊ ကိုင်တွယ်ရမယ်ဆိုရင် လက်ကို စင်ကြယ်စွာ အရင်ဆေးကြောဖို့ လိုပါတယ်။ မျက်နှာဖုံး(Mask)ကို ချွတ်မယ်ဆိုရင် မျက်နှာဖုံး(Mask)ရဲ့ အပြင်ဘက်ကနေ ကိုင်တွယ်ခြင်း မပြုရပါ။ အတွင်းဘက်ပိုင်းကနေသာ သရေးကွင်းကြိုးကို အသုံးပြုပြီး ချွတ်ယူပါ။ မျက်နှာဖုံး(Mask) ချွတ်ပြီးသည်နှင့် လက်ကို စင်ကြယ်စွာ ဆေးကြောပါ။

(၆) အသုံးပြုပြီးတဲ့ မျက်နှာဖုံး(Mask)ကို ပလတ်စတစ်အိတ်တွင်းထည့်ပြီး သေချာစွာချည်နှောင်၍ စွန့်ပစ်ပါ။ ထို့နောက် လက်ကို စင်ကြယ်စွာဆေးကြာပါ။

Source: WHO, eHow, ပလက်နက်

1 Comments

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form